စားသောက်ဆိုင်
သီချင်းသည်တယောက်ကို ပန်းကုံးတက်စွပ်နေတဲ့ ကိုအောင့်ခြေလှမ်းတွေ ယိုင်နေပြီ။ ပန်းကုံးအထပ်လိုက်
စွပ်လိုက်ချိန် ဆလိုက်မီးရောင် သူ့လက်ပေါ်အကျ နာရီကလား လက်စွပ်တွေကလား မသိဘူး ပြိုးပြိုးပြက်ပြက်
လတ်လတ်တောက်တောက် အရောင်တွေ ထွက်လာတယ်။ စင်ပေါ်က ပြန်ဆင်းလာပြီး ရတနာတို့ စားပွဲဆီကို
လျှောက်လာတဲ့ သူ့မျက်နှာပေးက ခေတ်ပေါ် လောကီဝန်းကျင်မှာ အသာစီးရကာ အောင်မြင်ကျေနပ်နေတဲ့
ပုံပန်းနဲ့။ ရတနာ စိတ်နှလုံး နောက်ကျိလာတယ်။ ရုတ်တရက် တချိန်က ဖေဖေ မေးဖူးတာကို သွား
အမှတ်ရမိတယ်။
ရတနာ
နောက်ဆုံးနှစ်စာမေးပွဲဖြေအပြီး ယုယုနဲ့အတူ ကိုအောင် အိမ်လာလည်ပြီး ပြန်ချိန်မှာ ရန်ကုန်အိမ်ရောက်နေတဲ့
ဖေဖေက မေးပါတယ်။ ဘယ်သူ့သားသမီးများလဲတဲ့။ မသိပါဘူးဖေဖေလို့ ဖြေမိလို့ ဘယ်လိုလူတွေရဲ့
သားသမီးတွေနဲ့ အပေါင်းအသင်း ဖြစ်နေတာလဲ အဆိုခံရတယ်။ ရတနာက သူနဲ့ သူငယ်ချင်းဖြစ်တာ သူ့မိဘနဲ့ဖြစ်တာမှမဟုတ်ဘဲ
လို့ စိတ်ကသာ ခွန်းတုံ့ခံပြီး ဖေဖေ ကို တိတ်တိတ် စိတ်ဆိုးမိခဲ့တယ်။ နောက် ကိုအောင်ကို
လာလည်ပါအုန်းလို့ မခေါ်မိတော့ဘူး။
***
ကိုအောင်က
ရတနာ့ အသိုင်းအ၀ိုင်းက လူ မဟုတ်ဘူး။ ပုံမှန်ဆို ရတနာနဲ့ ကြုံကြိုက်သိကျွမ်းရမဲ့လူ မဟုတ်ဘူး။
ကျောင်းလာတတ်တဲ့ ရွှေရည်စိမ်လွတ်လပ်ရေးရချိန် လေးနှစ်ကာလကြောင့်သာ တွေ့ဆုံခဲ့ရသူပါ။
အားကစားလုပ်တဲ့ အခန်းဖော် ယုယု နောက်ကို လိုက်ရင်းနဲ့ သိလာကြတယ်။ ဆံပင်တိုတိုထောင်ထောင်
အသားညိုညို အရပ်မြင့်မြင့် နဲ့ အနေအထိုင်တည်ငြိမ်
ပိရိသေသပ်တယ်။ အားကစားသမားပီပီ စီးကရက် အရက်သေစာလည်း ရှောင်ပုံဘဲ။ အတိအကျ မသိပေမဲ့
ကိုယ့်ရှေ့ သောက်ပြုနေတာ မမြင်ရဘူး။ ကျောင်းနေစဉ်အချိန်မှာတော့ သူနဲ့ အတော် ရင်းနှီးတယ်
ဆိုရမယ်။ အဆောင်ကို မှန်မှန်လာတတ်တဲ့ ဧည့်သည်တဦးပေါ့။
သူနဲ့အနေနီးလေလေ
သူ့အကျင့်စရိုက်ကလေးတွေကို နှစ်သက်လေလေ။ ကိုအောင် ကမူးရှုးထိုး ဖြစ်တာမျိုး တခါမှ မတွေ့ခဲ့ရဘူး။ တခုခုလုပ်ရင် တည်တည်ငြိမ်ငြိမ်
အစီအစဉ်တကျ ရှိတယ်။ သူ့ ကျောင်းစာအုပ်ကို ရတနာ ယူကြည့်ဖူးတယ်။ လှပသပ်ရပ်လိုက်တဲ့ လက်ရေးလက်သား။
