Thursday 20 October 2016

တရွေ့ရွေ့ မှောင်



လှေခါး တဆစ်ချိုးအကွေ့   ရေ စိုရွဲနေသဖြင့် ခြေချော်သွား၍ ခန္ဓာကိုယ် ဟန် ချက် ပျက်ကာ ယိုင်သွား၏။
ဘေး လက်ရမ်းကို အလျင်အမြန် ဖမ်း ကိုင်လိုက်ပြီးနောက် တထစ်ချင်းစီ ဖြည်းညင်းစွာ တက်ရသည်။
အခန်းရှေ့ လှေခါးတဆစ်ချိုးတွင် အလင်းရောင် မရှိ။ မှောင်မိုက်လျက်။

အခန်း တံခါးကို ခေါက်လိုက်လျှင် အပြုံးဖြင့် ကြိုကာ သူ့ အိတ်ကို လှမ်းယူပေးမည့် တစုံတဦး ထွက်လာမည်။ မီးရောင်ဖြင့် လင်းထိန်နေသော အခန်းတွင်းသို့  သူ ဝင်လိုက်ပြီး ပင်ပန်းလိုက်တာ ငါးခြောက်ကြော် ထားရဲ့လား၊ ဗိုက်ကဆာလှပြီ ဟု ညည်းညူပူဆာပြီး တဆက်တည်းမှာပင် ဘုရားပန်းတွေ လှလိုက်တာ ဟု ပြောလေ့ ရှိ၏။

သူ ကျောပိုးအိတ်ကိုဖြုတ်ကာ သော့ကို ရှာသည်။ သံပန်းတံခါး သော့ မှာ သံချေးကိုက်နေပြီး တော်တော်နှင့် ဖွင့်မရ။ သစ်သားတံခါးကို ဖွင့်လိုက်သည်နှင့် မှိုနံ့ ပါသည့် လေ ကို ရှုလိုက်ရသဖြင့် အသက်အောင့် လိုက်သည်။ အလင်းရောင် မရှိသည့် အခန်းထဲသို့ ရုတ်တရက် မဝင်သေးဘဲ သူ စက္ကန့်ပိုင်းမျှ တုံ့ဆိုင်းနေ၏။ ထို့နောက် အခန်းထဲသို့ ဝင်သွားပြီး မိန်းခလုတ် တင်လိုက်သော်  သူ ဖွင့်ထားခဲ့သည့် အိမ်ရှေ့ခန်း မီးချောင်း လင်းလာသည်။ ပြတင်းပေါက်ဆီ အလျင်အမြန် လျှောက်သွားကာ မှန်ချပ်များကို အဆုံးအထိ ဖွင့်လိုက်သည်။ မိုးသက်လေပြည် သုတ်ကနဲ ဝင်လာသည့်အခါ မှ သူ အသက် ပြင်းပြင်း တချက် ရှိုက် ၏။ ခရီး မသွားခင်က သူ ဘုရား ကပ်လှုပူဇော် ခဲ့သည့် ဂန္ဓာမာပန်း အဖြူတို့သည် ပွင့်ဖတ်များ တချို့  ကြွေလျက်၊ တချို့ မှို စွဲကပ်ကာ   ခြောက်သွေ့ညိုမည်းနေသည့် ရိုးတံ တွင် ကပ်လျက် ကျန် ရှိ၏။

အဲဒီအိတ်ထဲမှာ စားစရာပါတယ်။ အခန်းထဲ ယူမသွားနဲ့လေ ဟု ပြောကာ သိုးသိုးသွက်သွက် ထ ၍ အထုပ်ကို    ဖြေ ပြီးလျှင် ဆွမ်းတော်တင်ဖို့ သပ်သပ် ဖယ်ထားပြီးရင် တခါတည်း စားလိုက်ကြ ဟု ပြောသံ တနေရာမှ လွှင့် လာသည်။ ဟိုကောင်လေး အဲဒါ နင့်အတွက်မဟုတ်ဘူး။ အဖေ့ ဖို့ ဝယ်လာတာ။ ငါ့ အိတ် မွှေ မနေနဲ့ ဟု တားမြစ်သံလည်း ထွက်လာပြန်၏။

ဘုရားစင်၊ မီးဖိုခန်း၊ ရေချိုးခန်း၊  ဝရန်တာ မီးခလုတ်များကို သူ တခုပြီး တခု လိုက်ဖွင့်သည်။ အိပ်ခန်းဆီသို့  ပြန်လှည့်လာပြီးနောက် မီးခလုတ် ကို ဖွင့်သည်။ ကပ်ရက်အခန်းသို့ ကူးပြီး ထပ် ဖွင့်သည်။ အစွန်ဆုံး အခန်း၏ မီးကိုပါ  ဆက် ဖွင့်သည်။ လျှပ်စစ် မီးရောင်သည် နေရာအနှံ့ ဖြန့်ကျက်ကာ အခန်းအားလုံး ထိန်လင်း လာသည်။ မှောင်မိုက်ခြင်းသည် ကွယ်ပျောက်ပြီ။ သို့သော်လည်း တိတ်ဆိတ်ခြင်းသည် ကြီးစိုးမြဲပင်။ အိမ်ရှေ့ခန်းသို့ ပြန်ထွက်လာပြီး ရုပ်မြင်သံကြားစက်ကို ဖွင့်၏။ ဘီဘီစီ သတင်းကြေငြာသူကို မြင်ရ၏။  တေးဂီတလိုင်းသို့      ပြောင်း လိုက်ပြီးနောက် အဝေးထိန်းခလုတ်ကို ပြန်ချ လိုက်သည်။ ဆူညံသော သီချင်းသံ ထွက်လာသည့်အခါ အိမ်ရှေ့ခန်းတွင် ချထားသည့် ကျောပိုးအိတ်ကို ကောက်ယူ၍ အိပ်ခန်းဆီသို့ သွား၏။ 

ခေါင်းအုံးစွပ်နဲ့ အိပ်ယာခင်းအသစ် လဲထားပေးရဲ့လား။ အိတ်ထဲမှာ ပလပ်စတပ်နဲ့ ထုပ်ထားတာတွေ အခု လျှော်မှ ရမယ်။ ရေချိုးခန်းထဲ တခါတည်း ထည့်ထားမှ ရမှာ ဆိုသော စကားများသည် အခန်းနံရံများမှ ပဲ့တင်သံ လာသည် ထင်ပါရဲ့။

မီးအားထိန်း ခလုတ် စိမ်းသွားသဖြင့် ရေခဲသေတ္တာ စ တင် အလုပ်လုပ်လာသည့် အသံသဲ့သဲ့ ကြားရလေသည်။ သွားဖွင့်ကြည့်သော်  ပိန့်ရှုံ့ နေသည့် မုန်လာဥနီ နှစ်လုံး၊ ခရမ်းချဉ်သီးတထုပ်၊  ငရုတ်သီးစိမ်းအပုပ်များ၊ ခြောက်သွေ့နေသော နံနံပင် တစည်းတို့ကို  မြင်ရသည်။ ပုပ် အဲ့အဲ့ အနံ့ ရလာ သဖြင့် ချက်ချင်း ပြန်ပိတ်လိုက်၏။ ဒါတွေ ဘယ်လိုဖြစ်လို့ ကျန်နေခဲ့ပါလိမ့်။ ခရီးမထွက်ခင် ဘာမှ မကျန်အောင် သူ ရှင်းခဲ့တာ မဟုတ်ဘူးလား။

နံရံတွင် ကပ်ထားသည့် ရေသန့်ဗူးကြီးမှ ရေတခွက် ဖွင့်ယူကာ သောက်သည်။ ရေ ကုန်ခါနီးပြီ။ မနက်ဖြန် ရုံးမသွားခင် ရေပို့သမား အချိန်မီ လာနိုင်မည် မဟုတ်ကြောင်း တွေးမိသည်နှင့် သူ မျက်မှောင်ကုပ်သွား၏။ ကြောင်အိမ်ကို ဖွင့်လိုက်သည့်အခါ ပိန်လှီနေသည့် ကြက်သွန်နီတချို့ ကို မြင်ရသည်။ ငါးခြောက်များ သိမ်းထားသည့် ဘူးကို ရှာသည်။ တွေ့သော် လှီးဖြတ်ထားသော ငါးယောင်ခြောက် လက်တဆုပ်ကို ရေစိမ် လိုက်သည်။ ထမင်း ချက်ရအုန်းမည်။ ဆန် ကော။ ဆန် ကျန်သေးရဲ့လား။

