Tuesday 17 September 2013

တယောက်သောသူ



တယောက်ယောက်ကို ချစ်ခဲ့ဖူးလား။ ဟမ် ငါ့ကိုမေးတာလား။ ဟဲ့ နင် နည်းနည်း များနေပြီ ထင်တယ် စူး။  နင့် ငယ်ရည်စားအကြောင်း ပြောနေရင်းက ဘယ့်နှယ် ငါ့ဘက် လှည့်လာရတာတုန်း။ ရင်ခုန်ခဲ့တဲ့လူ အာ သက်ထွေးလေ သင်္ကြန်မိုးထဲက။ တွယ်တာခဲ့ဘူးလား။ ခက်ပြီ ငါ ဘယ်သူနဲ့ ပက်သက်နေတာ နင်မြင်လို့လဲ။ မရှိဘူးလေ။ ဒုက္ခဘဲ ဟေ့ကောင် မူးပြီး မရစ်နဲ့ကွာ။ အိုကေ အိုကေ ငါ့ကို လာရိုက်မနေနဲ့ ပြောမယ် ပြောမယ်။ ပြောလိုက်ရင် နင်မလန့်နဲ့နော် ရုပ်ရှင်တွေထဲကလို လွန်ခဲ့တဲ့အနှစ် နှစ်ဆယ်ကျော်ကပေါ့ကွာ။ ဟေး ဘာလို့ ထခုန်တာတုန်း။ ဟားဟား ပြောထား တယ်လေ မလန့်နဲ့လို့။

နင်သိလား။ အရင်က ဘယ်တော့မှ မမေ့ဘူးထင်ထားတဲ့အဖြစ်အပျက်တွေကို ခု မေ့ နေပြီး အာရုံမှာ မစွဲငြိခဲ့တဲ့အရာတွေကို တ သ သ ဖြစ်နေရတာ တော်တော် ဆန်းပြားလှတယ်။ ချစ်တာ ရင်ခုန်တာ တွယ်ငြိတာ ဘာတွေမှန်း သေသေချာချာ မသိဘူး။ ဒါပေမဲ့ အဲဒီတယောက်ကို ငါ သတိရနေတုန်းဆိုတာ သေချာတယ်။ နင် မှတ်မိလား လေးနှစ်လုံး ငါတို့နဲ့ တခန်းတည်း တူတူဘဲလေ။ နင်မသိဘူး။ အေးလေ မသိလောက်ဘူး တို့အခန်းထဲ လူက တစ်ရာကျော်လေ။ ငါက နောက်ဆုံးခုံတန်းမှာ ထိုင်နေကြလေ။ သူက ငါ့ အရှေ့ ခုံမှာ အမြဲထိုင်တယ်။ ဟို သွားတက်နဲ့ ချောချောတယောက် သိလား သူနဲ့ အမြဲတွဲတာလေ။ ဟင် နင်က ချောချောလေးကိုတော့ သိသား။ 

သူနဲ့က ဘာမှမဖြစ်ဘူးလေ။ သူ့ကို ခုထိ သတိရနေတာဘဲ ပြောချင်တာ။ ပက်သက်မှု… မရှိပါဘူး သြော် ခက်ပါ့ စူးရယ်။ ပက်သက်ခဲ့ရင် နင်အရင်ဆုံး သိမှာလေ။ သူ့အကြောင်း ပြောပြမယ်။ နင် မသိဘူး မဟုတ်လား။ သူက အတန်းဖော် စကားနည်းတယ် အေးတယ် အနေရိုးတယ်။ သူနဲ့ ထူးထွေ ပက်သက်ခဲ့တာ မရှိဘူး။ အဲ သူ့ကို စိတ်ထဲက အရမ်းခင်မင်သွားစေတဲ့ ဖြစ်ရပ် နှစ်ခု ရှိတယ်။

