Tuesday 22 October 2019

“နှလုံးဖြင့် နားဆင် ခြားသည့် ပုံပြင်”


နှောင်းလူတွေ ဟာ  ကွဲပြား သော ပုံ ပြင် ကို နားထောင်ကြပါစေ။

******

ဘုန်းကြီး ကျောင်းဝင်းထဲ ဝင်လိုက်တာနဲ့ သစ်ရိပ် ဝါးရိပ် ကြောင့် အပူဒဏ် ဟာ သိသိသာသာ လျော့ ပါး သွားတယ်။ မုတ်သုန် ဆုတ်တာနဲ့ လောင်မြိုက်တဲ့ အပူ ဟာ ချက်ချင်းလိုလို ရောက်ရှိ လာတော့တယ်။ မိုး နဲ့ မြူ ရောထွေး ပြီး မုတ်သုန် အေးစိမ့်မှု ရော ဆောင်းလေအေး တိုက်ခတ်မှု ကိုပါ ခံစား ရတဲ့ ရာသီ ကူးပြောင်းချိန် ဟာ ဘယ်တုန်းက ပျောက်ဆုံး သွားပါလိမ့်။ တစစ ပြောင်းလဲခြင်း ကို သတိမမူလေတော့ အချိန် တခု လွန်မြောက်ချိန်မှာ အနေအထား တရပ်ဟာ ပြောင်းခဲ့ပြီ။ ဒီလိုနဲ့ တဖြည်းဖြည်း ကွယ်ပျောက် သွားတဲ့ အရာတွေ ဘဝမှာ ဘယ်လောက် များပြီလဲ။

အလှူ က မနက်ဖြန် ဆိုတော့ ကျောင်းကြီး အောက်ထပ် တရားဟော ခန်းမထဲမှာ ပြင်ဆင်နေသူ တွေ ရှိတယ်။ ကျွန်မ ဝင်လာတော့ တစ်ယောက်က လှမ်း လက် ပြ လို့ ခေါင်း ငြိမ့် ကာ နှုတ်ဆက် လိုက်ပေမယ့် ဘယ်သူဘယ်ဝါ ရယ်လို့ မသိဘူး။ ချက်ပြုတ်ရေး အဖွဲ့ က ဆွမ်းစားကျောင်း ဘက်မှာ မို့ ဆက် လျှောက်သွားတယ်။ စင်္ကြန် လမ်း ဘေးမှာ စိုက်ထားတဲ့ စကားစိမ်း ပန်းပင်တွေ ပွင့်တာ ခဲ နေ ရော။ ယဥ်လှတဲ့ ပန်း ရနံ့ ဟာ နှာသီးဝ ဆီ ညင်ညင် သာသာ စီးမျော ဝင် ရောက်လာပြီး သက်ငင် တချက် အရှိုက်မှာ ရင်ထဲ အေးဆင်းသွားတယ်။

ဆွမ်းစားကျောင်း အောက်ထပ်မှာ ရယ်မောသံ စကားပြောသံ တွေနဲ့ စည်စည်ကားကား ရှိတယ်။ ဒေါ်စန်းလှိုင် ရှိလား လို့ ကျွန်မ မေးလိုက်တော့ ချက်ပြုတ်ရေး တအုပ်စုလုံး ခေါင်းထောင် ကြည့် ကြ ပြီး ဘယ်တုန်းက ရောက်လဲ၊ မစန်းလှိုင် နင့် သမီး ဟေ့၊ ထမင်းစားပြီးပြီလား တခါတည်း ဝင်စားလိုက်၊ ဒီနေ့ တော့ ထမင်းကြမ်း ဟင်းကြမ်း ပဲ ကျွေးနိုင်တယ် လို့ စကား ပြန် ပြောသံတွေ ပြုံထွက်လာတယ်။ ကျွန်မ အခုပဲ ရောက်တာရှင့် လို့ ဖြေရင်း ဒီနေ့ ကျွေးတဲ့ ဟင်းကို ပိုစား ချင်တာ၊ မနက် ကျွေးတဲ့ ဆီပြန်တွေ မကြိုက်ဘူး လို့ ဆက်လိုက်တယ်။ 

အလှူ အကြိုနေ့ မှာ ကျွေးလေ့ ရှိတဲ့ ဟင်းရွက်စုံ အချဥ်ဟင်း၊ ငါးခြောက်ကြော် နဲ့ ထမင်း ပွဲ ဟာ အဆင့်သင့်မို့ လက်ဆေး စားရုံပဲ။ အမေ က ကျွန်မ ဘေး လာ ထိုင်ပြီး ကျွန်မ့ မျက်နှာ ကို စူးစူး ကြည့်တယ်။ အကြောင်းမကြားဘဲ ဘာလို့ ရုတ်တရက် ပြန်လာလဲ ဆိုတာ မေးချင်နေတဲ့ ဟန် ရှိတယ်။
မသိချင်ယောင်ဆောင် နေပြီး ထမင်းကို ငုံ့စား နေလိုက်တယ်။ ချက်ပြုတ်ရေး တွေ ရှိနေတော့ ကျွန်မကို ကြာကြာ စူးစမ်း မနေအားဘူး။ ထမင်းစားပြီးတော့ အိုးသူကြီးတွေ ကြား လက်တို လက်တောင်း သွား ကူ လုပ်နေ လိုက်တယ်။ ငယ်ကတည်းက အမေ့ နောက် လိုက်ရင်း ဒီအမျိုးသမီးကြီးတွေ ကို ကျွမ်းဝင်ရင်းနှီး နေခဲ့ရတာ။

ကထိန်ရာသီ ဒီမှာ နေပြီး အလှူ အိုးကြီးချက်နည်းတွေ သင်မှပဲ လို့ ပြောတော့ ဒေါ်ကြီး စိန်သီ က ကောင်းတယ်၊ ကောင်းတယ်၊ ဒီမှာ လက်ဆင့်ကမ်းဖို့ လူ မရှိလွန်း လို့၊ ခု ခေတ် ကလေးတွေ က လွယ်လွယ်လေး အော်ဒါမှာ အော်ဒါမှာ နဲ့ ပြီးချင်ကြတယ်။ ကျောင်းကန် ကိစ္စ လုပ်ဖို့ စိတ်မဝင်စားကြဘူး လို့ လှိုက်လှိုက်လှဲလှဲ ပြောတယ်။

အလှူ ရှိတိုင်း ရပ်ရွာလူအများက ဝိုင်းဝန်းကူညီတဲ့ ထုံတမ်း ဓလေ့ ကိုတော့ လက်ဆင့်ကမ်း ထိမ်းသိမ်းချင် စိတ် ရှိကြပေမယ့်  တကိုယ်ရေ အားလပ်ချိန် နည်းပါးလာခြင်းဟာ ဒီ အစဥ်အလာ ကို ယိုင်နဲ့ စေ ခဲ့ပြီ။ ကောင်းသော အစဥ်အလာ များကို မပျောက်စေချင်သလို  မလိုအပ်တော့တဲ့ ဓလေ့ များကိုလည်း စွန့်ပစ်ဖို့ သင့်တယ် လို့ ကျွန်မ က ထင်မှတ် ယူထားတာ။ 

ကျွန်မကို ငါးဆုပ်အုန်းနို့ အလှူချက် သင်ပေးကြပါ လို့ တောင်းဆိုမိတော့...

ဟဲ့ အဲဒါ နင့်အမေ ဆီ သင်လေ၊ နင်တို့ အဘွားချက်နည်း သူ အသိဆုံးပေါ့။ ဒါပေမယ့် မစန်းလှိုင် ချက်တာ ဘွားသင်းလှိုင်ကို မမီဘူး၊ ဘွားသင်းလှိုင် လက်ရာကတော့ ပထမတန်းပဲ။ လက်ဆိပ် ကို ရှိတာ။ ဖြူဖြူ နွဲ့နွဲ့ လေးနဲ့ ချောကလည်း ချော၊ လက်မှု ပညာ ဆိုလည်း အကုန် တတ်တယ်။ ငါတို့ ငယ်ငယ်က ခေါင်းအုံးစွပ် ပန်းထိုးနည်းတွေ သူ့ဆီ သွားသင်ရသေးတယ်။ တို့ရွာမှာ ပိုး ယက်ကန်း ခတ်တာ သူ အတော်ဆုံး တဲ့။ နင်တို့ အဘွား ရလိုက်တဲ့ အမွေ ကလည်း မနည်းမနော  မဟုတ်ဘူးတဲ့။ တို့အမေ များ ဘွားသင်းလှိုင် အကြောင်း ပြောရင် မမောနိုင်ဘူး။ ညတိုင်း ပုံပြင်လို ပဲ ပြောတတ်တာ။

ဒေါ်ကြီး စိန်သီ ဆက် မပြောတဲ့ ဘွားသင်းလှိုင် ပုံပြင် ရှိသေးတယ်။ ကျွန်မ တို့ရှေ့ မို့ မပြောတာ။ ကျန်သေးတဲ့ ဘွားပုံပြင်ကို ရွာက လူတွေ ဘယ်လို ပုံဖော်ချက်တွေ နဲ့ ဘယ်လောက် ပြောခဲ့ကြပါလိမ့်။

အလှူ ကျောင်းကန် ကိစ္စ ရှိတာနဲ့ အဘွားဟာ အလှူ မတိုင်ခင်ရက်ကတည်းက ဘုန်းကြီးကျောင်း ကို သွားလေ့ ရှိတယ်။ ရေစက်ချပြီး ဗျောသံ ဆုံးလည်း ပြန် မလာနိုင်သေးဘူး။ အိုးခွက် ပန်းကန်တွေ အားလုံး ကျောင်း မြေတိုက်ခန်းထဲ စာရင်းနဲ့ တကွ ပြန်ထည့်ပြီး၊ ညနေစောင်းမှ အိမ် ပြန်လာတတ်တယ်။ အိမ်ရောက်ရင် အဘိုးဟာ မေး ငေါ့ကာ ပြန်လာပလား ဟေ့၊ တစ်ညလောက် ထပ်နေ ပါ တော့လား လို့ ရွဲ့ ပြော တယ်။ အဘွားဟာ ခပ်မဆိပ် ရှိကာ ဘာမှ ပြန် ပြောလေ့ မရှိဘူး။ အိမ်ပေါ် တက်လာပြီးညောင်းညာလိုက်တာ၊ သမီးလေး အဘွားကို လာ နင်း ပေးပါဦး လို့ ကျွန်မ ကို ခိုင်း တယ်။

အရင်ကဆို အလှူအတန်း တွေကလည်း များလေတော့ အဘွား ဟာ အမြဲလို ဘုန်းကြီးကျောင်း ဆွမ်းစားဆောင်မှာပဲ အနေများတယ်။ သူ့ မျိုးဆက် ဖြစ်သူ အမေ ဟာ ပညာရေး ဝန်ထမ်းမို့ အဘွားလို အချိန်ပြည့် မလုပ်နိုင်ဘူး။ ငါးဆယ့်ငါးနှစ်မှာ အမေ လုပ်သက်ပင်စင် ယူတယ်။ ဒီနောက် အဘွား ခြေရာ နင်းကာ ဘုန်းကြီးကျောင်း ကိစ္စ မှာပဲ စိတ် နစ် နေ တယ်။ အဖေ့ ဆီကတော့ ငေါ့ သံ မကြားရချေ။

ဆွမ်းစားကျောင်းဆောင် အပေါ်ထပ် နံရံမှာ ရေးထားတဲ့ အလှူရှင် မှတ်တမ်းမှာ အဘိုးနဲ့ အဘွား နာမည်တွေဟာ ယှဥ်လျက်သား ရှိတယ်။ ကျောင်းကြီးပေါ်တက်တဲ့ လှေခါး၊ စင်္ကြန်လမ်း၊ ကျောင်းပြင်က အုတ်တံတိုင်း မှာ၊ သူတို့ နှစ်ဦး နာမည် ကို အများကြီး တွေ့နိုင်တယ်။ 

အမေ အဘိုး နဲ့ အဘွား ကျောင်းထဲ လှူထားတာ ဘယ်လောက်ရှိလဲ လို့ ကျွန်မက မေးတော့ အတော်များတယ်၊ ပြန်ရေမှ ရမယ်။ ဆွမ်းစားဆောင်ကိုသာ ပြန် ပြင် နေ ရ လို့ အာရုံထဲ ရှိနေတာ လို့ အမေ က ဖြေ တယ်။

ဒီနှစ် မိုးများတော့ ဆေးသုတ်ရမယ်၊ ခေါင်ကလည်း မိုး ယို နေလို့ သွပ် လဲ ရမယ် ပြောတယ်၊ တလောက သမီး ပို့တဲ့ ငွေ နဲ့ လုပ် မလား လို့။

ဟုတ် အမေ လုပ် လုပ် လို့ ဖြေရင်း ခေါင်းကို သွက်သွက် ညိတ် ပြ လိုက်ရတယ်။

အလှူရှင်တွေ အဖြစ် ယှဥ်တွဲ ဖော်ပြခဲ့တာ ကို အဘွား ဘယ်လို သဘောထားပါလိမ့် လို့  အမြဲ တွေး တော ဖူးတယ်။ ဘုန်းကြီးကျောင်းက သားအမိ နှစ်ယောက် အိမ် ပြန် လာရင်း ကျွန်မ့ အတွေးကို ထုတ် ပြောမိတယ်။ အမေ ဟာ ခြေလှမ်း တချက် တုံ့ သွားရင်း၊ ကျွန်မကို စူးစိုက် တဖန် ကြည့် ပြန်တယ်။ ဘာကိစ္စ ရှိနေလဲ လို့ အမေ မေးလိုက်ချိန်မှာ ထွေထူး မရှိပါဘူး လို့ လေသံဖျော့ နဲ့ ပြန် ဖြေ တယ်။ ကျွန်မ့တုံ့ ပြန်ချက်ကို အမေ ဘဝင် မကျဘူး။ ဒါပေမယ့် သူ ထပ် မေးဘူး။ ကျွန်မ ရဲ့ မေးခွန်း ကိုသာ ပြန် ဖြေ တယ်။ 

ဘာ သဘောထားရမှာလဲ။ သူ လှူ တယ်။ သူ့ နာမည် ထိုးတယ်၊ ဒါပဲပေါ့။

အမေ ဒီလို ဖြေပေမယ့် ကျွန်မ့ စိတ်ထဲမှာ မကျေလည်ဘူး။ အမေ ဟာ အဘွားနဲ့ တသက်လုံး အတူ နေခဲ့သူ မို့၊ ကျွန်မတို့ တသက်လုံး ကြားလာရတဲ့ ပုံပြင် နောက်ကွယ်က အဘွားရဲ့ စိတ်နှလုံး ကို မြင် ခဲ့ မှာ ပါပဲ။ အဘွား ကို မမေး ရဲ သလို မမေး ရက်ခဲ့တာလည်း ဖြစ်နိုင်တယ်။ 

ဖြူနွဲ့နွဲ့ နဲ့ သဇင်ပန်းလေး လို လှတဲ့ ဘွားသင်းလှိုင် ရဲ့ ပုံပြင်ကတော့ ကြည်နူး ဆွတ်ပျံ့ဘွယ် မဟုတ်တာတော့  သေချာ ပါတယ်။ ငယ်စဥ်က အံ့ဩ စိတ် နဲ့ နားထောင် ခဲ့ရပြီး ကြီးရင့်လာချိန်မှာ ဘဝင်မကျစိတ် နဲ့ ကြားနာခဲ့ရတဲ့ ပုံပြင် ပါ။

******

ဘဝင်မကျစိတ်နဲ့ နားထောင်ခဲ့ရတဲ့ ပုံပြင် ထဲ က ဘွားသင်းလှိုင် ရဲ့  အပျိုရွယ် ငယ်ဘဝကို ကျွန်မ အမြဲလို စိတ်ကူး ပုံဖော် ကြည့်ဖူးတယ်။ မျိုးကောင်း ရိုးကောင်း အလိမ္မာ နဲ့ ပြည့်စုံသူ လေးမို့ ဂုဏ်ရည် သတင်း ကြီး သူလေး ပေါ့။ လူဟန် နွဲ့နွဲ့ အပြုံးလဲ့လဲ့ နဲ့ စိတ်နှလုံး တည်ငြိမ်သူ မသင်းလှိုင်။ ငယ်နုရွယ် မို့၊  သူ မှာလည်း သူ့ ကိုယ်ပိုင် စိတ်ကူးအိပ်မက် ရှိခဲ့မှာပဲ။ သူ့ စိတ်နှလုံး ပုံ အပ် နိုင် တဲ့ တစ်နေရာ ဟာ သီးသန့် ရှိမှာပဲ လို့ ကျွန်မ ယုံကြည် မှတ်ထင် ထားခဲ့တယ်။ အရာ အားလုံး ပျက်စီး စေ နိုင် တဲ့ ကံကြမ္မာ ဟာ ရွာထိပ်မှာ စောင့်နေ လိမ့်မယ် လို့ မိန်းမပျို ကလေး က ဘယ် သိခဲ့မလဲ။

