Tuesday 17 September 2013

“ မကျေလည်မီ ”



သစ်ရိပ်သိုသိပ်တဲ့ စားသောက်ဆိုင် ခြံဝင်းထဲ မသွင် ကားမောင်းဝင်လာတာ ခပ်ကြမ်းကြမ်း ဘဲ။ နီဖျော့ဖျော့ ပွင့်ဖတ်တွေ ခင်းထားတဲ့ စိန်ပန်းပင်ပျိုအောက် ကားထိုးရပ်လိုက်ပုံက သူ့ ကျွမ်းကျင်မှုကို ပြတယ်။ ကြိုရောက်နှင့်နေတဲ့ မီမီက လက်ပြလိုက်တော့ စားပွဲဝိုင်းကို သွက်သွက် လျှောက်လာတယ်။ Coach နံ့သာရောင် ဘေးလွယ်အိတ်ကို ထိုင်ခုံ အလွတ် တခုပေါ် လှမ်းလိုက်တဲ့ ဟန်က ပေါ့ပါးသွက်လက်တယ်။ သူ ပတ်ထားတဲ့ ကက်ရှ်မီးယား ခြုံလွှာ အသားရောင်ဖျော့ဖျော့ကို အသာ ဖြုတ်တယ်။




“ အမ နည်းနည်းနောက်ကျသွားတယ်။ မီမီရောက်နေတာ ကြာပြီလား။ ထွက်ခါနီးမှကွာ အလုပ်ကမပြတ်တာနဲ့”

မီမီက သူရောက်တာ မကြာသေးတဲ့အကြောင်း ပြန်ဖြေတော့ မသွင် ပြုံးတယ်။ သူ့အပြုံး ပေါ့ပါးကြည်စင်လိုက်တာ။ သူ ဒီအပြုံးမျိုး ပြုံးနိုင်တာကို မီမီ အမြဲ အံ့သြခဲ့ရတယ်။ မီမီ သူ့လို ကြည်စင်ဝင်းပအောင် မပြုံးနိုင်တာ ကြာရှည်လှပြီ။

“မီမီ ဘာမှာထားလဲ။ ဒီနေ့ အမ ကျွေးမယ်နော်။ ကျန်တဲ့လူတွေကော မရောက်ကြသေးတာလား။ ဖုန်းဆက်ထားလား”

တချို့ နောက်ကျမယ် မီမီကသာ စောရောက်နေတာလို့ အဖြေ ပြန်ပေးတယ်။ မသွင် ခေါင်းတချက်ဆတ်ကာ စားသောက်ဖွယ်များ မှာတယ်။

ဒီနှစ်ထဲမှာ မသွင်နဲ့ မီမီ ခဏခဏ ဆုံဖြစ်တယ်။ တမြန်နှစ်က အထက်တန်းကျောင်း ဆရာကန်တော့ပွဲအတွက် အလှုငွေ သွားကောက်ရင်းက မသွင်နဲ့ ပြန်ဆုံဖြစ်ကာ မီမီတို့နဲ့ တရင်းတနှီး ဖြစ်လာတယ်။ အရင်က မီမီထက် အတန်းကြီးကာ ကျောင်းမှာ သွက်လက်ချက်ချာသူတယောက်အဖြစ် သိနေပေမဲ့ ခုလောက် တကျွမ်းတ၀င် မနေခဲ့ဖူးဘူး။

အထက်တန်းပြီးတဲ့နောက် သူ့သတင်းတွေ ကြားတချက် မကြားတချက် ရှိနေရာက သူ့ခင်ပွန်းသည် အမည်ပြောရုံနဲ့ လူရေတတ်ဝန်းကျင်က သိတဲ့ စာရင်း ၀င်လာတော့ သြော် တလုံး မှတ်ချက်ချရုံကလွဲလို့ ထူးထွေပက်သက်ခြင်းလည်း မရှိခဲ့။ မီမီတို့ ကျင်လည်တဲ့ မိရိုးဖလာ စီးပွားရေးနယ်ပယ်နဲ့ မသွင်တို့ရဲ့ ခေတ်ပေါ်လုပ်ကွက်တွေကလဲ အဆက်အစပ် ဝေးတယ်။

