Friday 27 June 2014

“ခြားနားမထင်”

ခြေလှမ်းလိုက်တိုင်း နာကျင်မှုကို ခံစားရပေမဲ့ အားတင်းပြီး တရွေ့ရွေ့ လျှောက်ခဲ့တယ်။ ၀င်ပေါက်နေရာ ရောက်တော့ နည်းနည်း မြင့်နေတာနဲ့ ရွေ့ရုံနဲ့ မရတော့။ ခြေထောက်တဖက်ကို မ ကြည့်တော့ အလွန် လေးလံပြီး ချုပ်ရိုးပတ်လည်က နာကျင်လာတယ်။ ၀င်ပေါက်တံခါး နံရံကို လက်တဖက်ကိုင် အားယူပြီး ကိုယ်တခြမ်း ရွေ့ဖို့ သူ ကြိုးစားတယ်။

‘ဟင် မခဲ ဘာလုပ်မလို့လဲ။ အိမ်သာဝင်ချင်တာလား။ ခေါ်လိုက်တာမဟုတ်ဘူး’

သူ့ညီမ အပြေးတပိုင်း ရောက်လာတယ်။ ချိုင်းက သူ့ကို မတယ်။ ညီမ ကို မှေး ကာ မခဲ ခြေလှမ်းကြွ လိုက်တယ်။ အသေးအဖွဲ အတားအဆီးလေး တခုကိုမှ မကျော်လွှားနိုင်သည့် အဖြစ်ပါလား။

‘တံခါး မပိတ်လိုက်နဲ့ မခဲ။ စေ့ရုံစေ့ထား။ ကျမပါ ၀င်လိုက်ခဲ့ရမလား။’
‘မလိုဘူး။ သွား သွား။ နင် လုပ်စရာရှိတာ သွားလုပ်’

နှင် လိုက်ပေမဲ့ ညီမဖြစ်သူ ရပ်စောင့်နေတာ သူ သိနေတယ်။ ဆေးရုံက ဆင်းလာတာ  ၃ ရက်ရှိပြီ။ လူက ကောင်းကောင်း မလှုပ်ရှားနိုင်သေးဘူး။ ဆေးရုံတက်မယ်လို့ သိကတည်းက မပဲ နဲ့ သူ့သမီးအငယ်မ ရောက်လာတယ်။ မလာနဲ့ ပြောလဲ မရဘူး။ နင်တယောက်တည်း ဘယ်ဖြစ်မလဲ လို့သာ အထပ်ထပ် ပြောတယ်။

‘မခဲ။ ပြီးပြီလား။’

သူ တိတ်ဆိတ်နေတော့ မပဲ စိုးရိမ်သံနဲ့ မေးတယ်။

‘အေး။ ငါ့ မျက်နှာသုတ်ပုဝါနဲ့ ထမိန် ယူပေးစမ်းပါ။ ဒီနေ့ ရေချိုးလို့ရပြီဆိုတော့ ချိုးချင်ပြီ။’
‘ကျမ ၀င်လိုက်ခဲ့မယ်။ နောက်ကျော ချေး တွန်းပေးမယ်။’

သူတို့ညီအစ်မ ဒီလို ပူးပူးကပ်ကပ် မနေတာ ဘယ်လောက်ကြာခဲ့ပြီလဲ။ နှစ် ဆယ်ချီ ကြာပြီ ထင်တယ်။ ရေခွက်ကို လှမ်းကိုင်တော့ ပါးစပ် က အမှတ်မဲ့ စုတ်သပ်မိတယ်။ မပဲ ရေခွက်ကို လှမ်းယူပြီး သူ့ကို ရေလောင်းပေးတယ်။ မပဲက ကျောအပေါ်ပိုင်းကို တိုက်ပေးပြီး အောက်ဘက်ကို ရွေ့လာတော့ သူ့ထမိန် ရင်လျားကို နည်းနည်း လျော့ ပေးလိုက်တယ်။

‘နည်းနည်း လျော့လိုက်အုန်း မခဲ။ ခါးအထိ တိုက်ပေးမယ်။ မထူးပါဘူး။ အကုန် ချွတ်ထား လိုက်ပါတော့။’ 