ဆန်အိုးထားသည့် အကန့်တွင် ရှိနေဆဲ ဘူးကြီးကို ဖွင့်လိုက်ပြီးမှ သတိဝင်လာ၍ ပြန်ပိတ်လိုက်၏။ ဆန် ဒီမှာ မထည့်တာ ကြာလှပြီလေ။ ဆန် ဘယ်မှာ သိမ်းထားသလဲ။ ကြောင်အိမ်ဆီ တဖန်ရောက်လာပြန်လေသည်။  ခေါင်းငုံ့ ရှာသော် အောက်အဆင့်တွင် ပလပ်စတစ်နှင့် ထုပ်ထားသည့် ဆန် အနည်းငယ်ကို မြင်သည်။ မှို နံ့  ရ ချင် နေပြီ။ ဒီ ဆန် တပြည် ဝယ်ထားတာ ဘယ်နှစ်လ ရှိပြီလဲ။ တလ လား။ နှစ်လ လား။
ဒီနေ့ တလစာ ဆန် အပြည် နှစ်ဆယ် ဝယ်မယ်။ ဆီလည်း ကုန်တော့မယ်။  ဈေးကို လိုက်ခဲ့ပေးအုန်း။ ရွှေဘို ထူးထူးရှယ် တပြည်လောက် ဝယ်ပြီး အုန်းထမင်း ချက်စားစို့ ဟု ရွင်ကြည်စွာ ပြောဆိုသည့် ဟန်ကို မြင်လာသည်။ မွေးပျံ့သည့် အုန်းထမင်း ရနံ့ သည် အိမ်သားများ၏ စိတ်နှလုံးကို  ဝမ်းမြောက်စေ၏။ အတူတကွ ရယ်မောသံများ ကြားလိုက်ရသည် ဟု ထင်မြင်လာ၏။

ထမင်ပေါင်းအိုး မီးခလုတ် နှိပ်ပြီးသည်နှင့် ရေစိမ်ထားသော ငါးခြောက်ကို နှစ်ခါပြန် ဆေး၍ ကြော်သည်။ ငါးခြောက်ကြော်အနံ့ သည် မီးဖိုခန်း၏ အောက်သိုးသိုး အနံ့ နှင့်အတူ လုံးထွေးပေါင်းစပ် သွားသည်။ အနံ့ စုပ်သည့် ခလုတ်ကို သူ လှမ်း ဖွင့်လိုက်၏။ ရေခဲသေတ္တာထဲမှ ပုပ်သိုးနေသည့်အရာများကို လွင့်ပစ်သည်။

သူများ ရေချိုးနေတုန်း ငါးမကြော် ကြနဲ့လေ၊ ဒီမှာ မွန်ထူ နေတာပဲ၊ စိတ်တိုတယ်၊ အဲဒီ ငါးခြောက်ကို သူများ အိမ်ပြန်မရောက်ခင် ကြော်ထားကြပါလား၊ တကယ်ပဲ ဟူသော နိုင်လိုမင်းထက် ဆန်သည့် စကားကို အကြိမ်ပေါင်း မရေတွက်နိုင်အောင် ပြောခဲ့လေသည်။

သူ လက်ဆေးပြီး အိမ်ရှေ့ ခန်း ပြန်ထွက်သွားသည်။ ရုပ်မြင်သံကြားပေါ်တွင် ငယ်ရွယ်နုပျို ချောမောသည့် သီချင်းသည်များ အုပ်စုလိုက် ကခုန်နေသည်ကို မြင်ရသည်။  သူ တံမြက်စည်း ကောက်ကိုင်ကာ အမှိုက် စ လှည်းကျင်းလေသည်။ သူ့အခန်း ကုတင်ခေါင်းရင်းတွင် ဖုန်မှုန့်များ ကပ်ငြိနေသည်ကို မြင်ရ၏။ တံမြက်စည်း ကို ချထားလိုက်ပြီး ရေချိုးခန်းဆီသို့ သွား၏။ အဝတ်ရေစို တခုဖြင့် ပြန်လာကာ ဖုန်များကို သုတ်ပစ်လိုက်၏။ အိပ်ယာကို ဖုံးထားသော အဝတ်စကို ဖယ်၍  ခါ သည်။ ခေါင်းအုံးစွပ် နဲ့ အိပ်ယာခင်း ခဏနေမှ လဲမည်ဟု သူ တွေး၏။

အဝတ်ရေစိုကိုင်လျက်  တဘက်ခန်းသို့ ကူး၏။  ကုတင်ခေါင်းရင်းတွင် စိမ်းပြာလဲ့လဲ့ အရောင်ကလေးကို မြင်လိုက်ရသည်။ မှို တက်နေတာလား။ သူ အားဖြင့် ဖိ၍ တိုက်လိုက်သည်။ ပလပ်စတစ်အိတ်ကြီးဖြင့် လိပ်ကာ တိပ် ပိတ်ထားသည့် အိပ်ရာလိပ်ကို စစ် လိုက်၏။ စိမ်းပြာရောင် ကို မမြင်ရ။ တော်ပါသေးရဲ့။ 

အစွန်ဆုံးအခန်းသို့ သူ ရောက်လာ၏။ နံရံတွင် လိပ်ကာ ထောင်ထားသည့် ဖျာနှင့် မွေ့ယာ တွဲရက် အလိပ်ကို သွားကြည့်၏။ ဖုန်ရောင်ကြောင့် ညစ်နေသည်ကလွဲလို့ ပြာလဲ့လဲ့တို့ကို မမြင်ရ။ အိပ်ယာလိပ်နံဘေး ဆေးရောင်စုံဘူးများနှင့် သီချင်းစာအုပ် သုံးလေးအုပ် ရှိနေသည်။ သူ ကောက်ယူလိုက်ပြီး နံရံကပ် စာအုပ်စင် ပေါ်သို့ လှမ်းတင်သည်။ သည်မှာလည်း ဖုန်ထု မင်းမူနေပြန်ပြီ။ နံရံပေါ်တွင် ချိတ်ထားသော အစိမ်းရောင်လမ်းကလေး ဟု အမည်ပေးထားသည့် ပန်းချီကားကို လှမ်း ကြည့်လိုက်သည်။

နင် ကြိုက်တဲ့ လမ်းကို ဆွဲထားပေးတာ၊ ငါ့ကို ဆေးဘိုး ပြန်ပေး ဆိုသည့် စကားကို သတိရမိသည်။ ဆေးဖိုးတော့ မရဘူး၊ ခြေထောက်ပဲရမယ် ဟု တုံ့ပြန်သောအခါ အမေ၊ အမေ့သမီး ကျွန်တော်ကို အနိုင်ကျင့် နေတယ်  ဟူသော  ရယ်ရွှန်း စွက်သော အော်သံ ဆူဆူညံညံ ကို ကြားရပြန်သည်။

နံရံကပ်ဘီဒိုကို ဖွင့်လိုက်သော် တပတ်နွမ်း အဝတ်အစား အနည်းငယ် ကို တွေ့ရသည်။ အောက်အဆင့်တွင် ဂျင်းဘောင်းဘီ သုံးလေးထည် ရှိနေသည်။ ဒီကောင်လေးဟာ သူ့ဘောင်းဘီတွေ ဘာလို့ အကုန် မယူသွားပါလိမ့်၊ မတော်တော့လို့ ထားခဲ့တာလား။


အိမ်ရှေ့ခန်းမှ သီချင်းသည်များကတော့ ဆက်လက် ခုန်ပေါက်နေဆဲပင်။

ဘုရားကျောင်းဆောင်ကို သန့်ရှင်းလိုက်ပြီးနောက် ဘုရားပန်းအိုးထဲမှ ပန်းအခြောက်များကို စွန့်ပစ်ပြီး ပန်းအိုးကို ဆေးကြောတိုက်ချွတ်သည်။ ဒီနေ့ ဘုရားပန်း မဝယ်နိုင်တော့။ ပန်းအညှိုး ပန်းအခြောက်ကို ကပ်ထားရတာနှင့်စာလျှင် မရှိသည်ကမှ တင့်တယ်အုန်းမည်။  ပန်းမရှိလျှင် ဘာဖြစ်မည်နည်း။ ဘာမှ မဖြစ်ပါ။ ဘာမှ မဖြစ်ဟု ရေရွှတ်မြည်တမ်းသော်လည်း သူ့ စိတ်ထဲ ဘဝင်မကျသလို  တမျိးတမည် ဖြစ်လာသည်။ 

ရေခွက်များကို ဆေးကြောပြီး သောက်တော်ရေ အသစ် ဖြည့်၏။ သူ  အတန်အသင့် စိတ်ကြည် လာသည်။ ဘုရားပန်းနှင့် သောက်ရေကပ်လှုခြင်းသည် ကုသိုလ်အမှုကို ပြုခြင်း ဟု သူ အမှန်တကယ် သက်ဝင်ယုံကြည်ရဲ့လား ဟူသော အတွေး ဝင်လာသည်။ သူ့ မိဘဘိုးဘွား သည် ထိုအရာကို ကုသိုလ်အမှု ဟု ယူမှတ် ကျင့်သုံးခဲ့လေတော့ သူ့ ထံ သို့ အလိုအလျောက် စိမ့်ဝင်ခြင်း  ရှိခဲ့လေပြီ။ သူ အိမ်ပြန်လာချိန် ဘုရားပန်းတွေ ဝေဆာ လှပနေလျှင် စိတ်ကြည်နူး သည် မဟုတ်လော။ သည်တော့ ထို ကပ်လှုခြင်းအမှုသည်   ယုံကြည်စိတ်ထားကာ ရိုကျိုး ဆည်းကပ်သူ၏  စိတ်ကြည်လင် ရှင်းသန့်မှု အတွက်သာ မဟုတ်လော။ ဘုရားပန်းဟုသာ ခေါ်ကြသည်။ တကယ်တန်းတော့ ကပ်လှုသူအတွက် ပန်း သာ ဖြစ်သည်။