ကျောင်းကိစ္စနဲ့ ပက်သက်ပြီး ရင်းလာတာနဲ့အမျှ မသွင်အကြောင်း ကြားရတာလည်း များ များ လာတယ်။ ငယ်ဘ၀နဲ့ ဆက်စပ်မရလောက်အောင် ကြွယ်ဝနေကာ သူ့ကလေး ၂ ယောက် ဝေးနေရပ်ခြားမှာ စာသင်နေတာ အစချီကာ သူ့အမျိုးသားရဲ့ မွှေးပျံ့လှတဲ့ ဇာတ်လမ်းများကိုလည်း အခန်းဆက်တောင် ပြောယူကြတယ်။ မီမီကတော့ မသွင်ရဲ့ ပေါ့ပါးကြည်စင်တဲ့ အပြုံးကိုသာ စိတ်ဝင်တစား ရှိတယ်။

မိုးသက်လေကလေး တချက်တိုက်လာတော့ စိမ့်သလို ဖြစ်သွားတယ်။ စားသောက်ဆိုင် ခြံစည်းရိုးဝါးရုံတန်းက မိုးရေစက်အောက်မှာ စိမ်းမြလို့။ နှစ်ယောက်သား ကော်ဖီတခွက်စီနဲ့ ငြိမ်နေရာက ရုတ်တရက် မသွင် စ ပြောတယ်။ မီမီ အမြဲသိလိုခဲ့တဲ့ ပေါ့ပါးတဲ့အပြုံး ဇာတ်ဝင်ခန်းပေါ့။

“ မီမီ သိလား။ လွန်ခဲ့တဲ့ လေး ငါးနှစ် အခုလို မိုးဖွဲဖွဲ စွေပြီး အုံ့နေတဲ့ ရာသီမျိုး မနက်အစောကြီး ၅ နာရီလောက်ပေါ့။ အဲဒီညက အိမ်ကလူ ပြန်မလာဘူး။ အမလေ သူ့ ကားရပ်ထားတဲ့ အိမ်တအိမ်ရှေ့ သွားကြည့်ဖူးတယ်။ တညလုံး မီးတောက်မတတ် ပူလောင်ပြီး အိပ်မရလွန်းလို့ မနက်စောစော ထ သွားတာ။ မိုးရေစက်အောက်က သူ့ကားကို ကြည့်ပြီး ပြေး မီးရှို့လိုက်ရင် ကောင်းမလား အော်ဟစ်ပစ်လိုက်ရင်ကောင်းမလား စိတ်က ဗလောင်ဆူနေပေမဲ့ လူက ဒီအတိုင်း ငြိမ်နေခဲ့တာ။ ထီးမပါ မိုးကာမပါ အနွေးထည်မပါနဲ့ ကားမောင်းထွက်သွားတာ။ ပြန်လာတော့ အအေးမိပြီး ဖျားရတယ်။ အရင်က ဟိုတွဲဒီတွဲ ဟိုချိတ်ဒီချိတ်တွေ သိုးသိုးသန့်သန့် ကြားနေပေမဲ့ အဲဒီတယောက်ကျမှ ပေါ်ပေါ်ထင်ထင် ဖြစ်သွားတာ။ အဲဒီတယောက် မီမီ သိမှာပေါ့ …………..လေ”

မသွင်ပြောပြတဲ့ အမျိုးသမီးနာမည်ကို မီမီက ကြားဖူးသလိုသာသာရှိပြီး အတိအကျ ဘယ်သူမှန်းတော့ မသိဘူး။ မသွင် အခုလို ထုတ်ပြောနေတာကိုလည်း မီမီမှာ မင်သက် မိနေတယ်။

