Tuesday 17 September 2013

မေ့လျော့စေခဲ့သူ



မနေ့က ကိုကို အိမ်ပြန်လာတယ်။ သူ့မှာ ပြန်စရာအိမ်ရှိတယ်ဆိုတာ ဒုတိယအကြိမ် အမှတ်ရလာပြန်တယ် ထင်တာဘဲ။ အမကြီးတယောက် သူ့မောင်ကလေး ပြန်လာတာကို ဖျတ်ဖျတ်လူး ပျော်ရွှင်ကာ ငိုကြီးချက်မတွေ ဖြစ်နေလိုက်တာ ကိုကို့မိန်းမတောင် အလွမ်းသယ်ဘို့ မတိုးသာဘူး။ ကိုကို့သား မောင်သူရက သူ့အသက် ၁၂ နှစ်အထိ တခါမှ မမြင်ခဲ့ဖူးတဲ့ အဖေဆိုသူ ပိန်ကိုင်းကိုင်း ညစ်ထပ်ထပ် လူတယောက်ကို အံ့သြရှောင်ဖယ် အမူအရာနဲ့ လှမ်းလှမ်းကသာ စူးစမ်းတယ်။ သူ မြင်ဖူးမှတ်သိထားတဲ့ ဓာတ်ပုံထဲက အဖေက မျက်လုံးမျက်ဖန်လှလှ မျက်တောင်ကော့ကော့ အသားဖြူဖြူ မျက်နှာထားချိုချို လူချောတယောက်ဖြစ်နေတော့ အခုပုံစံနဲ့ ဆက်စပ်မရ ဖြစ်နေပုံဘဲ။ 

ကိုကို ငယ်ငယ်က သိပ်ချောတဲ့လူ။ အရပ်မြင့်မြင့် ကိုယ်ဟန်ပါးပါးရှိကာ အပြုံးကလဲ ချိုပါဘိသနဲ့။ သူ မွေးတုန်းက တကိုယ်လုံး နီနေလို့ အဖေ့သူငယ်ချင်း ဦးလေးတင်ဆို ဖိုးနီ ဖိုးနီ နဲ့ ပါးစပ်ဖျားကကို မချဘူး။ သူ့ကို အလွန် ချစ်တာဘဲ။ ဖိုးနီကို တွေ့ချင်လို့ကွဆိုပြီး ညနေတိုင်း အိမ်လာတယ်လို့ မမကြီး ခဏခဏ ပြောဖူးတယ်။  အဖေ အမေ အမကြီး နဲ့ ဆွေမျိုးအသိုင်းအ၀ိုင်းတခုလုံး သူ့ကိုဆို အလွန် ပ စား ပေးတယ်။

ကိုကိုက ကျောင်းနဲ့ ရပ်ရွာမှာ လူမှုဆက်ဆံရေးလည်း သိပ်ကောင်းတယ်။ ကျောင်းကဆရာမတွေက ကျွန်မကို မောင်အောင်လှိုင့် ညီမလေးလားလို့ တအံ့တသြ မေးတယ်။ သူနဲ့ကျွန်မ အပုံကြီး ကွာတာကိုး။ ပေစောင်းစောင်း ပါးဖောင်းဖောင်း ရှုတည်တည် ကျွန်မ့ ရုပ်က  ကလေးနဲ့မတန်အောင် မျက်နှာထား တင်းတယ်။ ရပ်ထဲရွာထဲကလူတွေ သူတို့မောင်နှမ သုံးယောက်ထဲ အငယ်ဆုံးလေးက အရုပ်ဆိုးဆုံး မျက်နှာကျော အတင်းဆုံးလို့ ပြောင်ပြောင် ပြောတာလည်း ခံရဖူးတယ်။ ကျွန်မကို ဒီလိုပြောတာ မနှစ်မျို့ပေမဲ့ အမကြီးနဲ့ ကိုကို တော့ မနာလို မဖြစ်ဖူးပါဘူး။ သူ လူသိများ ထင်ရှားတဲ့အတွက် သူ့ညီမဖြစ်ရတာတောင် ဂုဏ်ယူသလို ဖြစ်မိသေးတယ်။ ကိုကို သူ့ကောင်မလေးတွေကို လက်ဆောင်ပေးနိုင်ဘို့ ကျွန်မ ငယ်ငယ်က အိမ်ရှေ့ စည်းရိုးဒေါင့်က သရဖီပင်ပေါ် ပန်း တက်တက်ခူးပြီး သီပေးဖူးတယ်။

အမေ ထမင်းဝိုင်း ပြင်လိုက်တိုင်း အဖေနဲ့ ကိုကို့အတွက် သီးသန့်ဖယ်ထားတဲ့ ဟင်းရံတွေ များလွန်းတယ်။ အိမ်ထောင်ဦးစီး လုပ်ကိုင်ကျွေးမွေးတဲ့အဖေကို ဦးစားပေး အလေးထားတာကို ကျွန်မ သဘောပေါက်ပေမဲ့ ကိုကိုကကော ဘယ်အတွက် ဦးစားပေးစာရင်း ပါရသလဲ ကောင်းကောင်း နားမလည်လှဘူး။
အဖေ အမြတ်တနိုးရှိလှတဲ့ ကမ္ဘာလုံးပုံ ရေဒီယိုကို ကိုကို တစစီ ဖြုတ်ထုတ်ပစ်ပြီး သုံးမရဖြစ်သွားတော့ အဖေက ဒီကောင် စူးစမ်းစိတ် ရှိတယ်လို့သာ မှတ်ချက်ချပြီး ထူးထွေ ထပ်မပြောဘူး။