သူ့ အတွေးကို အမေသာ သိလျှင် ပေါက်ပေါက်ရှာရှာတွေ ပြောပြန်ပြီဟု အပြစ်ဆိုချေမည်။ အပြစ်ဆိုရုံမက ဆူပူကြိမ်းမောင်းလျှင်လည်း ခံလိုက်အုန်းမည်။ မိခင်နံဘေး တိုးဝင်ကာ သူ့ အတွေးကို ပြောခွင့် သာ ရချင်မိ၏။ ထိုအခွင့်သည် တဖန် ပြန် ၍ မရှိနိုင်တော့။


သူ့ အာရုံကြောများ တင်းလာ၍ တဖြစ်ဖြစ် မြည်လာ သည်။  လည်ကုပ်မှသည် ငယ်ထိပ်ဆီသို့ ကျဉ် တတ် သွားသည့် ခံစားမှုသည် မျက်ဝန်းအစုံသို့ အရောက်တွင် ရေငွေ့ ရိုက်၏။

အကြာကြီး စိမ် ချိုးမနေနဲ့လေ။ အဝတ်တွေ လျှော်မနေနဲ့။ ထားခဲ့လိုက်တော့။  ညနေစောင်းမှ ခေါင်းလျှော်မနေနဲ့အုန်း။ အဖေ ထမင်း စားဖို့ စောင့်နေတယ်။ အမြန်လုပ် ဟု  ရေချိုးခန်းတံခါးကို ခေါက် ပြီး ပြောလိုက်သည့် စကားသံ ကို ကြားလိုက်ရသည်ဟု ထင်သဖြင့် တံခါးဝဆီသို့ ယမ်းယောင်စွာ လှည့်ကြည့်မိသည်။

ရေပန်းအောက်သို့ ခေါင်း ထိုး လိုက်ပြီး မျက်စိ စုံမှိတ် လိုက်သည်။ ဆံ စ ပေါ်သို့ ကျ လာသည့် ရေအေးအေး သည် ပါးပြင်ပေါ်မှ ရေပူများနှင့်အတူ ခြေအစုံဆီသို့ စီးဆင်းလာသည်။ လောင်မြိုက်တတ်သည့်  အရာတိုင်းကို  ရေဖြင့် မငြိမ်းသတ်နိုင်။

ကြည့်သူ မရှိသည့် ရုပ်မြင်သံကြားစက် တေးဂီတ လိုင်း တွင် အကအခုန် သီချင်းများ ပြီးဆုံးသွားကာ ငြိမ့်ညောင်းသည့် သံစဉ်များ တီးခတ်နေကြသည်။
အဝတ်အစား လဲလှယ်ပြီးသည်နှင့် သူ ဗိုက်ဆာပြီ။ ထမင်းပန်းကန်ထဲသို့ ငါးခြောက်ကြော် ပုံထည့်လိုက်ပြီး စားပွဲတွင် ထိုင်သည်။ ထမင်းစားပွဲသည် အခါတိုင်းတွင် အခန်းအလယ်တွင် ရှိစမြဲ။ ယခုတွင်မူ နံရံတွင် ကပ်လျက် ထား၏။ ဘဝ သည်လည်း တခြမ်း ကပ် ခဲ့ပြီ။

ဟင်းခွက် နှိုက်ကြသည့် သူတို့ လက်များ ရှုပ် ရှတ် ခတ်နေလျှင် ဒီကလေးတွေနဲ့တော့ ထမင်းဝိုင်း မှာ ယာဉ်ထိန်းရဲ ခေါ်မှ ရမယ် ဟု ဖခင်၏ စ နောက်သံ ကို အခါတိုင်းတွင် ကြားရလေ့ ရှိ၏။ ရယ်မောသံ စကားပြောသံများနှင့် လူစုံတက်စုံ ထမင်းဝိုင်း၏ စိတ်အာဟာရ ကို စားသုံးခဲ့ရသော နှစ်ကာလများသည် အဝေးမှာ ကျန်ခဲ့ပြီ။


ထမင်း ၂ လုတ် ဝါးပြီးနောက် အာခေါင် ခြောက်လာသဖြင့် သူ ထ လာကာ ရေတခွက် ခပ်သည်။  အနည်းငယ် သောက်လိုက်ပြီးနောက် ခွက်ထဲရှိ လက်ကျန်ရေများကို ထမင်းပန်းကန်ထဲသို့ လောင်းထည့်လိုက်၏။ ထိုနောက် ရေစိမ်ထမင်းနှင့် ငါးခြောက်ကြော် ကို ဆက် စားသည်။ စားရင်း ပန်းကန် ကိုင်လျက် အိမ်ရှေ့ခန်း ဆီသို့ ထွက်လာ၏။ အဝေးထိန်းခလုတ်ကို ယူလိုက်ပြီး အစားအသောက် ချက်ပြုတ်သည့် လိုင်း သို့  ပြောင်းလိုက်သည်။ ပွက်ပွက်ဆူနေသည့် ဟင်းရည်အိုးထဲသို့ ထည့်လိုက်သည့် အသီးအရွက်များကို  စ မြင် သည်။ နာမည်ကျော် ဗီယက်နမ် စားဖိုမှုး၏ အာရှဒေသ ဟင်းလျာသည် မြင်ရုံနှင့်ပင် ခံတွင်း စို စေ သည် မဟုတ်လော။ သူ ရေစိမ် ထမင်းကို နာနာ ဝါး၍ မျိုချ ၏။

စားသောက်ဆေးကြောပြီး သည်နှင့်  သူ  ရေတင်ခလုတ်ကို သွားဖွင့်သည်။ နောက်ဘက် ဝရန်တာသို့ ထွက်သွားကာ ပလပ်စတစ်ခွက် ထဲ ရေထည့်ကာ စိမ်ထားခဲ့သော အပင်ကို သွားကြည့်၏။ ရေဓာတ်ကလေးကြောင့် အပင်သည် သေတော့ မသေ။ သို့သော် သစ်ရွက်များ ငိုက်ကျ နွမ်းရိ ကာ စိမ်းစိုသန်စွမ်းခြင်း မရှိ။


သစ်ပင်တွေမှာလည်း အသက်ရှိတယ်။ ရုံးက ပြန်လာရင် သွားကြည့် ပြီး နှုတ်ဆက်လေ။ ကိုယ်တိုင် ရေလေးဘာလေး လောင်းပေးအုန်း ဟူသော အကြံပြုချက်ကို သူ ကြားနာခဲ့ဖူးသည်။ ထိုစဉ်ကာလ
အပင်တို့သည် စိမ်းမြရွန်းသစ်သော အရွက်နုတို့ဖြင့် လှပ တင့်တယ်ခဲ့သည် မဟုတ်လော။

အပင်စိုက်ထားသည့် အိုးကို ရေချိုးခန်းဆီသို့  မ ယူ လာပြီး  ရေ ရွဲရွဲ လောင်းလိုက်သည်။ ထိုနောက် အရင် ထားနေကြနေရာ အိမ်ရှေ့ ပြတင်းပေါက်ဘောင် သို့ ပြန်ရွေ့သည်။ သစ်ရွက်တို့ ငိုက် ကျ နေမြဲပင်။ စိမ်းစို လန်းဖြာ သည့် သစ်ရွက်နုလေး ထွက်လာနိုင်ဖို့ အချိန် ကြာအုန်းမည်။ ထိခိုက်ခဲ့သော ဘဝ တို့ တဖန် စိမ်းလန်း လာရန် ကာလ အပိုင်းအခြား တခု လွန်မြောက်ရအုန်းမည်။

ပြန်ရောက်ကတည်းက ဆက်တိုက်ဖွင့်ထားသော ရုပ်မြင်သံကြားစက်ကို သွား ပိတ်သည်။ ငြိမ်သက် တိတ်ဆိတ်မှု သည် တဖန် ကျ ရောက်လာ၏။ ဘုရားကျောင်းဆောင်ရှေ့သို့ သူ သွားထိုင်ပြီး ဝတ်ပြုသည်။ သွားတိုက်ပြီးသည်နှင့်  မီးဖိုခန်း ရေချိုးခန်း ဝရန်တာ မီးများ ပိတ်လိုက်၏။ အိမ်နောက်ဘက် တံခါးများ ပြတင်းပေါက်များ ပိတ်သည်။ သူ့အခန်းမီးကိုသာ ချန်လျက် ကျန် ခလုတ်များကို ပိတ်လိုက် သည်။

အိပ်ယာခင်းနှင့် ခေါင်းအုံးစွပ် အသစ်များ လဲလှယ်ပြီးနောက် သူ ကုတင်ပေါ်တွင် လှဲ လိုက်သည်။ ချက်ချင်း  ပြန် ထ လာပြီး နံရံကပ် စာအုပ်စင်ပေါ်မှ စာအုပ်တအုပ်ကို ဆွဲယူလိုက်၏။