တနှစ်ကျော်ကျော်သာ ကွာတဲ့ ညီအမ ဖြစ်ပေမဲ့ သူတို့ အချင်းချင်း အလုံးစုံ မမြင်ဖူးကြဘူး။ မခဲက အကြီးဖြစ်တော့ ပိုတောင် ထိမ်းထိမ်းသိမ်းသိမ်း နေဖြစ်တယ်။ မပဲ ငယ်ငယ်က ဖရိုဖရဲ နေထိုင်တတ်တော့ သူကပဲ ကျပ်ကျပ်ကြီး အုပ်ချုပ်လာခဲ့ရတာ။ ဆံပင်ဖြူတဲ့ အရွယ်ရောက်နေတာတောင် ညီမဖြစ်သူ ရှေ့မှာ ဗလာကျင်းကာ မရှိချင်။

သူ ထမိန်ရင်လျားကိုဘဲ နည်းနည်း ထပ်လျော့လိုက်တော့ ကျောတပြင်လုံး ပေါ်လာတယ်။ မပဲက ဆပ်ပြာနဲ့ ပွတ်တိုက်ပေးတယ်။ ကျောလည်က ခပ်စွေစွေ ရှည်လျားလျား ဒဏ်ရာတခုဆီ အရောက် ခဏ တန့် သွားတယ်။

‘မခဲ။ ဒါ ဘာဖြစ်တဲ့ ဒဏ်ရာလဲ။ အတော် ကြီးတာပဲ။ ငါ တခါမှ မမြင်မိဘူး။’

ညီမ ဖြစ်သူ မေ့လျော့သွားတာကို သူ အစ ပြန်ဖော်ရမှာလား။ မေ့လက်စ ရှိစေလို့ ထားလိုက်ရင် ကောင်းမယ်လို့ တွေးရင်းကနေ နှုတ်ဖျားကတော့…

‘နင် လုပ်ထားတာလေ မိပဲ။ မေ့သွားပြီလား။’
===

အဲဒီ အချိန်က သူ အသက် ခြောက်နှစ်ကျော်ပြီ။ မပဲ က ငါးနှစ်ပြည့်ခါစလေး။ အမေ မြို့ကအပြန် ဘိုမကော်ပတ်ရုပ်လေး တရုပ်စီ ၀ယ်လာပေးခဲ့တယ်။ မပဲရဲ့ အရုပ်က ဆော့ရင်းနဲ့ လက်တဘက် ဖြုတ်ထွက်သွားတော့ မခဲ အရုပ်ကို လာ လု တယ်။ သူကလဲ သူအရုပ်ကို ပြန် ဆွဲရင်းနဲ့ သူတပြန် ကိုယ်တပြန် လုံးထွေး သတ်ပုတ်ကြနေကြရင်း မပဲ ဘာနဲ့ ကောက် ဆွဲ ခြစ်လိုက်လဲ သူ မသိတော့။ သူ့ ကျောပြင်မှာ သွေး ချင်းချင်း နီ နေတာကိုပဲ မှတ်မိတယ်။ ရွာက ဆရာမ ဒေါ်လှမြင့် ချုပ်ပေးတာကိုလည်း မှတ်မိနေတယ်။  ဆရာမက အစိမ်းချုပ် ချုပ်လို့  နာလိုက်တာ။ အငယ်ကို အလျော့မပေးလို့ အမေ ဆူတာပါ ခံရသေးတော့ စိတ်ရောရုပ်ပါ နာခဲ့ရတယ်။
 
မြင်နိုင်တဲ့ ဒီဒဏ်ရာသာမက မမြင်နိုင်တဲ့ စိတ်တွင်းအနာများလဲ မနည်းလှပါဘူး။ သူ ပြုသမျှ ကံ ကံ၏ အကျိုးကြောင့် ဖြစ်ခဲ့တယ်ဆိုပေမဲ့ ဟိုတုန်းကတော့ မပဲ ပယောဂ ပါတယ်လို့ တိတ်တိတ် ယိုးစွပ်ခဲ့မိတယ်။