ကျွန်မ ၀ါသနာပါတဲ့ ကရိယာတန်ဆာပလာ စူး ဆောက် တံဇဉ်း ပလာယာ ဒါး တူတွေနဲ့ သစ်သားတွေ လှီး ဖြတ် ပုံဖော်တာ တခုခု လုပ်လိုက်တိုင်း အမေနဲ့အမဆီက ထွက်လာတဲ့ လေသံ တထပ်တည်း။

“ဟဲ့ ဟဲ့ ဟိုကောင်မလေး ဒါတွေကိုင်ပြီး ဘာတွေလုပ်နေတာတုန်း။ နင့်အရာလား။ နင့်အဖေ ပြန်လာရင် သူ့ပစ္စည်း ယူဆော့တာ ပြောခံထိတော့မယ်။ ခု ပြန်သွားထား”

ကျွန်မကကော စူးစမ်းစိတ် မရှိရဘူးလား။ ဘာလို့ အမေနဲ့ အမကြီး မမျှမတတွေ ပြောဆိုရပါလိမ့်။ စိတ်ထွေမိတယ်။ အမေတို့ ဘာပြောပြော သိပ် ဂရုထားမနေပြန်တော့ ကပ်သပ်သူ ဖြစ်ရပြန်ရော။ ကိုကိုမှာ သူ့သီးသန့်စိတ်ဝင်စားစရာရှိနိုင်သလို ကျွန်မလည်း ကျွန်မ့ ကိုယ်ပိုင်ကမ္ဘာနဲ့ နေခွင့်ရှိတာဘဲ။ သူ လုပ်ချင်တာ သူလုပ်နိုင်ခွင့်ရှိသလို ကျွန်မလုပ်ချင်တာ ကျွန်မလုပ်ပိုင်ခွင့် ရှိရမယ်။ ကိုကိုနဲ့အပ်စပ်တဲ့အရာကို ကျွန်မက ကိုင်တွယ်ခွင့် မရှိဘူးဆိုတာ ဘယ်လောက် ခံပြင်းစရာကောင်းတဲ့ ကိစ္စလဲ။ ကျားမ ခွဲခြားဖြစ်တည်မှုနဲ့ ကွဲပြားတဲ့ အခွင့်အရေးရှိမှုဆိုတာ တွဲဖက်စဉ်းစားစရာလို့ မထင်ပါဘူး။

ခွဲခြားဆက်ဆံမှုကို စကြုံချိန်မှာ ခွဲခြားမှုပြုသူတွေကိုသာ နားမလည်နိုင်ဖြစ်ပေမဲ့ ကိုကို ကိုတော့ ချစ်ခင်အလေးထားစိတ် ရှိတယ်။ ကျောင်းမှာ သူ့ညီမဆိုတာနဲ့ အလိုလို လူရှိန်တယ်။ ရွာချောင်းမှာ ရေ စ ကူးတော့ ကိုကို စိတ်ရှည်လက်ရှည် သင်ပေးတယ်။ သူ့မှာ မုန့်ဘိုးပိုက်ဆံ အမြဲပိုလျှံနေတော့ ကလေး အရွယ်မှာတော့ ကိုကိုဟာ ကျွန်မအတွက် အားကိုးရာပါ။ တနေ့ တနေ့ ကိုကို ကိုကို အလုံးချင်းထပ်ခေါ်မိချိန် မရေတွက်နိုင်အောင်ပါဘဲ။ ကျွန်မ သတိရမှတ်မိပါတယ်။

 ****

ဆယ်တန်း တနှစ်ကျပြီးနောက် ကိုကိုတယောက် စ ပျက်စီးကာ အလိုလိုက် အမိုက်စော်ကား ဇာတ်လမ်းတွေ ခင်းလာတော့တယ်။ အပြောကကောင်း လူပုံကဖြောင့်တော့ မိန်းမငယ်များစွာနဲ့ အရှုပ်အထွေးတွေ ကြားရတယ်။ သောက်တတ်စားတတ်လာသလို လောင်းကစားကလည်း မကင်းပြန်ဘူး။ ရိုးသား ဖြောင့်မတ်စွာနေလိုသူ အဖေနဲ့ လောကီအပျော်အပါးမှန်သမျှ ထိတွေ့စမ်းသပ်နေတဲ့ကိုကိုနဲ့ ထိပ်တိုက် တိုးမိတော့တယ်။  ရွာက လာအပ်ထားတဲ့ ကျောင်းရန်ပုံငွေကို ခိုးပြီး အနီထောင် သွားထိုးလို့ အဖေ ဆတ်ဆတ်တုန် စိတ်ထွက်ကာ တိုင်မှာ ကြိုးတုပ်ပြီး ရိုက်တာတောင် သူ အမှတ်သည်းခြေ မရှိဘူး။ အိမ်မှာ ဆူဆူညံညံတွေ ဖြစ်လာတိုင်း လက်သည်က သူ ဖြစ် ဖြစ် နေလို့ အကိုဖြစ်သူကို နည်းနည်းတော့ စိတ်ပျက်လာပြီ။ ရိုးသားကြိုးစား စည်းစနစ်ရှိတဲ့ အဖေမှာ ဒီလိုသားမျိုး ဘာကြောင့် ရှိလာတာပါလိမ့်။
အမေရဲ့ ၀မ်းနည်း မျက်ရည်ခံထိုးမှု အဖေရဲ့ စိတ်ဆိုးဒေါသထွက်မှုကို ဘယ်လို စိတ်နှလုံးနဲ့ သူ အလေးမထား နေနိုင်ရသလဲလို့ ကျွန်မ တွေးမိတယ်။ ဒေါသတကြီး ဆူပူသံ ၀မ်းနည်းပက်လက် ငိုယိုသံတွေကို ဖန်တီးတတ်တဲ့သူကို အလေးထား ဂုဏ်ယူစိတ် လျော့ပါးလာခဲ့ပြီ။