ညနက်သန်းခေါင်ထိ စာဖတ်မနေနဲ့လေ၊ မနက်လည်း စောစော ထ ရ အုန်းမှာ မဟုတ်လား။ အိပ်တော့ အိပ်တော့ ဟု သတိပေးသူ မရှိတော့သော်လည်း သင့်လျော်သည့် အချိန်တွင် သူ အိပ် ရမည်။ ထိုအချိန်
ကျော်လွန်ပါက တညလုံး သူ အိပ်နိုင်မည် မဟုတ်တော့။ လုပ်သင့်လုပ်ထိုက်သော အမှုကိစ္စများကို အရွယ် နှင့် ခန္ဓာဗေဒ က မောင်းနှင်သတိပေးပြန်၏။

တဖြည်းဖြည်း ည နက် လာပြီ။ ဆူညံသံ၊ စကားပြောသံ၊ ရေစက်မောင်းသံ၊ ရုပ်မြင်သံကြားစက်အသံ တို့ တစ တစ ပါးလျ ပျောက်ကွယ်သွားပြီး ပတ်ဝန်းကျင်သည် ပိုမို ဆိတ်ငြိမ် လာ၏။ စာအုပ်ကို ဘေး ချ ထားလိုက်ပြီး မျက်စိများ အသာ မှိတ်ထားလိုက်ကာ၊ သူ့ စိတ်အာရုံတွင် မြင်လာသည့် ပုံရိပ်ယောင်များကို ဆက် ဖတ် နေသည်။ ပျော်ရွင်စရာများ အတွက် နှုတ်ခမ်းဖျားတွင် အပြုံး တွဲခိုလျက်။ ကြေကွဲ ဝမ်းနည်းမှုများအတွက် မျက်ဝန်းအစုံ စိုစွတ်လျက်။

အတန်ကြာသော် အိပ်ယာ ခေါင်းရင်းရှိ မီးခလုတ်ကို လှမ်း ပိတ် လိုက်သည်။

သူ့ ကမ္ဘာတွင် တိတ်ဆိတ်မှောင်မိုက်ခြင်း သာ ကျန် ၏။

(မြယာ)
၂၀၁၆၀၉၂၄

Tuesday 26 January 2016

စိမ်းရိပ် လွင့်ပါး



ည တရေးနိုးလာချိန်မှာ အိပ်ချင်မူးတူး နဲ့ သူ ဘယ်ကိုရောက်နေမှန်း ရုတ်တရက် မသိဘူး။ ဘာဖြစ်လို့ နိုးလာပါလိမ့်။ ချမ်းလိုက်တာ။ နွေခေါင်ခေါင်ဖြစ်ပေမယ့် လေဟာ အေးစိမ့် နေတယ်။ မျက်လုံးမဖွင့်ဘဲ ဘေးဘီကို စမ်းတော့၊ စောင် ထိ မိလို့  ဆွဲယူပြီး တင်းတင်း ခြုံလိုက်တယ်။ ကိုယ်ကို ဘယ်ညာ စောင်းရင်း မှေးစင်းနေဆဲ မျက်ဝန်းအစုံကို ဖွင့်လိုက်တော့ သစ်ပင် အခက်အလက်ကြားမှာ ဝင်းပနေတဲ့ လမင်းကို မြင်ရတယ်။ သူ နှစ်နှစ်ခြိုက်ခြိုက် ပြုံးလိုက်ပြီး ချက်ချင်း လိုလို ပြန်အိပ်ပျော်သွားတယ်။

နောက်တကြိမ် ပြန်နိုးလာတော့  မိုးလင်းစ ပြု ပြီ။ နိုးပလား လို့ မေးလိုက်တဲ့ ရီးရှန် ရဲ့ အသံကို ကြားတော့ ပြန်ဖြေလိုက်ကာ သူ့အိပ်ရာ ကို အမြန် သိမ်းလိုက်တယ်။ ဒီ နေရာဟာ ခဏအကြာမှာ ထမင်းစားခန်း ဖြစ်လာမယ်။  တဲ အနောက်ဘက် တောင်ကုန်းပေါ် သူ တက်သွားခိုက် ဘယ်လဲ ဆိုတဲ့ မေးသံကို ကြားရပြန်တယ်။ နေ ထွက်လာတာ သွားကြည့်မလို့ ဟု သူ အော်ပြောရင်း ခြံအထက်ပိုင်းဆီ သွက်သွက် ပြေးတက်လိုက်တယ်။

နွေ မနက်ခင်း လေပြေ ဟာ လတ်ဆတ်သန့်ရှင်းပြီး အအေးဓာတ် ပါတယ်။ ပတ်ဝန်းကျင် တခွင်လုံး တိတ်ဆိတ်ငြိမ်သက်လျက် ငှက်မြည်သံကိုပင် မကြားရ။ အရှေ့ဘက် တောင်တန်းတွေဆီမှ တပြူ့တပြူ ထွက်လာတဲ့ နေမင်းကို ခဲရောင် တိမ်တိုက်က ဖုံးလွှမ်းထားတယ်။ တိမ်တိုက်တွေကြားက ယိုကျလာတဲ့  ပန်းနုဖျော့ဖျော့ အလင်းတန်းများနဲ့ အရှေ့ မိုးကောင်ကင်က ဝင်းပလျက်။ အနိမ့်ပိုင်း ချိုင့်ဝှမ်း နဲ့ တောအုပ် အပေါ်မှာ မြူခိုး ခြယ်သန်းကာ မှိုင်းရီ နေတယ်။ ထက်အောက်ဝဲယာ စိုက်ခင်း တပြင်လုံးဟာ စိမ်းလန်းကာ ရှိတယ်။ စိတ်နှလုံး ကြည်လင်ရွှင်ပြစွာ နိုးထရခြင်းကို သိသိမှတ်မှတ် ရှိနေတယ်။

ရီးရှန်တယောက် တောင်ခြေရင်း ရေတံခွန်နံဘေး တောင်စောင်းမှာ ခြံတည်မယ်ဆိုတော့ အဖေက     ယောက်ဖဖြစ်သူကို ဘရှန်ရာ မင်းဟာ ဝေးကဝေးနဲ့လို့ ကန့်ကွက်တယ်။ အဖေခြံတွေ အားလုံးက ရွာနီးချုပ်စပ် မှာချည်း။ ငါ့ခြံတွေက အိပ်ယာခေါင်းရင်းတင် ရှိတာလို့ အဖေ က ဂုဏ်ခံ လေ့ရှိတယ်။ သူတို့ မောင်နှမတွေကတော့ ကလေးပီပီ ရေတံခွန်အနီး ဆိုတာနဲ့ ရီးရှန် နောက် လိုက်ကူမယ်လို့ တွင်တွင် ပြောကြတယ်။ တောခုတ်ချိန် ရောက်တော့ တရက်တလေသာ လိုက်ကြပြီး သူက လွှဲလို့ ဘယ်သူမှ ထက်ထက်သန်သန် မရှိကြတော့။ တောခုတ်ချိန်၊ မီးရှို့ခိုက်၊ ပျိုးပင်စိုက်ခါ သူ တယောက်သာ စဉ်ဆက်မပြတ်  လိုက်ခဲ့တယ်။

ငယ်ဘဝမှာတော့ ရီးရှန်ဟာ သူ့ သူရဲကောင်းပဲ။  အဖေ့ ထက် အနေနီးတယ်။ ရီးရှန်ဟာ ရွာထဲ နေလေ့ မရှိဘူး။ တောထဲခြံမှာနေလိုက် တောင်ပေါ်တက်လိုက် ရှိကာ ရွာထဲက ရွယ်တူ ကာလသားတွေနဲ့ ကင်းကင်း နေတယ်။ သူ့ ထက် အသက်ကြီးတဲ့ တိုင်းရင်းဆေးဆရာ နဲ့ အပေါင်းအသင်း လုပ်နေပြီး ကျောင်းထိုင် ဆရာတော်ကြီး ရဲ့ လက်ရင်းတပည့် ဖြစ်လို့ ဘုန်းကြီးကျောင်းမှာလည်း အနေများတယ်။

ရီးရှန်ဟာ လက်မှုပညာလည်း ကောင်းကောင်း တတ်ကျွမ်းတယ်။ သီတင်းကျွတ်ဆို သူ လုပ်ပေးထားတဲ့ ဆီစိမ်စက္ကူရောင်စုံ မီးပုံးတွေ အိမ်မှာ ထွန်းရတယ်။ လှည့်လိုက်ရင် အရုပ်ကလေးတွေ လှုပ်ရှားသက်ဝင်လာတဲ့ မီးစင်္ကြာတွေ လုပ်တတ်တယ်။ မီးပုံးပျံ ချိုးရာမှာလည်း ဆရာတဆူ ပဲ။ တန်ဆောင်တိုင် ကထိန်မှာ လွှတ်မဲ့ မီးပုံးပျံကို ချိုး ပေးဖို့ ဝါမဝင်ကတည်းက သူ့ ကြို ပြီး လာပြောကြတယ်။ သူ့အတွက် ရီးရှန် လုပ်ပေးတဲ့ ရော်ဘာသီးခြောက် ကစားစရာ တွန်းလှည်း၊ လေရဟတ်၊ သစ်သားဂျင် နဲ့ စက္ကူစွန်တွေဟာ  လက်ရာမြောက်ပြီး ခိုင်ခံ့လွန်းလို့ ကစားဖော်တွေ အကြား မျက်နှာမော့ ရတယ်။  