ရွာက ငယ်သူငယ်ချင်း ဆေးရုံတက်လို့ ဆေးရုံကြီး သွားအိပ်တဲ့ နေ့ပေါ့။ သူ ကြာကြာ မနေရတော့ဘူးဆိုလို့ ငါ စိတ်ဆင်းရဲပြီး ပြန်လာတာ ကျောင်းကွေ့မှာ သူနဲ့တွေ့တယ်။ ငါ့ကို ပြုံးပြပြီး ချက်ချင်းပဲ ဘယ်ကပြန်လာလဲ ဘာဖြစ်လို့လဲ အဲလိုမေးတယ် စူးရယ်။ ငါ ဝမ်းနည်းနေချိန် သူ အဲလိုမေးတော့ ငိုချင်လိုက်တာလေ။ ငါ့ မျက်နှာမကောင်းတာကို သူသိတာလဲ အံ့သြမိတယ်။ ဘာမှ မဖြစ်ဘူး ဆေးရုံကပြန်လာတာ သွားတော့မယ်လို့ ပြောပြီး အဆောင်ကို အမြန် လစ်လာတာ။ အဲဒါ ပထမနှစ်က။

ဒုတိယနှစ်မှာ တရက် ငါ အဆောင်ကင်တီးကို ရေအိုးအသစ် သွားဝယ်တယ်။ မိုးသည်းလွန်းလို့ နင်မလိုက်ခဲ့ဘူးလေ။ ရေအိုး တံမြက်စည်း မုန့်ထုပ် ခေါက်ဆွဲခြောက်ထုပ် ရေစစ် တပုံတပင် ဝယ်ပြီး မနိုင်မနင်းနဲ့ ပြန်လာတာ။ မိုး သဲကြီးမဲကြီး ရွာနေတော့ ဘယ်သူမှမကြားဘူး အထင်နဲ့ သီချင်း အော်ဆိုနေတာ ပစ္စည်းတွေ များလိုက်တာ ကျွန်တော်ကိုပေးပါ ဆိုတော့မှ သူ့ကိုတွေ့တာ။  ငါက ရပါတယ်ဆိုတာကို သူက တို့အဆောင်သွားမှာ လမ်းကြုံတယ်တဲ့။ သူ ဝတ်ထားတဲ့ ရှမ်းပင်နီအပြာလေး မိုးစိုပြီး ကိုယ်မှာကပ်လို့။ အေးဟာ သူ ဘာဝတ်ထားလဲမှတ်မိနေတာ။ ငါက ကိုယ် ဘာ ဝတ်ထားလဲတောင် သိတဲ့လူ မဟုတ်ဘူးလေ။ မိုးတွေလေတွေနဲ့ မိုးတိတ်မှ လာတာမဟုတ်ဘူးလို့ အပြစ်တင်သေးတယ် ထင်တာဘဲ။ ငါ နည်းနည်း ရှိန်း သွားတာနဲ့ မိုးရွာလို့ကို တမင်ဆင်းလာတာ မိုးရွာထဲ သွားရတာပျော်လို့ ပြန်ဖြေလိုက်တော့ ဒါကြောင့် သီချင်းအော်ဆိုလာတာလားတဲ့။ ကွဲပါတယ်။ ဘယ်သူမှ မကြားဘူးထင်လို့ အော်မိပါတယ် တခါတည်း လူမိတာဘဲ။ အဲဒီနေ့က သူပါလာလို့ အဆောင်နောက်ဘက်က ဝင်လာလို့မရဘဲ ဘောလုံးကွင်းဘက်က လှည့်ပြန်ရတော့ ငါ ဘောလုံးပွဲ ကြည့်အုန်းမယ်ဆိုတာတောင် စောင့်ပေးလိုက်သေးတယ်။ အဆောင်ရောက်တော့ သူတို့မြို့က သူငယ်ချင်းကိုခေါ်ပေးလိုက်တယ် ကျေးဇူးတင်တယ် ပြောလိုက်တယ်။ အင်း ဒါပဲလေ သူနဲ့ စကား ဆက်ပြောစရာမှ မရှိတော့တာ။ နောက်ရက်တွေ့တော့လား ဒီအတိုင်း ပြုံးပြလိုက်တာပဲလေ။ စကားသွားပြောတာ ဟင့်အင်း မလုပ်ဖြစ်ဘူးလေ။ ဒါပေမဲ့ ငါ့စိတ်နှလုံးက သူ့ကို အကျွမ်းဝင်မိပြီ။