စာအုပ် ရှေ့ဖုံး အတွင်းဘက် နောက်ဖုံး အတွင်းဘက် ဘာအပို စာလုံးမှ မတွေ့ရ။ အတန်းထဲစာသင်နေရင်း
စိတ်ကူးပေါက်သမျှ ချ ရေး ရေး ထားတတ်တဲ့ ရတနာ့ စာအုပ်နဲ့များ ကွာပါလေ့။ လက်ချာလိုက်နေရင်း
ခရေပွင့်တွေ ကြယ်ပွင့်တွေ မျှားတွေ လိုင်းတွေနဲ့ ဘေးမာဂျင်မှာလည်း မလွတ်အောင် ရေးတတ်သေးတယ်။
တိကျသပ်ရပ်တဲ့ ဖေဖေကြောင့် ပိရိသေသပ်သူတွေကို အထင်ကြီးတတ်တဲ့ ရတနာက သူကိုလည်း အမှတ်ပေးမိတယ်။
အားကစားသမားဖြစ်လို့
ကျောင်းမှာ သူနဲ့ရင်းနှီးလိုသူကလည်း အများသား။ ရတနာနဲ့ယုယုဆီကိုတော့ မှန်မှန်လာတတ်လို့
စူးစမ်းခံရမြဲ။ ရတနာကော ယုယုပါ အနေမှန်ကြတော့ ပေါ်ပေါ်ထင်ထင်လည်း မစွပ်စွဲဝံ့ကြဘူး။ ပြီးတော့
ရတနာက ကျောင်းမှာ နာမည်ကြီးသူ မဟုတ်ဘူး။ အသားဖြူဖြူ အရပ်မြင့်မြင့် သွယ်ပျောင်းတဲ့ကိုယ်ဟန်နဲ့
မဆိုးပါဘူး ပြောရုံ အဆင့်သာ။ ယုယုကတော့ ရတနာ့ လက်ချောင်းခြေချောင်းလေးတွေ အလွန် လှ
တယ်လို့ ခဏခဏ ပြောတယ်။ ဘုရားရှိခိုးစဉ် ရတနာ့လက်အစုံဟာ တကယ့်ကြာဖူးလေးလို ဖြစ်နေတယ်လို့
မရိုးမအီ ဆိုစမြဲ။
ပထမနှစ်ကနေ
နောက်ဆုံးနှစ် အထိ ရတနာက အဆောင်မှာနေတယ်။ ဖေဖေ လူပျိုဘ၀ကတည်းက ရန်ကုန်မှာ အိမ်ရှိနေပြီး
ရတနာအောက်က ပုလဲဆို ရန်ကုန်မှာမှ ကျောင်းမတက်ရရင် သူ ဘယ်လိုမှ အမှတ်မြင့် မရဘူးလို့
ကြွေးကြော်ကာ ရန်ကုန်အိမ်မှာ လာနေတယ်။ ဖေဖေက ပုလဲ အဖော်ရအောင် ရတနာပါ ရန်ကုန် ပြောင်းလိုက်ပါလားလို့
အကြိမ်ကြိမ် နားချတာတောင် လက်မခံခဲ့ဘူး။
တောင်တန်း
ပင်လယ် တောအုပ် လွင်ပြင် တောင်ကုန်းနဲ့ ပြည့်စုံလှပတဲ့ သူ့ ဇာတိမြေကို ရတနာ ချစ်တယ်။
စိမ်းမှောင်ညို့ဆိုင်း တောင်တန်းများ ပတ်လည်ဝိုင်းပြီး ပင်လယ်ဝဆီကတိုက်ခတ်လာတဲ့ ဆားငန်နံ့ပါလေကို
ရှုရှိုက်ရတာ အလွန် စိတ် ကြည်လင်တယ်။ မြိ့ကို စီးနေတဲ့ ဘုရားတောင်ကုန်းပေါ်က ငုံ့ကြည့်ရင်
ခေါင်မိုးနီနီနဲ့အိမ်တွေ၊ စိမ်းစိုသာမောဘွယ် သစ်တောအုပ်တွေနဲ့၊ မြို့ကွက်မြို့ကွင်းကလှတဲ့အပြင် ပင်လယ်ဝဆီ စုန်ချီဆန်ချီ
ခုတ်မောင်းသွားလာတဲ့ စက်လှေများ မော်တော်သဗ္ပန်များနဲ့ မြစ်တွင်းသာယာ ရှိလှတယ်။ တဘက်ကမ်းက
ညို့ဆိုင်းမှိုင်းမြတဲ့ တောအရေးစပ်စပ် တောင်တန်းအထပ်ထပ်ကလဲ