“ အမတို့ အိမ်ထောင်ဟာ သူချစ်ကိုယ်ချစ်ထူထောင်ခဲ့ပြီး ခြေဖ၀ါးလက်ဖ၀ါး ဗလာနဲ့ စခဲ့ရတာ။ ပထမဆယ်နှစ်ပတ်လည် အိမ်ထောင်ရက်များဟာ ရုန်းကန်ရတဲ့ ကာလတွေပေါ့။ အမလေ သူနဲ့ ဒိုးတူဘောင်ဖက် လုပ်ကိုင်စားသောက်ခဲ့ရတာကို ပင်ပန်းလိုက်တာလို့ တခါမှ မတွေးခဲ့ဖူး။ အမမှာလည်း မွေးချင်းများသလို သူ့ဘက်လဲ မနည်းဘူး။ အမတို့ နိုင်သလောက် ထောက်ပံ့ခဲ့ကြတယ်။ သူ့ဘက်ကိုယ့်ဘက်ရယ်လို့လဲ တခါမျှ မတွက်ခဲ့မိဘူး။ ဘယ်လောက် မပြည့်စုံခဲ့ပါစေ အမတို့ မင်္ဂလာနှစ်ပတ်လည်တွေမှာ သူ လက်ဆောင်တခုတော့ ရအောင်ပေးတယ်။ ဘာမှမပေးနိုင်ရင်တောင် စာလေးတစောင် ကဗျာလေးတပုဒ် သူကိုယ်တိုင် ရေးပေးခဲ့တာ။ သူ့ကြောင့် ရင်နာစရာအဖြစ် တခါမှ မကြုံခဲ့ဖူးတော့ ပထမဆုံးအကြိမ်မှာ အမ ဘယ်လောက် ဆတ်ဆတ်ခါရလဲ ခုထိ မှတ်မိနေသေးတယ်။ ဆောက်တည်ရာမရ ဆိုတဲ့စကားကို ကောင်းကောင်း သိလိုက်တာပေါ့။ လူက လူး လိမ့် ခါ ထွက် သွားတာ”

ဘယ်သူကများ ဒီအပူကို ငြိမ်ငြိမ်သက်သက် လက်ခံယူနိုင်မလဲ။ မီမီဆိုရင်ကော။ အိမ်က ခင်ပွန်းသည်က အဲလိုမျိုးအဖြစ် ပေါ်လာရင်ကော။ မီမီ မနက်အစောကြီးမှာ သူ အချစ်သစ် အိမ်ရှေ့ ရောက်သွားနိုင်သလား။ အမှတ်မဲ့ ကျော တချက် တွန့်သွားတယ်။ အိမ်က ခင်ပွန်းသည် ဦးပုံစံ ကတော့ ဒီအတွေးမျိုး ၀င်ရကောင်းလားလို့ မီမီကို အထင်တသေး ကြည့်နိုင်တယ်။

“ အဲဒီကာလများမှာတော့ အမလေ ဆင်ခြင်ဥာဏ် ပျောက်ကုန်တယ်။ လူကလဲ အရူးတပိုင်း။ အောက်လမ်း အထက်လမ်း ဘာတွေမှန်းကို မသိတော့ဘူး။ ကြားဖူးနားဝ အကုန် လျှောက်လုပ်မိတော့တယ်။ မိဘဆွေမျိုး အသိုင်းအ၀ိုင်း သိမှာစိုးလို့ ဖုံးလိုက်ဖိလိုက်ရတာ မပြောပါနဲ့တော့။ လူတကာ လက်ညိုးထိုး ကဲ့ရဲ့ခံရမှာ နောက်ကွယ် ပြောဆိုကြမှာကို သိပ်ကြောက်ခဲ့တာကွယ်။ သူနဲ့တန်းတူ စီးပွားရေးလုပ်နေလို့ အိမ်ထောင်ရှင်မ တာဝန်မကျေဘူးဆိုတာလည်း မရှိရအောင် နိုင်သလောက် ချက်ပြုတ်စီမံ၊ ကိုယ်ဘာသာလဲ လှအောင်ပအောင်  ပြင်ပြင်ဆင်ဆင်နေရနဲ့ ဟာ ဟ အရူးလိုဘဲ။ အဲဒီအချိန်မှာ မိုးပေါ်ကနတ်သမီးတမျှ လှပပြီး တော်လေးဝလို အပြစ်ဆိုစရာမရှိ ပြည့်စုံနေလဲ သူ့ခြေလှမ်းကို တားမရဘူးဆိုတာ သဘောမပေါက်ခဲ့မိဘူး”