လေးနှစ်လုံးလုံး တန်းတည်း သူ ဘယ်မြို့ကလဲ သိတယ်။ ငါထိုင်နေကြခုံ ရှေ့တန်းမှာ သူ အမြဲရှိတယ်။ ငါသာ အတန်းလစ်တာ။ သူ ဘယ်တော့မှ မလစ်တတ်ဘူး။  ဘာသင်သွားလဲ သူ့ကို တခါ နှစ်ခါ မေးဖူးတယ်။ သူက တော်တော် အနေအေးပြီး ငါတို့က ဝက်ဝက်ကွဲတွေဆိုတော့ သိပ်ဆက်စပ်လို့မရပေမဲ့ ရင်းနှီးကျွမ်းဝင်ချင်ရင် အလွယ်လေးပါ။မနက်တိုင်း သူ့ မျက်နှာကို အတန်းထဲတွေ့လိုက်ရင် ငါ စိတ် အေးမြတယ်။ လုံးဝ အတန်းမပျက်ဖူးတဲ့ သူ တခါ ပျက်ပါရောလား။ ငါ စိတ်အနှောင့်အယှက် ဖြစ်ခဲ့တဲ့အထိပဲ။ သူဘာသာ မလာတာ အရေးမပါလိုက်လေ ဘာဆိုင်လို့လဲလို့ စိတ်ထဲ ငြင်းဆန် တာတောင် မရဘူး။ ဝန်ခံတယ် ငါ တွယ်ငြိခဲ့တာ။ 

ခြေစုံရပ်နေတယ် ငါလား။ ဟုတ်မှာ။ ရှင်းရှင်း ပြောရရင် ကျောင်းမှာ အတွဲရှာတာကို အလုပ်ကြီးတခုလို လုပ်နေတဲ့လူတွေကို တော်တော် စိတ်ပျက်တယ်။ နင့် ကို ဖဲ့တာ မဟုတ်ဘူး။ ငယ်ရွယ်သူတွေဆိုတော့ ဒီလိုဘဲရှိကြမှာလို့ ခုမှတွေးမိတာ။ အဲဒီအချိန်တုန်းကတော့ မကြိုက်ဘူးဟဲ့။ နင်ကိုပြောသင့်တယ် အာ အဲဒီအချိန်တုန်းက ပြောသင့်တယ်လို့ကို မထင်တာ။ ငါဆက်ပြောအုန်းမယ်။ 

အမြဲလို စာမေးပွဲ တခန်းတည်း ဖြေရပေမယ့် နောက်ဆုံးနှစ်မှာ သူ နဲ့ အခန်း မတူတော့ဘူး။ ငါ အောက်ထပ် ဆင်းဆင်းသွားပြီး နေ့တိုင်းလိုလို သွားကြည့်တယ်။ နောက်ဆုံးနှစ်လေ။ နောက် သူ့ကို မြင်နိုင်တော့မှာမဟုတ်ဘူး။ ဒီလောက်ဘဲ ငါတွေးတယ်။ ငါတို့ စာမေးပွဲပြီးတဲ့နေ့ နေကုန်အောင် လည်နေတာလေ။ ငါပြန်လာတော့ အဆောင်ဧည့်ခန်းမှာ သူ တယောက်တည်း ထိုင်နေတာ တွေ့တာကွ။ သူတို့မြို့နယ်အသင်း ပြန်ဘို့ သူ့ သူငယ်ချင်းတွေကို လာတွေ့တာ ဖြစ်မယ်။ ငါ ပြုံးပြ နူက်ဆက်ပြီး အခန်းထဲ ဝင်လာခဲ့တာ။ နောက်မှ သတိရသွားပြီး ချက်ချင်း ပြန်ထွက်သွားတော့ သူ တယောက်တည်းဘဲ ရှိနေသေးတာ။ ငါ ဝမ်းသာလိုက်တာလေ။ လွယ်အိတ်ထဲက အော်တို အသေးလေးကို ထုတ်ပေးပြီး အတော်ပဲ လိပ်စာရေးပေး အမှတ်တရ ရေးပေးလို့ ပြောမိတယ်။ ငါ့ စာအုပ်က နင်တို့ ဆော်ထားတာ ပြည့်နေပြီ။ စာအုပ် အသေးလေး တဖျတ်ဖျတ်လှန်ပြီး နေရာလွတ် ရှာနေတဲ့ သူ့ကို ငါ ရပ်ကြည့်နေပြီး တွေးမိတာ နောက် သူ့ကို ပြန်တွေ့ရတော့မှာ မဟုတ်ဘူး