အိမ်မှာလည်း ဘာတချက်မှ ကူဖော်မရပေမဲ့ ဆူဆူညံညံဖြစ်အောင်တော့ လောင် တတ်ပါတယ်။ ကျောင်းပိတ်ရက် တအိမ်လုံး လယ်ထဲ ဆင်းကူနေချိန် အဖေ့အမိန့်အရ ဒရွတ်တိုက်ဆွဲကာ လယ်ထဲ လိုက်လာတယ်။ အမကြီးနဲ့ ကျွန်မ ခါးကျိုးမတတ် စပါးစိုက်နေရချိန် သူ့ကို ပျိုးစည်းသွားသယ်ခိုင်းတာ ပြန်မလာပြန်မလာနဲ့ ခါးဆန့် ကြည့်တော့ လယ်ထဲမတွေ့တော့ဘူး။ မနက် ကိုးနာရီတောင် မရှိတတ်သေးဘူး။ သူလည်းလည်ချင်ပတ်ချင်လို့နေမှာဘဲ လို့ သူ့မောင်ကလေးဘက်က လိုက် ဖာထေးတဲ့ အမကြီးကို ဒေါသ ထွက်မိတယ်။ လေးလံတဲ့ ပျိုးစည်းတွေကို အခေါက်ခေါက် အပြန်ပြန် သယ်ရလေလေ ကိုကိုကို့ စိတ်တိုလာလေလေဘဲ။ ခါးမချိုးချင် နေပါတော့ ပျိုးစည်းလေးလောက်တော့ သယ်ပေးသင့်တယ်။ သူလည်း ဒီလယ်ကထွက်တဲ့ ဆန်ကို စားမဲ့လူတဦးလေ။ ဘယ်အတွက် သူ့တာဝန်ကို သူ မသိသလဲ။ ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ ကျား ဖြစ်စေ မ ဖြစ်စေ မိသားစုဝင်တဦးအနေနဲ့ နိုင်သလောက် တာဝန်ကို မျှဝေယူရမယ်ဆိုတာ သူ့ထက် ငယ်ရွယ်သူ ကျွန်မက သဘောပေါက်ပြီး သူက ဘယ်ကြောင့် နားမလည် ရသလဲ။

ကိုကို အိမ်အလုပ်ကို မျက်နှာလွဲလေ အမကြီး ပိုပင်ပန်းလေဘဲ။ အလေးအပင်တွေ မ ရလွန်းလို့ တခါတလေများ နှာခေါင်းသွေးလျှံတယ်။ ယောင်္ကျားသားများသာ အပ်စပ်တယ်လို့ အမေတို့ ထင်မှတ်ထားတဲ့ လယ်အလုပ် ခြံအလုပ်တွေ  အမကြီး လုပ်နေတာကို နင့်အရာလားလို့ အမေ မပြောပါလား။ ဒါကတော့ အပ်စပ်သတဲ့လား။ အရွဲတိုက် မေးချင်ပေမဲ့ အမဖြစ်သူကို သနားတာနဲ့ဘဲ ကျွန်မကပါ လုံ့လစိုက် ၀င်ကူရတယ်။ ဒီလို ကူတော့ လုပ်မဲ့လူ အရှိသားဆိုတဲ့အကြောင်းပြချက်နဲ့ ကိုကို ရေသာခိုလို့ ပိုကောင်းတာပေါ့။

“မောင်အောင်လှိုင် သား၊  မင်းမှာ အမနဲ့ညီမလေးရှိတယ်နော်။ သူတပါးသားသမီးတွေကို စိတ်နာကျင်အောင် ထိခိုက်အောင် မလုပ်ရဘူး။ ဆင်ခြင်အုန်း ”

သားဖြစ်သူကို ဖူးဖူးမှုတ် အရေးသယ်လှတဲ့ အမေဆီက ဆုံးမတားမြစ်သံ စ ထွက်လာပြီ။ သူ့သားကြောင့် မျက်ရည်ကျရတဲ့ မိန်းမသားများကို စာနာစိတ်နဲ့ ပြောမိပြီပေါ့။ ကျွန်မကတော့ ကိုကို့ လိုလူကို ဘယ်အတွက် မိန်းမသားများ အရူးအမူးဖြစ်ရလဲ နားကို မလည်နိုင်ဘူး။