တစ်ရွာလုံးမှာ ယက်ကန်းခတ် အတော်ဆုံး ဖြစ်သူ မသင်းလှိုင် ဟာ ဘုရားကြီး မသိုး သင်္ဃန်း ရက် တဲ့ ပြိုင်ပွဲ မှာ ရွာကိုယ်စား သွား ရ တယ်။ တော်ရုံ နဲ့ အပြင်ထွက်လေ့ မရှိသူမို့ မသင်းလှိုင် မျက်နှာကို မြင်ချင်သူအဖို့ တန်ဆောင်တိုင်ပွဲဟာ အခွင့်အရေးတရပ် ဖြစ်ခဲ့တာပေါ့။ ပြိုင်ပွဲက အပြန် ရွာထိပ်မှာ၊ သူ့ရှေ့က ပိတ် ရပ်ပြီး စကား လာပြောသူဟာ ဘယ်သူမှန်း မသင်းလှိုင် မသိဘူး။ ရုတ်တရက် ထိတ်လန့်သွားပေမယ့် သူ တည်တည်ငြိမ်ငြိမ်နဲ့ ဖယ်ပေးဖို့ ပြောနိုင်တယ်။ သူ တောင်းပန်သား နဲ့ ဇွတ်တိုးကာ သူ့ လက်ကို လာ ဆွဲ ကိုင်ချိန်မှာ ဒေါသ ထွက် ခဲ့ပြီ။ ပုတ် ထုတ်ပစ်ကာ အိမ်ကို အရောက်ပြန်ခဲ့ပေမယ့် မသင်းလှိုင်ဟာ တသက်လုံး အိမ် ပြန်  မရောက်နိုင်တဲ့ လမ်း ကို ဆိုက် တော့တယ်။  လက် အဆွဲ ခံ ရ လို့ သူ့ အမည် ဂုဏ်သတင်း ဟာ ညှိုး ခဲ့လေသတဲ့။ မိခင်ရဲ့ စီရင်ချက်ဟာ ပြင်းလေစွ။ 

သူရို့ အမျိုးကို မကြိုက်လို့  သူ့ အဒေါ် စကား လာ တောက် ထား တာ ကို ငြင်း လွှတ်ထားတာ။ ငါ့သမီး ကို လမ်းမှာ ဆွဲ လား ရမ်း လား လာလုပ်တယ် တိရိစ္ဆာန်လေး။ ဒီတိုင်းတော့ နာမည် အပျက် မခံနိုင်ဘူး။ သူ့ အမေ ကို လာ မြန်းတော့လို့ ပြော လိုက်ပြီ။ 

အဲဒီအချိန်က မသင်းလှိုင် ရဲ့ စိတ် အခြေအနေ ကို ကျွန်မ သိ လို လှ တယ်။ မခံချိ မခံသာ ဖြစ်နေ မယ်လို့  ကျွန်မ ခံစားရတယ်။ ကျွန်မတို့ ဘေး မကြီး ဟာ သူ မကြိုက်တဲ့ အမျိုး အုပ်စုထဲ သမီးအလှကို ထည့် ပေး လိုက်ရအောင်၊ အမည် ဂုဏ်သတင်း ဟာ ဒီလောက်ပင် အရေးကြီး လေ သလား။ အဘွားကလည်း မိခင် က လက်ဆွဲသူကို ယူရမယ် လို့ အမိန့်ချတာနဲ့  စောဒက မတတ်ဘဲ ခေါင်း ငုံ့ လက်ခံ လိုက်ရလား။ သူ ကိုယ်တိုင်ကရော ဒီအဖြစ်ဟာ သူ့ ဂုဏ်ရည် ကို ပျက်စေ တယ်လို့ မှတ်ယူ  လိုက်သလား။ လက် အဆွဲ ခံ ရ ခြင်း ဟာ ကြီးကျယ်တဲ့  မှဲ့ တပေါက် စွန်းချက် ဖြစ် ခဲ့ ရ လေ တယ်။ သမီး မိန်းမပျိုလေး တွေ ဗိုင်းကောင်းကျောက်ဖိ ဘဝ နဲ့အိမ် တွင်းပုန်း စေတဲ့ အဘွား တို့ ခေတ်မှာတော့ ဒီလို ဖြစ် ခဲ့မှာပဲ လို့ ဖြေတွေး တွေး ပေးပေမယ့် ကြားရတိုင်း ကျွန်မ့ စိတ်နှလုံးဝယ် အောင့် မျက် ရ တယ်။ ဒီလို ဖြစ်လာအောင် ဖန်တီးယူခဲ့တဲ့ လူ ကို လည်း ခါးသက် စိတ် ဝင် တယ်။  ဒီ အခံ ကြောင့် ကျွန်မ ဟာ သိတတ်လာလေ အဘိုး နဲ့ စိမ်း လေပဲ။ တို့ အိမ်က မိန်းမတွေ ဟာ ကလေးက အစ အင်မတန် အခြေကြီးတယ် လို့ သူ ခနဲ့ တာကို လည်း မကြားနိုးနား နေ တယ်။

ငွေကြေး ဖူလုံ သူမို့ ရပ် ရွာ ကျောင်းကန်မှာ အလှူဒါန ပြု လေတိုင်း အဘိုးအဘွား အမည် ဟာ ယှဥ်တွဲ လျက်  အမြဲ ရှိခဲ့တယ်။ တမိုးအောက် နှစ်များစွာ အတူရှိခဲ့ချိန် အဘွား ဟာ ဘယ်လို စိတ်နှလုံး နဲ့ နေထိုင်ခဲ့လည်း ဆိုတာ  ကျွန်မ အသိချင်ဆုံးပဲ။ အဘွား ကို မေး နိုင်တဲ့ စိတ် အင်အား ရှိချိန်မှာ ဖြေ မယ့် သူက မရှိတော့။ နှလုံး ရောဂါ ခံစားနေရတဲ့ သူ့ နောက်ဆုံး နေ့ရက် တရက်မှာ အဘိုး ကို စိမ်းစိမ်း တချက် ကြည့် ပြီး မျက်နှာ လွှဲ ကာ သာ နေ တော့ တယ်။  သူ့ နောက်ဆုံး ထွက်သက်အထိ အဘိုး ကို မျက်နှာ ဆိုင် ခြင်း ထပ်မံ မရှိတော့တာလည်း ဘွားသင်းလှိုင် ပုံပြင်မှာ ကျွန်မတို့ တ သ သ ပြောရတဲ့ အခန်းပါပဲ။

မသင်းလှိုင် ပုံပြင် ကို ဘဝင်မကျ စိတ် နဲ့ နားထောင်ခဲ့ရသူ ကျွန်မ ဟာ မစန်းလှိုင် ရဲ့ အချစ်ပုံပြင် ကိုတော့ ချွင်းချက် တခုနဲ့ သဘောတကျ လက်ခံနိုင်ခဲ့တယ်။ 

အဘွားဟာ အမေ ကို ဆရာ အတက်သင် ကျောင်း အထိ ပို့ တော့ သမီး မိန်းကလေး ကို ရေခြား မြေခြား လွှတ် ပြီး ကျောင်း ထား ရ လား လို့ ဆူပူ တဲ့ ဘေးမကြီး ကို စကား တခွန်းမှ မတုံ့တင် ဘဲ သူ့ ဆုံးဖြတ်ချက်ကိုသာ ခိုင်မာ စေ ခဲ့တယ်။  ရွေးချယ် ခွင့် မရတဲ့ အခြေအနေ တခုမှာ သူ ခေါင်း ငုံ့ ခဲ့ ရ ပေမယ့် သူ့ သွေးသား ကိုတော့ ပိတ်ပိတ် ငြိမ်ခံ ဘဝ ဆီ  မရောက်ခဲ့စေဘူး။

ရွယ်တူ သက်တူ တွေကြားမှာ အမေ ဟာ  စည်းကမ်းတကျ နဲ့ အကန့်အသတ် ရှိတဲ့ လွတ်လပ်ခွင့် ရ ခဲ့သူပါ။ ရွာထဲမှာတော့ ခေတ် ဆန် သူ လို့ အမည် ထင်ရှား လေတယ်။  ဖက်ရှင် ကျ သူ လှပ သူ ဖြစ်လေတော့၊ သူ့ အလှ ဓာတ်ပုံဟာ ဆရာအတတ်သင် သွား တက်တဲ့ မြို့ ကြီး က ဓာတ်ပုံ ဆိုင်မှာ ချိတ်ဆွဲ ကြော်ငြာခြင်း ခံရတယ်။ 

ဒီဓာတ်ပုံကပဲ မစန်းလှိုင် ရဲ့ အချစ် ပုံပြင် အစ ပေါ့။

သူ့ အလုပ် နဲ့  မြို့ ကြီး ကို ရောက်နေ တဲ့ အဖေ ဟာ အလုပ်ကိစ္စအတွက်  လိုင်စင် ဓာတ်ပုံ သွားရိုက်တယ်။ ဓာတ်ပုံဆိုင် မှာ ချိတ်ဆွဲထားတဲ့ အမေ ပုံ ကို မြင် တဲ့အခါ ကျွန်တော့် နှမ ပုံ ကို ဒီမှာ ပြ ထား ခွင့် မပေးဘူး ဆိုကာ ဖြုတ်ယူလာခဲ့သတဲ့။ ထပ်ကူး ပြီး မချိတ်ပါနဲ့ မေတ္တာ ရပ်ခံ ခဲ့ တယ်။ 

အဖေ့ နှမ ကျွန်မ့ အဒေါ် တွေ တ သ သ ပြော တဲ့ ပုံပြင် ထဲ မှာ ဒီ ဇာတ်ဝင်ခန်း ဟာ နားဆင်သူ များကို  အသံထွက် အံ့ ဩ စေ ခဲ့ တာပေါ့။

သူ ဓာတ်ပုံ ဖြုတ် ယူ လာ တာ မသိဘူး။  ကျောင်း ကိုလည်း မလာပါဘူး။ အမေ ရွာ ပြန် လာတော့ မှ သူ က နင်တို့ အဘိုး ဆီ လာ လာ  လည် တယ်။ အဘွားကလည်း သူ့ ကို ချစ်ခင် တယ်။ သူ အမြဲ လာနေတော့ အရပ်ကလည်း ရိပ် မိ လာ တာပေါ့။  အဘွားက မေးတယ်။  ငါ့ သမီး စိတ်က လက်ခံ နိုင်သလား တဲ့။ အမေ့ စိတ်က ညွတ် တာ မို့ ဟုတ်ကဲ့ ဆိုမိတာပဲ။ 

အမေ  ကို  မေး မြန်း စူးစမ်း တော့ ဒီလို  အတိုချူံး ဖြတ် လိုက် တယ်။  

ဘယ် က  မလဲ။ အဒေါ်တွေ ဆီ က နားဆင်ထားရတဲ့ အချစ်ပုံပြင် ဇာတ်ဝင်ခန်း လှလှ တွေ ကျန် ပါ သေးတယ်။ ဒီအထဲမှာ ကျွန်မ အစွဲငြိဆုံး အကွက်လေး ကို ဖြင့် ပြော ပြ ချင်ပါသေးတယ်။

ခရီး ဝေး အလုပ်ကနေ ပြန်ရောက်ရောက်ချင်း မစန်းလှိုင် အလုပ် တာဝန် ကျ တဲ့ တောင်တန်း တစ်ဘက်က ရွာဆီ တောင်ကျော်လမ်း က နေ သွား တဲ့ သူ့ ချစ်သူ အကြောင်း ပေါ့။   မိုး ချုပ် မှောင် ရီ  အချိန်မှာ တောင်ကျော် လမ်း မှောင် မှောင် ထဲ၊ သူ ချစ်ရသူ နေထိုင်ရာ အရပ်ဆီ တစ်ယောက်တည်း ချီ တက်သွား တဲ့ လူရွယ် လေး ကို  ပုံ ဖော် ကြည့်ရင်း ကျွန်မ နှုတ်ဖျား ကို ‘သမုဒ္ဒရာ ခြားလည်း သူ့ရည်စား ရှိရာ ဆီ……’ အစချီ တဲ့ ခေတ်ဟောင်း သီချင်း တပိုင်းတစ  ရောက်လာခဲ့တယ်။ ဟိုဘက်ရွာ ကို ရောက် ချိန် သန်းခေါင် တိုင် နေပြီ။ မီး များ ငြိမ်း လို့ သူ့ မိန်းကလေး ဟာ အိပ်ပျော် နေ ခဲ့ ပြီ။ မနက် လင်း လို့ ကျောင်း သွားချိန်မှာ သူ့ ချစ်သူ ဆရာမလေး မျက်နှာ ကို  အဝေးက လှမ်း ကြည့် ကာ ကျေနပ် နှစ်သိမ့် တတ်သူ ဟာ ကျွန်မ ဖခင် ဖြစ်လို့ ဒီ ပုံ ပြင် ကို တော့  လှိုက်လှဲ စိတ် နဲ့ ထပ်ခါ ထပ်ခါ နား ထောင် ချင် မိ တယ်။ 

အဖေ ခရီး ဝေး ထွက်သွားချိန်မှာ အတုအယောင် သီချင်း ကို ထပ် ကျော့ ဖွင့်ကာ လွမ်း တတ် လေ သူ အမေ အကြောင်းကလည်း  ကျွန်မတို့ကို ကျေနပ် ပြုံး ပြုံး စေ ပါ တယ်။

ချွင်းချက် ကတော့ အမေ မသိဘဲ ပိုင်စိုးပိုင်နင်း ဖြုတ်ယူလာခဲ့ တဲ့ ဓာတ်ပုံ ပဲ။  အမျိုးသမီး တဦး ရဲ့ ပုဂ္ဂလိက ဘဝ ကို အခွင့် မရှိ ဘဲ ကျူး ကျော် တယ် လို့ ကျွန်မ မြင် မိ လို့ပဲ။ အိမ် နံရံမှာ ချိတ်ထားတဲ့ အဲဒီ ဓာတ်ပုံ ကို  ကြည့်လေတိုင်း ဒီ အတွေး ကို မဖျောက်နိုင်ခဲ့ဘူး။ ကျွန်မ ချစ်ခင်တဲ့ ဖခင် ဖြစ် စေ အုန်းတော့ ဒီချွင်းချက် ကိုတော့ မေ့ မပစ်နိုင်ဘူး။ အ မေ က တော့ ဓာတ်ပုံထဲမှာ အလှဆုံး ပြုံးနေ လေရဲ့။

ဘုန်းကြီးကျောင်းက ပြန် လာချိန် ငေါ့ သံ မကြားရဘဲ သူ့အိမ်သူ ကို နှိပ် ပေး လေ တဲ့ ဘဝ ခရီးဖော် ကို ခင်ပွန်းသည် အဖြစ် အမေ ရေစက်ဆုံခဲ့ရပါတယ်။ အမေ့ ဘဝ နေညို ချိန်တွေမှာ တမိုးအောက် အတူ ယှဥ်လျက် နေခဲ့သူ ကို ချစ်ခင်လေးမြတ် သော မျက်ဝန်းများနဲ့သာ ကြည့်မှာ မို့၊ ဒီချွင်းချက် ကိုတော့ မေ့ ပစ် သင့်တယ် လို့ ဘာသာ တရား ချ ရတယ်။ 

သဇင်ပန်း လေး လို ဖြူနွဲ့နွဲ့ လှပတဲ့  မသင်းလှိုင် ရော၊ ခေတ်မီမီ ဖက်ရှင်ကျကျ ချောမောတဲ့ မစန်းလှိုင် ပါ၊ တခြားသူ တစ်ဦး ဖန်တီး ယူ လိုက် တဲ့ ဇာတ်လမ်း ဇာတ်ကွက်ထဲ ဝင်ရောက် က ပြ လှုပ်ရှား ခဲ့သူများ၊  တခြားသူ တစ်ယောက် ရဲ့ ဇာတ်စီးမှု အောက်က မင်းသမီး များ လို့ ကျွန်မ က မှတ်ချက် ချ ခဲ့ ဖူး တယ်။

သူတို့ကို မှတ်ချက် ပြု ခဲ့သူ ကျွန်မ့ ပုံပြင်ကရော ကျွန်မ ကိုယ်တိုင် ဖန်တီးတည်ဆောက်ထားတာ မှ ဟုတ်ပါရဲ့လား။ လုံးလုံး မဟုတ်ခဲ့ဘူး။ သူတစ်ဦး ဖန်တီး ထားတဲ့ လှည့်ကွက်တွေ ထဲ အစင်းသား ဝင်ရောက်သွားခဲ့ ခြင်းပါ။

နှောင်းလူတွေ ကို ပြောပြကောင်း ပြော ပြ မယ့် ကျွန်မ ပုံပြင်ကတော့ မုန့် ဟင်းခါးနဲ့ အစ ပြု ပါ တယ်။


******  

အိမ် ရှေ့ က ခြံဝင်း တံခါးမှာ လာ ချိတ် သွားတဲ့ မုန်ဟင်းခါး ထုပ်ကလေး ဟာ ကျွန်မ့ ပုံပြင် ရဲ့ နိဒါန်း ပါ။ ကျွန်မ့ စိတ်နှလုံး ကို ဆွဲ  ယူ သိမ်း ခဲ့ တဲ့ လက်နက် လို့ လည်း ဆို နိုင် တယ်။

ရုံး ပိတ်ရက် မတိုင်ခင် ည တွေမှာ  ညလုံးပေါက် စာဖတ် ရုပ်ရှင်ကြည့် တတ်သူ အဖို့ နောက် တနေ့ မနက် အိပ်ယာ ထ ချိန်မှာ ကျွန်မ မနက်တိုင်း စားနေကြ မုန့်ဟင်းခါး ဆိုင် ဟာ အိုး မှောက် နေ ပြီ။  သီးခြား နယ်မြေ အလုပ်ခွင် ဖြစ် လို့ မြို့ ရွာ နဲ့ က လည်း မနီးတော့ တခြား ဆိုင် မရှိ။ သက်သာဆိုင်က လက်ဖက်ရည် ကိုသာ အားကိုးရာ အဖြစ် မှတ် ယူရတယ်။