အိမ်ထောင်ရှင် မိန်းမသားတွေ အလိုချင်ဆုံး အရချင်ဆုံးဘ၀ဟာ ဘာဖြစ်မလဲ။ သူတို့ရရှိထားတဲ့ အိမ်ထောင်သည်ဘ၀ ပျော်ရွှင်သည်ဖြစ်စေ မပျော်ရွှင်သည်ဖြစ်စေ ခိုင်ခံ့သည်ဖြစ်စေ ပိုးထိုးသည့်ဖြစ်စေ အတက်နိုင်ဆုံးတော့ တည်မြဲ စေချင်ကြတာဘဲ။ မီမီ ပိုင်ဆိုင်ထားတဲ့ သမာရိုးကျ ပုံစံကျ အိမ်ထောင်သည်ဘ၀က ခိုင်မာတယ် ပြောနိုင်လား။ ခိုင်မာသည် ဆိုနိုင်အုန်းတော့ ပျော်ရွှင်မှု ရခဲ့လို့လား။
မီမီ ကျောင်းပြီးတော့ အိမ်ကလူကြီးတွေ အလိုကျ လက်ထပ်ခဲ့ရတယ်။ ခင်ပွန်းသည်က သူ့မိဘတွေရဲ့ လက်ငုတ်လက်ရင်း အလုပ်ကိုဘဲ ဆက်လုပ်တယ်။ လက်ထပ်ခါစက မီမီ့စကား စဉ်းငယ်မျှ အရေးထားသယောင်ရှိပေမဲ့ အိမ်ထောင်သက် ကြာလာလေလေ အရာမ၀င်လေဘဲ။ သူ့အလုပ်ကိစ္စတွေကိုလည်း မီမီ နားမလည်တာတောင်မှ နည်းနည်း သိချင် စပ်စုချင်တယ်။ တခါမှ အရေးလုပ် တိုင်ပင်ဆွေးနွေးခြင်း မရှိခဲ့ဘူး။ သားနဲ့သမီး ရလာတော့ ကလေးတွေအတွက် ပုံစံတွေ ဇယားတွေနဲ့ အလုပ် များလိုက်တာ။ ဇနီးသည် ဆိုတာ သူ့ဘ၀မှာ တခါမှ အရေးထားစရာ မလိုသူ တဦးပမာ။ သူ့ ခင်ပွန်းသည်ဆီက မင်္ဂလာနှစ်ပတ်လည်လက်ဆောင် တခါမှ မရခဲ့ဖူးဘူး။ နောက်သလိုပြောင်သလို ပြောကြည့်မိတော့လည်း မကြားသလို သူနဲ့မဆိုင်သလို နေထိုင်တယ်။ မီမီ တွေးလေ  အောင့်သက်သက် ဖြစ်လေဘဲ။