သူ့ ငယ်ဘဝရဲ့ အားလပ်ရက်တွေဟာ ရေတံခွန်ဘေး ခြံမှာ အချိန်ကုန်တာ များတယ်။ ရီးရှန်နဲ့ အတူ သူ ကိုယ်တိုင် တည် ခဲ့ တဲ့ ခြံ။ အရိုင်းမြေကို ပုဆိန်ကိုယ်စီနဲ့ ခုတ်ထွင်ရှင်းလင်းခဲ့တဲ့ နေရာ။ စိုက်ပျိုး ရေလောင်း ပေါင်းသင် ရုံမျှမက မီးတားလမ်း ကိုပါ စနစ်တကျ ဖောက်ခဲ့ရတဲ့ စိမ်းလန်းတဲ့ စိုက်ပျိုးမြေ။ ရေတံခွန်ကနေ ခြံထဲ ရေသွယ်ဖို့ ပိုက်ဖိုးတင် အတော် အကုန်ခံခဲ့ရတာ။  

အဖေ သာ သူ့ ပညာရေးကို ကြတ်ကြပ်မတ်မတ် မလုပ်ခဲ့ရင် ဒီမြေကနေ ခွာဖြစ်မှာ မဟုတ်ဘူး။ ရီးရှန်ကို အတုခိုးကာ နေထိုင်ကြီးရင့် လာမှာပဲ။ သူများတွေ အရွယ်ရောက်လာရင် မိဘအလုပ် ကူနေကြတာ။ မင်း ကျမှ သင်လိုက်ရတဲ့ အတန်းကျောင်း မပြီးနိုင်ပါလား လို့ ရွာထဲကလူတွေ သူ့ကို ပြောင်ပြောင်တင်းတင်း အပြစ်ဆိုသလို သူ့အဖေ ကိုလည်း ကလေးတွေ ကျောင်းထားရင်း စည်းစိမ် ပြုတ်တော့မယ် လို့ ကဲ့ရဲ့ကြတယ်။  အိပ်ယာခေါင်းရင်းတင် ရှိတဲ့ ခြံတွေ တတိတိနဲ့ ကုန်သွားတာလည်း အမှန်မို့ အရပ်ကို ငြင်းချက် မထုတ်နိုင်ခဲ့။

အရွယ်ရောက်ချိန်မှာ သူ အသက်မွေးရာ အရပ်ဟာ စိမ်းသောမြေရဲ့ မိုင်ပေါင်းများစွာ အဝေးမှာ။ စက်ယန္တရား တခုရဲ့ ခွေးသွားစိတ်ပမာ သူ့ ဖြစ်တည်မှုဟာ မထင်ရှားသလို ထပ်ခါ ထပ်ခါ ကျော့ နေတဲ့ အလုပ်ကလည်း အသက်ရှင်သန်မှုကို ငြီးငွေ့စရာ အဖြစ် တွန်းပို့တယ်။ မနက်တိုင်းမှာ သူ့ ခလုတ် သူ နှိပ်ကာ သံမယ်န ဘဝ ကို လည်ပတ်တယ်။ ညနေရောက်တော့ အိမ် မမည်သော ရှည်မျောမျော နေရာ ကျပ်ကျပ်ဆီ အဆံချောင် နေတဲ့ စိတ်ဝိညာဉ်နဲ့ ပြန်လာတယ်။ ခြေကုန်လက်ပန်း ကျလေတိုင်း သူ့ အာရုံမှာ ထင် လာတဲ့  တခုတည်းသော ဝပ်ကျင်း ဟာ ရီးရှန်ရဲ့ ခြံ ပဲ။ အခွင့်အရေး ရတိုင်း ပြန်လာပြီး စိတ်နှလုံး အညစ်ကို  ဖွပ် ရတယ်။

ရွာ ပြန်လာတိုင်း ရွာထဲမှာ တညအိပ်ပြီး နောက်ရက် တောင်ခြေရင်းခြံကို အထုပ်အပိုး ရွေ့တော့တာပဲ။ ခြေလျင် နဲ့ နွားလှည်း အသုံးပြုချိန်က ဝေးကဝေးနဲ့ လို့ အဖေက မှတ်ချက် ပြုခဲ့ပေမယ့် ဆိုင်ကယ် တဝီဝီ ခေတ်မှာတော့ မြေကျော ရှုံ့ ခဲ့ပြီ။ တောင်ခြေရင်းကနေ ရွာထဲ ခေါက်တုံ့ ခေါက်ပြန် ဆင်းနိုင်ပြီ။

နေ တဖြည်းဖြည်း မြင့်လာတာနဲ့ စိုက်ခင်းကြားက မြူမှုန်များ လွင့်ပါးပျောက်ကွယ်သွားပြီ။ စိမ်းစိုနေတဲ့ တောတောင်ရေမြေကို ထင်ထင်ရှားရှား မြင်လာရတယ်။ သူ ပါးစပ် ဟ ပြီး အသက် ပြင်းပြင်း ထပ် ရှု လိုက်တယ်။

ရီးရှန်ရဲ့ “ဝူး” သံကြောင့် တဲဆီ ဆင်းခဲ့တော့ သူ့ အိပ်တဲ့ နေရာမှာ စားပွဲအသေးလေးနဲ့ ထမင်းပြင်ထားပြီးပြီ။

မျက်နှာသစ်နေချိန် လေတချက် အဝှေ့မှာ တောင်ခြေရင်း ရွာ ဆီက အသံချဲ့စက်သံ သဲ့သဲ့ ကြားလိုက်ရတယ်။ ထမင်းစားနေရင်း ရီးရှန်က အလှုကို လိုက်ခဲ့ ဖို့ ပြောတော့ သူ ခေါင်းခါလိုက်တယ်။ မနေ့က နင် ရောက်လာတယ် ဆိုလို့ ပါအောင် ခေါ်ခဲ့ပါ ပြောထားတယ်။ တခြားသူ မဟုတ်ဘူး။ သီးဇံတို့ အိမ်က အလှုပဲ။ ကျော်လေး အဖေလေ လို့ ရီးရှန်က ရှင်း တယ်။

အရီးသီးဇံကို မရင်းပေမဲ့ သူ့ သား ကျော်လေးကိုတော့ ခင်ခင်မင်မင် ရှိတယ်။ ဟိုးတမြန်နှစ်က  သူ လာတော့ မီးတားလမ်း ပြန်ပြင်နေတဲ့ ရီးရှန်ကို ကူဖို့ ကျော်လေး ခြံထဲမှာ ရောက်နေတယ်။ သူ ဟိုဟိုဒီဒီ ဓာတ်ပုံ လျှောက်ရိုက်နေတာ မြင်တော့ စိတ်ဝင်တစားနဲ့ နောက်က တကောက်ကောက် လိုက်ကြည့်တယ်။ ပုံကူးစရာ မလိုဘဲ ပြန်ကြည့်လို့ရအောင်  လုပ်တတ်လိုက်ကြတာဗျာ လို့ ချီးမွမ်း မဆုံးဘူး။ အထက်ဆင့် ရေတံခွန် တက်ရင် အဲဒီကောင် အဖော်အဖြစ် ခေါ်သွားလိုက်။  နင် ပြန်မလာတာ ကြာတော့ လမ်းတွေ ယောင်မှားမှား ဖြစ်နေမှာ လို့ ရီးရှန်က ထောက်ခံချက်ပေးတယ်။ ဒီလိုနဲ့ သူ ပြန်လာဖြစ်တဲ့ နှစ်တိုင်း ကျော်လေး ဟာ သူ့ အဖော် သူ့ လမ်းပြ ဖြစ်လာတော့တယ်။ တောင်ပေါ်၊ တောအုပ်၊ ပင်လယ်၊ ချောင်းရိုး မြောင်းရိုး နဲ့ ဒီရေတောမကျန် ဆိုင်ကယ်တစီးနဲ့ သူတို့ ပြဲပြဲစင်အောင် လိမ့် ကြတယ်။ 

ပုံတွေ အများကြီး ရိုက်တာ ဘာလုပ်ဖို့လဲ လို့ ကျော်လေးက မေးတော့ မိုးပေါ် တင်ကာ အပေါင်းအသင်းများကို ပြမလို့ ဟု သူ ပြန်ဖြေ ခိုက် နားမလည်ဟန်နဲ့ ခေါင်း ကုတ် တယ်။ ဘာနဲ့ မိုးပေါ်တင်သလဲ ဆိုကာ တဖန် စူးစမ်းပြန်တယ်။ ရီးရှန်ရဲ့ မီးပုံးပျံနဲ့ တင်တာကွ လို့ သူ က ဖြေတော့ ဟာဗျာ မဟုတ်ပါဘူး ကျွန်တော် သိပါတယ် ဆိုပဲ။

သူက တဟားဟား ရယ်မောရင်း ဘယ်လို မိုးပေါ်တင်သလဲ ဘာလို့ မိုးပေါ် တင်သလဲ ရှင်းရတယ်။ သြော် အဲဒီလို ကြွားရတာကိုး ဟု ကျော်လေး က ကောက်ချက် ချတော့ သူ အင့်ကနဲ ဖြစ် သွားတယ်။ သွားရင်းလာရင်းနဲ့ တချက် တချက် ကောင်းကင်ကို မော့ ကြည့်ကာ ကျွန်တော်တို့ကသာ မသိတာပဲ။  မိုးပေါ်မှာ အလုပ်လုပ် နေကြတာကိုး လို့ မကြာ မကြာ ရေရွတ်တော့တာပဲ။