ရုံးဖွင့်ရက်တွေမှာ မနက်တိုင်း မုန့်ဟင်းခါး စားနေရပြီး၊  အားလပ်ရက် ဆို အိပ်ယာထ နောက်ကျလို့  မစားရခြင်း ကို တစ်စုံတစ်ယောက် ဟာ သိ နေ ခဲ့ တယ်။  တပတ် မက နှစ်ပတ် သုံးပတ် ဆက်တိုက် ဖြစ်လာတော့ ဘယ်သူလဲ ဆိုတာ  ကျွန်မ သိချင်လာခဲ့ ပြီ။  ဘေးဘီက လည်း မြင် ဖို့ သိ ဖို့ မလွယ်ကူဘူး။  ဒီအလုပ်ခွင် ကို  တဆင့်ခံ ကန်ထရိုက် အလုပ် နဲ့ ကျွန်မ က ယာယီ လာနေရသူ။ ကျွန်မ ကို နေခွင့် ပြုထားတဲ့ ဧည့်သည် အဆောင် တွေ ဟာ  အမြဲနေ ဝန်ထမ်းအိမ်ယာ နဲ့ သီး ခြား ဖြစ်နေ တာ။ ရံဖန်ရံခါ  ပြင်ပ ပညာရှင်တွေ အရည်အသွေး စစ်ဆေးသူ တွေ  ဘေး အဆောင် ကို ခဏတဖြုတ် ရောက်လာ တတ်တာပဲ ရှိတယ်။ သိလိုစိတ် သာ ရှိတယ်။ ထ ချောင်း ကြည့်တာ မျိုး၊ အနီးနား ဝန်းကျင်ကို မေး မြန်းတာမျိုးကိုလည်း လုပ်ချင်စိတ်က မရှိပြန်ဘူး။ 

ဒုတိယ အပတ်က စ လို့ အဝါရောင် ကပ်ခွာ မှတ်စု စက္ကူ  လေး တခု မုန့်ဖတ်ထုပ် မှာ ကပ် လျက် ပါ လာတယ်။

ဒီနေ့ အိုး ဘဲဥ မရဘူး။  ဆောရီး… တဲ့။

ကျွန်မ အသံ ထွက် ရယ်မော မိတယ်။ နောက် အပတ် တွေမှာလည်း မှတ်စု စက္ကူ ပေါ်မှာ အတို အစလေးတွေ ရေးထားတာ ပုံစံ အမျိုးမျိုး။ ဘာလို့ ကြက်သွန်နီဥ မစားတာလဲ၊  ဒီနေ့ ငှက်ပျောအူက ရင့်တယ်၊ များများ မစားနဲ့၊ အင်ဂျင်နီယာဌာနက ပွဲမှာ မမြင်ပါလား၊ မနေ့ က ကွင်းထဲ မိုးမိ ထားတာ အအေးမိနေလား … စသဖြင့် အတိုအထွာလေးတွေ။ 

အလို… အဝါရောင် မှတ်စုလေးတွေ ဟာ ပန်းပွင့်များ အဖြစ် ပြောင်းကာ ကျွန်မ စိတ်နှလုံး ဝယ် ပန်းခင်း ဖြစ် လာပါရောလား။ မနက် နိုးထလာချိန်မှာ အဝါရောင် ပန်းပွင့်တွေကို စိတ်ကူးအာရုံမှာ ဦးစွာ ထင်ဟပ်လာပြီး ရွှင်ကြည်စွာ ပြုံးတယ်။ အိပ်ပျော်လုချိန် အမှတ်သညာ ဟာ အဝါရောင် ပျော်ရွှင်မှု ဆီမှာ အဆုံးသတ်တယ်။

အရေးမပါတဲ့ အသေးအဖွဲ စကားစမြည် ပြောဆိုခြင်းဟာ လူသားချင်း ဆက်ဆံရေး မှာ ဘယ်လောက် အရေးကြီး လိုက်သလဲ။ ကျွန်မ ကို အဘယ် ကဲ့ သို့  ချစ်ခင် စွဲလမ်းကြောင်း သာ ရေး ခဲ့ရင် ကျွန်မ စိတ် နှလုံး ဒီလောက် ညွတ်နူး ခဲ့မှာ မဟုတ်ဘူး။  သူ ဟာ ပါးနပ်သူ တစ်ဦးပါ။ ကျွန်မ ရဲ့ အခြေခံ စိတ် ကို မြင်တယ်။ ဒီလို မြင်တတ် သိတတ် ခဲ့ သူ မို့၊ သူ အေးခဲ လာချိန်မှာ ကျွန်မ ပိုမို နာကျင်ရတာပါပဲ။ သူ့မှာ မြင်လိုစိတ်  ပျောက်ကွယ် သွားခဲ့ပြီ ဖြစ်ကြောင်း ထင်ရှားစေတာ ကိုး။

မှတ်စုတို ပေါ်က သူ့ လက်ရေးကို မှတ်မိတာကြောင့် လုပ်ငန်းခွင်ထဲက ဆက်စပ် နေတဲ့ လူ တွေ ရဲ့ လက်ရေး ကို အမြဲ သတိထားကာ ရှာ မိ တယ်။  ကွန်ပြူတာ နဲ့ အလုပ် လုပ်တဲ့ ခေတ်မှာ လူသား တစ်ဦးရဲ့ လက်ရေး ဟာ ရှားပါးကုန် ဖြစ်လာတာ က ခက်တယ်။  ရှာ နိုင်တဲ့ အခွင့် အလမ်း  နည်းပါး တယ်။ တခါတရံ စာရွက်စာတမ်း တွေ ပေါ်မှာ မှတ်ချက် ချ တဲ့ လက်ရေး တွေကလည်း မြန်မာ စကားလုံးတွေ မဟုတ် ပြန်တော့ တိုက်ဆိုင် စစ်ဆေး ခွင့် ဟာ မရှိပြန်ဘူး။ ကိုယ့် တစ်ယောက်တည်း ဗျာများ နေ တာကို၊ ဘာသာ လှောင် ရယ် နေ မိပြီး ‘မမြင်ဖူးခင်က မေ့ မှာ ဖြင့် ရူးပြီ မောင်’ ဆိုတဲ့ စကား ကို ပဲ အခါခါ ရွတ် ရ တယ်။ ကျွန်မ တွယ်ငြိခဲ့ပြီ။ 

တဆင့်ခံ ကန်ထရိုက် အလုပ် ခြောက်လ ပြီးချိန် အထိ သူ ဟာ ကျွန်မ ရှေ့ ရောက် မလာဘူး။ အဝါရောင် မှတ်စု စာရွက်လေးတွေ ထည့် သိမ်းထားတဲ့ ရုံးသုံး အညိုရောင် စာအိတ် ရှည် ကို ကျွန်မ ခရီးဆောင် သေတ္တာထဲ ထည့် သိမ်းကာ မူရင်း အလုပ်ခွင် ဆီ ပြန်ခဲ့ရတယ်။ ရှုလေရာ ပြောင်တလင်း ဖြစ်နေတဲ့ ကွင်းပြင်ကျယ် နယ်မြေ မှာ ပျော်ရွှင်မှု ပန်းပွင့် အဝါတွေ ဖူးပွင့်ခဲ့ခြင်းဟာ လှပတဲ့ အမှတ်တရ အဖြစ်သာ ကျန် ခဲ့တော့ မယ် လို့ စိတ် ဒုံးဒုံးချ ကာမှ  ကျွန်မဆီ သူ ဆိုက်ဆိုက် မြိုက်မြိုက် ရောက် လာ ခဲ့တယ်။ ကျွန်မ့ ပုံပြင်ဟာ တဖန် သက်ဝင် လှုပ်ရှား လာ ပြန်တယ်။

သူတို့ စီမံကိန်း လုပ်ငန်းခွင် နဲ့ ကျွန်မ မူလ အလုပ်ဟာ အမြဲ ဆက်စပ်နေတာကြောင့် စက်ပစ္စည်း အသစ် တခု ရောင်းအပြီး၊ နည်းပညာ မွမ်းမံ သင်တန်း ပေးချိန်မှာ သူ ရုတ်တရက် ကိုယ်ထင် ပြ လာ တယ်။

သင်တန်း ခေတ္တ အားလပ်ချိန်မှာ ကျွန်မ စားပွဲ အနားကို လူ တစ် ယောက် လာ ရပ် ပြီး၊ ကျွန်မ ဖြန့် ဝေထားတဲ့  စာရွက်တွေ ကို လာ တင် တယ်။  အဝါရောင် ကပ်ခွာ မှတ်စု စာရွက် လေး ကပ်  လျက်……..။  ‘ခုနက ပြောသွားတာ မရှင်း လို့ မေးစရာ ရှိပါတယ်’ တဲ့။

ကျွန်မ မှတ်မိ တဲ့ လက်ရေး ကို တဖန် မြင်ရချိန် ‘ဟင် ဒီလက်ရေးပဲ’ လို့ မတွန့်မဆုတ် ပြော ချ လိုက်ပြီး ဘေးမှာ လာရပ် နေ သူ ကိုလည်း  စူးစူးစိုက်စိုက် ကြည့်လိုက်တယ်။ သူ ကိုး။ လုပ်ငန်းခွင်မှာ တိုက်ရိုက် မဆက်ဆံဖူးပေမယ့် မြင်ဖူးနေတဲ့ လူ ပါ ပဲ။ သူ ပြုံးနေတယ်။ သူ့ ဗျူဟာ အောင် မြင်လို့ ကျေနပ် နေ တဲ့ အပြုံး လို့ နောက်တော့မှ ကျွန်မ သရုပ်ခွဲ မိတယ်။ ဒီလက်ရေး ပဲ လို့ အသံထွက် ကတည်း က ပွဲ ပြတ် နေ ပြီ။ မရှုမလှပါပဲ။

ကျွန်မ့ နာမည် ကို အများတကာက ဇင်မာ၊ မဇင် စသဖြင့် ခေါ် ကြ ပြီး သူ တစ်ယောက်တည်း ကသာ မာ လို့ သုံးစွဲတာ ကို တအံ့တဩ နဲ့ နှစ်ခြိုက် ခဲ့ရကြောင်းကိုလည်း ဇင်မာလှိုင့် ပုံပြင် ထဲ ထပ် ထည့် ရပါမယ်။

သူ့ ဘဝ အတွက် သူ့ဘာသာ ကြိုးစားနေခဲ့တာကို ဟိုတုန်းကတော့ ကျွန်မ အနား နီးနီးကပ်ကပ် ရှိချင်လို့ သူ အားထုတ် နေတာလို့ ထင်မှတ်မှား ခဲ့ဖူးပါတယ်။ သူ့ ဘာသာ စ လုပ် တဲ့ ကိုယ်ပိုင် အလုပ်ဟာ ကျွန်မ နဲ့ ဆက်စပ်နေတော့၊ တခါတလေမှ တွေ့ ရတဲ့ အခြေအနေ ကနေ ရက်ဆက် ကြုံ ဆုံ နိုင်တဲ့ ကာလ တခုဆီ ရောက်လာတယ်။ လုပ်ငန်းခွင် နယ်ပယ် တူတော့ သူနဲ့ ကျွန်မ ကို၊ အမြဲလိုလို တွဲ  မြင်  လာကြတယ်။ ကျွန်မ ကို မြင်ရင် သူ နေကောင်းလား၊ ဘာလုပ်နေလဲ မေးကြသလို သူ့ လည်း ဒီအတိုင်း ထပ်တူ စူးစမ်းကြတာပဲ။

ဆယ်စုနှစ် တစ်ခုကြာ ဆက်ဆံရေးဟာ နှစ်ဘက်မိဘ ဆွေမျိုး အသိုင်းအဝိုင်း  အပြန်အလှန် သိ နေကြ ပြီး လက်ခံ ထားတဲ့ အနေအထားပါ။ ကျွန်မ ရွာကို သူ လိုက် လာ ဖူး သလို သူ့ မိဘအိမ်နဲ့ ကျွန်မ ကျွမ်းဝင်ပါတယ်။ ဒီတော့ လှ တဲ့ ပုံပြင် အဖြစ် အဆုံးသတ် လိုက် ဖို့သာ ကျန် ရှိတော့တယ် မဟုတ်လား။  

နွေးထွေးလှပ တဲ့ ပုံပြင်ဟာ ငြိမ်သက် အေးခဲ ခြင်းဆီ ဘယ်လို ဆိုက်ရောက်စေခဲ့လဲ။ ကျွန်မတို့ နှစ်ဦး ကြားမှာ အရေးမကြီးတဲ့ အသေးအဖွဲလေး တွေ ပြောဆိုခြင်း ရပ်တန့်သွားတာဟာ အေးစက်ခြင်း အ စ ပါပဲ။ တစစ ပြောင်းလဲခြင်း ကို သတိမမူလေတော့ အချိန် တခု လွန်မြောက်ချိန်မှာ အနေအထား တရပ်ဟာ ပြောင်းခဲ့ပြီ။ ပြောခဲ့ဖူးပါတယ်။ ကျွန်မဟာ ဘယ်အရာ ကို ဘယ်လို စိတ်အခြေ နဲ့ ခံစားတတ်ကြောင်း၊ ဘယ်လို ပြုမူချက် ကို ဘယ်လောက် ကဲကဲ ဆတ် ကြောင်း ကြိမ်ဖန် များစွာ ပြောခဲ့ပါတယ်။ အရင်ကတော့ သူ ကြားခဲ့တယ် လို့ ခံစား သိ မှတ် ခဲ့တယ်။

သူ့ အလုပ် အောင်မြင်မှုတွေ၊ အခက်အခဲတွေ သူ ဖောက်ခွဲ သမျှ၊ ကျွန်မက စိတ်ပါဝင်စားမှု အပြည့်နဲ့ နားထောင် ခံစား ပေးတယ်။ ကျွန်မ ကလည်း ကိုယ် ဖွင့်ထားတဲ့ နည်းပညာ သင်တန်းကျောင်း အခန်းငှားခ စျေးကြီးလို့ ရပ်တော့မယ့် အကြောင်းက အစ၊ ကျွန်မ လုပ်မယ့် အလုပ်အသစ် အကြောင်း၊ အမေ ပင်စင် ယူတဲ့ကိစ္စ နဲ့ နေ့စဥ် ဘဝ အတိုအထွာတွေပါ မကျန် ပြောနေ ခဲ့ သေးတယ်။ 

ကျွန်မ ဝမ်းနည်းနေရင် ဝမ်းမြောက်ခဲ့လျှင် သူ့ ကိုပဲ အရင်ဆုံး ပြောချင် စိတ်ဟာ ကာလတခု အထိ ရှိနေဆဲ ပါ။ စိတ်ကို မျှဝေ တဲ့ အဦးဆုံး လူသားအဖြစ်နဲ့ မှတ်ထင် စွဲယူ ခဲ့ပါတယ်။ သူက ကျွန်မ အသံ ကိုသာ ကြားပြီး ကျွန်မ စကား ကို မကြားမှန်း ရိပ် မိ လာတဲ့အခါ ဝေမျှ ပြောဆို ချင်စိတ် ခမ်းသွားတယ်။

သေးသေးဖွဲဖွဲ ပြောဆိုခြင်း ဟာ ကျွန်မအတွက်တော့ အင်မတန် အရေးကြီးပါတယ်။ စိတ်နှလုံး နီးကပ်စွာ တည်ရှိခြင်းရဲ့ သရုပ် မို့ပါပဲ။ သူ နဲ့ ကျွန်မ အကြားမှာ ဒီ ဆက်နွယ်မှုဟာ ပျောက်ဆုံးခဲ့ပါပြီ။ တချိန်က အဝါရောင် မှတ်စု စာရွက်တိုလေးများကို ပြန် မြင် ယောင်ကာ ကျွန်မ ဝမ်းနည်း မျက်ရည် ကျ ပါ တယ်။ ပျော်ရွှင်မှု အဝါဟာ ဘယ်အချိန်က မှိန် ဖျော့ သွား ခဲ့ ပါလိမ့်။

ဇင်မာလှိုင် ပုံပြင် ရဲ့ လွမ်း ခန်း ဟာ အချိန် သိပ် မကြာလိုက်ဘူး။ ကျွန်မ ကိုယ်တိုင် က အလုပ်များသူ လှုပ်ရှား တက်ကြွသူပါ။ ကာလ အပိုင်းကလေး တခု အရောက်မှာ ကျွန်မ သူ့ဆီ ဖုန်း မဆက်မိတာ တော်တော် ကြာနေ ပြီ ဆိုတာ ရုတ်တရက် သတိပြုမိတယ်။ ကျွန်မ မေ့ ပျောက် နေ ခဲ့ပြီပဲ။ ကျွန်မ့ စိတ်နှလုံး ဟာ အစိမ်း လု ပြီ။

ကျွန်မ ရဲ့ နေ့စဥ်ဘဝ၊ ကျွန်မ ရဲ့ ခံစားချက်၊ ကျွန်မ ရဲ့ ရှေ့ ဆက်မယ့် ဘဝ ခရီး အကြောင်းတွေ ကို သူ့ ကို ပြောဆိုလိုစိတ် အပြီးတိုင် ခမ်း ခြောက် သွား ပြီပဲ။ ကျွန်မ့ ပုံပြင် ကို အဆုံးသတ် သင့် တဲ့ အခါ ဆိုက် ရောက် ခဲ့ ပြီ။