ဆယ်တန်း ၂ နှစ် ကျတဲ့ သူ့ကို ကျွန်မက ကျော်တက်ရမဲ့ အခြေ ရောက်လာတယ်။ ကျွန်မ စာကောင်းကောင်း မကျက်ရဘူး။ အဖေနဲ့သားရဲ့ အစေးမကပ်မှု များသထက်များလာကာ ဆူပွက်သံ လွတ်တဲ့နေ့ကို မရှိဘူး။ သားဖြစ်သူ မောင်ဖြစ်သူကို နည်းလမ်းကျကျ ကာကွယ်မှု ဆုံးမမှု မရှိတဲ့ အမေနဲ့ အမကြီးရဲ့ ရပ်တည်မှုကိုလည်း နှလုံးမတွေ့ပါဘူး။

အိမ်ကဆိုင်ကယ်ကို ခိုးယူပေါင်နှံပြီး ကိုကို အိမ်က ထွက်သွားတဲ့နေ့ကို ဘယ်တော့မှ မမေ့ဘူး။ အဖေရဲ့အံကြိတ် တောက်ခေါက်သံ နဲ့ အမေနဲ့ အမကြီးတို့ရဲ့ ငိုယိုသံတွေ နားထဲက မထွက်တော့ဘူး။ ရွေးချယ်လို့ မရတဲ့လူတွေကြောင့် ငိုကြွေးရတာ အလွန် နစ်နာလှတယ်လို့ ကျွန်မက တွေးနေပြီ။ မျက်နှာထားသာ တင်းနေရ တိတ်တိတ် ကျိတ် စုံစမ်းတဲ့အဖေ နဲ့ မျက်ရည်သွယ်သွယ်စီးကျ ဖတ်ဖတ်မော ရှာဖွေတဲ့ အမေ။ သူတို့ကို ကြည့်ပြီး စိတ်ညစ်ညူးစိတ် သနားစိတ်တွေရဲ့ တန်ပြန်သက်ရောက်မှုအဖြစ် အကိုဖြစ်သူကို စတင် မုန်းတီး စက်ဆုပ်စိတ် ၀င်ပါတော့တယ်။ ကျွန်မ့ စိတ်နှလုံးကို မာကျောသွားအောင် အကိုဖြစ်သူ သင်ပေးသွားခဲ့တယ်။

ကိုကို ရပ်ဝေးနယ်ခြားကို ထွက်သွားတယ်ဆိုတဲ့ သတင်းရချိန်မှာတော့ အဖေနဲ့ အမေ စိတ်ရောကိုယ်ပါ နွမ်းကြေ နေကြပြီ။ အိမ်မှာ ဆူသံပူသံ ငိုယိုသံ မကြားရတော့လို့ ကျွန်မကတော့ ကြိုက်သလိုလို ရှိပေမဲ့ လူကြီးတွေ မျက်နှာမသာလေတော့ တော်ရာမှာ အသံတိတ်နဲ့သာ နေရတော့တယ်။
စိတ်ရင်းအမှန်အတိုင်း ပြောရရင်တော့ အကိုဖြစ်သူ အိမ်မှာ မရှိတာ နားအေးပါးအေး ရှိလို့ ကျွန်မ သဘောကျတယ်။ အမကြီးလိုမျိုး တ သ လွမ်းဆွတ်နေတာ မရှိဘူး။ ကာလရှည်လာတာနဲ့အမျှ ကျွန်မ့ စိတ်နှလုံးမှာ ကိုကို့ပုံရိပ် ပျောက်လာတယ်။

အမကြီး အိမ်ထောင်ကျတော့ ကျွန်မ ကောလိပ်ကျောင်း နောက်ဆုံးနှစ် ရောက်နေပြီ။ အဖေ တရှောင်ရှောင်နဲ့ လယ်အလုပ် ခြံအလုပ် မလုပ်နိုင်တာ ကြာပြီ။ အိမ်မှာ လာ လာကူပေးတဲ့ ဦးလေးတင်ရဲ့ တူ နဲ့ အမကြီး နီးစပ်ကြတော့ အဖေတို့လည်း ရိုးသားတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ လက်ခံတယ်။ 

ရိုးသားတယ်ဆိုတာကို ငြင်းရန်မရှိပေမဲ့ အရာရာကို ဦးဆောင်နိုင်စွမ်းမရှိဘဲ အမကြီးခိုင်းသမျှ လုပ်တတ်တဲ့ ခဲအိုကို အထင်တကြီး မရှိဘူး။ အဖေလည်း ရိုးရိုးသားသား လယ်အလုပ် ခြံအလုပ် လုပ်လာတာဘဲ။ လုပ်သင့်လုပ်ထိုက်တာ အကွက်မြင်တယ်။ ရပ်ရွာအရေး မိသားစုအရေး မျှမျှတတ လုပ်ကိုင်တယ်။ အနေမှန်တယ်။ နိုးကြား ထကြွစိတ်ရှိတယ်။ ဆင်ခြင်ဥာဏ်ရှိတယ်။ ဒီလို အရည်အသွေးတွေ ခဲအိုမှာ မရှိဘူး။ မိဘ ယောက္ခမကြောင့် လူလူသူသူ နေနိုင်တာလို့ အတွေး ၀င်တာကို ဖျောက်မရဘူး။  သားတယောက်ရှိတာ လောက်လောက်လားလား အားကိုးမရလို့ အမကြီးက ဒီလို နီးစပ်ရာနဲ့ ရတာလို့ စိတ်ထဲ မျက်မိတယ်။