သူတို့ ညီအမ အရွယ်ရောက်တော့ မိဘတွေက ကြွယ်ပိုးကြွယ်ဝ ရှိပြီး ဆွေကောင်းမျိုးကောင်းလဲ ဖြစ်တော့ တာစား တဲ့ အပျိုတွေပေါ့။ မခဲက အကြီးဆိုတော့ အရင် အိမ်ထောင်ကျတယ်။ အမိအဘများက သင့်တော်သူဆိုတဲ့ သတို့သားနဲ့ ထိမ်းမြားချိန်အထိ သူ့ဘ၀မှာ ကြောင့်ကြစရာလို့ မရှိခဲ့။ သူရတဲ့ ယောင်္ကျားက ကြင်နာတတ်သူဖြစ်ရာ လင်ရကံကောင်းတယ်လို့ ဆိုရမှာပါပဲ။

မပဲ သူ့ စိတ်နှလုံးမှာ ပထမဆုံး လာထွင်းတဲ့ ဒဏ်ရာကိုတော့ နောက်ဆုံးထွက်သက်တိုင် မေ့ပျောက်မှာ မဟုတ်။

‘မခဲ။ နင် ကွင်းစပ်ရွာက မခင်အေးကို သိလား။’
‘မသိဘူး။ ဘာဖြစ်လို့လဲ။ ကွင်းစပ်ကိုတော့ တခါလားပဲ ရောက်ဖူးတယ်။ အိမ်ကလူကတော့ လှည်းတိုက် ခဏခဏ သွားတယ်။’
‘အင်း သွားမှာပေါ့။ သွားစရာ ရှိတာကိုး။’

မပဲ စကား မရှင်းကြောင်း သူ ခံစားမိလာတယ်။

‘ဘာ သွားစရာလဲ။ မပဲ ရှင်းရှင်းပြောစမ်းပါ။ နင် ဘာပြောချင်တာ ဘာလဲ။’
‘အဲဒီကွင်းစပ်က မခင်အေးဆိုတာ အကိုကျော်ညွှန့် ရည်းစားဟောင်းတဲ့။ နင်နဲ့ မယူခင် တရက်အထိ သူ့အိမ် အ၀င်အထွက် ရှိနေတုန်းဆိုပဲ။ မယူခင် ညက မခင်အေးက ပုဆိုးစ အတင်း ဆွဲထားလို့ နင့် ယောကျာင်္း ပုဆိုးချွတ်ပြီး ပြေးလာခဲ့ရတာတဲ့။ ဟိုမိန်းမက အဲဒီ ပုဆိုးကို အိမ်မှာ ခြေသုတ်အ၀တ် လုပ်ထားတာတဲ့။’

မပဲ စကားကြောင့် မင်သက်မိကာ ထပ်ပြောနေသည့် စကားများကို မကြားမိတော့။

‘မခင်အေး စရိုက်နဲ့ မျိုးရိုးကို နင့်ယောက္ခမတွေက မကြိုက်ကြဘူးတဲ့။ ဒါကြောင့် နင်နဲ့ လာစပ် ပေးစားတာ နေမှာပေါ့။’

ရွှင်ရွှင်ပျပျ နေတတ်ကာ သဘောမနောကောင်းတဲ့ ခင်ပွန်းသည်ရဲ့ မျက်နှာကို ပြန်မြင်ယောင်မိပြီး မပဲ ပြောစကားကို မယုံမကြည် စိတ်က အရင်ဝင်တယ်။ မပဲ မျက်နှာကိုကြည့်မိတော့ သူ့စကား အမှန်လို့ သိလိုက်ရကာ စိတ်လက် ခါးသီးလိုက်သည်မှာ ဆိုဘွယ်ပင် မရှိတော့။ ရင်ညွန့်မှာ စူးစူးနင့်နင့် အောင့် လာပြီး အသက်ရှုမ၀တော့။

‘နေပါအုန်း။ နင့်ကို ဘယ်သူပြောလဲ။’
‘လင်းအောင် ပြောတာ။ သူ အမေက ကွင်းစပ်သူလေ။’
‘မခဲ။ ငါကတော့ ငါ့ကို မချစ်တဲ့လူကို ဘယ်တော့မှ မယူဘူး သိလား။ အတင်း လာပေးစားလို့ကတော့ ငါ့အကြောင်း သိသွားမယ်။’