"ကျေးဇူးပဲ စာမေးပွဲဖြေနိုင်တယ်ဟုတ်" လို့မေးတော့ ဖြေနိုင်တယ်ဗျ ခင်ဗျားကောတဲ့။ ငါက အောင်မှာပါ သွားတော့မယ် လို့ ပြောပြီး အခန်းထဲ ပြန်ဝင်ခဲ့တယ်။ ငါ အတော် ညံ့ဖျင်းသူ ဆိုတာ ခု နင် သိပြီဟုတ်။ သူ တယောက်ယောက်နဲ့ စကားပြောနေတာ မဟုတ်ဘူး။ သူ တယောက်တည်းနော်။ ငါ ဆက်ထိုင်ပြီး စကား ဆက်ပြောနေလို့ ရတယ်။ မလုပ်ခဲ့ဘူး စူး။ အခန်းထဲရောက်မှာ သူ ဘာရေးထားလဲ ရှာကြည့်ပြီး အထပ်ထပ် ဖတ်မိတယ်။ ‘ရင်းရင်းနှီးနှီး မနေဖြစ်ခဲ့ပေမဲ့ ခင်မင်တတ်ပါတယ်’ တဲ့။ နောက် သူ့ လိပ်စာ။ ရင်းရင်းနှီးနှီး မနေဖြစ်ခဲ့ကြဘူးဆိုတာ သူလဲ သတိထားမိတယ် ထင်ပါရဲ့။ 

ငါ့ စိတ်ရင်းနှီးကျွမ်းဝင်မှုကို သူသိဘို့ မပြောနဲ့ ငါတောင် အဲဒီအချိန်က ကောင်းကောင်း မသိခဲ့ဘူး။ သူ ငါ့ လိပ်စာ မတောင်းဘူး။  လေးနှစ်ဆိုတာ နည်းတဲ့အချိန်လား။ ငါတို့ အကျွမ်းတဝင် မဖြစ်ခဲ့ဘူး။ စိတ်မကောင်း ဖြစ်သလိုလိုဘဲ။ သလိုလို ဆိုတော့ သေချာတာ မဟုတ်ဘူးလေ။ စာမေးပွဲအပြီး ငါတို့ တပြည်လုံးပတ်နေလို့ အိမ်ပြန်ဘို့တောင် မေ့နေတာလေ။ အိမ်ပြန်ဘို့တောင် မေ့မှတော့ အဲဒီတယောက်ကိုလဲ အထူးတလည် သတိရ မနေတော့ဘူးလေ။ 

ကိုင်း အဲဒီကတည်းက သူနဲ့မတွေ့တာ ခုထိဘဲ။ အနှစ် နှစ်ဆယ်လောက်ရှိပြီ။ ဟားဟား အခု သိပြီဟုတ် ဘာမှ စိတ်ဝင်စားစရာမရှိတဲ့အကြောင်းကို။ ဘွဲ့ယူတော့ သူလာမှာဘဲလို့ ငါ မျှော်လင့်မိတာ ပြောပြီးပြီလား။ ပြန်တွေ့ရင်တော့ ရင်းနှီး အကျွမ်းတဝင် ခင်မင်ချင်သူပါလို့ ပြောရင် ကောင်းမလားလို့ ငါ တွေးမိသေးတယ်။ ငါလဲ ထွေ နေပြီထင်တယ် ကျွဲခိုးပေါ်ပြီ။ သူ အဝေးရောက်ဘွဲ့ ယူတယ်။ သူ့ ခုံနံပါတ် ငါ သိတယ်။ အဝေးရောက်ယူတဲ့ စာရင်းထဲက သူ့နာမည်ကို အကြာကြီး ကြည့်နေမိတယ်။ အဲဒီနေ့ကလဲ ငါတို့ လျှောက်လည်နေကြတာနဲ့ အသေအချာတောင် ဖီးလ် မတက်လိုက်ရပါဘူး။