ရုတ်တရက် အမေ့ ကို တွေ့ချင် တာနဲ့ ရွာ ဆီ ထ ပြန် ခဲ့တယ်။ 

******
မြင်ကွင်းကို အစိမ်းရောင် လွှမ်းထားတယ်။ အပင်စိမ်းတွေဟာ တောအုပ်လေး ပမာ ညို့ လျက်။ သစ်ရွက်စိမ်းတို့ သိပ်သည်းတဲ့ အပင်အောက် နားနေ ခုံတန်းရှည် မှာ ကျွန် မ ဖြေလျော့လျော့ ထိုင်နေပြီး အစိမ်းရောင်တွေ ထဲ စိမ့် ဝင် မျောပါနေတယ်။ စိတ်နှလုံး တိုင် ဝင် လာတဲ့ စိမ်းရိပ်ရောင် တွေပါလား။ ပျော်ရွှင်မှု အဝါဟာ ဘယ်အချိန်က ပျောက်ကွယ်သွား ခဲ့ပါလိမ့်။ သတိပြုမိ ချိန်မှာ အစိမ်း ဖောက်ခဲ့ပြီ။

ကောင်းကင် ကို မော့ကြည့် အခိုက် သစ်ရွက်စိမ်းတွေ ကြားထဲ နေခြည် အလင်းတပေါက် ယို ဆင်း လာတာ တွေ့ လိုက်ရတယ်။ လက်ကနဲ တချက် အလင်းစူး သွားတော့ ကျွန်မ မျက်လုံးတွေကို ခဏ မှိတ် ပစ် လိုက်ရတယ်။ မျက်ရည်ပူ ကျ ချင် လာတယ်။ ကျွန်မဆီ လျှောက်လာတဲ့ အမေ ကို မြင်တော့  ကိုယ် ဟန် မတ် ကာ နေရာ ဖယ် ပေး လိုက်တယ်။ အမေ နဲ့ သေချာ စကား ပြောဖို့ အလှူ ပြီးချိန် အထိ စောင့်ဆိုင်းနေ ခဲ့ရတာ။

ဖွင့် ပြော ပြော ချင်း အမေ က တား ပါ တယ်။

သေသေ ချာချာ ပြန် စဥ်းစားဦး၊ စိတ်ထင်ရာ မလုပ်နဲ့ ဇင်မာ။ ဒီလောက် နှစ် ကြာအောင် တွဲ ပြီးအကုန်လုံး သိနေခဲ့တာ ဆိုတော့လေ။ မောင်စိုးဟန် နဲ့ ညှိ နှိုင်း ကြည့် ပါ။

မိခင် တစ်ယောက် အမြင်ကတော့ ဒီအတိုင်း ရှိမှာပဲ။ ဘေးမကြီး သာ သိရင် တခါတည်း အသက် ပျောက် နိုင်ပါတယ်။  လက် ကလေး အဆွဲခံ ရရုံ နဲ့ အမည်နာမ ထိခိုက် ပွန်းပဲ့ လေပြီ ဆိုကာ
မိန်းမပျို တစ်ယောက်ရဲ့ ဘဝလမ်းကြောင်း တစ်ခုလုံး ပြောင်းပစ် စေ ခဲ့တဲ့ အမျိုး ကိုး။ ကျွန်မ နဲ့ သူ့ အကြားက ဆက်ဆံရေး ဟာ လက်ကိုင်ရုံ ဘယ် က မလဲ။ တစ်နေ့ ဘဝ ခရီးအဖော် ဖြစ်လာကြမှာ မလွဲဘူး လို့ သတ်မှတ်ခံထားရတဲ့ သူ နှစ်ဦးလေ။ ကျွန်မ  မြင် သိ နေပါတယ်။ ဆယ်စုနှစ် တစ်ခု စာ အတူ ယှဥ်တွဲ မြင် ခဲ့သူများ ရဲ့ ဒလစပ် ပြောဆို စူးစမ်း ခြင်း အတွက် ကျွန်မ ပြင်ဆင်ထားရတော့မယ်။

မောင်စိုးဟန် ကို ရော ပြောပြီးပလား။ သူ့ သဘောက ဘာတဲ့လဲ။

သူကတော့ လူကောင်းသူကောင်း ဖြစ်ချင်သူမို့ နဂို နေမြဲ ကို  ဦးစားပေး ရွေးချယ် မယ့် သူ လေ။ သူ့ ဘာသာ အေးခဲလာတာကို သတိ မပြုမိတာလား။ သူ့ ဘာသာ သိပေမယ့်  ရိုး အီလာတာ ဟာ ဖြစ်မြဲ ဓမ္မတာ မို့ မသိလိုက် မသိဖာသာ နေ နေ သလား။ သူကတော့ စ တင် ပြီး ထုတ်ဖော် ပြောဆိုမယ့် သူ မဟုတ်ဘူး။

မပြောရသေးဘူး အမေ။ ဒီက ပြန်မှ ပြောမယ် စိတ်ကူးထားတယ်။

ကျွန်မကကော ဘာ ကို အလေးပေး ဆုံးဖြတ်သူလဲ။ ဆင်ကန်းတောတိုး ရူးမိုက်စိတ်နဲ့ ဆုံးဖြတ်ကာ အသေးအဖွဲ ကို ပုံကြီးချဲ့ ပြသနာ ရှာ သူ လား။ မဟုတ်လိုက်လေ။ လူသားနှစ်ဦး ဆက်ဆံရေးမှာ နှုတ်က ထုတ်ဖော် ပြော ပြ နေ စရာ မလို တဲ့ စိတ်နှလုံး ဆက်နွယ်မှု ကြိုးမျှင် ရှိတယ်။ ချည်နှောင်တဲ့ ကြိုး ဟာ ကျွန်မ ဘက်က  ပြတ်ခဲ့ပြီ မို့ ဒီ ပုံပြင်ကို ကျွန်မ ကသာ အဆုံးသတ် မှာပါ။ သူ့ ဘက်က ပြတ် ခြင်း မပြတ်ခြင်း ကို ကျွန်မ စိတ် မဝင်စားတော့ပြီ။ 

ဆယ်မိုး ဆယ်နွေ လက်တွဲခဲ့ဖူးလို့ ကျွန်မ ရဲ့ အမည်နာမ ပွန်းပဲ့ တယ် ဆိုရင်လည်း ကျွန်မဟာ ကျွန်မ ဖြစ်ခြင်း မှ ပွန်းပဲ့ ခဲ့တာ မဟုတ်ဘူး။ ကျွန်မ စိတ်နှလုံး အကြည် ဓာတ်က သာ တ ဖြည်း ဖြည်း ပဲ့ ကြွေ သွား တာပါ။ အများတကာ ဝေဖန် ပြောဆို ခြင်းကို ထိတ် ရုံမျှနဲ့တော့  ကျွန်မ မလျှောက်လိုသော လမ်းကို ဇွတ် တိုး ခြေ မ ချ နိုင်တော့။ ဘွား သင်းလှိုင် ရဲ့ မျက်လုံးစိမ်းတွေ ကို ကျွန်မ မမေ့ ဘူး။

နှောင်းလူတွေ ဟာ ကွဲ ပြားသော ပုံပြင်ကို နားထောင်ကြပါစေ။  ကျွန်မ ကိုယ်တိုင် ဖန်တီး တည်ဆောက်သော ပုံပြင် ဟာ ရှိလာဦးမှာပါ။

(မြယာ)
၂၀၁၉၁၀၂၁
ည ၈ နာရီ ၂၉ မိနစ်

Wednesday 21 June 2017

ပန်းနွယ်ဖြစ်လျှင်… ပန်းနွယ်ဖြစ်စဉ်

(၁)

မြူပြာပြာကြောင့် အဝေးက တောင်တန်းတွေကို ထင်ထင်ရှားရှား မမြင်ရဘူး။ တိမ်တိုက် ပါးလျလျ ဟိုတကွက် ဒီတကွက်နဲ့ ကောင်းကင်ဟာ မကြည်စင်လှဘူး။ လေ တချက်တချက် တိုက်လာရင် အေးသလိုလို ရှိပေမဲ့ ဝင်းပတဲ့ နေရောင်ခြည် ကြောင့် နွေးနွေးထွေးထွေး ရှိတယ်။

စိုက်လက်စ အပင်ခြေရင်းမှာ အပြီးသတ် မြေဖို့လိုက်ပြီး ကဲ.. ပန်းနွယ်နှင်းဆီရေ ဒီနေရာမှာ ရှင်သန်မယ် မဟုတ်လား လို့ ရို့စ် က ဆိုတယ်။ ပြီးတော့ ရေ နည်းနည်း ဖြန်းလိုက်တယ်။ ကျွန်မ က ရို့စ် ရဲ့ ကျစ်ဆံမြီး တုတ်ခဲခဲပေါ်မှာ ထိုးစိုက်ပန်ဆင်ထားတဲ့ ပန်းရိုင်းနှင်းဆီခက်ကို ငေးနေပြီး အတော်ကြာတော့မှ ဘာ အထိမ်းအမှတ် ပြောရမလဲ လို့ မေးလိုက်တယ်။

မနက်က သီးမစ်လွင်ပြင်ဘက် ဆင်းတဲ့ ကားလမ်းနံဘေးက တောရိုင်းနှင်းဆီရုံက အပင်တချို့ ကို ကျွန်မတို့ သွားတူးလာခဲ့ကြတယ်။ သဘာဝအလျောက် ပေါက်ရောက်နေတဲ့ နှင်းဆီတောကြီးဟာ လှလိုက်တာ။ သမ အအေးပိုင်းရာသီကြောင့် ပွင့်ဖတ် ပွင့်ချပ်တို့ရဲ့ အရောင်အသွေးဟာ တောက်တောက်ပပ ရွှန်းစိုလျက်။ အရွက်အခက် တို့ဟာ စိမ်းမြမြ။

အိမ်ရောက်တော့ အမိုးခုံးကလေးနဲ့ ပန်းရုံလုပ်မယ် ဆိုကာ အရိုင်းပင်ကို ပုံသွင်းရန် ကြံ ကြရော။ သူ ခမြာ လွင်ပြင်ထဲ လွတ်လွတ်လပ်လပ် ရှင်သန်နေရာက လူတို့ လက် စော် နံ ကာမှ  ကြိုးနဲ့ အချည်အနှောင် ခံလိုက်ရတယ်။ ပုံဖော်ထားတဲ့ လမ်းကြောင်းအတိုင်း နွယ် ရစ် ပတ် ကာ ကြီးပြင်းရှင်သန် လာရတော့မယ်။ ကျွန်မတို့ဟာ  ပြုပြင်စီရင်ခြင်းကင်းတဲ့ အလှကို အလိုမရှိသူတွေလား။ ပိုမို တင့်တယ်လှပစေရန် ရည်ရွယ်ရင်း နဲ့ တုပ်နှောင်ခြင်းကို ပြုသူများလား။

‘ဘာ အထိမ်းအမှတ်မှ မဟုတ်ဘူး။ ကျနော့်ခြံထဲ ဒီပန်းပင် ရှိစေချင်လို့ပဲ။ မစု ဘာပြောချင်နေလဲ ကျနော် သိတယ်။ ပြီးသွားပြီ မစု။ ကျနော် အေးဆေးပဲ။’

ရို့စ် ဒီလို သက်တောင့်သက်သာ ပြောနိုင်ဖို့ အချိန် ဘယ်လောက် ကြာလိုက်ပါလိမ့်။ တစ်လ လား။ နှစ်လ လား။ တလောက သူကလေး ချစ်ရေးချစ်ရာကြောင့် အလူးအလိမ့် ဖြစ်နေတော့ ဒီတကြိမ် ပြန် မတ် လာဖို့ ကြာမြင့်မယ် ထင်နေခဲ့တာ။ ပြင်းထန်တဲ့ စိတ်ခံစားချက်တခုဟာ အလွန်ဆုံး သုံးလပဲ ခံတယ်လို့ ကျွန်မ ကြားဖူးတယ်။ ဟုတ်မယ် ထင်ပါရဲ့။

‘ဒါဆိုလဲ ပို၍ လှပပွင့်လန်းတဲ့ မနှင်းဆီ ကို ရည်စူးပြီး စိုက်တယ်ပေါ့ဟယ်။’

ရို့စ် နာမည် အပြည့်အစုံ Rose Par Chin ရဲ့  အဓိပ္ပါယ် ကို ကျွန်မ ရည်ညွှန်း လိုက်တော့ သူ က လွင်လွင်သာသာ ရယ်လိုက်တယ်။

‘ဟုတ်တယ်။ ဟုတ်တယ်။ ကျနော် ဟာ ကျနော် ဖြစ်ခြင်းအတွက် ဒီ အပင်ကို စိုက်တယ်။’

ရို့စ် ကိုယ်တိုင်ကိုက ပန်းနွယ်ရိုင်းနှင်းဆီ ပဲလို့ ကျွန်မ က ဆိုချင်တယ်။ သဘာဝ တောရိုင်းနှင်းဆီ လို တောက်တောက်ပပ။ ခွန်အားအပြည့်နဲ့ ချစ်စဖွယ် မိန်းမရွယ်။ သူ့ ဆံပင်တွေက အုံထူထူ နက်မှောင်မှောင် နဲ့ ဖြောင့်စင်းစင်း ရှိတယ်။ ကိုယ်ဟန်ပြည့်ပြည့် အသားလတ်ကာ ကုန်းမြေမြင့် မျိုးနွယ်ရင်း ပီသ တဲ့ ခြေဆံလက်ဆံ နဲ့။ မြင်စမှာပင် ဆွဲဆောင်မှု ရှိတာ လက်ခံစေတဲ့ မျက်နှာပေါက် ရှိတယ်။

‘တခြားသူတဦးဦးအတွက်၊ ခံစားမှု တခုခုအတွက် စိုက်မှာ မဟုတ်ဘူး။ ကျနော့် ဖြစ်တည်မှုကို ကျနော် လက်ခံတဲ့အနေနဲ့ စိုက်တယ်လို့ ပြောရအောင်။’

သူ့ ဖြစ်တည်မှုကို လက်ခံသူတွေထဲ သူ့ သွေးသားရင်းတွေ ပါမှ ပါ ပါလေစ။ ပန်းနွယ်ကို ပုံသွင်းချည်နှောင်ပြီး အထူး တင့်တယ်စေလိုတဲ့ သဘော ရှိသူတွေ ဖြစ်ကြတော့ ရို့စ် ရဲ့ လက်ရှိကာလ လှုပ်ရှားနေထိုင်ပုံကို ဘဝင်ကျလိမ့်မယ် မထင်ဘူး။

အိမ်ပြန်နောက်ကျရင် အိမ်တံခါး ဖွင့်မပေးဘူးလို့ ဆိုတာ၊ အိမ်ကလူတွေ ကျနော် ကို ခြောက်လှန့်ရုံ ပြောတယ် ထင်ထားတာ။ တကယ်ကို တညလုံး ကျနော်ကို အအေးတောထဲ ပစ်ထားမယ် မထင်ခဲ့ဘူး။ ကျနော် တခြားအိမ် တအိမ်အိမ် ကို ပြန်သွားလို့ ရသားနဲ့ အိမ်ရှေ့  လှေခါးထစ်မှာ တညလုံး ထိုင်နေခဲ့တာ လို့ သူ ရင်ဖွင့်ခဲ့ဖူးတယ်။

အဲဒီညက နှင်းဆီ လုံမပျို ရဲ့ ရင်ထဲ ဆူး ပေါက်ခဲ့သလား။ မှောင်ရိပ်ထဲမှာ ထိုင်နေတဲ့ ကလေးမလေး ကို ကျွန်မ မှန်းဆ မြင်ယောင် မိတယ်။

‘ရည်မှန်းချက် ကြီးကြီး ထားပြီး မနားမနေ အားထုတ်နေတဲ့ မိသားစုမှာ ကျနော် မွေးလာတာ။ ဒီရောက်တော့  ရည်မှန်းချက် ဆိုတာ ဘာလဲ မသိတဲ့ သူတွေနဲ့ ကြုံ ရပြန်တယ်။’

ကွဲပြား ခြားနားတဲ့ ကမ္ဘာ နှစ်ခုကို ကူးချည်သန်းချည် နေထိုင်ခဲ့သူ ရို့စ် ဟာ သူ့ ကိုယ်ပိုင် ကမ္ဘာ ကို သူ ဘာသာ တည်ဆောက် ထား သူ ဖြစ်တယ်။ သူ လုပ်ချင်တာ၊ လုပ်နိုင်တာ၊ လုပ်နေတာ များပြားလှပြီး ရံဖန်ရံခါ ခေါင်းစဉ်ပေါင်းစုံ ရောထွေးနေကာ၊ နေ့ခင်းအိပ်မက် မက်နေသူပမာ ဖြစ်နေတတ်တယ်။ ကင်မရာနောက်မှာ ရပ်နေရာက ရုတ်ချည်း ဆွဲလက်စ ပန်းချီကားရှေ့ ရောက်သွားတတ်သလို ကဗျာစပ်နေရင်းက ပိုးချည်မျှင်ရောင်စုံ ကို အထည်အဖြစ် ရက်ဖောက်နေသူ ဖြစ်သွားပြန်တယ်။

‘မစု မနက်ဖြန် ရမ်းထလို သားဖွားခန်း သွားကြည့်ပြီးရင် ပြန်မယ် မဟုတ်လား။ ကျနော် လူငယ်သင်တန်း မစခင် မန္တလေး ခဏ လိုက်ခဲ့မယ်။ ကလေးတွေကို အခြေခံ ပန်းချီ သင်ပေးဖို့ ဝယ်စရာ ရှိနေလို့။ ပြီးတော့ ကျနော့် ဆံပင်ကို အရောင် ဆိုးမလားလို့။ မီးလျှံ လို နီရဲ နေတဲ့ အရောင်လေ။’