အိမ်မက်လေလား ၀ိုးတ၀ါးနဲ့။ ဒီမြင်ကွင်းကို နှစ်သက်လွန်းလို့ ညနေတိုင်း တောင်ပေါ် သွားထိုင်ချင်မိတယ်။
တက္ကသိုလ်တက်တော့
နယ်ကအောင်ခဲ့လို့ ရတနာ အဆောင်ရတယ်။ မေမေက ရန်ကုန်အိမ်မှာနေဘို့ ပြောတယ်။ သမီး ကျောင်းဆောင်မှာနေချင်လို့ပါဖေဖေ
လို့ ခေါင်ကို တက်ကိုင်တော့ ရန်ကုန်တက္ကသိုလ် အဆောင် ကျောင်းသားကြီး ဖြစ်ခဲ့ဖူးသူ ဖခင်က
တရက် စဉ်းစားပြီးမှ ခေါင်းငြိမ့်တယ်။ စည်းကမ်းတင်းကျပ်ပေမဲ့ ဖေဖေက သူ ခွင့်ပြုနိုင်တဲ့
ဘောင်အတွင်းမှာဆို မျှမျှတတ အနည်းဆုံး သမာသမတ် ဖြစ်ချင်ယောင်ဆောင်ကာ ခေါင်းငြိမ့်တတ်တယ်။
အဆောင်နေခွင့်အတွက်
ရတနာဘက်က အိမ်ကို ပြန်ပေးရတဲ့ ကတိက၀တ်က ပြသနာမရှာပါဘူးဆိုတဲ့ အချက်။ ပြသနာရှာတယ်ဆိုတဲ့
ခေါင်းစဉ်အောက်မှာ အကြောင်းအရာများစွာ ရှိတယ်။ အရေးပါဆုံးအချက်က ရတနာ့ နောင်ရေးအတွက်
မေမေ ကြိုတင် စီမံထားတယ်ဆိုတာဘဲ။ ပြသနာ ဆိုတာကိုလည်း ရတနာ မကြိုက်ပါဘူး။
ရတနာတို့အိမ်
ရန်ကုန်မှာရှိတယ်ဆိုတာ ယုယုတော့ သိတယ်။ သူ တခါဘဲ အိမ်ရောက်ဖူးတယ်။ ရတနာကိုယ်တိုင်ကလဲ
ရန်ကုန်အိမ်ကို ၂ လ ကြာမှ တခေါက် အနိုင်နိုင် ပြန်တယ်။
“ငါ
ပြောအုန်းမှဘဲ။ ဟဲ့ ရတနာ နင် သူဌေးသမီးဆိုတာ ငါ ကြားတော့ကြားဖူးသား။ အဆောင်မှာ ငါ့လောက်တောင်
မသုံးမစွဲနဲ့ ကပ်စေးတယ်လို့ ထင်နေတာ။ နင်တို့ တော်ရုံချမ်းသာတာမှမဟုတ်ဘဲ။ ဒီလောက် အိမ်အကြီးကြီးရှိနေရက်နဲ့
ဘယ်နှယ် အဆောင်မှာ ကျဉ်းကျဉ်းကျပ်ကျပ် လာနေရတာလဲ။ နင့်ညီမကလည်း ကိုယ်ပိုင်ကားနဲ့ ကျောင်းတက်တယ်။
နင်လည်း သူလို ၀င်းဝင်းတောက် နေနိုင်ရက်နဲ့ ။ အံ့ပါဟယ်”
နေခဲ့ပါတယ်။
ရတနာ မွေးကတည်းကပါဘဲ။ မိဘတွေကြောင့် သူတို့မြို့မှာ ဘယ်သူ့သမီးလေလို့ ပြောရင် ရတနာတို့ ညီအမကို မျက်နှာမသိ လူကိုသိကြတယ်။ ခြေချောင်းလက်ချောင်းလှတယ်လို့ ယုယု ပြောတာ ကြားတော့
ဒီလက်ချောင်းနဲ့ ဘာကိုမှ မယ်မယ်ရရ လေးလေးပင်ပင် မလုပ်ရတာကြောင့်လို့ စိတ်ထဲက ပြောမိတယ်။
မေမေက ရတနာတို့ညီအမကို လက်ဆစ် လုံးဝ မချိုးခိုင်းဘူး။ ပြေးပြေးလွှားလွှား ဆော့ကစားနေတာလည်း
မရှိတော့ ခြေသလုံးသားမှာ ဘာ အမာရွတ်မှ မရှိခဲ့ဘူး။ ထမိန်တိုတို ဖက်ရှင် ခေတ်စားချိန်ကဆို