ကျော်လေးဟာ ရွာ မူလတန်းကျောင်းမှာ လေးတန်းအောင်တဲ့ အထိ နေဖူးတယ်။ အလယ်တန်းကျောင်းရှိတဲ့ ရွာက အလှမ်းဝေးတဲ့ အပြင် ပေါက်တူး ကျင်ကျင်လည်လည် ကိုင်နိုင်တဲ့ အရွယ်လည်း ဖြစ်လာတော့  ခြံအလုပ် ဖိဖိစီးစီး လုပ်ချိန်တန်ပြီ လို့ သတ်မှတ်ခံရကာ အတန်းကျောင်း ဆက်မသွားရတော့ဘူး။    

အလုပ်လုပ်တာ ပိုက်ဆံ အများကြီးရတယ်ဆို။ ဘာလုပ်ရလဲ လို့ ကျော်လေးက စူးစမ်းတော့ ကွန်ပြူတာ နဲ့ စာရွက်တွေနဲ့ လုပ်ရတာ။ ပင်ပန်းတဲ့ အလုပ်ပါကွာလို့ သူ ဖြေတယ်။ စာရွက်နဲ့ လုပ်တယ်ဆို ပေါက်တူး ပေါက်ရတာထက် အပင်ပန်း နည်းမှာပါ။  ခြံထဲ အလုပ်လုပ်ရတာ သိပ် ပင်ပန်းပြီး ပိုက်ဆံ နည်းနည်းပဲ ရတယ်။  ဆိုင်ကယ်အစုတ်တောင် အခုထိ မဝယ်နိုင်ဘူး လို့ ကျော်လေးက ညည်းတွားတယ်။ 

ကျော်လေးရ  တခါတလေ စာရွက်က ပေါက်တူးထက် ပိုလေးတယ် ဟု သူ ပြောတော့ ကျော်လေး နားဝေတိမ်တောင် နဲ့ ပြန်ကြည့်တယ်။ ဒီလူနှယ် ပေါက်တူး မကိုင်ဖူးဘဲ တောပြောတောင်ပြောနဲ့ လို့ ထင်နေဟန်ပဲ။  

ရက် အတန်ကြာကြာ သူ ခြံထဲ လာနေတာကိုလည်း ကျော်လေး နားမလည်ဘူး။ ဒီမှာ ဘာမှ မရှိဘဲနဲ့။ ဦးဘရှန်က ဆိုလာပြား ရှိရက်နဲ့ တီဗွီလည်း မဝယ်ဘူး လို့ အပြစ်တင်တယ်။ ငါ တီဗွီမရှိဘဲ နေလို့ရတယ်ကွ လို့ သူ က ဖြေရှင်းချက်   ပေးလိုက်ပြီး ဘာမရှိရင် မနေနိုင်သလဲ လို့  တဆက်တည်း တွေးမိတယ်။ 

ခြံအလုပ်သမား မောင်ဝင်းတို့ လင်မယား ချက်ပြုတ်ပြင်ဆင်ပေးတော့ သူမှာ အစားအသောက်အတွက် ကြောင့်ကြစရာ မရှိဘူး။ ရေသွယ် ထားတော့ သုံးရေ ချိုးရေအတွက် ချောင်းမှာ ရေသွားခပ်စရာ မလိုဘူး။ ခလုတ် ဖွင့်ပြီး ပေါပေါများများ  သုံးပါလေ့။ တဲက သေးပေမယ့် လက်ရိုက်အုတ်နဲ့ အခိုင်အမာ ဆောက်ထားတယ်။ ရေလောင်းအိမ်သာ ရှိတယ်။ သူ လာမယ်ဆိုမှ ဝယ်ထားမှန်း သိသာနေတဲ့ တစ်သျှုးလိပ်ကို ချိတ်ထားပေးတယ်။ လက်ဆေးဖို့ ဆပ်ပြာတုံးကလည်း အသစ်စက်စက်။ ဒါပေမယ့် တဲ နဲ့ နည်းနည်း လှမ်းတော့ ညဘက်ဆို ဓာတ်မီး ဆောင်သွားရတယ်။  အခင်းကြီးကိစ္စ ရှိမှ အိမ်သာဆီ ရောက်ဖြစ်ပြီး အပေါ့အပါးကတော့ တဲ အနောက်တင် ကိစ္စပြီးကြတာ။

သူဘာသာ ချောင်းက ရေခပ်ရ၊ ထင်းမီးနဲ့ ချက်ပြုတ်စားရကာ နေ့တိုင်း ချုံတောတိုးပြီး တကိုယ်ရေကိစ္စ ရှင်းနေရရင် ဘယ်နှစ်ရက် နေနိုင်မလဲ။ တညအိပ်နဲ့ စခန်းသိမ်း သွားနိုင်သလို တောသားစိတ် ကျန်နေသေးတော့ အကျင့် ပြန်ရရင်လည်း ရသွားမယ်။ ရောက်ခါစ ရက်မှာ ခြေထောက်ဆေးပြီး အိပ်ယာဝင်ပေမဲ့ နောက်ရက်ကစ ခြေဆေးဖို့ သူ မေ့ သွားတတ်တယ်။ ရောက်စက လွဲနေတဲ့ ပုဆိန်ချက်တွေဟာ တပတ်လောက်ဆို အသားကျသွားပြီး ခုတ်ချက် ပြန် မှန်လာတယ်။ ပေါက်တူး ဟာ စိတ်အာရုံကို မလေးလံစေဘဲ လက်ဖဝါးကိုသာ အသားမာ တက်စေကြောင်း ပို သဘောပေါက်လာတယ်။ 

သူက ခြံ ထဲ ခဏတဖြုတ် လာနေလို့သာ စိတ်လက် ရွှင်လန်းတာ။ ရီးရှန်လို တသမတ်တည်း အခြေစိုက် နေရင်  ငြီးငွေ့သွားမလားလို့ စဉ်းစားမိပြီး တခါက မေးဖူးတယ်။ ငြီးငွေ့တာတွေ ဖိစီးမှုဆိုတာတွေ နားမလည်ပါဘူးကွာ။ ငါ့ အလုပ် ငါ လုပ်နေတာပဲ လို့ ဖြေတယ်။ အပြန့်ကျယ် ရေမြေမှာ ရှင်သန်တဲ့ ဘဝတွေဟာ ငြီးငွေ့မှုနံရံ နဲ့ တိုး တိုက်စရာ မရှိဘူး ထင်ပါရဲ့။

လှူ အိမ်ကို ရောက်တော့ သင်္ကန်းဝတ်နဲ့ ကျော်လေး ထွက်လာပြီး ဝမ်းသာအားရ ကြိုတယ်။ ကိုရင်လား ကိုယ်တော် လား မေးတော့ အသက် ဆယ့်ကိုးနှစ်ဆိုပေမယ့် ဝမ်းထဲသက် နဲ့ ပေါင်းလိုက်ရင် နှစ်ဆယ်ပြည့်တာကြောင့်  ဦးပဉ္စင်း ပါတဲ့။ အလှူ ထုံးစံအတိုင်း နံပါတ်တစ် အိုးကြီးတွေနဲ့ ချက်ထားတဲ့ ဟင်းတွေက အရောင်ရဲရဲ ဆီများများ ဖြစ်တာကြောင့် ငပိ နဲ့ တို့စရာကိုသာ နာနာ တွယ် ရတယ်။ 

အလှူက အပြန် နေမင်းက ငယ်ထိပ် တည့်တည့် ရောက်နေပြီ။ တောရိပ်တောင်ရိပ်ကြောင့် ခြံထဲသာ အေးနေတာ။ ကွင်းထဲမှာတော့ ပူလိုက်သည့် ဖြစ်ခြင်း။ တူဝရီး နှစ်ယောက် ဆိုင်ကယ် ပြင်းပြင်း စီးပြီး သုတ်ခြေတင် လာရတယ်။
အလှုအိမ်က ပေးလိုက်တဲ့ အဆီတဝင်းဝင်း ဟင်းတွေ သယ်လာလို့ သူက အပြစ်တင်တော့ အမျိုးတွေ၊ လာကူတဲ့လူတွေကို အိမ်ပါအထုပ် ထည့်ပေးနေကြပဲဟာ။ နင် မစားချင် နေလေ။ မောင်ဝင်းတို့ လင်မယား စားလိမ့်မယ် လို့ ပြောတယ်။ 

မောင်ဝင်း ဒီဟင်းတွေ ဆီ များလွန်းတယ်။ ကျန်းမာရေးနဲ့ မညီညွှတ်ဘူး။ နင် ဟင်းရွက်စုံ ဟင်းချို ချက်ထားတယ် မဟုတ်လား။ အဲဒါနဲ့သာ စား လို့ ဦးရီးဖြစ်သူကို စ နောက် လို စိတ်နဲ့ သူ ကလိ တယ်။
နင်မလဲ အသက်ကြီးလှပြီ။ ခုထိ မသိတတ်ဘူး။ သူတို့မှာ မေ့လောက်မှတခါ၊  အလှုရှိမှ ဆီလေး ပျားလေးနဲ့ နယ်ဖတ်ရတာ။ နင်သာ ခုမှ လာပြီး ဟင်းရွက် ငမ်းငမ်းတက် နေ လို့ လေသံဆတ်ဆတ်နဲ့ တုံ့ပြန်ရင်း သူ့ ရှပ်အင်္ကျီကို ချွတ်တယ်။  