‘အင်း။ နောက် နှစ်လ ကြာမှ… ဇွန် လ လယ်လောက်ပေါ့။ အဲဒီအချိန်မှ  ပြန် လာ ကြည့် ရ တော့မယ်။ ဒါပေမဲ့ သီးဆန်ကျောင်းက တဝက် ပြီးနေပြီ။ ထပ် ကြည့်ရင်း ကလေးဘက်က လှည့် ပြန်မလားလို့။’

‘မစုကလဲ အမှတ် မရှိသေးဘူး။ ဟိုတခါကလဲ လေယာဉ် ခရီးစဉ်ဖျက်လို့ ရ ရာ ကား နဲ့ ပြေးရတော့ မဟာမြိုင်တောထဲ တိုင်ပတ်ပြီးပြီ။ မန္တလေး ဆင်းရအောင်ကွာ။ ဟိုရောက်ရင် ဘာနဲ့ ပြန်ပြန် ရွေးချယ်စရာ ပေါလွန်းလို့။ သူပဲ ရွေးချယ်စရာ မရှိတဲ့ အခြေအနေကနေ ရွေးချယ်စရာ ဆိုတာ ဘာလဲ သိလာတဲ့ လူ့အဖွဲ့အစည်း ဖြစ်အောင် လုပ်မယ် တရစပ် အော်နေပြီးတော့။’

‘ဟဲ့ ကလေးကနေ လေယာဉ်နဲ့ ပြန်မယ်ဆိုတာ ရွေးချယ်မှုပဲလေ။’

‘ဒါ ရွေးချယ်မှု မဟုတ်ဘူး။ ဒီတခုပဲ ရှိတာကို မဖြစ်မနေ လက်ခံ ရတာ။’

ပထမအကြိမ် တောင်တန်းပေါ် တက်လာခဲ့ချိန်က အဖြစ်အပျက်တွေကို ပြန် အမှတ်ရပြီး ကျွန်မ ပြုံးမိတယ်။

မနက် ကိုးနာရီ ထွက်မယ် ပြောထားတဲ့ ခရီးသည်တင်ကား ဟာ မွန်းတည့် ဆယ်နှစ်နာရီ အထိ စက်နိုးသံ မကြားတဲ့အခါ တခြားသော ရွေးချယ်စရာ ကို ကျွန်မ မေးမြန်းစုံစမ်းတယ်။  ရှာ မရ။ နောက်တမျိုး ရွေးချယ်ခွင့် ရယ်လို့ မရှိ။ ခရီးဖော်များကို အကဲခတ်တော့   ပူပင်ကြောင့်ကြဟန် မမြင်ရ။ သတ်မှတ်ချိန်အတိုင်း ဆိုတဲ့ စကား မကြားဖူးကြတဲ့ အလား အေးအေးသက်သာ ရှိကြတယ်။ ကျွန်မ ကလွဲလို့ ထ လိုက် ထိုင်လိုက် လမ်းလျှောက်လိုက်နဲ့ ဗျာများနေသူ တယောက်မှ မရှိဘူး။ ညနေစောင်းချိန် ကားထွက်မယ်ဆိုရော၊ ခြေနင်းချစရာ မရှိအောင် တကားလုံး ကုန်အပြည့် ဖြည့်ထားပြီးပြီ။ အထုပ်ကြီးငယ်ပေါ် နင်းဖြတ် ကျော်လွှား ပြီး နေရာယူချိန် မှာလည်း အပြုံးမပျက်ကြ။ တသောသောနဲ့ ရယ်မော နှုတ်ဆက် ပြောဆိုနေလိုက်ကြသေး။

တောင်ပေါ်မြို့တော်ကနေ ကျွန်မ သွား ကြည့်ရမဲ့ ရွာတွေကို ခရီးဆက်တော့  ပိုတောင် ရယ်ချင်စရာ ကောင်းသေးတယ်။ တပတ် နှစ်ရက်သာ ရှိတဲ့ ခရီးသည်တင်ကား ဟာ မနက် ရှစ် နာရီထွက်မယ် ပြောထားပေမဲ့ ခရီးသည်အပေါင်းဟာ အိမ်ပြန်ပြီး နေ့လယ်စာ ပြန်စား တရေးတမော အိပ် နေလို့ ရသေးတယ်။ မနက်က လိုက်မယ် ပြောထားတဲ့ သူတွေကို ထွက်မယ်ဆိုမှ လိုက်ခေါ်ကြတယ်။ ခုနှစ်နာရီခွဲ ကတည်းက ကားဂိတ်မှာ စောင့်နေတဲ့ ကျွန်မ တယောက်သာ အူချာချာ နဲ့။ အခုမှသာ ရယ်ချင်စရာလို့ ပြောနိုင်ပေမယ့် ဟိုတုန်းကတော့ ဒေါပွလိုက် စိတ်လျော့လိုက်နဲ့ ဂဏှာမငြိမ် ဖြစ်နေခဲ့တာ။

မိုင်လေးဆယ်ခရီးကို နေ့ တဝက် ကုန်အောင် သွားရပြီး ကားက ဝန်အပြည့်နဲ့ တောင်ပေါ် မတတ်နိုင်လို့ လမ်း ဆင်းလျှောက်ရတာလည်း အကြိမ်ကြိမ်။ ဒါတောင် တပတ် နှစ်ရက်ပဲ ကား စီးခွင့် ရှိတယ်။ ကြားရက် ဆိုရင် အငှားဆိုင်ကယ်ကိုသာ အားကိုးရတယ်။ အိန္ဒိယကွမ်းထုပ် နဲ့ ဆေးရွက်ကြီး အနံ့ စွဲနေတဲ့ ဆိုင်ကယ်သမား ကြောင့် ပထမဆုံး စီးတဲ့အချိန်မှာ လမ်းဘေးမှာ ဆင်း အန် ခဲ့ ရတယ်။ ကျောက်ခင်းလမ်းကြမ်းမှာ ဆိုင်ကယ်ဆောင့်လို့ တကိုယ်လုံး လှုပ်မရအောင် နာကျင်ခဲ့ဖူးတယ်။ မှတပါး ရွေးချယ်စရာ မရှိတဲ့ အခြေအနေမှာ နံသည် နာသည် ဟူ၍ အဆာ မကျယ်နိုင်။

ဒီခရီးမှာ ရို့စ်နဲ့ ဆုံကြတာပဲ။ ရို့စ်က ဘားကောလိပ်က ကျောင်းပြီးလို့ သူ့ ဘိုးဘွား ရွာကို ခဏ ပြန်လာနေချိန် ဖြစ်တော့ အကူအညီ ရနိုင်တယ်လို့ ရွာ ကော်မတီက ယူဆပြီး ကျွန်မကို သူ့ အိမ် ပို့ လိုက်တယ်။ ဆေးခန်း ဆောက်လုပ်ရေး ကိစ္စနဲ့ ရွာမှာ အတော်ကြာကြာ နေရတော့ သူနဲ့ ရင်းချာ လာတယ်။ ရွာအဝင် တောအုပ်အုပ်လေးဆီ ညနေတိုင်း လမ်းလျှောက်ထွက်ကြရင်း စကားတွေ ပြောကြတယ်။

မွေးဖွားကြီးပြင်းရာအရပ်၊ ကျင်လည်ရာ ဝန်းကျင်၊ အမူအကျင့် သဘောထား သွင်သွင် ခြားနားကြသူ နှစ်ဦးဟာ ချက်ချင်းလိုလို စိတ်နှလုံး နီးကပ်တဲ့ မိတ်ဆွေ ဖြစ်လာကြတယ်။ တောင်ပေါ် မြို့တော်က သူ့ အိမ်ဟာ ကျွန်မရဲ့  အခြေစိုက်စခန်း ဖြစ်လာတယ်။ ကာလ အပိုင်းအခြား တခုမှာ နေ့နေ့ညည တပူးတွဲတွဲ ရှိနေတတ်ပြီး၊ တစ်ဦးနဲ့ တစ်ဦး အသံဗလံ မပြုဘဲ ကြာမြင့်စွာ နေချင် နေတတ်ကြတယ်။ သို့ပေသိ စိတ်နှလုံးကတော့ ရင်းချာဆဲ။

‘ကျနော်တို့ မိသားစု ဒီမြို့က ထွက်သွားချိန်မှာ၊ ကျနော် တော်တော် ငယ်သေးတယ်။ ဒါပေမဲ့ သစ်တင် ကားကြီး စီး ရတာ၊  လမ်းအကွေ့ မှာ ထင်းရှုးတော ဝေးကျန်ခဲ့တာကို မှတ်မိနေတယ်။ မေ့ မသွားဘူး။ ကျနော် တောင်တန်း ပေါ်မှာ မွေးပေမဲ့ မြေပြန့်မှာ ကြီးလာခဲ့တယ်။ ဒါပေမဲ့ ကျနော် သွေးသားထဲ စိမ့် ဝင်နေတာ….. ကျနော်ဟာ တောင်တန်းပေါ်က လူပဲ။ ကျောင်းပြီးတော့ ဒီ ပြန် လာတာ သူတို့ နားမလည်ကြဘူး။ အဘိုး ရွာမှာ သွား နေတာကို  အချိန် ဖြုန်းတယ် ထင်ကြတယ်။ ကျနော် ရဲ့ ရင်းမြစ်ဟာ တောင်ပေါ်မှာပဲ။ ဒီမှာဆို ကျနော် ဘာလုပ်နိုင်မလဲ အမြဲ တွေး နေတယ်။’

စိတ်ကြိုက် ရွေးချယ်မှု ပြုနိုင်တဲ့ ဝေးမြေရပ်ခြားသို့ အခြေချ တဲ့ သူ့ မိသားစုများနဲ့ တခုတည်းကိုသာ မဖြစ်မနေ လက်ခံရမယ့် အရပ်ဆီ ပြန်လှည့်လာတဲ့ ရို့စ် ဟာ ကွာခြားခဲ့ပြီ။

သူက ခွန်အားအပြည့်နဲ့ တောရိုင်းနှင်းဆီပါ။ ဘယ်သူကမှ ပြုပြင်စီရင်လို့ မရတဲ့ သဘာဝ နွယ်ရိုင်း ပန်းပွင့်။ ကျွန်မ နှစ်လိုစွာ ကျေနပ်စွာ ကြည့်ချင်တဲ့ ပန်းပွင့် နှင်းဆီ ပဲ။

‘ကဲ မီးလျှံ ပန်မဲ့ မမရေ… တို့ တွေ ညနေစာ ဘာစားရင် ကောင်းမလဲ။ ခရမ်းချဉ်သီး သုပ်စားရင် ကောင်းမလား။ နံနံပင်လေး ပါးပါးလှီး ထည့်မယ်။ အခင်းထဲ ဆင်းခူးရအောင်။’

တောင်ပေါ်မြို့တော် အခြေစိုက် စခန်းအိမ်မှာ ကျွန်မတို့ အနှစ်သက်ဆုံး နေရာ ဖြစ်တဲ့ စိုက်ခင်းဆီ နှစ်ဦးသား လျှောက်သွားကြတယ်။ ရို့ စ် ရဲ့ ခြံထဲမှာ ဂေါ်ဖီ ဆလတ် မုန်ညင်း တရုတ်နံနံ မြန်မာနံနံ အာလူး ကြက်သွန်နီ ကြက်သွန်ဖြူ အကုန် စိုက်ထားတယ်။ ကြက်သွန်ဖြူက နှုတ်လို့ ရနေပြီ။ အနီက မရသေး။ အာလူးခင်း ကတော့ စိုက်ခါစ။ ခြံ စည်းရိုးတလျှောက်မှာတော့ နှင်းဆီရောင်စုံတွေ အစွမ်းကုန် ပွင့်နေကြတယ်။

နေ စောင်းလာပြီ။ နွေရာသီ ပေမဲ့ နေ့လည် နှစ်နာရီကျော်လာတာနဲ့ လေထု ဟာ သိသိသာသာ အေးလာတယ်။ ညနေ မြူပြာပြာ ကြောင့် အဝေးက တောင်တန်းတွေကို  မမြင်ရတော့ဘူး။ သီးမစ်လွင်ပြင်သူ ပန်းနွယ် နှင်းဆီဟာ ချည်နှောင်ထားတဲ့ ဝါးခြမ်းပေါ်မှာ ငိုက် ကျ လျက် ရှိနေတယ်။
   
( ၂ )

မိုးမြူ ကြောင့် ရှေ့ လမ်းကွေ့ ကို ပင် မမြင်ရ။ ထင်ရှုးတောထဲ တောင်ခိုးတွေနဲ့ ပိတ်ပိတ် မှောင်လို့။ မိုးမြူ နဲ့ တောင်ခိုး ရောယှက် လျက် မြင်ကွင်းတခုလုံး ဝိုးတဝါး ဖြစ်နေတယ်။ ကိုပါကျဲက ကား ဟွန်းကို အဆက်မပြတ် တီးရင်း တကွေ့ ပြီး တကွေ့ ဖြတ်တယ်။ အသက် ၁၆ နှစ်ကတည်းက ဒီလမ်းပေါ် မောင်းနေပြီး ဘယ်နေရာမှာ ဘာရှိသလဲ မျက်စိမှိတ်ထားတောင် သိ သူ ဖြစ်လို့သာ ဒီလို မောင်းနိုင်တာပဲ။

‘ကိုပါကျဲ ဖြည်းဖြည်း မောင်းပါရှင့်။ ကျွန်မတို့ ဝူခုန်းလို တိမ်တွေထဲ ရောက်နေပြီ။’

‘ဆရာမတို့ပဲ ဒီနေ့ နေ့ချင်းပြန် ချင်တာဆို။ ဗားရကျော်ပြီး ဟိုဘက် ဆင်းရအုန်းမှာလေး …’

ကိုပါကျဲ ဟာ သူ့ ကား အရှိန်ကို မလျော့ ဘူး။ ကျွန်မ ဆိတ်ဆိတ်ပဲ နေလိုက်တော့တယ်။ ရို့ စ် က ထိုင်ခုံနောက်မှီ မှာ ခေါင်းတခြမ်း စောင်းတင်ပြီး အိပ်ပျော်နေတယ်။ စိတ်အေးလက်အေး ရှိလိုက်လေ။ မိုးကာလ တောင်ပေါ် ခရီးဟာ ဘယ်လောက် စိတ်မအေးစရာ ကောင်းလိုက်သလဲ။ ကားလမ်း ဟာ ချောက်နက်နက် ထဲ ပြိုဆင်းပြီး အချိန်မရွေး ကွယ်ပျောက်သွားနိုင်တယ်။ မိုးများလေ စိတ်ပူရလေပဲ။ ဘေးက ချောက် ဆီ ရောက် ရောက် သွားတဲ့ အကြည့်ကို မထိန်းနိုင်ဘူး။

မိုးဖွဲလေး ရွာလာပြန်တယ်။ မိုးရွာတော့ မြူ ကျဲ သွားတယ်။ တောင်ခိုးတွေဟာ ပေါ်လိုက် ပျောက်လိုက်နဲ့။ ရေကျသံ တဝုန်းဝုန်း အရင် ကြားရပြီး ကား လမ်းကွေ့ အလွန်မှာ ရေတံခွန် အသေးတခုကို တွေ့လိုက်ရတယ်။ ကားလမ်းနံဘေးက သစ်ပင်တွေဟာ စိမ်းမြ သစ်လွင်နေတယ်။ မြူ ပါး သွားလို့ ဘေးပတ်လည် မြင်ကွင်းကို တဖန် ပြန် မြင်ရ ပြန်တယ်။ အောက်ဘက် ချိုင့်ဝှမ်းထဲက လှေခါးထစ် စိုက်ခင်းတို့မှာ ရေအပြည့်နဲ့။ ကောက်ပင် တို့ ရှင်သန် စိမ်းမြလို့ ။ အလေ့ကျ ပေါက်နေတဲ့ ချုံပုတ်ဆန်ဆန် ခရမ်းရင့်ရောင် ပန်းရုံတောတွေကို တလမ်းလုံး မြင်ရလာတယ်။ ထင်းရှုးတောထဲက လွင့် တက်လာတဲ့ တောင်ခိုးတွေဟာ ခရမ်းရင့်ရောင် ပန်းပွင့် ကိုင်းဖျားမှာ ချိတ်တွယ်လျက်။

ကားလမ်း ဘယ်ဘက်မှာ တောင်ခိုးနဲ့ မိုးမြု ဖုံးလွှမ်းထားတဲ့ ဇိန်မှု တောင်တန်းကို မြင်လိုက်ရတယ်။ ရမ်းထလိုရွာ မှာ ကား ရပ်လိုက်တော့ ရို့ စ် နိုးလာတယ်။ ခေါင်းထောင်ကြည့်ပြီး ကျနော့် ကင်မရာရော လှမ်းမေးရင်း သူ့ဘာသာ ရှာ တယ်။ တွေ့တာနဲ့ လမ်းတဘက်ကို ကူးသွားပြီး ဓာတ်ပုံ သွား ရိုက် နေတယ်။