 နင်သိသားဘဲ ကျောင်းပြီးကတည်းက ငါ ဘယ်လောက် ရုန်းကန်လာခဲ့ရလဲဆိုတာ။ နင်တို့သာ မရှိခဲ့ရင် ငါ အခုလို နေနိုင်မှာ မဟုတ်ဘူး။ နင် တခါပို့ဖူးတဲ့ နှစ်သစ်ကူးကဒ်က စာသားလိုပေါ့။ ဘဝခရီးကသာ ပြောင်းကုန်တယ် သူငယ်ချင်းကတော့ ထာဝရဆိုတာလေ။ သူငယ်ချင်းတွေရဲ့ ချစ်ခင်မှု မေတ္တာကို ငါ ခံစားရတိုင်း သူငယ်ချင်း မဖြစ်ခဲ့ရသူတယောက်ကို ခဏခဏ သတိရတယ်။ သူ့ လိပ်စာကို သိတော့ စာရေးမလား မကြာမကြာ တွေးမိတယ်။ အေးဟာ ငါက တွေးရုံပဲ လုပ်တတ်တာနဲ့ တူတယ်။ 

ငါ သေကောင်ပေါင်းလဲဖြစ်တဲ့ နှစ်ကို မှတ်မိသေးလား။ ဆေးရုံတက်လိုက်ရတဲ့ နှစ်လေ။ အဲဒီနှစ်လေ သူ့ကို  တော်တော်ကြီးကို သတိရ အောက်မေ့တာ။ ဒါနဲ့ ငါ နှစ်သစ်ကူးကဒ် တခု ပို့လိုက်မိတယ်။ ငါ့ လိပ်စာအပြည့်အစုံနဲ့ကို ပို့လိုက်တာ။ ဇန်န၀ါရီ တစ်လလုံး မျှော်နေမိပြီး ဖေဖော်ဝါရီ လဆန်းရောက်တော့မှ ငါ့ လိပ်ပြာ ငါ ရှက်လိုက်ရတာလေ။ အံ့သြသွားတာလားကွ။ ငါ့လိုလူက ဒီလို လုပ်လိမ့်မယ် နင်ထင်မထားဘူး မဟုတ်လား။ ကျန်သေးတယ် စူး။ တော်တော်မိုက်မဲပြီး အဆင်ခြင်မရှိ လုပ်တာရှိသေးတယ်။ 

ကျောင်းပြီးလို့ ဆယ်နှစ်လောက်အကြာ သွားတက်နဲ့ ချောချောတယောက်ကိုလေ အလုပ်ကိစ္စနဲ့ ပြန်တွေ့တယ်။ သူက ငါ့ကို ဧည့်ခံရင်း ကျောင်းတုန်းက အကြောင်းတွေ ပြောကြတယ်ပေါ့။ အမှတ်တမဲ့ လိုလိုနဲ့ သူ့အကြောင်း မေးတာပေါ့။ သူ့နဲ့လည်း အဆက်အသွယ်ပြတ်နေတယ်(     ) ဌာနမှာ လုပ်တယ်လို့ ကြားတယ်တဲ့။ ကျန်ခဲ့တဲ့နှစ်ကမှ လက်ထပ်တယ်တဲ့။ အဲဒီနေ့က သူတို့မြို့က(   ) ဌာန ဖုန်းနံပါတ်ကို တယ်လီဖုန်းစာအုပ်ထဲ ရှာပြီး မှတ်စုစာအုပ်မှာ ချမှတ်ထားတယ်။ စူး ငါ့ကို အဲသလို မကြည့်နဲ့။ ငါ လုပ်ချင်တဲ့ အလုပ်တခုကို ဖြစ်အောင် လုပ်တတ်တယ်ဆိုတာ နင် သိတယ်နော်။ မလုပ်ချင်လို့ မလုပ်သင့်လို့ ငါ မလုပ်တာဘဲရှိတယ်။ နိုး ငါ  ချက်ချင်း ဖုန်း မဆက်ပါဘူး။ နောက် လေးနှစ်လောက်မှ ဆက်ဖြစ်တာ။