ပုလဲ့ ခြေသလုံးလေးတွေ လှလွန်းလို့ တကူးတက ကြည့်ယူရတယ်လို့
သူတို့ကျောင်းက ကျောင်းသားတွေကြား နာမည်ထွက်တယ်ဆိုဘဲ။
***
သူ့
ပုံမှန် ဘ၀လမ်းကြောင်းက လေးနှစ်လောက် ဖယ်ခွာနေချိန်မှာ ကိုအောင်နဲ့ ရတနာ နီးကပ်တဲ့
ဆက်ဆံရေး ရှိခဲ့ဖူးပါရဲ့။ နီးကပ်တဲ့ဆက်ဆံရေးဆိုပေသိ ရတနာက သူ့လမ်းကြောင်းဟာ ဘယ်ကို
မျှားပြထားမှန်း ကောင်းစွာ နားလည်သူဖြစ်လို့ သတ်မှတ်တနေရာအရောက်မှာ ရပ်တန့်ထားခဲ့တယ်။
နောက်ပြီး ပြသနာရှာတယ်ဆိုတဲ့ စကားကို ရတနာ မကြိုက်ဘူး။ ကိုအောင်ကလည်း တည်ငြိမ်သူဖြစ်လေတော့
အလှုပ်အခတ် မရှိဘူး။ ငယ်ရွယ်သူတွေ ဖြစ်သော်လည်း သူ့စည်း ကိုယ့်စည်း သေသေသပ်သပ် ခြားနားတတ်သူတွေဖြစ်လို့
ဘေးဘီကလူတွေ သို့လောသို့လော ရဲရဲ မစွပ်စွဲဝံ့တဲ့ အခြေအနေတခုမှာ ငြိမ်သက် အသားကျနေခဲ့တယ်။
သူ့
မျှားဦးပြရာဆီ ပြန်လည်ရောက်ရှိချိန်မှာတော့ ဖေဖေ့ မေးမြန်းပုံကို မနှစ်သက်တာနဲ့ဘဲ
ကိုအောင်နဲ့ အဆက်အဆံ မရှိတော့ဘူး။ ထူးထူးထွေထွေ ပြောဆိုနေရခြင်းမရှိ။ တ သ လွမ်းဆွတ်ဘွယ်ကောင်းတဲ့
ခွဲခြားခြင်းမျိုးလည်း မဟုတ်။ တောင်ပေါ်ကိုရောက်လို့ အိမ်မက်မြင်ကွင်းကို ကြည့်ချိန်မှာတော့
တချိန်က ညနေခင်းများကို အမှတ်ရမိပါရဲ့။ တခုသော ချုပ်ညရီ ပြိုင်ပွဲကအပြန်လမ်းမှာ ကိုအောင့်
ထရက်ဆုကို ခဏ ကိုင်ထားပေးချိန် လေအေးကလေး တိုက်လာတော့ ရတနာကို ၀တ်ထားပါလို့ တည်ငြိမ်သိမ်မွေ့တဲ့အပြုံးနဲ့
ပြောခဲ့တယ်။ သူ့အကျီလေးကို ၀တ်လာခဲ့လို့ ခံစားရတဲ့ အမျိုးအမည် မခွဲတတ်တဲ့ ခွဲခြားသိမြင်လိုစိတ်လဲ
မရှိတဲ့ ကြည်နူးစိတ်ကို ဘယ် မေ့နိုင်မလဲ။
ရတနာက
တွေဝေမှိုင်းမှုန်သူ မဟုတ်ဘူး။ ဖေဖေ့ အဝေးပြေးသယ်ယူပို့ဆောင်ရေးအလုပ်တွေ ရော်ဘာခြံ သစ်သီးခြံအလုပ်တွေ
ဝင်ပါရတော့ နိုးကြားသူပီပီ ဖခင်ခြေရာ ထပ်ချပ်မခွာ လိုက်နိုင်တယ်။ မေမေက သူ အလုပ်လုပ်တာ
မကြိုက်ပြန်ဘူး။ သူ စီစဉ်ထားတဲ့ကိစ္စကို ရတနာ အလုပ်များတယ်နေတဲ့ဆိုတဲ့ အကြောင်းပြချက်ကြောင့်
ထိခိုက်လာတာကို လုံးလုံး မကြိုက်ဘူး။ ဖေဖေကိုယ်တိုင်က ရတနာ အကူအညီဖြစ်လာတာ သူ လက်လွတ်လို့ရတာကို
ဂုဏ်လုပ်စပြုလာလို့ မပြောသာဘူး။
ယုယုနဲ့