ဆယ်နှစ်တာကာလသာ လွန်လာတယ်။ ကိုကို့သတင်းကတော့ စုပ်စမြုပ်စ ပျောက်ကွယ်နေဆဲပါ။ သူတကာအိမ်က သားတွေလို   ရပ်ဝေးမြေခြားက ဆက်သွယ်လာခြင်း  နှစ်အတန်ကြာ တခါ အလည်အပတ် ပြန်လာခြင်းမျိုး မရှိခဲ့ဘူး။

အဖေ နာမကျန်းဖြစ်တော့ ရသမျှ သတင်းအစအန အဆက်အသွယ်နဲ့ သားဖြစ်သူ ကို ပြန်ရှာကြပြန်တယ်။  ကိုကို ပြန်လာတာကို ကြိုက်လှချည်ရဲ့မဟုတ်ပေမဲ့ အဖေအတွက် အဲဒီအချိန်မှာ ကိုကို့ ကို အမျှော်ကြီး မျှော်လိုက်မိပါသေးတယ်။ ရပ်ရွာကိုမအောက်မေ့တတ် မိဘကိုမသိတတ်တဲ့ လူတယောက်ကတော့ ပေါ်မလာခဲ့ဘူး။။ သားတယောက်ကို အားထားခဲ့တဲ့ အဖေ၊ ပြန်လာမှာကို တိတ်တိတ် ကြိတ် မျှော်လင့်ခဲ့တဲ့ အဖေ၊ စိတ်လျှော့ချလိုက်တော့ သက်တမ်းကုန်တယ်။

အဖေက ကျွန်မ လက်ပေါ်မှာ သေဆုံးတယ်။ ကိုကိုကတော့ ကျွန်မ့ စိတ်နှလုံးမှာ သေဆုံးသွားခဲ့ပြီ။

******

ပထမအကြိမ် ကိုကို ပြန်လာတော့ ကျွန်မ အိမ်မှာ မရှိဘူး။ ကျွန်မ ရုံးက ၀န်ထမ်းအိမ်ယာမှာနေပြီး တပတ်မှတခါဘဲ ရွာကို ပြန်တယ်။ ရွာကနေ နာရီဝက်သာသာ ဆိုင်ကယ်မောင်းရတဲ့ ခရီးဖြစ်လို့ အိမ်ကနေ ရုံးတက်လဲ ရပေမဲ့ တမင်သက်သက် လိုင်းခန်း သွားနေပါတယ်။ အမကြီး လာခေါ်ခိုင်းတယ်ဆိုလို့ ဘာအရေးကြီး ကိစ္စရှိလဲ မေးတော့ တူကလေးက ဦးဦး ပြန်လာလို့တဲ့။    ဦးဦး……...။

ကျွန်မ ချက်ချင်း နားမလည်သေးဘူး။ 

တခဏအတွင်းမှာဘဲ မေ့လျော့ထားတဲ့ သွေးသားရင်းချာတယောက် ရှိပါလား အသိ ၀င်လာတယ်။ အကိုဖြစ်သူကို လုံးလုံးလျားလျား မေ့နေတယ်။ ကျွန်မအတွက်တော့ စိတ်အာရုံမှာ ရှိခြင်းမရှိခြင်းနဲ့ သွေးသားတော်စပ်မှုနဲ့ နည်းနည်းမှ မသက်ဆိုင်လေဘူး။ မိသားစုဆိုတာလည်း သူ့အကွက်နဲ့သူ အချိုးကျ ဆက်စပ်ထားတဲ့ ပေါင်းစည်းမှု တခုဘဲ။ သူ့အကွက်မှာသူမရှိတဲ့၊ သူ့နေရာသူမယူနိုင်တဲ့ လူကို တမင်သက်သက် နေရာ ချန်ထားစရာ မလိုဘူးလို့ ကျွန်မ မှတ်ယူထားတယ်။ အမကြီးနဲ့ အမေကိုတော့ ထုတ်ပြောရင်တော့ သွေးသားရင်းချာဆိုတာ ရေကို ဒါးနဲ့ခုတ်တာတွေဘာတွေ အစချီကာ ကျွန်မကို ဆူကြအုန်းမှာဘဲ။