ကိုယ်တိုင်က ဆူဆူပူပူ လုပ်တတ်သူ မဟုတ်တဲ့အပြင် အပြစ်တင်ပြောဆို ရင်ဖွင့်ရအောင်ကလည်း ဘယ်အချက်ကို လက်ညိုး ထိုးရမှန်း မသိဘူး။ သားမှတ်မှတ် မယားမှတ်မှတ် ပေါင်းသင်းတယ်။ လုပ်ကိုင်ကျွေးမွေးတယ်။ အိမ် စော ပြန်လာတယ်။ စားသောက်ဆိုင်မသွား အပြင်စာမစား အရက်မသောက် မပွေမရှုပ် ခင်ပွန်းသည်မျိုးကို ရထားတဲ့ မီမီ တယောက် ကံထူးလေစွ လို့ လူတကာ ထင်ကြတယ်။ ဆွေမျိုးအသိုင်းအ၀ိုင်းတွေ လုပ်ကြတဲ့ ပွဲလမ်းသဘင်တွေဆိုလည်း အတူပါဝင်ဆင်နွဲ သားနဲ့သမီးကလည်း ချစ်စရာကောင်း လိမ္မာရေးချာရှိ ဆိုတဲ့ ဂုဏ်သတင်း မွေးပျံ့ကာ သူ့မိဘ ယောက္ခမတွေ အပါအ၀င် အသိုင်းအ၀ိုင်းတခုလုံးက သူတို့အိမ်ထောင် အေးချမ်းသာယာ အောင်မြင်တယ် ပြောကြတယ်။ မဟုတ်ဘူးလို့ ဘယ်အချက်ကို ကိုင်တွယ်ပြသ ပြောဆိုရမှန်းတောင် မသိဘူး။ အေးချမ်းလွန်းလို့ ခဲ နေပြီလို့ မီမီ ရွှဲ့ လိုက်ချင်တယ်။ အများတကာအဘို့တော့ နွားနို့အိုး အပေါ်ယံ တင်းနေငြိမ်နေတဲ့ မလိုင်ဖတ်ကိုသာ မြင်ကြပြီး အောက်ဖက်က ဆူပွက်နေတဲ့ မတည်ငြိမ်မှုကို မသိကြဘူး။

“အကြောင်းရှိလို့ အကျိုးဖြစ်ရတာ ဆိုတာ သဘောမပေါက်ခင် အထိ မတည်ငြိမ်လိုက်တာလေ။ အလုပ်ကိစ္စနဲ့တောင် အပြင်မထွက်ချင်တော့လောက်အောင် ဖြစ်သွားတာ။ လူတွေ ကိုယ့်မြင်တာနဲ့ အိမ်ကလူအကြောင်း ပြောနေကြလားလို့ စိတ္တဇကြီးကိုဖြစ်လို့။ အလုံးစုံ ချီးမွမ်း ကဲ့ရဲ့ခံရသူ မရှိ ဆိုတဲ့ စကားကို သဘောပေါက်လာမှ စိတ်က ငြိမ်လာတော့တာ။ ဒီလို သဘောပိုက်နိုင်ဘို့ အမ ရင်းနှီးလိုက်ရတာ အများကြီးဘဲ။ စိတ်ပျံ့လွှင့်ပြီး အမှားတွေ လုပ်မိတာလည်း မနည်းဘူး။ တခါတလေ ကလေးတွေဆီ ရက်ရှည် သွားနေတယ်။ အိမ်မပြန်ချင်တာနဲ့ ခရီးစဉ်တခုပြီးတခု လျှောက်သွားတယ်။ ကိုယ်နဲ့ အသွင်မတူ အရွယ်အတူတွေနဲ့ ပေါင်းမိပြီး လျှောက် လေ တယ်။ တနေ့လုံး သီချင်းသွားဆိုရင် ဆိုနေတယ်။ စားသောက်ဆိုင် တခုပြီးတခု ပြောင်းထိုင်တယ်။ မနက်ကတည်းက အလှပြင်ဆိုင်သွားတာ ညနေစောင်းတောင် မပြီးဘူး။ အဟက် မီမီ အံ့သြနေတာလား”

မီမီ အံသြတာမဟုတ်ဘူး။ ဒီလို ထုတ်ပြောနိုင်တဲ့ စိတ်ဓာတ်အင်အား ကို အားကျနေတာ။ မသွင်လို ပွင့်ပွင့် ပြောနိုင်သလား။ မီမီမှာ ဒီလို ကိုယ်ရည်ကိုယ်သွေး မရှိဘူး။