သားဖွားခန်း ဆောက်လုပ်နေတဲ့ တောင်ကုန်းလေးဆီသို့ ကျွန်မ တက် သွားတော့ တံဆိပ်ကပ်ထားတဲ့ ရုံး ကားတစီး ရပ်ထားတာ တွေ့တယ်။ အပြာညစ်ညစ် ပြောင် ဘောင်းဘီအရှည် နဲ့ ဆင်တူ ရှပ်အကျီ ကို အပြင်ထုတ် ဝတ်ထားတဲ့ လူတယောက်နံဘေးမှာ ရွာ ကော်မတီ လူကြီးတွေက ရပ်လျက် ရှိနေကြတယ်။ ကော်မတီ အဖွဲ့ဝင်တဦးက ကျွန်မနဲ့ မိတ်ဆက် ပေးလို့ ခေါင်းငြိမ့် ပြုံးပြလိုက်ပြီး စကား ဆက် ဆို စရာ မရှိတော့တာနဲ့ တောင်ကုန်းပေါ် ဆက် တက်လာခဲ့ကြတယ်။ ကိုပါကျဲက နောက်က ကပ် လိုက်လာပြီး ဆုပေးဒဏ်ပေး လူတွေလေ ဆရာမ လို့ မမေးဘဲ ပြောတယ်။

‘ဘာလဲ ကိုပါကျဲ၊ ဆုပေးဒဏ်ပေးဆိုတာ။’

‘အဲဒီလူလေ.. မြေပြန့်မှာ စား လွန်းလို့ အတိုင်ခံရတာ။ နောက်တော့ ဒဏ်ပေးတဲ့ အနေနဲ့ ကျနော်တို့ဆီ ပို့လိုက်တယ် လေ။’

ကိုပါကျဲ ဆက်မပြောတော့ဘူး။  သူ ဆက်မပြောပေမဲ့ ကျွန်မ က တော့ ဆက်ရန်ရှိ အတွေး တွေ ပလုံစီ ထ သွားတယ်။ ကိုပါကျဲ ရင်ထဲမှာ ကော၊ ဘယ်လို ဆူးတွေ ဘယ်လောက် ပေါက်နေပါလိမ့်။

ဆေးခန်းတောင်ကုန်းလေးပေါ်က ကြည့်လိုက်ရင် စိမ်းလန်းတဲ့ တောင်စဉ်တောင်တန်းတွေကို ရှုမဆုံး မြင်ရတယ်။ ပြစ်ဒဏ်ပေးခံရသူတွေကို ပို့တဲ့ နေရာ တဲ့လား။ ဇိန်မှုတောင်တန်းတွေကို ကျွန်မ အားတုံ့ အားနာ ဖြစ်ရတယ်။

ဆောက်လုပ်ရေး ပစ္စည်းဂိုဒေါင်မှာ ကျွန်မ စာရင်းစစ်နေချိန် ရို့ စ် ပြန်ရောက်လာပြီး ကျနော် ဘာ ကူ လုပ် ရမလဲ လာမေးတယ်။ ပစ္စည်းတွေကို ဓာတ်ပုံရိုက်ပေးပါ၊ တံဆိပ်ပါတဲ့ ဟာဆို ထင်ရှားအောင် ရိုက်ပေး လို့ ကျွန်မ က ပြန် ဖြေ လိုက်တယ်။

ကျွန်မ အလုပ်ပြီးလို့ ပြန်ထွက်လာတော့ ရို့ စ် ဟာ ဝင်းထဲက မြေမှာ ကပ်ပေါက်နေတဲ့ အရိုင်းပင်ကို ဓာတ်ပုံ ရိုက် နေတယ်။ အရွက်က မုန်ညင်းနဲ့ တူပြီး ပန်းပွင့်သေးသေးလေးတွေက ခရမ်းဖျော့ရောင် လဲ့ နေတယ်။ အခုတလော ရို့ စ် ဟာ သူ နောက်လုပ်မဲ့ အလုပ်အတွက် ရာသီအလိုက် ပွင့်ကြတဲ့ ပန်းတွေကို ဓာတ်ပုံရိုက် မှတ်တမ်း တင် နေတယ်။ ပြီးခဲ့တဲ့နှစ်က သူ့ အာရုံဟာ တောင်တန်းပေါ်က ကျောက်စာတိုင်တွေကို မှတ်တမ်းတင်တဲ့ အလုပ်ဆီ နစ်ဝင်နေတယ်။

ရမ်းထလိုက ထွက်ခဲ့ပြီး မဏိပူရမြစ်နဲ့ တောင်စဉ်တောင်တန်း အထပ်ထပ်တွေကို မြင်ရတဲ့ ရှုခင်းသာကို ရောက်တော့ သူ ဓာတ်ပုံ ဆင်းရိုက်ပြန်တယ်။ ဒီလမ်းတွေကို သူ ခေါက်တုံ့ ခေါက်ပြန် သွားနေတာ အခေါက်ပေါင်း မရေတွက်နိုင်အောင် ရှိနေပြီ။ ဒီနေရာတွေကို သူ ရိုက်နေတာလည်း ကြိမ်ဖန်များစွာ ရှိနေပြီ။ တိမ်တွေ တောင်တွေ အရောင် မတူဘူး မစုရဲ့၊ ရိုက်ထားမှဖြစ်တာ လို့ ပြောတတ်တယ်။

မဏိပူရမြစ်ရေ ဟာ မိုးတွင်းဖြစ်လို့ အညိုရင့်ရင့် အရောင်ပေါက်ပြီး နောက်ကျိနေတယ်။ ဗားရ် တံတားရှိရာ ချိုင့်ဝှမ်းကို ဆင်းလာတော့ လေ ဟာ သိသိသာသာ ပူနွေး သွားတယ်။ ဗားရ်မှ ပြန်အတက်၊ လမ်းဘေးက သစ်တောအုပ်ဟာ မိုးရေသောက်ပြီး စိမ်း ဖန့် နေ တယ်။ ကားလမ်းဟာ တဖြည်းဖြည်း မြင့်လာပြီး ထင်းရှုးတောကို ပြန်မြင်ရချိန်မှာတော့ လေထု ဟာ အေးစက် လာခဲ့ပြီ။

သီးဆန် ကျောင်းဟာ လက်စသပ်နေပြီ။ ဖွင့်ပွဲကို အလှုရှင်ကိုယ်စားလှယ်တွေ လာနိုင်မယ့် ရက်မှ လုပ်ချင်လို့ ရွာ ကော်မတီဟာ စောင့်ဆိုင်းနေတယ်။ အလှုရှင်နိုင်ငံ တံဆိပ်ဝိုင်း နေဝန်းနီ တွေ ကပ်ထားတဲ့ ပရိဘောဂများ နဲ့ အသုံးအဆောင်တွေဟာ သစ်သစ်လွင်လွင် တောက်တောက်ပပ။ အလှုရှင် ကိုယ်စားလှယ်ရုံးဟာ ဝေးမြေရပ်ခြားက သာမန် နိုင်ငံသားများ မူးစုပဲစု ထည့်ဝင်ထားတဲ့ အလှုငွေတွေကို စိတ်ချယုံကြည်ရမယ့် အဖွဲ့ တွေက တဆင့် ဒီဒေသဆီသို့ မယိုမဖိတ် အရောက်ပို့ရတယ်။ ဆုပေးဒဏ်ပေး ကိုယ်တော်များက တဆင့် ဆိုရင်တော့ ယို လိုက်မယ့် ဖြစ်ခြင်း။ ယုံကြည်ခံရသူ တဦး အဖြစ် ကျွန်မ ပါဝင်ရတာ ဝမ်းမြောက် ပေမယ့် ယုံကြည်ခံရမှု မရှိတဲ့ အဖွဲ့အစည်းဟာလည်း ကိုယ့် နိုင်ငံသားတွေပဲ ဖြစ်နေလေတော့ စနောင့်စနင်း  စိတ် လည်း ဝင် တယ်။  

ယုံကြည်ခံရမှုဟာ ဘယ်လောက် တန်ဘိုးကြီးလိုက်သလဲ။ ယုံကြည်ခံရခြင်းရဲ့ချိုမြိန်မှု ကို ဆုပေးဒဏ်ပေးတွေ မသိကြဘူး။ ယုံကြည်ပေးသူ နဲ့ ယုံကြည်ခံရသူ အချင်းချင်း အပြန်အလှန် အသိအမှတ်ပြုမှု ရိုသေမှု ရှိမှ ဖြစ်ထွန်းလာကြမှာ။ ယုံကြည်ခံရတာနဲ့ အမျှ ကိုယ့်ဘက်က ပြန် တာဝန်ယူရတဲ့  ကျေပွန်မှု  ပါလာပြီ။

ဓာတ်ပုံမှတ်တမ်း ယူရုံသာ ဖြစ်လို့ သီးဆန်က ချက်ချင်း ပြန်ထွက်လာနိုင်တယ်။ မိုး ဖွဲလေး ကျ လာပြန်တယ်။ ကိုပါကျဲ ကားအရှိန်ဟာ အလာတုန်းကထက် ပို များ နေတယ်။ လမ်းအချိုး တခုက တောင်စောင်းနံရံတလျှောက်မှာ  ပန်းဖျော့ရောင် အရွက်နု သစ် ဝေ တဲ့ အပင်တွေကို လှမ်း မြင်လိုက်ရတယ်။ ကားရပ်ပေးဖို့ ရို့ စ် လှမ်းအော်လိုက်ချိန်မှာ အတော် လွန်သွားခဲ့ပြီ။ ကား ရပ်တာနဲ့ ရို့ စ် သွက်သွက် ဆင်းသွားပြီး လမ်းအကွေ့ ကို ပြန်လျှောက်သွားတယ်။ ကျွန်မ နောက်က လိုက်သွားတော့ ဆင်ခြေလျော တောင်စောင်းမှာ ပေါက်နေတဲ့ ပန်းနုဖျော့ ကျောက်ခက်တောကို စိမ်ပြေနပြေ ဓာတ်ပုံရိုက်နေလေရဲ့ 

မိုးသားတိမ်တိုက်ကြောင့် ညနေခင်း အမှောင်ရိပ်ဟာ စော ရောက်လာတယ်။ ကိုပါကျဲက ကျွန်မတို့ကို တောင်ကုန်းလမ်းထိပ် အထိ ပို့ ပေးတယ်။ ကျွန်မကို ကားခဘောက်ချာ ထုတ်ပေးဦးနော် ကိုပါကျဲ ဆိုတော့ အေးဆေးပါ ဆရာမ၊ နောက်ရက်မှ ပေးမယ် ပြောရင်း ကားမောင်းထွက်သွားတယ်။ ရို့ စ် ရဲ့ အိမ်က တောင်ကုန်းအမြင့်လေးမှာ ရှိတော့ တက်လာကြရင်း မောလို့ လမ်းတဝက်မှာ ခဏ နားရသေးတယ်။

လေတိုက်ခံလာရလို့ ဖွာ နေတဲ့ ရို့ စ် ရဲ့ မဟော်ဂနီရောင် အသွေးကျကျ အနီရောင် ဆံပင်တွေကို ကျွန်မ အာရုံစိုက်မိတယ်။ မှောင်ရီစ ပြုနေတဲ့ လမ်းကျဉ်းလေးဟာ သူ့ ဆံမျှင်မီးလျှံ ကြောင့် လင်းနေတယ်။

ခြံအဝင်ဝ ခုံတန်းအရောက် သူ ခြေပစ်လက်ပစ် ထိုင်လိုက်တယ်။ ကျွန်မက အိမ်ထဲကို ဝင်သွားပြီး ရေ သောက်တယ်။ သူ့အတွက် တခွက် ကိုင်ပြီး ပြန်ထွက်လာတော့ ကျွန်မဆီက လှမ်းယူတယ်။ ခုံတန်း နောက်မှီပေါ် ခေါင်းတင်ပြီး ကောင်းကင်ကို မော့ကြည့်လိုက်တယ်။ မိုး တိမ်တိုက် တွေကြောင့် ကောင်းကင်ဟာ မှိုင်းမှုန်မှုန်။ ညနေကြယ်လေး တလုံးတလေကိုပင် မမြင်ရ။

‘မစု ညကျရင် ဆေးရုံရှေ့  လက်ဖက်ရည်ဆိုင်ကို သွားရအောင်။’

‘ညဘက် ဆိုင်ကယ်စီးရင် အေးလွန်းလို့ အပြင်ကို မထွက်ချင်ဘူး။ ဆေးရုံရှေ့ ဆိုင် ဘာလို့ သွားချင်… အော် သိပြီ ။ ဟင်း ဟင်း။’

နွေရာသီ လူငယ် သင်တန်းမှာ လာရောက် ကူညီပေးသူ ဆရာဝန်တယောက် နဲ့ သူ အကျွမ်းတဝင် ဖြစ်လာတာကို ကျွန်မ သိထားပြီးသား။

‘ဘာလဲကွာ… ကောင်မလေး။ အိမ်ခေါ်လာ မိတ်ဆက် ပေးလေကွာ။’

‘အဲလို အဆင့် မရောက်သေးပါဘူး။ နည်းနည်း ရင်ခုန်နေတော့  ဖြစ်နိုင်ခြေ အလားအလာ ကို တွက်နေတာ။’

သူ့ မျက်နှာ ရွှင်ချိုချို ကို ကြည့်ရင်း ကျွန်မ ပြုံးမိတယ်။

မဖြစ်ရင်ကော လို့ ကျွန်မ ပြောတော့ ရို့ စ် ဖြေပုံက သင်းတယ်။ မဖြစ်ရင် ဒိုး လိုက်ပေါ့ တဲ့။

စိတ်မရှုပ်ဘူးလား ရို့စ် ရယ် လို့ ကျွန်မက မေးလိုက်တော့….

‘ကျနော်က စိတ်ရှုပ်စရာ တမင်ရှာဖွေ နေတာမှ မဟုတ်တာ။ ဒီလိုပဲ သွားလာရှင်သန်ရင်း ရင်ခုန်စရာနဲ့ တွေ့ တော့ ခုန်မိတာပဲ။ ချစ်စိတ်ဝင်လာရင် ချစ်မှာပဲ။’

အသည်းကွဲပြီး လူးလှိမ့်နေတာလဲ ထည့်ပြောလေ လို့ ကျွန်မက ဆိုတော့ ……

‘ဟုတ်တယ်လေ။ ကွဲချိန် ကျနော် ငိုရတယ်။ နောက်တော့ ပြီးသွားတာပဲလေ။ ခု ကျနော်မှာ ရင်ခုန်စရာ ရှိလာတော့ ကျနော် ခံစားလိုက်တာပဲ။ သဘာဝအတိုင်း သူ့ အပိုင်းအခြား နဲ့ သူ ရှင်သန်တာလေ။ တခြားလူတွေလည်း ဒီလိုပဲ နေထိုင်ကြတာ။ မဟုတ်ရင် ကိုယ့် နုပျိုချိန် ကို နှမြောစရာ။’

‘ပျိုမြစ်နုနုယ်မှုဆိုတာ ခိုင်မြဲတာမှ မဟုတ်တာ။ နှမြောစရာရယ်လို့ မထင်ပါဘူး။’

‘ဟုတ်တယ်။ မခိုင်မြဲလွန်းလို့ ပို နှမြောတာ။ အချိန်ကာလ အပိုင်းအခြားလေးတခုမှာသာ နုပျိုခွင့် ရှိတာနော်။ အဲဒီ ကာလမှာ ငယ်ရွယ်သူ ပီပီ နေရမှာ မစုရဲ့ ။ နှမြောတသ ဗောင်ရောင်း တော့ မဖြစ်ချင်ပါဘူး။’

‘ဘာလဲ ဗောင်ရောင်း’

‘မစု ကြိုက်တယ်ဆိုတဲ့ ပန်းလေ။ နွေဦးမှာ ပွင့်တဲ့ ခရမ်းရောင် စွယ်တော်ရိုင်းတွေ။’

ရို့ စ် က ကဗျာတပိုင်းတစ ကို ထ ရွတ် တယ်။

ခရမ်းနီရင့်သွေး၊ ဗောင်ရောင်း
ထင်ပေါ်လွန်းလှပေ
ညှိုးရော်ရွက်ဝါတို့ကြား
ထင်ပေါ်လွန်းလှပေရဲ ထင်ပေါ်လွန်းလှပေ
နွေလွန် နွမ်းရိ ရွက်ညိုတို့ဆီ
အစွမ်းကုန် မြူးထူး ပွင့်အာနေတဲ့  နှောင်းပန်း
နှမြောတသ ဖြစ်မိပေါ့ ဗောင်ရောင်း(ရယ်)
နှမြောတသ ဖြစ်မိပေါ့။
မြူးထူးနေရှာ၊ မြူးထူးနေရှာ၊
နွမ်းရိ ရော်ရွက်ဝါညိုတို့ ဆီမှာ။ 

‘ အိုင်းဒီး ရဲ့  နှမြောတသ ဗောင်ရောင်း တဲ့ ။ ကျနော် အဲဒီ ကဗျာ ဖတ်တိုင်း လူ့ ဘဝရဲ့  ကာလ အပိုင်း အခြား အလိုက် ကွက်တိဖြစ်မှု ကို တွေး မိတယ်။ သူ့ အချိန် နဲ့  သူ မပွင့်ခဲ့ရင်၊ မရှင်သန် ရင် နှမြောတသ ဖြစ်ရတယ်။ ဟို စာချိုး ရှိတယ်လေ… ချိန်ခါမလင့် ပန်းနှယ် ပွင့် ဆိုလား… ဟား…ဟား ။’