ကိုကိုနဲ့ ပြန်တွေ့တာ တစိမ်းလူတယောက်ကို မြင်ရသလိုဘဲ။ အသားဖြူဖြူ အရပ်မြင့်မြင့် နဲ့ အကို တယောက် စိတ်နှလုံးမှာ ကွယ်ပျောက်ခဲ့သလို ပြင်ပဘ၀မှာလည်း မရှိတော့ဘူး။ နဂိုရုပ် ပျောက်ခဲ့ပြီ။ အအိပ်အစား မမှန်တဲ့ လက္ခဏာကို သိသိသာသာ မြင်ရတယ်။ အာဟာရပြည့်ဝတဲ့ ပုံလည်း မပေါ်ဘူး။ ရုပ်ရည် ကြမ်းထော်လာတယ်။ နှစ်ကာလရှည် မိသားစုနဲ့အိမ်နဲ့ ခွဲခွာထွက်သွားသူ ဒီလိုပုံနဲ့ ပြန်လာတာ လှိုက်လှဲဝမ်းသာ ကြိုဆိုစရာမရှိပေမဲ့ အဖျင်းဆုံးတော့ အမေနဲ့ အမကြီး ပျော်ရွှင်နိုင်သေးတာဘဲ။ ဒီလိုဘဲ ဖြေသိမ့်ရတယ်။ အဖေ့နောက်ဆုံးချိန်မှာ သူ့သားမျက်နှာ မမြင်လိုက်ရတာကို အမှတ်ရပြီး ဖခင်ဖြစ်သူကို သတိရစိတ်နဲ့ စိတ်ထဲ မျက်တက်တက် အောင့်တောင့်တောင့် ဖြစ်လိုက်သေးတယ်။

“စုလှိုင်၊ နင်က အရာရှိဖြစ်နေပြီဆို”

အပြုံးသဲ့သဲ့နဲ့ မေးတဲ့အမေးကို ခေါင်းဘဲငြိမ့်ပြမိတယ်။ ကလေးအရွယ်က တနေ့တနေ့ ကိုကို ချင်းထပ်အောင် ခေါ်ခဲ့ဖူးတာ အမှတ်ရလာတယ်။ ဘာရယ်မသိ စိတ်ထဲ ၀မ်းနည်းလာတယ်။ မနက် ရုံးတက်စရာရှိတယ် အကြောင်းပြကာ ရွာမှာ ညမအိပ်ဘဲ ပြန်ခဲ့တယ်။ အိမ်ပြန်လာတဲ့အကိုနဲ့ ထမင်းလက်ဆုံ မစားလို့ဆိုကာ အမေ တတွတ်တွတ် ရွတ်ဆိုတာကို မကြားချင်ယောင် ဆောင်လိုက်တယ်။

ကိုကို အိမ်ပြန်လာတဲ့ တလ နှစ်လအတွင်း သိသိသာသာ ငြိမ်ကုပ်နေတယ်။ မငြိမ်သူက အမေ။ သူ့သား ခြေငြိမ်အောင်ဆိုကာ ချွေးမရှာတော့တယ်။ လူတဦးချင်းရဲ့ အရည်အသွေး၊ သူ့အပြုအမူ အနေအထိုင်အရ ကိုကိုလိုလူကို သားမက်တော်ရမှာ ခင်ပွန်းတော်ရမှာ စဉ်းစားစရာပါ။  အံ့စရာဘဲ။ မျိုးရိုးကလည်း ကောင်းပြန်၊ ငွေကြေး လယ်ခြံမြေလည်း အတော်အတန် ပိုင်ဆိုင်ပြန် ဆိုတော့ ကမ်းလှမ်းချက်ကို လက်ခံမဲ့သူကလည်း ရှိတယ်။ လူတယောက်အကြောင်း အကုန်အစင်မသိဘဲ အပေါ်ယံတွေနဲ့ လက်ခံမဲ့လူတွေလည်း ရှိနေသမျှတော့ ကိုကိုတို့လူတွေ လက်မထောင်နိုင်တာဘဲ။ ယောက်မဖြစ်လာမဲ့သူကိုသာ ကြို သနားမိသလို ဥာဏ်နည်းလေခြင်းလို့ အပြစ်တင်ချင်တယ်။

လယ်အလုပ်က အမကြီးနဲ့ ခဲအို ရှိနေလို့ ခြံထဲဝင်တော့မလိုလို ဆိုင်ဘဲဖွင့်တော့မလိုလိုနဲ့ မိန်းမရခါစ ကိုကို နည်းနည်း လှုပ်လှုပ်ရှားရှားတော့ ရှိလိုက်သေးတယ်။  ကျွန်မတို့မိသားစုဘ၀မှာ သူ့နေရာကို သူ ပြန် မယူနိုင်သေးဘူး။ ၀ဋ်ကြွေးရှိသလား ရေစက်ကြောင့်လား သူ့ကိုယ်စား မိသားစုနေရာ လာယူပေးလေသလား ထင်ရအောင် ယောက်မက အမကြီးနဲ့ တက်ညီလက်ညီ အလုပ်လုပ်တဲ့လူ ဖြစ်နေတယ်။ ကိုကို  ထွက်သွားတဲ့  နှစ်တွေမှာ သူ ဘာလုပ်နေခဲ့လဲ သူ ဘာအတတ်ပညာ ရလာခဲ့လဲ ကျွန်မတို့ မသိဘူး။ မေးလဲ မမေးမိဘူး။ တဘက်နိုင်ငံမှာ အလုပ်လုပ်နေခဲ့တာလို့ သိတယ်။ နယ်စပ်နဲ့နီးတဲ့ ဒေသဖြစ်လို့ ရွာကလူငယ်တွေ တဘက်နိုင်ငံသွားနေတာ တပုံတပင်ပါ။ အိမ်ပြန်လာကြ ငွေပို့ကြနဲ့ အဆက်အသွယ်မပြတ်ကြဘူး။ သူ့ကျမှ လုံးလုံး ခြေရာဖျောက်ထားတာ။