ဖုန်းဆက်ဖြစ်တော့ လှုပ်ရှားတက်ကြွတဲ့ ကိုအောင်အကြောင်း ကြားမိတယ်။ သူ့အတွက် အားကျဂုဏ်ယူစိတ်နဲ့
တခုခု ကူထောက်လိုပေမဲ့ ကိုယ့် လမ်းကြောင်းက ဖယ်ခွာဆင်းသွားရအောင် ရတနာ မ၀ံ့လေဘူး။ ယုယုကတဆင့်
ရန်ပုံငွေများများ ထည့်လိုက်ရုံဘဲ တက်နိုင်တယ်။
ကာလတခုကို
ဖြတ်ကျော်ခဲ့ချိန်မှာ အလုပ်သမားတွေကို နဂိုအနေ ထိမ်းထားတာရတာကိုက မလွယ်ဘူး။ ဆန် သိပ်ရှားနေချိန်မှာ
ပို့ဆောင်ရေးက အလုပ်သမားတွေရော ခြံကလူတွေပါ လုံလောက်စွာ ဖြန့်ဝေဘို့ ရတနာ တော်တော် အားထုတ်ရတယ်။ ငွေကြေးပေးဝယ်နိုင်တိုင်း
ကိုယ် လိုချင်တဲ့ စားသောက်ကုန် မရတဲ့ခေတ်ကို ကြုံဖူးလိုက်ရတယ်။ ဘွားဘွားပြောဖူးတဲ့
ငါတို့ ဂျပန်ခေတ်က ခေတ်ကျပ်ကြီးတုန်းက ဘယ်လောက်ရှားပါးတာ ဆိုတဲ့ စကားကို အရင်က ရယ်
ဟ ဟ နဲ့ နားထောင်ဖူးပေမဲ့ ခေတ်ကျပ်ကြီးဆိုတာကို အခုတော့ ကောင်းစွာ သိမြင်ခဲ့ပြီ။
တညနေခင်းမှာပါ။
ဂိတ်က ကောင်လေးတယောက် စာတိုကလေးတခု လာပေးလို့ ဖွင့်ဖောက်မိတယ်။
“ကျွန်တော် သွားပြီ” တဲ့။
ဘယ်သူပို့လိုက်တဲ့စာလည်း
ရတနာ သိတယ်။ ဘယ်ကို သွားလည်း ရတနာ သိတယ်။ ဘာဖြစ်သွားနိုင်သလဲ ရတနာ သိတယ်။ ချက်ချင်း
သိမြင်စိတ် ၀င်လာတယ်။ သူကို တခါလောက် တွေ့လိုက်ချင်တယ်။ သူ့လက်ထဲ စာရောက်ချိန်မှာ ကိုအောင်
ပြန်လှည့်မရတဲ့ တောင်တန်းတခုကို ကျော်သွားခဲ့ပြီ။ နောက်ထပ် ဘာသတင်းမှ မရတော့။
***
နောက်ပိုင်းကာလများကို
အမြန်ပြသလို ကျော်လွှားပစ်ရင် ရတနာဟာ အလွန် အလုပ်လုပ်သော၊ မ တရာသားများကို ပြတ်ပြတ်သားသား
ကိုင်တွယ် စီမံနိုင်သော၊ မိဘဂုဏ်ရှိန်ကြီးသလို ကိုယ်ပိုင်ကိုယ်ရည်ကိုယ်သွေးရှိသော၊
ရင်းနှီး နီးကပ်ရန် မလွယ်ကူသော အမျိုးသမီးတဦးအဖြစ် ထင်ရှားလာတယ်။ သူ့စီမံကိန်းအတိုင်း
ဖြစ်မလာလို့ မေမေရဲ့ မြည်တွန်တောက်တီး နားပူနားဆာတွေကို ဘယ်လိုအင်အားနဲ့ တောင့်ခံမလဲ
သိပ်တွေးတောစရာတောင် မလိုဘူး။ မသိကျိုးကျင် လုပ်တဲ့နည်းက အကောင်းဆုံးဆိုတော့ ဒါကိုဘဲ
ကိုင်စွဲနေခဲ့တာဘဲ။ ငယ်နုစဉ်က ပြသနာရှာတယ် အပြောမခံချင်တာနဲ့ တုတ်တုတ်မှ မလှုပ်ရဲ ခေါင်းငုံ့ခဲပေမဲ့
ကြီးရင့်လာချိန် ကိုယ်ပိုင်အရည်အသွေးနဲ့ ကောင်းစွာရပ်တည်ချိန်မှာ ခေါင်းကို မတ်မတ်ထားကာ