အဲဒီနေ့က ငါ တော်တော်များသွားတယ်။ ရင်ထဲမှာ ဘာအလိုမကျ ဖြစ်နေမှန်း မပြောတတ်ဘူး။ ၀မ်းနည်း ဆို့နင့်နင့် ခံစားချက်တခုနဲ့ လရောင်အောက် အကြာကြီး ထိုင်နေတာ။  ညဘက် အလုပ်ထဲမှာ သူ ရှိမရှိ ငါ မသေချာဘူး။ ဘာလို့ အဲဒီနံပါတ်ကို နှိပ်မိလဲ ငါ မပြောတတ်တော့ဘူး။ အကြာကြီး ဖုန်း မြည်နေပြီးမှ လူတစ်ယောက် လာကိုင်တယ်။ သူ့နာမည်ကို မေးလိုက်တော့ ဆရာ မပြန်သေးဘူး ရှိသေးတယ်တဲ့။ ဟုတ်ကဲ့ အမိန့် ရှိပါ ကျွန်တော်ပါ လို့ ဖြေတဲ့ အသံကိုကြားတယ်။ ငါ အမြဲလိုလို သတိတရရှိနေသူရဲ့ အသံလို့ မခံစားမိဘူး။ နေကောင်းလား ကလေးတွေ ဘယ်အရွယ်ရှိပြီလဲ လို့ ငါ မေးတယ်။ လေးနှစ်ခင်ဗျလို့ ဖြေပြီး အံ့သြနေတဲ့အသံနဲ့ ဘယ်သူလဲ မသိဘူးနော်တဲ့။ ကျွန်မနာမည်ပြောလည်း ရှင်မမှတ်မိပါဘူး ဒီနေ့ တော်တော် စိတ် ထိခိုက်နေလို့ ရှင့် အသံကြားချင်လို့ပါ ဒါဘဲလို့ ပြောပြီး ဖုန်းချလိုက်မိတယ်။ သူ စိတ်အနှောင့်အယှက် ဖြစ်သွားမှာဘဲလို့ တွေးမိပြီး အားနာလိုက်တာလေ။ ကိုယ့် ဘာသာ ကိုယ် အခါခါ အပြစ်တင်မိတယ်။ နောက်တခါ ထပ် မဆက်မိအောင် ကြိုးစားနေထိုင်လာတာ အခုအချိန်အထိဘဲ။ သူလား အခု ရာထူးတိုးပြီး  ( …….. ) မြို့ ကိုပြောင်းရတယ်။ အဲဒီက ဖုန်းနံပါတ်ကိုလည်း သိတယ်။ ငါ ရှာချင် လွယ်ပါတယ်။ 

ဘာလဲ  စိတ်မကောင်းဖြစ်နေတာလား ဒါမှမဟုတ် အရူးမဘဲ ပြောချင်နေတာလား။ ဒီလိုကွ ငါတို့ လက်တွေ့ကျကျ သုံးသပ်ရအောင်။ ငါ့မှာ စွဲလန်းတွယ်တာရတဲ့ လူတယောက်ရှိလာခဲ့ရင် ဒါမှမဟုတ် လက်ထပ်ဖြစ်ခဲ့ရင် အဲဒီအဖြစ်အပျက်ကလေးက ဒီလောက်အထိ မခံနိုင်ပါဘူး။ ဆွေးမြေ့ ပျောက်ကွယ်သွားတာ ကြာလှရှိပြီ။ ဘယ် လုံးလုံး ကို သတိရတော့မှာမဟုတ်ဘူး။ ခံစားချက် အသစ်လည်း မရှိ တွယ်စရာလည်း မရှိတော့ ဒါလေးကိုပဲ ဂရုစိုက် တ သ သ လုပ်နေလို့ သူ့ကို အမြဲ သတိရနေတယ် ထင်နေတာ။ မဟုတ်ဘူး မရှိမဲ့ရှိမဲ့ ခံစားချက်ကလေးကို ပိုးမွေးသလို မွေးထားမိတာကွ။ ဟုတ်တယ် အဲဒီအတိုင်းပဲ။