သူတို့အရပ် ဓလေ့အရ ငယ်ရွယ်သူများ ချစ်ကြိုက်ကြပေမဲ့ အချိန်တန်က မိဘပေးစားတာ ယူမြဲဖြစ်လို့ မထူးဆန်းတဲ့ကိစ္စမို့ အိမ်ကလူကို အလွန်အကျွံ စိတ်မကွက်မိ။ သူ ပြင်းစွာ စိတ်ဆိုးတာက ပုဆိုးကို ခြေသုတ်ဝတ်လုပ်တဲ့ မိန်းမနဲ့ မပဲ တို့ကိုပဲ။  ကွင်းစပ်ရွာသို့ သွားကာ အဲဒီ ပုဆိုးကို ပြန် ယူချင်တဲ့ စိတ်ဆန္ဒ တဖွားဖွား ထ တယ်။ ထိမ်းချုပ်ရ ခက်လိုက်သည်ဖြစ်ခြင်း။ ညတိုင်း တလူးလူးတလှိမ့်လှိမ့် ဖြစ်နေရာ ခင်ပွန်းသည်က သတိပြုမိပြီး မေးတဲ့အထိပင်။ သူ့ နှုတ်ခမ်းဝမှာ ပလုံစီ ထ နေတဲ့ မေးခွန်းများကို နှုတ်ခမ်း အသာကိုက်တာ မျိုချရတယ်။ တသက်လုံး မမေးဘူး။ ဒီကိစ္စကို တသက်လုံး မမေးဘူးလို့ မခဲ ဆုံးဖြတ်လိုက်တယ်။ မေးလိုက်လို့ရလာမဲ့ အဖြေက သူ ကြိုက်ရင်တော်သေး။ မကြိုက်ရင် နှစ်ခါ နာကျင်စိတ် ၀င်မယ်။

စိတ်ကွက်သူ နှစ်ဦးအနက် အနားမှာရှိတဲ့ တယောက်ကို ပို မဲ မိတယ်။ ညီမဖြစ်သူနဲ့ မျက်နှာချင်း မဆိုင်ချင်။ ဆိုင်မိပါက နင့်ယောင်္ကျား ဘယ်ကဲ့သို့ ဘယ်ချမ်းသာ ပြောဆိုလာတာကို မကြားချင်။ တနှစ်တန်သည် နှစ်နှစ်တန်သည် မိဘနဲ့ အတူနေမဲ့ အစီအစဉ်ကိုရပ်ကာ ခြံဝင်းတခု သတ်သတ် ယူပြီး အိမ် သီးသန့် ဆောက်တော့တယ်။

မိဘ ယောက္ခမ ခွဲပေးတဲ့ လယ်မြေ ဥယျာဉ်တွေကို ခင်ပွန်းဖြစ်သူက ကြိုးကြိုးကုပ်ကုပ် လုပ်တယ်။ သူကိုလည်း အလေးထား နေရာပေး ဆက်ဆံမြဲဖြစ်တော့ ညတွင် လူးလှိမ့်ခြင်းမျိုး ကျဲ လာတယ်။ မိသားစုဘ၀ ရှိလာရင် အစစ မေ့လျောသွားနိုင်ပြီလို့ သူ မျှော်လင့်ခဲ့တယ်။

သူပြီးလို့ မပဲ အလှည့်ရောက်တော့ ပြောစကားနဲ့ အညီ မိဘများ စီမံတဲ့ သတို့သားကို မပဲ ခါးခါးသီးသီး ငြင်းဆန်တယ်။ သူ့ချစ်သူ လင်းအောင်နဲ့ မပဲ လိုက်ပြေးသွားတယ်။ ပထမ သူ လန့် သွားတယ်။ နောက်တော့ ကျေနပ်စိတ် ၀င်လာတယ်။ မပဲ တယောက် မိဘ မျက်နှာကို အိုးမဲသုတ်သူအဖြစ် ရောက်နေချိန်မှာ သူက အမိအဘကို ဒုက္ခမပေးသူ ဖြစ်နေခဲ့တာကို ကျေနပ်တယ်။

တကယ်တမ်း သူ့ညီမ တယောက် ဆင်းဆင်းရဲရဲ အသက်မွေးနေရတာကိုလည်း သူ  ကြည့်မနေနိုင်။ စိတ်ဆိုးနေတဲ့ မိဘများနောက်ကွယ် ညီမဖြစ်သူကို လုံလောက်အောင် ထောက်ပံ့ပြန်တယ်။ မိဘများက စိတ်ပြေကြလို့ မပဲ အိမ်ပေါ် ပြန်ရောက်လာတော့လည်း သူ ၀မ်းမြောက်စိတ် ဖြစ်တာပါပဲ။ တခုသော ညနေခင်းအထိပေါ့။