“ အမ ပြောခဲ့သလိုဘဲ။ ကိုယ်က ငယ်ငယ်ကတည်း ကိုယ့်နာမည် သူတပါး ပါးစပ်ဖျား ပါနေမှာ၊ အပြောအဆိုခံရမှာကို  သိပ် ရှက်ကြောက်ခဲ့တာ။ အခုတော့ သာမန်ကိစ္စလို့ သဘောထားလာနိုင်တယ်။ အေးလေ နိုင်တယ် ဆိုတာထက် ထားကို ထားလိုက်ရတာ။ မနှစ်မျို့လည်း အကြောင်းအကျိုးရှိတာကိုးလို့ သဘောထားလိုက်ရတော့တယ်။ အမတို့ငယ်ငယ်က အစားစားပြီး အသံထွက် လေချဉ်တက်ရတာ သိပ်ရှက်ကြတယ် မဟုတ်လား။ အသံမထွက်အောင် လက်ကိုင်ပုဝါနဲ့ အုပ်ရ ပြာပြာသလဲ တောင်းပန်ရနဲ့။ အခုတော့ အေးအေးသက်သာ တောင်းပန်စကား ပြောလာနိုင်တယ်။ ကိုင်းကွယ် ဆောရီး ဟားဟား”

မသွင် အသံထွက် လေချဉ်တချက် တက်လိုက်ပြီး ဟက်ဟက်ပက်ပက် ရယ်မောနေတယ်။ မီမီလည်း ရောနှော ပြုံးရယ်မိတယ်။

“အိမ်ကလူ ဇာတ်လမ်းတွဲတခု တက်လာရင်လည်း အစာမကြေလို့ လေချဉ်တက်သလို သဘောထားလိုက်တာဘဲကွယ်။ အမ ပြတ်ပြတ်သားသား ဖြစ်အောင်လုပ်ဘို့ အခါခါ စဉ်းစားဖူးတယ်။ ခုထိတော့ နေမြဲဖြစ်နေတုန်းဘဲ။ ကလေးတွေ ကောင်းကောင်း နားလည် သဘောပေါက်လာနိုင်တဲ့ တနေ့ ကွဲချင် ကွဲနေကြမှာ။ သံယောဇဉ် ငွေ့ငွေ့လေးလည်း ရှိနေဆဲဆိုတော့ သူ့ ခြေလှမ်းတွေ ရပ်သွားတဲ့တနေ့ သက်ဆုံးတိုင် မြဲ သွားမလားလည်း မပြောနိုင်ဘူး။ အကြောင်းအကျိုး ဆက်စပ်ရင် ဘာမဆိုဖြစ်နိုင်တာဘဲ။ တွေးတောပူပင် မနေတော့ဘူး။ အရာရာ လက်ခံမယ် ဆုံးဖြတ်ထားကတည်းက ပေါ့ပေါ့ပါးပါး နေတတ်သွားတာဘဲ”

မသွင်တို့ ကွဲကွာကြရင် စီးပွားရေးလုပ်ငန်းပေါင်းစုံ ခွဲခြမ်းကြဘို့ လွယ်မယ် မထင်ဘူး။ မီမီကကော ခင်ပွန်းသည်နဲ့ အိုမင်းတွင်းဆုံးကျချိန်တိုင် မြဲပါမလား။ မေးစရာလိုတဲ့မေးခွန်း မဟုတ်ဘူး ထင်ပါရဲ့။ ပိုးထိုးနေတဲ့ အိမ်ထောင်ရေးတွေတောင် လွယ်လွယ် မပြိုကွဲချိန်မှာ တည်ငြိမ်သည်ဖြစ်စေ ခြောက်သွေ့သည်ဖြစ်စေ အေးစက်သည် ဖြစ်စေ လမ်းကို ဆက်မလျှောက်ဘို့ အကြောင်းပြချက် ကောင်းကောင်း မရှိဘူး။ မီမီ မပျော်ဘူး ပြောရင် ဒီအရွယ်ကြီးမှ ဘာ ထ ပေါက်လဲ ရယ်သွေးကြမယ်။