တည်ငြိမ်စွာ ငြင်းဆိုနိုင်ခဲ့ပြီ။ ငြင်းဆန်ရဲခဲ့ပြီ။
ရတနာ
စိတ်အားလပ်ချိန်မရှိအောင် အလုပ်များတယ်။ ခြံက ဂိတ်ကအလုပ်သမားတွေရဲ့ ကျန်းမာရေး မိသားစုပြသနာများ
ကလေးများရဲ့ ပညာရေး နေရာတကာ ၀င်ပါရတယ်။ တဖြည်းဖြည်း ရှားပါးလာတဲ့ အလုပ်သမား လူငယ်လူရွယ်ပြသနာ။
သူတို့ခြံပေါက် ကလေးတွေ သူတပါးကိုအားကျ နားယောင်ပြီး တောင်တန်းကျော် ထွက်မသွားအောင်
ပြောဆိုရ စည်းရုံးရ ပညာပေးရနဲ့ အားလပ်ချိန်မှာ စာသင်ပေးရသေးတယ်။ ကာယအားပြုတဲ့ဝန်းကျင်က
ဆင်းသက်လာတဲ့ ကလေးတွေကို အသိဥာဏ်အားပြုတဲ့ အဆင့်ရောက်အောင် တွန်းတင်ရတာ လွယ်လွယ် မဖြစ်နိုင်ဘူး။
မိဘအသိဥာဏ် ရေချိန်အလိုက် ကလေးရဲ့ဗီဇစိတ်အလိုက် တချို့ကိုအားရ တချို့လက်လျှော့ တချို့
ဥပက္ခာပြု အမျိုးမျိုး ကြုံရတယ်။ ဖေဖေ ခဏခဏ အထူးပြု ပြောဆိုတဲ့ မျိုးရိုးဗီဇအကြောင်းကိုလည်း
ထည့်သွင်းစဉ်းစားလာရတော့တယ်။
သူ
လုပ်ချင်တာလေးတွေ လုပ်နိုင်တဲ့အတွက် အခြေခိုင်တဲ့ မိဘမျိုးရိုးမှာ မွေးတာကိုဘဲ ကျေးဇူးတင်ရတော့တယ်။
ကြာဖူးလေးလိုလှတဲ့ လက်ကလေးတွေ အကြော ထင် လာခဲ့ပြီ။ နူးညံ့သွယ်ပြောင်းနေလို့ မရတော့ဘူး။ ယုယုကိုတောင်
ပြောပြချင်သေးတယ်။
နှစ်များစွာလွန်ခဲ့မှ
ပုလဲဆီက အမှတ်မထင် ကိုအောင့် သတင်းကို စ ကြားရတယ်။ သူ့အမျိုးသားနဲ့ ပက်သက်တဲ့ လူတယောက်
မမတို့နဲ့ အတန်းတူတယ် သိသလားလို့ ဖုန်းဆက်မေးလာပါတယ်။ ကိုအောင့်သတင်း ပြန်ကြားရချိန်မှာတော့
ဘယ်လိုမှ ဆပ်စပ် စဉ်းစားလို့မရလောက်အောင် ဖြစ်ခဲ့ပြီ။ ပုလဲခင်ပွန်းသည်နဲ့ လုပ်ငန်းအရ
ဆက်စပ်သူ ရှင်းရှင်းဆိုရသော် လိုအပ်သလို မျက်နှာသာပေးရသူ ဆိုဘဲ။ ရတနာ နားမလည်နိုင်တော့ဘူး။
ကိုအောင့်ယောက္ခမတွေရဲ့ နာမည်ကို ကြားလိုက်ရတော့ နည်းနည်း သိ သွားသလိုဘဲ။ အပြည့်အ၀တော့
မဟုတ်ဘူး။
ပုလဲနဲ့
ဖုန်းပြောတိုင်း ကိုအောင့်သတင်း အမြဲ ကြားရတယ်။ လက်ရှိ ကိုအောင် အနေအထားကို သိလာတယ်။
သိလာလေလေ ရတနာ နားမလည်လေလေဘဲ။
“မမ
သိလား။ အဲဒီလူ အလုပ်လုပ်တာ တော်တော် ပြတ်တယ်နော်။
သတ္တိလည်းကောင်း ရမ်းလဲရမ်းတယ်။ သူ့ညီတယောက်လား မသိဘူး။ ယဉ်တိုက်မှုတခုဖြစ်တာ
………… လုပ်ပစ်လိုက်တာ…………………….. ကြောက်စရာကြီး မမ သိလား။ အေးလေ အဲလိုလုပ်နိုင်အောင်