မပဲ သူ့အသည်း နောက် ထပ် လာထွင်းတဲ့ ဒဏ်ရာက ပို နက်တယ်။ အဲဒီညနေခင်းမှာ ကိုကျော်ညွှန့်နဲ့ သူ အမေတို့အိမ်ရောက်နေတော့ မပဲတို့ မရှိကြဘူး။

‘အမေ ပဲမတယောက် မတွေ့ပါလား။’
‘သြော် ဆရာမအိမ်ကို ခဏသွားကြတယ်။’
‘ဟင် ဘာဖြစ်လို့တုန်း အမေ။’
‘ဘာမှမဖြစ်ပါဘူး။’

အမေ့ မျက်နှာ ကြည့်ရတာ တမျိုးပဲ။ အမေ မဖြေခင်မှာ မပဲတို့ ပြန်ရောက်လာကြတယ်။ မပဲ လှေခါး တက်လာတာကို လင်းအောင်က ဖေးဖေးမမ တွဲရက်သား။ မပဲကို အလွန်အမင်း ဂရုစိုက်နေပုံနဲ့။ သူ စိတ်ထဲမှာ တခုခု သိလိုက်တယ်။

‘အမေ ကျမ ပြန်တော့မယ်။ ကိုကျော်ညွှန့် ပြန်ကြစို့။’
‘အေး အေး သမီး။ မှောင်တောင် မှောင်လာပြီ။ ပြန်ကြ။ ပြန်ကြ။’

ထ ပြန်လာတဲ့အထိ မပဲကိုကော မတ်ဖြစ်သူကိုပါ သူ နှုက်မဆက်ခဲ့မိဘူး။
===
ညနေရောက်တိုင်း အမေတို့ ရေတွင်းမှာ သူတို့ ရေ သွား ချိုးကြတယ်။ ကိုကျော်ညွှန့်က သူအတွက် ရေငင် ပေးတယ်။ ပြီးတော့ မပဲ ကလေးတွေကိုပါ ခေါ်ပြီး ရေချိုးပေးကြတယ်။ တူ တူမကလေး တွေကလည်း ညနေတိုင်း သူတို့ ဦးလေးကြီးကို မျှော်ကြတယ်။ ကလေးတွေနဲ့ ရယ်မောရွှင်ပျနေတဲ့ ခင်ပွန်းကို မြင်တိုင်း ရင်နင့် စိတ်နဲ့ လှိုက် တယ်။

နေ့လည် တရေးနိုးချိန်ဆိုလည်း မုန့်ပဲသရေစာများ ၀ယ်ထားပြီး ကလေးတွေကို သွား သွား ခေါ်လာတတ်တယ်။ ကိုယ့် သွေးချင်းတွေကို သူ ချစ်ခင်နှစ်လိုတာကိုတော့ ကြိုက်ပါရဲ့။ မကြိုက်တာက အားတိုင်း ယားတိုင်း မွေးနေတဲ့ မပဲကိုပဲ။ ဆရာမနဲ့ ဆေးထိုးထားပါလို့ အကြံပေးလဲ မရ။ စီးပွားကဖြင့် ကုံလုံတာ မဟုတ်ဘဲ မိဘ နဲ့ အမကို ဒုက္ခပေးဖို့ သက်သက် လုပ်နေသလို။ ကိုယ်ပြည့်လက်ပြည့်နဲ့ မပဲ ကို မြင်တိုင်း စိတ်ထဲ တစစ်စစ် ယားယံရတာကို ထုတ်ဖော် မပြောနိုင်။ အမေကတော့ ရိပ်မိတယ် ထင်ပါရဲ့။ မပဲတောင် တပြွတ်ပြွတ် ဖြစ်နေမှတော့ သူဆီကော တကောင်တမြီး လာဖို့ မသင့်ဘူးလား။ သားဖွားဆရာမကို မေးကြည့်တော့ မြို့ပေါ်က ဆရာဝန်နဲ့ နှစ်ယောက်စလုံး သွားပြပါ အကြံပေးတယ်။ သူ့ဘာသာဆို တယောက်တည်း ကျိတ် သွား မိမှာပဲ။ ကိုကျော်ညွန့်ကို ဘယ်လို ပြောရမလဲ။ သူ ပြော မထွက်နိုင်ဘူး။