ဒါတောင် ဒီနှစ် အလှူ များတယ်။ ခါတိုင်းများ တနှစ် မှ အလှူပွဲ တကြိမ် နှစ်ကြိမ်။ လေးခုလောက်ဆို ဌာန်ကုန် ပဲ။ ဒီနှစ်တော့ အခါ မတိုင်ခင်ကို ဆယ်ပွဲ ကျော်နေပြီ။ ငွေစကြေးစလေး ရတော့လည်း လှူချင်တန်းချင်တာ ထုံးစံကိုး။ သီးဇံ အလှုတောင် သိန်း သုံးဆယ်ကုန်သတဲ့။ မြောက်စုက တင်ငွေ ဆို ဗွီဒီယိုတွေ ဘာတွေ ရိုက်ပစ်တာ ကိုးဆယ်ကျော် ဆိုပဲ လို့ ဆက် ပြောတယ်။

ရီးသီးဇံတို့ ခြံလျော်ကြေး ဘယ်လောက်ရလဲ ရီးရှန် လို့ သူ မေးတော့ ကိုးဆယ်ကျော်၊ သူ့ခြံက ကွမ်းသီးပင် နဲ့ သီးပင်စားပင်ပဲ ရှိတာ။ အပင်ရေ နဲ့ တွက်ပေးတယ် ပြောတာပဲ။ တင်ငွေတို့ ရော်ဘာခြံက အပင်များတော့ သိန်း သုံးရာကျော် ရသတဲ့ လို့ ရီးရှန်က ဖြေတယ်။


သိန်းကိုးဆယ် ရတာ သုံးဆယ်ကျော်ကုန် အလှူ လုပ်ပစ်လိုက်လား။ ကျန် ခြောက်ဆယ် နဲ့ ဘာလုပ်စားမလဲ လို့ သူ အံ့သြစွာ မေးတော့ ခြောက်ဆယ် ဘယ်ကျန်မလဲ ကျော်လေးတစီး သီးဇံတစီး ဆိုင်ကယ် ဝယ်ထားကြသေးတာ လို့ ရီးရှန် ဆက် တွက် ပြ တယ်။


ဒီလူတွေ ဘာမှ မစဉ်းစား ဟု သူ လွတ်ကနဲ ပြောတော့ ပိုက်ဆံ လုံးကနဲ ရဖို့က မလွယ်တော့ ရတုန်း လှုချင်တာ အပြစ်ဆိုရခက်တယ် လို့ ရီးရှန်က ဖြေ ပြော ပြောတယ်။ ဆိုင်ကယ် နှစ်စီး ဝယ် တာကတော့ လွန်တယ်။ တစီး တော်ပြီပေါ့ လို့ ဆက်တယ်။


ရီးရှန်က ပုဆိုးဟောင်း လဲ ဝတ် ပြီး တဲရှေ့မှာ ချ ထားတဲ့ ဝါး ပက်လက်ကုလားထိုင်မှာ ထိုင် တယ်။ မောင်ဝင်း လာပေးတဲ့ ရေနွေးနဲ့ ပလုတ်ကျင်းပြီး ထွေးထုတ်ပစ်လိုက်တယ်။ အင်္ကျီလဲဖို့ သူ့ ကို သတိပေးတယ်။


သီးဇံက သူ့ခြံကို သံယောဇဉ် မပြတ်ဘူး။ ခဏခဏ သွား သွား မျှော်တယ်။ ဟိုက ဝင်းတောင် ခတ်ထားပြီ။ ဒီနှစ်မှ ကွမ်းသီးဈေးကလည်း ကောင်း၊ အပင်အောက် အသီးတွေ ဒီအတိုင်း ကြွေကျ နေတာ မြင်နေတော့ စိတ်ထဲဝမ်းထဲ ဘယ် ချိ မလဲ။ အေးလေ ကိုယ့် လက်ငုတ်လက်ရင်း ဆိုတော့ …… ဟု စကား အပြီးသတ် မပြောဘဲ သူ့ခြံကို လှမ်းကြည့်လိုက်ရင်း သက်ပြင်းချတယ်။


ရီးရှန် ဒီခြံကော လို့ မေးရင်း သူ နည်းနည်း ထိတ် သလို ဖြစ်လာတယ်။ လမ်းကြောင်းကတော့ လွတ်တယ်။ ဒါပေမဲ့ ရေတံခွန်နား ကပ်နေလို့ ယူပြီး ရေအားလုပ်မယ်ဆိုလား တခါ ကြားမိတယ်။  သူတို့ ယူရင် တိုင် အဖြူလေးတွေ အရင် လာစိုက်တာကွ။ ခု ထိ မတွေ့မိဘူး။ ရွာစာရေး ဆီက သတင်းလဲ မရဘူး။ လွတ် ကောင်း ပါရဲ့ ဟု ဦးရီးဖြစ်သူက အေးအေးဆေးဆေးဟန်နဲ့ ဖြေတယ်။


ဒီခြံဆိုရင်ကော ဘယ်လောက်ရမလဲ ဟု မေးရင်း သူ ပူပင်စိတ် ဝင်လာတယ်။ ဒီအပင်တွေက ပိုက်ဆံ ကောင်းကောင်း ထွက်နေတော့ သူတို့ တပင် ဖြတ်ဈေးနဲ့ နင် တွက်ကြည့်လေ ဟူသော အဖြေကြောင့် စိတ်မှန်းနဲ့ တွက်ချက်လိုက်တယ်။ ပမာဏ တခုကြောင့် စိတ် သက်သာရသလို ဖြစ်သွားပြီး  တပြိုင်နက်မှာပင် နှမိနှမြော စိတ် ဝင်လာတယ်။ သူ နဲ့ ရီးရှန် ကိုယ်တိုင် တည် ခဲ့ တဲ့ ခြံ။ ဘဝ ရဲ့ အမှတ်တရ များစွာ ရှိတဲ့ နေရာ။ အပင်တိုင်း အပင်တိုင်း ကို သူ့ သွေးသားလို ရီးရှန် သဘောထားတာ မဟုတ်လား။ တကယ်လို့ အသိမ်းခံရရင် ရီးရှန်က သူ့ ထက် ပို ဝမ်းနည်းမှာပဲ။ ရီးရှန်ရဲ့ မျက်နှာကို လှမ်းကြည့်ရင်း ပိုက်ဆံ ရ တာ မရတာ ထား။ ဒီခြံကိုတော့ မပေးလိုက်ချင်ဘူး လို့ သူ ညည်းတွားမိတယ်။ အင်္ကျီလဲဖို့ သူ မေ့ နေတယ်။


သိမ်းရာ ပါသွားတော့လည်း ပြတ်တာပါပဲ။ ငါ ရွာကျောင်းမှာ ကိုရင်ကြီး အပြီးဝတ်မယ် စိတ်ကူးထားတယ်။  နင် ဒီခြံကို သံယောဇဉ် ဖြစ်မှန်း သိတော့ နင့် ပေးခဲ့ချင်လို့၊ ပါတော့ ဘယ် ပါ စေချင်မလဲ။ အင်း….. မြေကို စွဲလန်းပြီး အကုသိုလ် မဖြစ်နဲ့။  မြေကြီး ကို ပိုင်တယ်ဆိုတာ မရှိဘူး။ နှစ်ပေါင်း အသင်္ချေ မှာ ပိုင်ရှင်တွေလို့ ပြောခဲ့သူတွေ ဆုံးကြတော့ မြေ ကသာ ကျန်ခဲ့တာ။ ငါ့ကို ပိုင်သူ ပြောခဲ့သူတွေ သေကုန်ကြတာ မနည်းဘူးလို့ မြေကြီးက ရယ်သတဲ့။ ငါတို့ ဆရာတော်က ဥပမာ ပြပြီး အမြဲ ဆုံးမတာ။ မြေကြီးရယ်တာ ခံ ရတဲ့ လူတော့ မဖြစ်ချင်ဘူး လို့ ရီးရှန် က သူ့ကို ဖြေသိမ့်စကား ဆိုတယ်။ သူ့ကို နှစ်သိမ့်တာထက် သူ့ဘာသာ ကြိုတင် တရားချနေတာလည်း ဖြစ်နိုင်တယ်။


လျော်ကြေးရတော့ နင်က ကြံတတ်ဖန်တတ်လို့ ပျောက် မသွားအောင် လုပ်နိုင်တယ်။ သီးဇံတို့သာ ကျန်တဲ့ ပိုက်ဆံ နဲ့ ဘာ လုပ်စားရမှန်း မသိတာ။ ဒါနဲ့ တ တိတိ ကုန်သွားပြီး ခြေမဲ့လက်မဲ့ဖြစ်မှာ လို့ ရီးရှန်က ကြောင့်ကြ တယ်။