ပိုက်ဆံကလည်း မတရား ပေါနေတာကိုး။ ”
“
မမ သူငယ်ချင်းဆိုတဲ့တယောက်လေ၊ အား ဟိုနေ့က ဒင်နာမှာ ဘေးဝိုင်းကလူတွေနဲ့ အပြိုင်ကျဲပစ်တာ၊
ရက်ရက်စက်စက်ဆိုဘဲ။ အိမ်ကလူ ပြောတယ်။ နောက်ဆုံး တဆိုင်လုံးချုပ် ဖြတ်ပြီး ဘေးဝိုင်းကို
အသေ ဖြုတ်ပစ်တယ်ဆိုဘဲ”
“
မမ သိလား။ အဲဒီလူလေ အစက ဘာမှရှိတဲ့လူ မဟုတ်ဘူး။ သူ့မိန်းမဘက်က အသိုင်းအ၀ိုင်းကြောင့်
ထောင် တက်သွားတာဆိုဘဲ။ ဟိုဘက်ကို ထွက်သွားသေးတာဆို။ အော် မမ သိတယ်လား။ အင်းပေါ့ အဲဒီကပြန်လာမှ
သူ့အမျိုးသမီးနဲ့တွေ့ပြီး ဒီအဆင့်ရောက်လာတဲ့။…………………………… ”
“
မမ သိလား။ မမ သူငယ်ချင်းလေ…….……..….”
ပုလဲပြောပြနေတာ
ကြားပြီး ကိုအောင်မှ ဟုတ်ရဲ့လားလို့ သံသယတောင် ဖြစ်လာရတယ်။ ကိုအောင်သာဆို ဒီလို အပြုအမူတွေ
လုပ်မဲ့လူ မဟုတ်ပါဘူး။ ရတနာ ရင်းနှီးကျွမ်းဝင်ခဲ့ဖူးသူအကြောင်း ရတနာ တကယ် မသိခဲ့တာလား။
အဲလာက်တောင် ရတနာ ညံ့ဖျင်းခဲ့လို့လား။ တကယ် ဟုတ်ပါ့မလား။ နာမည်တူတယောက်ဖြစ်ဘို့ကလည်း
အတန်းတူ နှစ်တူ။
ဖေဖေ
နေမကောင်းဖြစ်လို့ ရန်ကုန်အိမ်မှာ ကြာကြာနေမှဘဲ ကိုအောင်နဲ့ တွေ့ဘို့ အခွင့်အရေး ရတော့တယ်။
ပုလဲ၊ မတ်တော်မောင်နဲ့ ကိုအောင်တို့ အတူတကွ တက်ကြမဲ့ ပွဲတခုကို ရတနာ လိုက်သွားတယ်။
ကျွန်တော်သွားပြီလို့
ရေးခဲ့တဲ့စာ နောက်ပိုင်း ပထမဆုံး တွေ့ရမှာဘဲ။ ရတနာ နည်းနည်း စိတ်လှုပ်ရှားသွားတယ်။ အိမ်က
သူ့စာကြည့်စားပွဲအံဆွဲထဲက ယွန်းသေတ္တာထဲ ထည့်သိမ်းထားတဲ့ စာတိုလေးကို မြင်ယောင်မိတယ်။
“ရတနာ
ဝမ်းသာလိုက်တာ။ မတွေ့ရတာ ကြာလှပြီ”
၈
နှစ်နဲ့ ၁၁ လ ရှိပြီ။ ရက်တောင် ပြန်ရေလိုက်ရင် ရသေးတယ်လို့ ရတနာ စိတ်ထဲက ပြန်ပြောတယ်။
လက်တွေ့ကျတော့ ချက်ချင်း စကားမပြောမိ။ အသာပြုံးနေလိုက်တယ်။
တွေ့တွေ့ချင်း
မြင်လိုက်ရတဲ့ ကိုအောင့် အပြုံးက လှိုက်လှိုက်လှဲလှဲ။ အပြုံးကတော့ မပြောင်းလဲသလိုဘဲ။ နည်းနည်းဝလာတာ ဗိုက်ထွက်လာကလွဲလို့
နဂိုရုပ်ပါဘဲ။ ဒါပေမဲ့ ရတနာ သိလိုက်တယ်။ ခံစားလိုက်ရတယ်။ ရတနာ သေသေချာချာ မပြောတတ်တဲ့
တစုံတခု ပြောင်းခဲ့တယ်။
ဖေဖေ့ကျန်းမာရေး
ရတနာအလုပ်ကိစ္စကို သူ မေးမြန်းတယ်။ သူ့ခြံကိစ္စတွေပါလာတော့ ရတနာ နည်းနည်း စကားသွက်လာတယ်။