တဖြည်းဖြည်းနဲ့ မပဲကလေးတွေတောင် သူတို့ဘာသာ ရေ ခပ် နိုင် လာပြီ။ တခါတခါ ကိုကျော်ညွှန့်ကိုတောင် ရေ ပြန် ခပ် ပေး နေကြသေးတယ်။ ခုထိ ဆရာဝန်ဆီကို မသွားနိုင်သေး။ စကားလဲ မ ဟ နိုင်သေးဘူး။

ညနေရီရီ တခုမှာ ခါတိုင်းလိုပဲ ကိုကျော်ညွန့် ရေချိုးဖို့ အမေတို့ခြံကို ထွက်သွားတယ်။ နွေ ၀င်လာတော့ ရာသီကလဲ အိုက်စပ် ပူလောင်နေတယ်။ သူ နောက်က လိုက်သွားဖို့ အိမ်ပေါ်က ဆင်းလာချိန် မပဲ မောကြီးပမ်းကြီးနဲ့ ရောက်လာတယ်။

‘မခဲ… မခဲရေ…မခဲ။’
‘ဟဲ့ အမောတကောနဲ့ ဘာဖြစ်လာတာတုန်း။’
‘အကို.. အကိုကျော်ညွှန့်… မခဲ အမြန်လာပါ။ အမြန်။’
‘ဟဲ့ ဘာ ဖြစ် တာလဲ မပဲ။ အသေအချာ ပြောစမ်းပါ။’

သုတ်ခြေတင်သွားတဲ့ မပဲ နောက် အပြေးလိုက်ရင်း ရင်တွေ တဒိတ်ဒိတ် ဖြစ်လာတယ်။ အမေတို့ ခြံဝင်းကထဲရောက်တော့ အနောက်ဘက် ခြံစည်းရိုးဆီ မပဲ လက်ညိုးထိုးတယ်။ ခြံကျယ်တော့ ခြံအနောက်ဘက် ရောက်နေရင် အိမ်ဘက်ကနေ ချက်ချင်း မမြင်ရဘူး။

အနောက်ဘက် ခြံစည်းရိုးဘေးမှာ ခွေခွေလေး လဲ နေတဲ့ ကိုကျော်ညွှန့်ကို မြင်လိုက်တော့ သူ လန့် သွားတယ်။ ဘေးနားမှာ လင်းအောင်နဲ့ ကလေးတွေ ၀ိုင်းနေကြတယ်။ ကိုကျော်ညွှန့် ၀တ်ထားတဲ့ ပုဆိုးက ပြေ နေပြီး သွေးတွေ စိုရွဲနေတယ်။ အောင်မယ်လေး ဘာဖြစ်တာလဲ။

‘ခုနက ကလေးတွေနဲ့ ရယ်ရယ်မောမော စကားပြောနေသေးတယ်။ ရေချိုးသံလဲ မကြားရ။ ပြန်တာလဲ ပြောမသွားလို့ ကလေးတွေကို မေးနေသေးတယ်။ ခုနက အိမ်သာဘက် ဆင်းလာရင် ညည်းသံ ကြားလို့ လာကြည့်လိုက်တာ။  မြို့ဆေးရုံကို ပို့မှ ဖြစ်မယ်။ သွေး ထွက်များတယ်။’

တူကလေး လက်ထဲမှာ သွေးစွန်းနေတဲ့ ကွမ်းညှပ်တလက်ကိုတွေ့တယ်။ ကွမ်းညှပ်က ဒီကို ဘယ်လိုလုပ်ရောက်နေလဲ။  သူ ဘာမှ မတွေးတတ်အောင် ထူပူနေပြီ။

မိုးစုံးစုံးချုပ်မှ ဆေးရုံကိုရောက်တယ်။ ဆေးရုံအရေးပေါ်ကလဲ ထူးဆန်းတဲ့ ကိစ္စဖြစ်လို့  ဆူညံကုန်တယ်။