ရို့ စ် က ပြောရင်း ရွှင်ရွှင်ပြပြ ရယ်မောလိုက်တယ်။

ဒီ ရေမြေ မှာ ကျင်လည်နေထိုင်တာ ကြာလာတာနဲ့ အမျှ ကျွန်မ နှမြောတသ ဖြစ်ရတဲ့ အရာတွေကို မျက်ဝါးထင်ထင် မြင်လာရတယ်။ ကျွန်မရဲ့  နှမြောတသပန်း အကြောင်း ကြားရင် သူ ဒီလို ရယ်နေနိုင်မှာ မဟုတ်ဘူး။  ဒီဒေသက လူတွေ နေ့တိုင်းလိုလို ထင်းအဖြစ် သုံးပြီး မီးရှို့ နေရတဲ့ သစ်တောစိမ်းစိမ်းတွေ၊ အမျိုးအမည် စုံလင်လှတဲ့ သစ်ခွ ရောင်စုံတွေ၊ ထင်းရှုးတောထဲက အရိုင်းပန်းတွေ၊ တောလုံးလင်းဖြာ ပွင့်ကြတဲ့ စွယ်တော်ရိုင်း နဲ့ ပန်းချယ်ရီတွေ။

‘တို့ ရဲ့  နှမြောတသပန်း က ဒါတွေ ရို့ စ်ရဲ့။ ဒီလောက် လှတဲ့ တောတောင်ရေမြေကို ဒီအတိုင်း ကြည့်နေရပြီး ဘာမှ အသုံး မချနိုင်တာကို နှမြော တာ။ ရိုးရာထုံးစံတွေနဲ့ သဘာဝ အတိုင်း ရှိနေတာလေး ကြည့်ပါ ခံစားပါ လို့ လာလည်တဲ့ သူတွေကို ဆွဲဆောင်လို့ ရတယ်။ အခု ရှင် ဂျပ်ခုတ်သမား တွေ စုပြီး အထည် ရက် နေတာ၊ အဲဒါ ခေါ် ပြ ရုံ နဲ့တင် အလုပ် ဖြစ်တယ်။ ဒါပေမဲ့ ဒီကို လွယ်လွယ်ကူကူ လာနိုင်ဖို့ လမ်းပန်း ဆက်သွယ်ရေး။ ရေ၊ မီး နဲ့ အခြေခံ လိုအပ်ချက်တွေ။ ဒါတွေ ရှိမှ ဖြစ်မှာ။ သိနေမြင်နေရက်နဲ့ မလုပ်နိုင်ကြတာ စိတ်ထဲ နင် တယ် ရို့ စ် ရဲ့ ။’

‘ကျနော်ကကော မနင်ဘူး ထင်လို့လား။ ကျနော် သိသလောက် တချို့ နေရာမှာ လုပ်နေကြတာ ဒေသခံတွေ မဟုတ်ဘူး။ ဆုံးဖြတ်ပိုင်ခွင့် လုပ်ပိုင်ခွင့်ဟာ ဒီကလူ တွေ လက်မှာ မရှိဘူး။ ဒီတော့ အခုလိုမျိုး ဟိုကလှု ဒီကကူ ဖြစ်နေရတာ။ မစု လဲ ဒါကြောင့် ဒီကို ရောက်လာတာလေ။’

‘ဟုတ်တယ်။ တို့ လဲ သူများတိုင်းပြည် တောင်ပေါ်ဒေသတွေကို ပိုက်ဆံ သွားပေးပြီးမှ ဒီကို ရောက်ဖူးတာ။ ဒါတောင် အလုပ်ကိစ္စနဲ့ မို့ လာဖြစ်တာနော်။ သူများနိုင်ငံတွေ သဘာဝအတိုင်း နဂို ရှိရင်းစွဲလေး မပျက် အောင် ထိန်းသိမ်းထားရုံနဲ့ စီးပွားဖြစ်နေကြတာ။’

‘အင်း။ ကျနော် မစု ကို  ပြောဖို့ မေ့နေတာ ရှိသေးတယ်။ ကျနော်တို့ ဓာတ်ပုံရိုက်ထားတဲ့ ရှုခင်းသာ က ကျောက်စာတိုင်တွေကို ဖြို ပစ်လိုက်ပြီ။ အဲနေရာမှာ မြို့ သာယာရေးအဖွဲ့ က စတီး လက်ရန်းတွေနဲ့ အကုန် ကာ ပစ်လိုက်ပြီ။’

မျိုးနွယ်စု တစ်ခု ရဲ့ ကိုယ်ပိုင် သင်္ကေတ အဖြစ် ထားရှိခဲ့တဲ့ ကျောက်စာတိုင်တွေကို လွယ်လင့်တကူ ဖျက်ဆီး ပစ် နိုင်တဲ့ အသိအမြင် မဲ့ စိတ် ကို ထိတ်လန့်တကြား ဖြစ်ရတယ်။ နှစ်ပရိစ္စေဒ ကြာညောင်းလှတဲ့ ကျောက်စာတိုင်ရဲ့ တန်ဘိုးအမှန်ကို သိမြင်သူ မရှိကြတော့ဘူးလား။ 

စတီးလက်ရန်းကို ကြည့်ဖို့တော့ ဘယ်ဧည့်သည်ကမှ မိုင်ထောင်ချီ အပင်ပန်းခံပြီး လာမှာ မဟုတ်ဘူး လို့ ကျွန်မ ပြောလိုက်တော့ ရို့ စ် က ကျနော် သိတယ် ဖြေကာ စိတ်ပျက်လက်ပျက် ဟန်နဲ့ ခေါင်းခါတယ်။

ကျောက်စာတိုင် ဖြိုချမယ့် ဆုံးဖြတ်ချက်ကို ဟန့်တားနိုင်တဲ့ အင်အား ကျွန်မ မှာ မရှိသလို ရို့ စ် ထံမှာလည်း ရှိ မနေပါ။

ကျွန်မ ရော သူပါ သက်ပြင်းကိုယ်စီ ချ လိုက်တယ်။ ကောင်းကင်မှာ အလင်းရောင် ပျောက်ကွယ်ပြီး သိသိသာသာ မှောင် လာပြီ။ လေထုထဲ မိုးငွေ့ ပါလာတယ်။ ဒီည မိုး မများပါစေနဲ့။ လမ်းပန်း အဆက်အသွယ် ပြတ်သွားရင် ဒီအရပ်ဟာ စွန့်ပစ်ခံလိုက်ရတဲ့ အခြေအနေမျိုး အထိ ဆိုက်ပေါင်း များပြီ။ ဆုတောင်းရုံကလွဲလို့ တခြား ရွေးချယ်စရာ မရှိတဲ့ နေ့တွေ ညတွေ ရှည် လှပြီ။ ကျွန်မ နင် တယ်ဆိုတာ ကိုပါကျဲ တို့ ရို့ စ် တို့ နဲ့ စာရင် ပမာဏ နည်းပါတယ်။ ခဏတဖြုတ် လာသူတွေ စာနာတယ်ဆိုတာကလည်း အရှိန် တက်တုန်း ခဏပါ။ ဒီက ခွာပြီး ကြာလာရင် ကျွန်မလဲ အမေ့မေ့ အလျော့လျော့ ဖြစ်သွား အုန်းမှာပဲ။ ဒါကြောင့် ရို့ စ်ဟာ သူ့ ရင်းမြစ်ဆီကို ပြန်လာခဲ့တာပဲ။ ဒီက အသံကို ဘယ်လောက်အထိ ကြားအောင် သူ လွှင့် နိုင်သလဲ။ သူနဲ့ အတူ ဘယ်သူတွေ ပြိုင်တူ လွှင့် နိုင်သလဲ။ ပန်းနွယ်ရိုင်း နှင်းဆီ ရှင်သန်လှုပ်ရှား ရမဲ့ ခရီးက ရှည်လျားတယ်။ ကြံ့ကြံ့ခံထားပါ ရို့ စ်ရေ။ ကျွန်မ က အားပေးရုံ တော့ တတ်နိုင် ပါသေးတယ်။

အတန်ကြာတော့ ရို့ စ် က ခုံတန်းပေါ်က ထ သွားပြီး ပန်းနွယ်နှင်းဆီအပင် ကို သွားကြည့်နေတယ်။ ကျွန်မ ရေခွက် ယူပြီး အိမ်ထဲမှာ သွားထားတယ်။ မျက်နှာသစ်ဖို့ ခြံထဲက ရေတိုင်ကီ ရှိရာကို ပြန်ထွက်လာတယ်။ ဖလားထဲက ရေ ဟာ ရေခဲရေတမျှ အေးစက်နေပြီ။

ရို့ စ် ဟာ နှင်းဆီပင် ဘေး ရပ်နေတုန်းပဲ။  သီးမစ်လွင်ပြင်သူ ပန်းရိုင်းနှင်းဆီပင်ဟာ  အညွှန့်တွေ လူ လာပြီး ချည်နှောင်ထားတဲ့ ဝါးခြမ်းဆီက ရုန်းထွက် နေကြပြီ။ အမိုးခုံးလေးဆီ ရောက်ဖို့ ကြိုးတွေ နဲ့ ထပ် ချည်နှောင် ရအုန်းမယ်။

(၃)

နောက်ဆုံး စာရင်းသွင်းချက် ရိုက်ထည့်ပြီးတာနဲ့ ကျွန်မ ကွန်ပြူတာကို ပိတ်လိုက်တယ်။ ဖုံ အခင်းထူထူ ပေါ် လှဲ အိပ် လိုက်တာ့ ပကတိ သန့်သန့်စင်စင် အပြာရောင် ကောင်းကင်ကို မြင်ရတယ်။ တိမ်မျှင် တစတလေမှ မတွေ့ရဘူး။  ကောင်းကင် ဟာ လွင် နေအောင် ပြာ ­­တယ်။ ဒီည ပိုအေးမှာပဲ။

ဝရန်တာ ဒေါင့် မှာ ဆင်ထားတဲ့ ဂျပ်ခုတ် ရှေ့ က ရို့ စ် ကို ငဲ့ စောင်း ကြည့်လိုက်တယ်။ သူ ဒီအထည်ကို ယက်နေတာ အတော်ကြာပြီ။ အနီ နဲ့ အစိမ်း ဖောက်ထား တော့ ခရစ်စမတ် အရောင်အသွေး ဆန် နေတယ်။ ဒီတလောမှာ ရို့ စ် ဟာ တခုခုကို အတွေးနက် နေဟန်နဲ့ ငြိမ်ငြိမ်ဆိတ်ဆိတ် ဖြစ်နေတယ်။ လေပြည် တိုက်လာတဲ့အခိုက် ရို့ စ် ရဲ့ နက်မှောင်တဲ့ ဆံနွယ်တွေ ကောင်းကင်ပြာ ထဲ လွင့် ပျံ ဝဲ သွားတယ်။ သူ ဆံပင် အနက်ရောင် ပြန်ဆိုးလိုက်တာ ပိုမို ကြံ့ခိုင်တဲ့ ဟန် ပေါက် တယ်။

‘ခဏ မနားချင်ဘူးလား ဟေ။ လက်ဖက်ရည်ဆိုင် သွားရအောင်။’

ရို့ စ် ဟာ သူ့လက်ထဲက ဖြူ ဆူး ကို ခွက်လေးထဲ ထည့်လိုက်ပြီး ခါးဆန့် လိုက်တယ်။ ချည်ပင် ရေ ရာ မှာရော၊ ညီအောင် ညှိ တဲ့နေရာမှာပါ သုံးတဲ့ ဖြူ ဆူးဟာ ဂျပ်ခုတ်သမားတွေ ရဲ့ လက်နဲ့ ထိ ဖန် များပြီး အရောင်တောက်ပ နေတယ်။ ရို့ စ်က ဂျပ်ခုတ် ယက်နေရင်း သူ့ ဆံပင်မှာ ထိုးထားတတ်တော့ တန်ဘိုးကြီး ကနုကမာ ဆံထိုးလိုလို ထင်မြင်ရတယ်။

လက်ဖက်ရည်ဆိုင်ဘက်ကို ဆင်းသွားတဲ့ မြေနိမ့် ချိုင့်ဝှမ်း ဟာ ဆိုင်မရောက်ခင် လမ်းနှစ်မြွာ ခွဲထွက် သွားတယ်။ လမ်းဘေး တဘက်တချက်မှာ ပန်းပွင့်ဖြူဖြူလေးတွေ တော ထ အောင် ပွင့်လို့ ။ ကျွန်မက ဆိုင်ဘက် သွား တဲ့ လမ်းသွယ်လေး ထဲ ချိုး ဝင် လိုက်တယ်။ နောက်က လိုက်လာတဲ့ ခြေသံ ပျောက်သွားလို့ ပြန် လှည့်ကြည့်လိုက်တော့၊ လမ်းနှစ်သွယ် ထိပ်မှာ ရို့ စ် ရပ်နေတာ မြင်ရတယ်။ အတန်ကြာကြာ ရပ်နေပြီးမှ သူ ဆက် လျှောက် လာတယ်။

‘မစု ကျနော်ကို စာရင်း နည်းနည်း ကူ လုပ် ပေးခဲ့ဦး။ ဘတ်ဂျတ် မလောက်လို့ ကျနော် အတော် ထိ နေတယ်။’

ရို့ စ် ရေနွေးခွက်ကို ကျွန်မရှေ့  ပို့လိုက်ပြီး စကား စ တယ်။

‘အေး။ လုပ်ပေးမယ်။ ငွေ မလည်ပြန်ဘူးလား။’

‘ဟုတ်တယ်။ အထည် ထဲ ရင်းထားတဲ့ ငွေ မြုပ်နေလို့ ကျနော် အသက်ရှု ကျပ်နေတယ်။ ခေါ်ထားတဲ့ ဂျပ်ခုတ်သမားတွေကို လခမှန်မှန် ပေးဖို့တောင် ခက်တယ်။’

‘ဂျပ်ခုတ်အထည်က ဈေးကြီးပြီး တထည် ရဖို့ ကြာတယ်လေ။ ဈေးသက်သက်သာသာ နဲ့ ရောင်းနိုင်ဖို့ နည်း ရှိလား။’

‘ကျနော့် ဒီဇိုင်းတွေကို ခိုးပြီး စက်နဲ့ ယက်တဲ့ လူတွေက ဈေးပေါပေါနဲ့ ရောင်းနိုင်တယ်။ လက်ယက် ကတော့ မရောင်းနိုင်ဘူး မစု။’

‘နောက်ပြီး ရှေးလက်ရာတွေ ကျနော် လို ချင်တာလေ။ အဲဒါ ကျနော် အမျိုးတွေဆီကတောင် ဝယ်ဖို့ မလွယ်ဘူး။ သူတို့ ပိုင်ဆိုင်တဲ့ အကောင်းဆုံး အထည်ကို ကွယ်လွန်ချိန် မှာ တခါတည်း မြေမြုပ်ဖို့ သိမ်းထားကြတာ။ ဒါကို စုဆောင်းပြီး ကျနော်အိမ်မှာ ပြ ထားချင်တာ။ မရဘူး ဖြစ်နေတယ်။ အင်း….အခုနေ
သူတို့ ရောင်းမယ်ဆိုရင်တောင် ကျနော် မှာ အပိုသုံးဖို့ ငွေ မရှိဘူး။ ’

‘ရှေးလက်ရာ စုဆောင်းဖို့ အတွက် သတ်သတ် ခေါင်းစဉ်တခုထားပြီး ရန်ပုံငွေရှာရင်ကော’

‘အင်း ကျနော် နည်းလမ်း ရှာကြည့်အုန်းမယ်’

ရို့ စ်ကို ကြည့်ရတာ မလန်းဆန်းဘူး။ ကျွန်မ ချစ်ခင်နှစ်လိုတဲ့ ပန်းနွယ်နှင်းဆီ ကို စိတ်ပျက်လက်ပျက် အခြေအနေ နဲ့ အားလျော့နေတာ မမြင်ချင်ပါဘူး။

‘ရို့ စ် မနက်ဖြန် ကိုပါကျဲ ကား ခေါ်ပြီး ချယ်ရီတွေ ပွင့်နေတာ ဓာတ်ပုံ သွားရိုက်ရအောင်။’

ရို့ စ် လေးတွဲ့တွဲ့ ဟန် နဲ့ ခေါင်းငြိမ့်တယ်။ မနက်ဖြန်တော့ ပြာသော ကောင်းကင် အောက်မှာ သူ ကြည်သာ ရွှင်ပြ ဖြစ်လာမှာပါ။ ရို့ စ် ဟာ တာရှည် စိတ်ပျက်ဝမ်းနည်း အားငယ်တတ်သူ မဟုတ်ဘူး။

ဆောင်းဦးပေါက်ရာသီ ကောင်းကင်ပြာအောက်မှာ ချယ်ရီပင်ဟာ ပင်လုံးကျွတ် ပွင့်နေတယ်။ ချယ်ရီပင်နံဘေးမှာ ယာတဲလေး တခု ဆောက်ထားတာ ရှိတယ်။ အနိမ့် ချိုင့်ဝှမ်းထဲက လှေခါးထစ် စိုက်ခင်းတွေ မှည့်ဝင်းပြီး ရွှေရောင် တောက်ပ နေပြီ။ ရို့ စ်က ခပ်လှမ်းလှမ်းက လမ်းကွေ့လေးဆီ လျှောက်သွားပြီးမှ ယာတဲ နဲ့ ချယ်ရီပန်းပင်ကို ဓာတ်ပုံ ပြန်ရိုက်တယ်။ သူ့ ကင်မရာထဲက မြင်ကွင်းဟာ ရင်သပ်ရှုမောဘွယ်ရာ။ တောင်တန်းပြာ၊ ကောင်းကင်ပြာ၊ ရွှေရောင် လှေခါးထစ် စိုက်ခင်းများ၊ ပင်လုံးညွှတ် ပန်းချယ်ရီ နဲ့ ယာတဲလေး။ စိတ်နှလုံးထဲ အမြဲ စွဲမြဲ နေမဲ့ သဘာဝ ပန်းချီကားချပ်ပဲ။

တတောလုံး တတောင်လုံး လှိုင်လှိုင် ပွင့်ကြတဲ့ ချယ်ရီတွေကို တောင်တန်းနေသူတွေ ကြည်လင်ဝမ်းမြောက် တဲ့ စိတ်နှလုံးနဲ့ ကြည့်ရှု ခံစားနိုင်ခွင့် ရှိကြရဲ့လား လို့ အတွေး ဝင်လာတယ်။ ကုန်လွန်ခဲ့တဲ့ မိုးရာသီ သဘာဝဘေးကြောင့် ကုန်းမြေမြင့် ဘဝတွေ အိမ်ယာတွေ ဖရိုဖရဲ ဖြစ်ခဲ့တယ်။ ဆိုးရွားတဲ့ မြေပြိုမှုကြောင့် ကိုယ့် ခြံမြေ ကို စွန့်ခွာရသူများဟာ ဒီဆောင်းဦးမှာ ပွင့်တဲ့ ချယ်ရီကို ဘယ်လို စိတ်နှလုံးနဲ့ ကြည့်ကြ မှာပါလိမ့်။ ကျွန်မ အတွေးကို အမေးအဖြစ် ပြောင်းလိုက်တော့ …..