ရီးရှန်ဟာ ဘဝတလျှောက်လုံး ဒီမြေ ဒီရေကို ဖက်တွယ်နေလာခဲ့တဲ့ သူ။ အိမ်ရာထူထောင်ကာ သားသမီး ပွားစီးခြင်း လည်း မပြု။ နာမည်တွေတောင် မှန်အောင် မခေါ်နိုင်တဲ့ တူ တူမ တွေ ကိုလည်း အကျွမ်းတဝင် သံယောဇဉ် ပြသခြင်းလည်း အလျဉ်း မရှိ။ သူ့ ခြံသာ သူ ကမ္ဘာ သတ်မှတ်ပြီး နေလာခဲ့တာ။ သူ့ ကိုတော့ သွေးသားရင်း ဆိုထာထက် ဒိုးတူဘောင်ဖက် လုပ်ခဲ့သူ အဖြစ် သတ်မှတ်ထားဟန် ရှိတယ်။ ခြံအတွက် လိုအပ်တဲ့ စိုက်ပျိုးစရိတ်ငွေကို သူ ထည့်ဝင်တာ ကြောင့်လည်း ပါတယ်။ 


ညနေစောင်းတော့ ချောင်းမှာ ရေ ဆင်းချိုးရင်း တိုင်အဖြူသာ လာစိုက်ရင် ဒီနေရာကို နှမျောဆုံး ဖြစ်မှာပဲ လို့ သူ မတွေးဘဲ မနေနိုင်ဘူး။ ရလာနိုင်တဲ့ လျော်ကြေးငွေ မမာဏကိုလည်း မမေ့မလျော့ တွက်ချက်နေမိတယ်။   သစ်ပင်ချုံနွယ် ပိတ်ပိတ် အုပ် နေလို့ နေပြောက်မထိုး ရှိကာ စိမ့်နေတဲ့ သဘာဝ စမ်းရေ ဟာ အတွင်းစိတ် လောင်မြိုက်နေတဲ့ သူ့ ကို မအေးမြစေတော့ဘူး။


ဦးဇင်း လူထွက် လာတော့ ဆိုင်ကယ် ကို  နံပါတ် တစ် ဂီယာ ထိုးပြီး တဝူးဝူး တဝေါဝေါ အသံပေးကာ ကျော်လေး ခြံထဲ ရောက်လာတယ်။  ဦးဇင်းဝတ်ပြီးမှ ကျော်လေးတယောက် ပို ထွားကျိုင်း လာတယ်။ 


ကျွန်တော် ဦးဘရှန်တို့ကို လာနှုက်ဆက်တာ။ မနက်ဖြန် အောက်လမ်းကနေ မလေး သွားတော့မယ် လို့ ကျော်လေးက ရောက်ရောက်ချင်း ပြောတယ်။


ဟ မင်းဟာ ဘာအသံမှ မကြား၊ မြန် လှ ချည်လား လို့ ရီးရှန်က ဆိုတော့ ကျွန်တော် သွားချင်နေတာ ကြာပြီလေ။ အဖေက မလွှတ်လို့ အခုထိ မသွားရတာ။ ဒီမှာ ကျွန်တော် နေတော့ရော ဘာလုပ်စားရမှာလဲ။ ခြံ လဲ သိမ်းရာ ပါ သွားပြီ။ ခု သူ စိတ်လျော့ပြီး  ပိုက်ဆံထုတ်ပေးလို့ ပွဲစားနဲ့ ဆက်လိုက်ပြီ ဟု ကျော်လေးက ပြောတယ်။ တက်ကြွရွှင်လန်းနေတဲ့ ကျော်လေးကို ကြည့်ပြီး သူ ငိုင် နေ တယ်။


လူကောင်ထွားလာပေမယ့် ကျော်လေးဟာ ငယ်ရွယ်သေးတယ်။ ခွန်အားသစ်များ အဝေးသို့ ရွေ့ခြင်းပဲ လို့ သူ တွေးမိတယ်။ ကောင်းကင်အသစ်ဆီ ပျံမယ့် ကျော်လေးကို ကြုံလာနိုင်တဲ့ အန္တရာယ်များ၊ ဆိုးဝါး ယုတ်ညံ့မှု များ အကြောင်း ပြောပြချင်သလား။ သူ့ မျှော်လင့်ချက် တောင်ပအား မရိုက်ချိုးလို။ ပျံရင်းနဲ့ ဘာသာ သိလာမယ်။


သူလဲ ထူး လှတယ်မှ မဟုတ်တာ။ တနည်းနည်း နဲ့ ဝေးရာကို ပျံ ခဲ့ တာပါပဲ။ ပျံသန်းရာ ကောင်းကင် သာ ကွာ လိမ့်မယ်။ ကျော်လေး ရင်ဆိုင်ရမယ့် လောက။ သူ ဖြတ်သန်း ကျော်လွှားနေသည့် လောက။  ဘယ်သူ့ လောကမှ ထူးပြီး သာလွန် ကောင်းမွန်တယ်ရယ်လို့ တပ်အပ် မပြောနိုင်။ ကွဲပြားတယ်လို့ ထင်မှတ်မှားခြင်း သာ ဖြစ်တယ်။ ဘယ်သူ့ကောင်းကင်မှ ပို ကြည်လင်သန့်စင်တယ် ရယ်လို့ မရှိ။ တိမ်တိုက်   ရောင်စုံနဲ့ လှပချိန် လည်း ရှိပြီး အမိုက်မှောင်တိုက် ဆိုက် ချိန်လည်း ကြုံမှာပဲ။ မွေးဖွားမှသည် တွင်းဆုံးတိုင်အောင် သတ်မှတ် အတိုင်းအတာ ရှိနှင့်ပြီးသား ကိုယ်ပိုင် ကောင်းကင် တခုခုမှာ မနေမနား ပျံသန်းကြရမှာပဲ။


အေးကွာ ကျော်လေး အစစ အရာရာ အဆင်ပြေပါစေ။ သူများရပ်ရွာမှာ သတိနဲ့ နေထိုင်။ မင်း ပွဲစားက စိတ်ချရတယ် မဟုတ်လား လို့ သာ သူ ပြောနိုင်တယ်။  ရီးရှန်က ဘုရား တရား မမေ့နဲ့ ကောင်လေး လို့ မှာတယ်။


အခါလွန်ပြီး တပတ် အကြာမှာ သူ ပြန်တယ်။ သင်္ကြန်ကျော်တာနဲ့ အမြဲစိမ်းတောဟာ ထုံးစံမပျက် မိုးရိပ်လေရိပ် သန်း လာတယ်။ အုံ့သာအုံ့ မရွာလေတော့  ည ဘက်တွေမှာ အိုက် စပ်စပ် ဖြစ်လာတယ်။ အပူနံ့ဟာ အမြဲစိမ်းတောကို ချဉ်းနင်း ဝင်ရောက်လာတယ်။


ပြန်တဲ့နေ့မှာ တဲဘေးကနေ ခြံစည်းရိုးအထိ ဆင်ခြေလျှော အတိုင်း ဆိုင်ကယ်ကို လှိမ့် ဆင်းလိုက်ပြီး  စည်းရိုးရောက်တော့ ခဏ ရပ်လိုက်တယ်။ တခါမှ မလုပ်စဖူး သူ နောက်ကို လှည့်ကြည့်မိတယ်။
အမြဲစိမ်း တောတောင် နောက်ခံနဲ့ ခြံ ရှုမျှော်ခင်း ဟာ စိမ်းစို အေးမြလျက်။ ဒီခြံကကော သွပ်မိုး တပြောင်ပြောင်နဲ့ စက်ရုံဝင်း အဖြစ်ကို ပြောင်းသွားမလား။ မရေရာဘူး။ တဲ နံဘေး တောင်ကုန်းထိပ်မှာ ရီးရှန် ရပ်ကြည့်နေတာကို ရေးရေး မြင်တယ်။ နောက်တခေါက် ရွာ ပြန်လာချိန်မှာ ရီးရှန်ကို ကိုရင်ကြီး အဖြစ်နဲ့ ဖူးရမှာလား။ ဝင်းခတ်ထားတဲ့ ခြံကို သွား မျှော်ကြည့်နေမယ့် လူ မဟုတ်တာတော့ သေချာတယ်။


စက်နိုးလိုက်ပြီး ဆိုင်ကယ်ကို မောင်းထွက်ခဲ့တယ်။ တောရိပ် ကွယ်တော့ မျက်နှာတူရူကို တိုက်လာတဲ့ လေဟာ အပူဓာတ်နဲ့ လောင်မြိုက်နေတယ်။ သူ ဆိုင်ကယ် ဦးထုပ် လေကာမှန်ကို ဆွဲချလိုက်ပြီး အရှိန်ပြင်းပြင်း တင် လိုက်တယ်။


စိမ်းလန်းသော တောတောင်ရေမြေ ဟာ အနောက်ဘက်ဆီမှာ တရိပ်ရိပ် ကျန်ခဲ့ပြီ။


( မြယာ )
၂၀၁၆၀၁၁၆
{ မောင်လေးသို့ }

(နှင်းဆီဖြူ ဂျာနယ်၊ အမှတ် ၆၊ အတွဲ ၂၊ ဖေဖော်ဝါရီ ၂၀၁၆)