         အသိကလေးနဲ့ ဆင်ခြင်သုံးသပ်ပြီး စိတ်အေးချမ်းစွာ နေနိုင်ပေမယ့် သတိရစိတ်ကိုတော့ အပြီး မဖြတ်နိုင်သေးဘူး။ စိတ်ထဲ ဟာလာဟင်းလင်း ဖြစ်ရတဲ့နေ့တွေမှာတော့ အဲဒီ မွေးမြူထားတဲ့ အောက်မေ့စိတ်ကလေးနဲ့ အတူ နေထိုင်နေတုန်းပဲ။ ရင်းရင်းနှီးနှီး မနေဖြစ်ခဲ့ဘူးလို့ ရေးထားတာလေးကို ထုတ်ဖတ်နေတုန်းပဲ။ 

         နောက်တခါ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကပေါ့ကွယ်လို့ ငါ ထပ် မပြောချင်တော့ဘူး။ ဒီကိစ္စ ပြောမိတာ ပထမဆုံးနဲ့ နောက်ဆုံး ဖြစ်ချင်တယ်။ မွေးထားတဲ့ ခံစားချက်တွေကို အပြီးသတ်ချင်တယ်။ သေးငယ်တဲ့ ပိုးမျှင်လေးတွေပဲ တနေ့ ပြတ်တောက်ဆွေးမြေ့မှာပါပဲ။ ကွယ်ပျောက် ကုန်လွန်သွားမှာပါ။ ဒီလိုတွေးမိတာဘဲ။ ခုတော့ အောက်မေ့စိတ်ကလေး ကျန်သေးတယ်။ ငါ သတိရနေဆဲဘဲ။ 

( မြယာ ) 

3 comments:

  1. အဲဒီသံယောဇဉ်တွေဟာ အနှစ် နှစ်ဆယ်မှ မဟုတ်... နောင် နှစ်ပေါင်း သုံးဆယ် လေးဆယ် အထိလည်း ရှင်သန်နေမဲ့ သံယောဇဉ်မျိုးပါ...
    ဒီစာလေး သိပ်သဘောကျမိတယ်...

    ReplyDelete
  2. တူသော အဖြစ်ရှိသူမို့လို့ ကြိုက်တယ်။ ကိုယ် ရှာမရတဲ့ အဖြေတခု ရသွားလို့လဲ ကျေးဇူးတင်ပါတယ်။

    စွဲလန်းတွယ်တာရတဲ့ လူတယောက်ရှိလာခဲ့ရင် ဒါမှမဟုတ် လက်ထပ်ဖြစ်ခဲ့ရင် အဲဒီအဖြစ်အပျက်ကလေးက ဒီလောက်အထိ မခံနိုင်ပါဘူး။ ဆွေးမြေ့ပျောက်ကွယ်သွားတာ ကြာလှရှိပြီ။ ဘယ် လုံးလုံးကို သတိရတော့မှာမဟုတ်ဘူး။ ခံစားချက်အသစ်လဲမရှိ တွယ်စရာလဲမရှိတော့ ဒါလေးကိုဘဲ ဂရုစိုက် တ သ သ လုပ်နေလို့ သူ့ကိုအမြဲ သတိရနေတယ် ထင်နေတာ။ မဟုတ်ဘူး မရှိမဲ့ရှိမဲ့ ခံစားချက်ကလေးကို ပိုးမွေးသလိုမွေးထားမိတာကွ။

    ReplyDelete