‘မနက်တိုင်း ခေါင်မိုးထပ်ကနေ သူတို့ နေရာချ ပေးလိုက်တဲ့ ရပ်ကွက်သစ်ကို မြင်နေရတာ။ မြင်တိုင်း ကျနော် စိတ် မချမ်းသာဘူး။ နေရာ ပြန်ချပေးရင် တကယ့်ကို စနစ်တကျနဲ့ မြို့အကွက် ပုံစံ ရှိ စေချင်တယ်။ နောက်ထပ် သဘာဝ ဘေး ဖြစ်လာရင် ထိခိုက်မှု အနည်းဆုံး ဖြစ်အောင် လုပ်ထားပေး စေချင်တာ။ ကယ်ဆယ်ရေး စခန်း မှာတုန်းက ပြောခဲ့တာက တမျိုး။ နောက်တော့ ပြောင်း ပြောင်း ဆိုပြီး အတင်းအကျပ် ပို့လိုက်တဲ့ နေရာဟာ ကတိ ပြုခဲ့ သလိုမျိုး မဟုတ်ဘူး။’

ရို့ စ် က မကျေမချမ်း နဲ့ ဖြေ တယ်။

‘ဒီမြို့ ကို အဝေးက ပြန်ကြည့်ရင် သိပ်လှတယ်။ ချယ်ရီပွင့်ရင် ပိုလှတယ်။ အခြားတောင်ပေါ်မြို့တွေမှာလဲ ချယ်ရီ ရှိတာပဲ။ ဒါပေမဲ့ ကောင်းကင်ပြာပုံ မတူဘူး။ ဒီက ကောင်းကင် ဟာ တကယ့်ကို ရာနှုန်းပြည့် ကြည်စင်တဲ့ အပြာ။ ချယ်ရီပန်းပွင့်နဲ့ သိပ် လိုက်ဖက် တာ။ ဒါပေမဲ့ ဖျက်နေတာက အိမ်တွေ။ ဆောက်ထားတာ ဟိုဘက်လှည့် ဒီဘက်လှည့် နဲ့ ကြည့်လို့ မကောင်းဘူး။ တောင်ပတ်လမ်းတွေကို စနစ်တကျ ဖောက်ပြီး အစီအရီ အကွက်ချ ဆောက်။ လမ်း တဘက်တချက် မှာ ချယ်ရီပန်းပင်တွေ စီတန်း စိုက်လိုက်ရင် တော်တော့် ကို လှမှာ။ လက်ရှိ မြို့ က အရင်ကတည်းက ဒီလို တည်ဆောက် ပြီးသားမို့ ထားပါတော့။ အခု မြို့ သစ် နေရာ ကို သေချာ လုပ်သင့်တာ။’

‘အင်း။ ကယ်ဆယ်ရေး စခန်းမှာ သွား ကူ နေတုန်းက ကျနော်တို့ရဲ့ ဆန္ဒ ကို အသေအချာ ပြောခဲ့သေးတယ်။ ဖြစ်မလာခဲ့ဘူး။ တခါတလေ ကျနော် ကိုယ် ကျနော် အားမရဘူး။ တချို့ ဟာတွေ ဒီအတိုင်း မျက်စိမှိတ် ကြည့်နေရတာမျိုး ဖြစ်နေတယ်။’

‘ရှင် လုပ်နိုင်တာ အကန့်အသတ် ရှိတာကိုး ရို့စ် ရယ်။ ဒီအတွက် ကိုယ့် ဘာသာ အပြစ်မတင်နဲ့။’

အိမ်ပြန်လမ်းတလျှောက်မှာ ကျွန်မတို့ နှစ်ယောက်စလုံး တိတ်ဆိတ်နေကြတယ်။

အိမ်ရောက်တော့ ရို့ စ် ဟာ အောက်ထပ်က သူ့ ဂျပ်ခုတ်သမားတွေဆီ ဆင်းပြီး အလုပ် လုပ်နေတယ်။ ကျွန်မ ညနေစာ ချက်နေချိန် သူ မီးဖိုခန်းထဲ ရောက်လာတယ်။ စားပွဲမှာ ဝင် ထိုင်လိုက်ပြီး…..

‘မနက်ဖြန် ဘုရားကျောင်းက အပြန် ကျနော် ဧည့်သည် ခေါ်လာမယ်။ မစု နေ့လယ်စာ စီစဉ်ပေးမလား။’

‘ရတယ်။ ဧည့်သည်က ဘယ်နှစ်ယောက်လဲ။’

တယောက်တည်းပါ လို့ ရို့ စ် က ဖြေတယ်။ ကျွန်မ က လှီးလက်စ ကြက်သွန်နီကို အသာချပြီး သူ့ ကို ဖျတ်ကနဲ ကြည့်လိုက်တော့ ရို့ စ် က ဟုတ်တယ် ဟိုတယောက် လို့ အတည်ပြုတယ်။

သူ မစားတာ ဘာရှိလဲ လို့ မေးလိုက်တော့ မရှိဘူး လို့ ပြန်ဖြေတဲ့ ရို့ စ် အသံက ခပ်တိမ်တိမ် နဲ့ ။

အခြောက်အခြမ်း ဘာရှိသေးလဲ မသိဘူး။ မနက်တော့ ဈေးသွားမှ ဖြစ်မယ်လို့ ကျွန်မ ပြောတော့ သူ ခေါင်းငြိမ့်တယ်။ မစု ပြီးရင် ခြံထဲ ဆင်းလာနော် လို့ ပြောပြီး ထွက်သွားတယ်။

ကျွန်မ ခြံထဲရောက်တော့ အပင်တွေကို မြေဆွ ပေးနေတဲ့ ရို့ စ်ကို တွေ့ ရတယ်။ သူ့ ဆံပင်ရှည်ရှည်တွေကို ခေါက်တင်ထားပြီး ဆံထိုး တခု နဲ့ ထုံး ထားတယ်။ နက်မှောင်တဲ့ ဆံနွယ်တချို့ ဘေးကို ကပိုကရို ကျလို့။

ပန်းပင်တွေနဲ့ အလုပ်ရှုပ်နေတဲ့ ရို့ စ် ဆီ မသွားဘဲ ခြံအဝင်ဝ ခုံတန်းပေါ် သွားထိုင်နေလိုက်တယ်။ ခြံ ဝင်းထဲ ပြေး ဝင်လာတဲ့ ဆောင်းလေ ဟာ ချမ်းစိမ့်စိမ့် နဲ့ ။  ဘုရားကျောင်းက ခေါင်းလောင်းသံဟာ အေးစက်လေထု ထဲ လေးတွဲ့တွဲ့ လွင့်ပါး လျက်။ နှစ်သစ်ကူး ရာသီ နီးလာပြန်ပြီ။

သူ့ အလုပ်ပြီးတော့  ရို့ စ် ကျွန်မ အနားရောက်လာတယ်။ ခုံတန်းပေါ် မထိုင်ဘဲ ကျွန်မ ရှေ့ ရပ်ကာ….

‘မစု။ သူ က လက်ထပ်ဖို့ ပြောနေတယ်။’

‘အင်း။ အိမ်ခေါ် လာမယ်ဆိုကတည်းက တခုခုပဲလို့ ထင်နေတာ။’

ရို့ စ် ဟာ ကျွန်မ ရှေ့ မှာ ခေါက်တုံ့ ခေါက်ပြန် လျှောက်နေတယ်။

‘ကျနော်တို့ စ တွဲ နေကတည်းက သူ ပြောနေတာ။ ကျနော်ကသာ သူ နဲ့ ဘယ် အဆင့် အထိ အတူ သွားနိုင်လဲလို့ မရေရာသေးတာ။ အိမ် ထမင်းဝိုင်းမှာ သူနဲ့ အတူ စားရင် စိတ်ထဲ ဘယ်လိုနေမလဲ သိချင် နေတယ်။’

သူ ဘာကို အတည်ပြုချင်နေလဲ ဆိုတာ ကျွန်မ ရိပ်စားမိတယ်။ တမိုးအောက်မှာ အတူ ယှဉ်လျက် ရှင်သန်ကြဖို့ လူသားနှစ်ဦးအကြားမှာ ထူးခြားတဲ့ ညီညွှတ် ဆက်နွယ်မှု ရှိရတယ်။ လက်ဆုံ စားချိန်မှာရော တိုးဝှေ့ အိပ်ချိန်များမှာပါ၊ စိတ် သက်သောင့်သက်သာရှိမှု၊ လုံခြုံစိတ်ချမှု နဲ့ စိတ်နှလုံး ရင်းခြာမှု ရှိနေဖို့ လိုအပ်တယ်။

‘သူ ဆေးရုံ ပြောင်းရမယ်။ အဲဒါ မသွားခင် လက်ထပ်ပြီး သူ့နောက် လိုက်ခဲ့ဖို့ ပြောနေတာ။ ကျနော် အရင်က မိသားစု နဲ့ အတိုက်အခံ လုပ်ပြီး ဒီကို ပြန်လာခဲ့တာ။ သူ့အလုပ် အရေးကြီးသလို ကျနော့် အလုပ်လဲ အရေး ပါတာပဲ။  ကျနော့် လုပ်လက်စ တွေ ကို ထားပြီး သူ့ နောက် လိုက်သွားရတာမျိုး အဖြစ်မခံနိုင်ဘူး။’

‘အဖြစ် မခံနိုင်တာလား။ အပြော မခံနိုင်တာလား။’

‘ဟင်’

‘တကယ်ကို အဖြစ် မခံနိုင်တာလား။ အပြော မခံနိုင်တာများ ဖြစ်နေမလား ကိုယ့်ဘာသာ ပြန်စဉ်းစားဦး’

‘ကျနော့် စိတ်တွေ ရှုပ်ထွေးနေတာပဲ။ ကောင်းကောင်း မစဉ်းစားနိုင်ဘူး ဖြစ်နေတယ်။ ကျနော့် ဆုံးဖြတ်ချက် မှားမှာကို စိုးနေတာ’

‘မှားတယ် မှန်တယ်ဆိုတာ အတိအကျ မရှိပါဘူး ရို့ စ်ရယ်။ အချိန်ကာလ အပိုင်းအခြား တခုမှာ မှားတယ် ထင်တာတွေ နောက်အပိုင်းအခြား ရောက်ရင် မမှားဘူး ဖြစ်နေတတ်တာ။ ဘယ်လို ရလဒ်ထွက်လာလဲ။ သူတပါးကို ထိခိုက်မှု ဘယ်လောက်ရှိသလဲကိုပဲ ပြန် ကြည့်ပြီး နောက်မှ ပြောကြရတာ။’

‘အဲဒါပဲ။ ကျနော့် ဂျပ်ခုတ်သမားတွေကို ဒီအတိုင်း ထားခဲ့ရင် ပြိုကွဲ သွားမှာ။ ဒီ အဆင့် ရောက်လာအောင် ကျနော် ဘယ်လောက် လုပ်လာခဲ့ရသလဲ။ တယောက်ချင်းစီ လိုက်တွေ့ ပြီး၊ စည်းရုံးထားရတာ မစု သိ ပါ တယ်။’

သူ့ သက်ပြင်းရှိုက်သံ က လေထုထဲ ပြန့် သွားတယ်။

ကျွန်မ သူ့ လက်ကို လှမ်း ကိုင်လိုက်ပြီး အသာအယာ ဖြစ်ညှစ် ပေးလိုက်တယ်။

‘ရို့ စ် တခါက ပြောဖူးတယ်နော်။ ငယ်ရွယ်နုပျိုမှုဆိုတာ မခိုင်မြဲဘူးလို့။ အဲဒီလိုပဲ။ လူတယောက်ရဲ့ အားထုတ်နိုင်စွမ်းဟာလည်း မတည်မြဲဘူး။ ငယ်ရွယ်ချိန်မှာ အကြီးအကျယ်လို့ ထင်ခဲ့တဲ့ အရာတွေ အသက်ကြီးလာတော့ သေးဖွဲကုန်ကြတာ။ ငယ်တုန်းမှာ ကိုယ့် အတ္တမာန ဟာ အရေးကြီးနေပြီး အသက်ရလာရင် စိတ်အလိုပြည့်မှု သာယာချမ်းမြေ့မှု ကို ပို အလိုရှိလာတာ။ ရှင့် ဒေါက်တာ နဲ့ အတူ ယှဉ်တွဲပြီး ရှင်သန်နေထိုင်ချင်စိတ် ဘယ်လောက် ရှိသလဲ။ ရှင့် လမ်းဖောက်ထားတဲ့ အလုပ် ရပ်ဆိုင်း သွားတာကို အဖြစ် မခံလိုစိတ် ဘယ်လောက် များသလဲ ကိုသာ ပြန် ဆန်းစစ်ကြည့်ပါ။ ဘယ်လမ်းကို လျှောက်လျှောက်  အကောင်းဆုံးဖြစ်အောင် သွားဖို့သာ အရေးကြီး တာပါ။ နှစ်ခုထဲက တစ်ခု ကို ရွေးတာမျိုး မဟုတ်ဘဲ ဟိုဘက် ဒီဘက် ညှိရင်ကော။’

‘အိမ်ထောင်ပြုပြီး သူက သူ့ အလုပ်ရှိရာ နေ။ ကျနော်က ဒီမှာ ။ အားချိန်မှာ တွေ့ ။ ဒါမျိုးလား။ တချို့ လူတွေ ဒီလို နေထိုင်ကြတာ သိပါတယ်။ သူတို့ အလုပ်တွေက သုံးနှစ်တကြိမ်လောက် ပြောင်းနေရတာ။ ဒီအဖြစ်ကို သူရော ကျနော်ပါ ဘယ်လောက်ထိ သည်းခံ နိုင်ကြ မလဲ။ သူ့ဘက်တော့ မသိဘူး။ ကျနော်ကတော့ မသေချာဘူး။’

‘အချိန်ယူ စဉ်းစားပါဦးကွာ။ ရို့ စ် ဘယ်လိုပဲ ဆုံးဖြတ် ဆုံးဖြတ် တို့ကတော့ ထောက်ခံမှာပါပဲ။’

ကျွန်မကတော့ ရို့ စ် ကို ယုံကြည်သူဖြစ်လို့ ဘယ်လို ဆုံးဖြတ်သည်ဖြစ်စေ၊ သူ့ အတွက် သင့်လျော်တဲ့ လမ်းကို သူ လျှောက်တာလို့ မှတ်ယူမှာပါပဲ။ တချိန်တုန်းကလည်း သူ ဆုံးဖြတ်ခဲ့ပြီးပြီ။ သူ နေထိုင် ရှင်သန်ရမဲ့ ကမ္ဘာ ကို သူ့ဘာသာ တည်ဆောက်ယူခဲ့ပြီးပြီ။ ဒီရေမြေမှာ ရှင်သန်တဲ့ ပန်းနွယ်နှင်းဆီ ဖြစ်မှတော့ ပို၍ ပို၍ လှပ တင့်တယ်ဖို့သာ ယုံကိုးသင့်တယ် မဟုတ်လား။ သူ့ နာမည်ကိုက ပိုမို လှပ ပွင့်လန်းတဲ့ နှင်းဆီ လေ။

ရို့ စ် ဟာ ကျွန်မ ဘေးနား လာထိုင်ပြီး ခေါင်းမော့ လိုက်တယ်။ ဒီကောင်းကင် ကြည်လင် လိုက်တာ လို့ သူ့ ဘာသာ ရေရွတ်နေတယ်။

စိမ်းရွက်နုသစ် ဝေဆာနေတဲ့ ပန်းနွယ်နှင်းဆီပင်ကို ကျွန်မ လှမ်းကြည့်လိုက်တယ်။ နောက်နှစ် နွေဆို ပန်းအဖူးလေးတွေ ဝေနေမှာပဲ လို့ တွေးနေမိတယ်။ အမိုးခုံးလေးဆီ နွယ်တက်ပြီး ပန်းရုံ လေး ဖြစ်လာဖို့ ကတော့ အချိန် ကာလ တခု စောင့်ရ အုန်းမှာပေါ့။

( ဗြာဗြား သို့ ချစ်ခြင်းဖြင့် )
 မြယာ

၂၀၁၇၀၄၂၇

( မိုးမခ မဂ္ဂဇင်း - ဇွန်လ ၂၀၁၇ )