တည်ခင်းကျွေးမွေးတဲ့ပွဲမှာ အဖျော်ယာမကာပါလေတော့ သူတို့ သောက်ကြတယ်။ ခွက်ကိုင်ထားတဲ့
ကိုအောင့်ကို ကြည့်ရတာ ရတနာ့မျက်လုံးထဲ ထောင့် လိုက်တာ။
ပွဲက
တဖြည်းဖြည်း ညနက်လာလေလေ လူသံသူသံ ဆူလာလေလေ ကိုအောင့်ရယ်သံ ကျယ်လာလေလေ ဖြစ်လာတယ်။ လူတယောက်က
လာဆွဲခေါ်လို့ ကိုအောင် ပါသွားတယ်။ စင်ပေါ်တက် စားသောက်ဆိုင် သီချင်းသည်တယောက်ကို ပန်းကုံးတက်စွပ်နေတဲ့
ကိုအောင့်ခြေလှမ်းတွေ ယိုင်နေပြီ။ ပန်းကုံးအထပ်လိုက် စွပ်လိုက်ချိန် ဆလိုက်မီးရောင်
သူ့လက်ပေါ်အကျ နာရီကလား လက်စွပ်တွေကလား မသိဘူး ပြိုးပြိုးပြက်ပြက် လတ်လတ်တောက်တောက်
အရောင်တွေ ထွက်လာတယ်။ စင်ပေါ်ကပြန်ဆင်းလာပြီး ရတနာတို့ စားပွဲဆီကို လျှောက်လာတဲ့ သူ့မျက်နှာပေးက
ခေတ်ပေါ် လောကီဝန်းကျင်မှာ အသာစီးရကာ အောင်မြင်ကျေနပ်နေတဲ့ ပုံပန်းနဲ့။ ရတနာ စိတ်နှလုံး
နောက်ကျိလာတယ်။
အခုမှဘဲ
ရတနာ ပြက်ပြက်ထင်ထင် နားလည်တော့တယ်။ ကိုအောင် ဘာတွေပြောင်းလဲသွားသလဲ ထင်ထင်ရှားရှား
မြင်လာခဲ့တယ်။ နှစ်ကာလများ ကြမ်းတမ်းတဲ့အတွေ့အကြုံများဟာ လူတယောက်ရဲ့ စိတ်နှလုံးကို
တကယ်ဘဲ ပြောင်းလဲစေခဲ့တာကိုး။ ရတနာ ကုန်လွန်ခဲ့တဲ့အချိန်နဲ့ ကိုအောင် ကုန်ဆုံးခဲ့တဲ့အချိန်ဟာ
အရှိန်ခြင်း မတူကြဘူး ထင်ပါတယ်။ ရတနာ နည်းနည်းခြင်း
ရွှေ့နေစဉ်မှာ ကိုအောင်က အဟုန်ပြင်းပြင်းနဲ့ ပြောင်းပြန်အချိုးအကွေ့တခုကို ကျော်ဖြတ်ခဲ့ပြီ။
သူ့အရှိန်နဲ့ လိုက်ပါသွားခဲ့ရင်တော့ အပြောင်းလဲကြီးပြောင်းလဲတယ်လို့ မပြောသာဘူးပေါ့။
ရတနာ အရှိန်နဲ့ တိုင်းတာလိုက်တော့ အခြားနားကြီး ခြားနားခဲ့လေပြီ။
ရတနာကတော့
တခါက ညနေခင်းများကို အထပ်ထပ် ပြန် စဉ်းစားကြည့်နေမိတယ်။ အပြင်ပန်းသဏ္ထန် ပြောင်းလဲလွယ်နိုင်ပေမဲ့
ဗီဇစိတ်နှလုံးကတော့ ဒီလောက် ပြောင်းလဲလွယ်လို့လား။ တကယ် ဗီဇစိတ်ကို မြင်သာတဲ့အထိ ရတနာ
မရောက်ကြည့်နိုင်ခဲ့လို့လည်း ဖြစ်နိုင်တာပါဘဲ။ မည်သို့ဆိုစေ လေအေးလေးတိုက်တဲ့ ညနေခင်းပုံပြင်လေးကတော့
လှနေအုန်းမှာပါ။
ခုမှဘဲ
ဖေဖေ က ဘယ်သူ့သားသမီးလဲလို့ မေးတာကို နားလည်သွားတော့တယ်။
မြယာ
၂၀၁၂၀၂၁၄
၂၀၁၂၀၂၁၄
No comments:
Post a Comment