အိမ်ပြန်လာပြီး ရှစ်လအကြာ မိန်းမရပြီး နှစ်ဝက်အရှိမှာ ကိုကို ပြန်ထွက်သွားပြန်တယ်။ ဒီတခါတော့ ယောက်မကို အလုပ်သွားလုပ်အုန်းမယ်လို့ ပြောပြီး ထွက်သွားသတဲ့။ သူသာ အလုပ် လုပ်ချင်စိတ်ရှိရင် အိမ်မှာ ပေါလိုက်တဲ့အလုပ်တွေ။ သရော်ပြုံးသာ ပြုံးမိတော့တယ်။

အမေနဲ့ အမကြီးလည်း အရင်လို မျက်ရည်စမ်းစမ်း မဖြစ်တော့ဘူး။ အလှည့်ကျလာသူ အလွမ်းမင်းသမီးကတော့ ဥာဏ်နည်းသူ လင်ကံမကောင်းသူ ယောက်မကလေးပါ။ ကိုကို ထွက်သွားပြီးမှ သူ့မှာ ကိုယ်ဝန်ရှိမှန်း သူ သိတယ်။ မသွားခင်ကသိလိုက်ရင်လည်း ကလေးအကြောင်းပြ တားလိုက်လို့ရမယ်လို့ သူ ထင်တယ်။ ကျွန်မတော့ မယုံကြည်ဘူး။ ကိုကိုမှာ စိတ်နှလုံးခိုင်ကျည် စွဲမြဲတဲ့စရိုက် မရှိဘူးဆိုတာ နှစ်များစွာ ကတည်းက သိခဲ့ပြီ။

မောင်သူရမွေးလို့ အကြောင်းကြားပြန်တော့လည်း သတင်းရပေမဲ့ ပြန်မလာခဲ့ဘူး။ ရွာကလူတွေ လုပ်ကိုင်စားသောက်တဲ့အရပ်မှာလည်း သူမရှိဘူး။ အမေကတော့ စိတ်ဒုံးဒုံး ချလိုက်ပုံပါ။ သားဖြစ်သူကို တ သ တဲ့ အသံ မကြားရတော့ဘူး။ အမေဆုံးတဲ့အချိန်မှာ ကိုကိုသတင်း အစအနတောင် မရတော့ဘူး။ ဘယ်ကို အကြောင်းကြားရမှန်းလည်း မသိဘူး။ ကြားလိုစိတ်လည်း မရှိဘူး။ အမကြီး တ သ သ လုပ်လွန်းလို့ ယောက်မဖြစ်သူခမြာ ကြိုးစားရှာတယ်။ အမိအဘကိုရော သားမယားကိုပါ လုပ်ကျွေးခြင်း အလျဉ်းမရှိဘဲ ဘယ်သူအတွက် သူ အသက်ရှင်နေထိုင်ပါလိမ့်။ သူ့ကိုယ်ပိုင်ဘ၀အတွက်လား။ သူ့ကိုယ်ပိုင်ဘ၀က ဘာလဲ။ သူ့နေရာအမှန်က ဘယ်မှာလဲ။ သူ့ အာရုံစွဲမြဲရာ အရပ်ဟာ ဘယ်နေရာလဲ ကျွန်မတို့ မသိဘူး။ သေချာတာကတော့ ကျွန်မတို့အိမ် မဟုတ်ဘူး။ သူ အမှန်တကယ် စွဲမြဲတဲ့အရပ် ရှိမှ ရှိပါလေစ။

ကိုကိုဟာ ကျွန်မ့ စိတ်နှလုံးမှာ သေခဲ့တာ ကြာပြီဆိုတော့ အချိန်ကုန်ဆုံးလာတာနဲ့အမျှ  တဖန် မေ့လျော့သွားပြန်တယ်။

*****

ဒုတိယအကြိမ် ပြန်စရာအိမ်ရှိတယ်ဆိုတာ ဆယ်စုနှစ်တခု လွန်မြောက်မှ ပြန်သတိရတာလား။ သူ့ နောက်ဆုံးအချိန်မို့ ပြန်လာတာလား။ ကိုကို အိမ်ပြန်လာချိန်မှာ လူမမာလုံးလုံး ဖြစ်နေပြီ။ ပိန်ကိုင်းကိုင်း ညစ်ထပ်ထပ်နဲ့ လမ်းမှာတွေ့ရင်တောင် မှတ်မိမှာမဟုတ်ဘူး။ ကိုယ်တွင်းကလီဇာ အကုန်လုံး ပျက်စီးနေပြီ။ တဘ၀လုံး လျှောက်လေလွင့်ရာကနေ အိမ်ကို ဒရွတ်တိုက်ဆွဲ ပြန်လာခဲ့ပုံဘဲ။ ဘာအတွက် ပြန်လာတာပါလိမ့်။ ထွက်သွားလက်စနဲ့ ကိုယ့်ဘ၀နောက်ဆုံးခရီးပါ အပြီးသတ်ခဲ့ပေါ့။ ဘာကြောင့် အမကြီးနဲ့ယောက်မကို ဒုက္ခ ပြန်လာပေးရတာလဲ အော်ဟစ်လိုက်ချင်တယ်။ ကိုယ့်မိသားစုကို နောက်ဆုံး မြင်တွေ့လိုစိတ်ကြောင့် ပြန်လာတယ်လို့ ပြောလာရင် ကျွန်မက ရယ်ပစ်လိုက်မယ်။ အဖေနဲ့အမေ နောက်ဆုံးခရီးကို သူ ပြန်မလာခဲ့ဘူး။ နောက်ဆုံး ခေါင်းချခြေဆန့် အိပ်စရာ အမြဲ တံခါးဖွင့် လက်ခံမဲ့နေရာမို့ သူ ပြန်လာတာ ဖြစ်မှာပါ။ ကျွန်မ့ စိတ်က အကိုအတွက် သီးသန့် မာကျောခဲ့ပြီ ထင်ပါတယ်။