သဲလဲစင် စံပြအိမ်ထောင်ရေးဆိုတာ ရှားပါးတယ်ဆိုတာ သိပါရဲ့။ အိမ်ထောင်ရေးဆိုတာ တယောက်နဲ့တယောက် နားလည်မှု ညှိနှိုင်းမှု သည်းခံမှုတွေနဲ့ တည်ဆောက်ထားကြတယ်ဆိုရင် ပျော်ပျော်ရွှင်ရွှင် နားလည် ညှိနှိုင်း သည်းခံ ချင်တာပါဘဲ။ မသွင်တို့လို ချစ်ခဲ့ ဂရုစိုက်ခဲ့ နာကြင်ခဲ့ ဒေါသထွက်ခဲ့ နားလည်ခဲ့ သည်းခံခဲ့ ရရင်ကော မီမီ ကျေနပ် ခံနိုင်ရည် ရှိမလား။ မသေချာပါဘူး။ လူတိုင်း ကိုယ့်အကြောင်းနဲ့ကိုယ် တမျိုးစီကွဲပြား လှုပ်ရှားနေကြတာကိုး။ ကိုယ့်ဘ၀ကို ကိုယ် မပျော်ပိုက်တာ ကိုယ်လိုချင်တာ ဘာမှန်း မသိလို့လည်း ဖြစ်နိုင်တာပါဘဲ။

“ဟေး ဒီ ၂ ယောက် အစောကြီးရောက်နေကြပါလား”

“ ငြိမ်နေလိုက်ကြတာ။ ဘာတွေဖြစ်နေကြတာလဲ”

အုပ်စုလိုက် ၀ုန်းဒိုင်းကျဲ ၀င်လာကြတဲ့ ကျောင်းနေဖက် မိတ်ဆွေများရဲ့ အမေးကို  မသွင် ရယ် ဟ ဟ ဖြေတယ်။

“ အို ကျွန်မတို့ လေချဉ် တတ်တာကို ဆွေးနွေးနေတာ”

“ ဟဲ့ ကျွန်မမှာ အစာကြေဆေး ပါတယ်။ စားလိုက်။ လေချဉ်တက်တာ မကောင်းဘူး။ အစာသစ်အနံ့ကြီး ကိုယ် ပြန်ရတာ။ လေပုန်းထုတ်တာက ကိုယ် နံရတာ နည်းနည်း သူများ နံတာ များတယ်။ ထုတ်ပစ်လိုက် ဟိ ဟိ”

အကုန်လုံး ပွဲကျသွားတော့တယ်။

မိုးစဲ လာပြီ။  ကောင်းကင် ကြည်လင်လာတယ်။

ရုတ်တရက် မသွင် ဖုန်း မြည်လာတယ်။ ဖုန်းကိုကြည့်ပြီး မသွင် ပြုံးတယ်။

“ အင်း။ ပြန်လာမယ်။ နေ့လည်စာတော့ လိုက်မစားနိုင်ဘူး။ ညနေကိုလား…. ညနေ လိုက်ခဲ့ရမှာလား။ အင်း အင်း ၅ နာရီကျော် ပြန်လာခေါ်လေ။ ပြင်ထားမယ်။ ခါတိုင်းလိုဘဲ မဟုတ်လား.. ဒါဘဲ”

သူ့ခင်ပွန်းသည်ဆီ ဖုန်းဖြစ်မယ် ထင်ပါတယ်။

ပိုးထိုးသည်ဖြစ်စေ ခိုင်မာသည်ဖြစ်စေ ၀မ်းနည်းသည်ဖြစ်စေ မပျော်ရွှင်သည်ဖြစ်စေ ဘ၀များစွာက ဆက်လက် သွားနေမှာဘဲ။

မီမီလည်း အိမ် ပြန်အုန်းမယ်။

( မြယာ )

No comments:

Post a Comment