“စုလှိုင်၊ ကိုကို ပြောစရာရှိလို့ ခဏလေး လာပါအုန်း”

အိမ်ပြန်ဖြစ်တိုင်း ကိုကို့ကို စကား ဟ ဟ မပြောဖြစ်ဘူး။ သူ ဆေးကုနေတာကိုလည်း သိရက်နဲ့ အားပေးတာ နှစ်သိမ့်တာမျိုးလည်း မလုပ်ဖြစ်ဘူး။ သူ တကူးတကခေါ်မှဘဲ အိပ်ယာနံဘေး သွားထိုင်မိတယ်။

“မောင်သူရ  ပညာရေးကို ဂရုစိုက်ပေးပါ။ ကိုကိုအတွက် ဒီတခု လုပ်ပေးနိုင်တယ်မဟုတ်လား”

“အခုလည်း မောင်သူရကိစ္စတွေ ကျွန်မ အာရုံစိုက်နေတာဘဲ။ သူ့အဖေလိုမျိုး မဖြစ်စေချင်ဘူး”

သူ့လို မောင်သူရကို မဖြစ်စေချင်ဘူးလို့ ကျွန်မ မပြောသင့်ဘူးလား၊ ဒီစကားကြောင့် သူ စိတ်ထိခိုက် နာကျင်သလား ကျွန်မ မတွေးမိဘူး။ ရုတ်တရက်တော့ ပြောချမိတယ်။

“အော်……… အေးပါ။ ကိုကို စိတ်ချမယ်”

ကိုကို စကား ထပ်မပြောတော့ဘူး။ ငြိမ်သက်သွားတယ်။ သူနဲ့ ကျွန်မအကြား ပြောစရာမှာစရာ မရှိတော့ဘူး။  သူ့ အိပ်ရာနံဘေးက ထ ထွက်လာခဲ့တယ်။ အိမ်ပြတင်းပေါက်မှာ ခဏ ရပ်မိတော့ ဘယ်ရယ်မသိ သရဖီပန်းပင် ရှိရာကို အမှတ်မဲ့ တွေ ကြည့်မိတယ်။ သရဖီပင် မရှိတော့တာ ကြာလှပြီဘဲ။ လမ်းချဲ့တုန်းကလား မုန်တိုင်းဝင်တဲ့နှစ်ကလား ခုတ်လိုက်ရတယ်။ မေ့တောင်နေပါပြီ။

အပြန် ရွာထိပ်က ချောင်းကူးတံတားအရောက်မှာ ဆိုင်ကယ် ခဏရပ်ပြီး ချောင်းရေပြင်ကို ကြည့်မိသေးတယ်။ ငယ်တုန်းကတော့ အလွန် ကျယ်ပြောတယ် ထင်ခဲ့ရတဲ့ ရေပြင်မှာ အခုတော့ ချောင်းတိမ်ကလေးသာ ဖြစ်နေတယ်။  သံယောဇဉ်များစွာ အမှတ်ရမှုများစွာ သတိရမှုများစွာ ချောင်းရေနဲ့အတူ မျောပါ ကုန်ဆုံးခဲ့လေပြီ။

******

နောက် နှစ်လကြာတော့ ကိုကို ဆုံးတယ်။ ကိုကို့နောက်ဆုံးခရီးမှာ အဖေနဲ့အမေ မြေချချိန်လို ၀မ်းနည်းလှိုက်လှဲစိတ် ယူကျုံးမရစိတ် မရှိဘူး။ စိတ်ထဲ ဗလာကျင်းနေတယ်။  မောင်သူရလည်း ကျွန်မလို ခပ်ကြောင်ကြောင် ရပ်နေတယ်။ အမကြီးနဲ့ ယောက်မ ငိုယိုကြပါစေ။ သူတို့ ရှိနေသား မဟုတ်လား။

အမကြီးနဲ့ ယောက်မအတွက်ကတော့ သူ့ရုပ်အလောင်းကို အခုမှ မြေချတာကိုး။ ကျွန်မက အဖေ့နောက်ဆုံး ထွက်သက်နဲ့အတူ ကိုကိုကို့ မြေမြုပ်ပစ်လိုက်တာ ကြာခဲ့ပြီ။

မြယာ
(၂၀၁၂၀၉၀၉ နံနက် ၃း၄၉ မိနစ် )

No comments:

Post a Comment