‘ဖြတ်လိုက်တဲ့ ကွမ်းညှပ်ဆိုတာက ဘယ်မှာလဲ။  ကြံကြံဖန်ဖန်နော်။ ဖြတ်စရာ ရှားလို့အေ။ မိုးချုပ်မှ တယ် ဒုက္ခပေးကြတာပဲ။’

သူနာပြု ဆရာမကြီး မေးလိုက်တာကို သူ ဘာ ပြန်ပြောရမှန်း မသိဘူး။ လင်းအောင် သွား ရှင်းပြနေတာကို မြင်တယ်။ ခွဲစိတ်ခန်းထဲ ကိုကျော်ညွှန့် ၀င်သွားတဲ့အချိန်မှာ မပဲ က သူ့လက်ကို လာကိုင်တယ်။ ဒီကောင်မလေး လက်ကလဲ အေးလိုက်တာ။

ခွဲခန်းထဲက မသေမပျောက် ပြန်ထွက်လာလို့ စိတ်အေးရပေမဲ့ ဆေးရုံတခုလုံးက အထူးအဆန်းဖြစ်ပြီး ပြူတစ် ပြူတစ် လာ လာ ကြည့်ကြတာကိုတော့ သူ အတော် စိတ်ပျက်မိတယ်။  အုတ်အော်သောင်းတင်း ဖြစ်ကုန်တာကို အံ့လဲသြ စိတ်လဲ ပျက်မိတယ်။ သူတို့ ကို လာ ကြည့်တဲ့ မျက်လုံးတွေကို မခဲ မုန်းတယ်။

ဆေးရုံက ဆင်းလာပြီးနောက် ကိုကျော်ညွှန့်ဟာ အိမ်ထဲအိမ်ပြင် မထွက်တော့ဘူး။ အမြဲလိုလို  အိပ်ယာထဲ လှဲ နေတော့တယ်။ တသက်လုံး ရွှင်ရွှင်ပျပျ နေလာခဲ့သူ ဒီလို ရုတ်ချည်း ပြောင်းသွားတာ မယုံနိုင်လောက်အောင် ဖြစ်ရတယ်။ မပဲကလေးတွေ လာကြည့်တာလည်း လုံးဝ မတွေ့မခံတော့ဘူး။   

အိမ် ကိစ္စတွေကိုပါ တခုမှ မလုပ်တော့ဘူး။ ခင်ပွန်း မဦးစီးမှတော့ သူ ရှေ့ထွက်ရတယ်။  အိမ်မှာ ချန်ထားရစ်ခဲ့တဲ့ လူကိုလည်း စိတ်မချ၊ အလုပ်ကိုလည်း မျက်နှာလွဲခဲပစ် လုပ်မရနဲ့ ဗျာပါ များလှတယ်။ တူကလေးတယောက် အိမ်မှာ လာ လာ စောင့် ပေးဖော်ရလို့ တော်သေး။ ပြန်လာလို့ မေးလိုက်ရင် အဖြေက တခုတည်း။

‘ဦးကြီးက အစားကောင်းကောင်း မစားဘူး ကြီးကြီး။ ကျွန်တော့်မျက်နှာကိုလဲ မကြည့်ဘူး။’

မိုးဦးကျချိန်မှာ သူရင်ငှားကိစ္စ၊ မျိုးစပါးမလောက်ငမှု၊ ဓာတ်မြေသြဇာခွဲတမ်း၊ အမှုကိစ္စပေါင်းစုံနဲ့ မခဲ ပြေးလွှားနေတာ မြင်ပေမဲ့ ကိုကျော်ညွှန့် အိပ်ယာထဲ လှဲ မြဲ။  စပါးစိုက် ပျိုးနုတ်ဖို့ လူရှာရကိစ္စနဲ့ ကွင်းစပ်တောင် ရောက်တယ်။ ဗျာပါတွေ များရတဲ့အထဲ ခြေသုတ်ခုံ လုပ်ထားတယ်ဆိုတဲ့ ဟိုမိန်းမရဲ့ အိမ်ကို တစေ့တစောင်း သွားကြည့်ချင်စိတ် သူ့မှာ ၀င်လာသေးတယ်။ ကိုကျော်ညွှန့်သတင်းကို ကြားတော့ အဲဒီမိန်းမဟာ ၀မ်းသာအားရ ဖြစ်နေမလား။

မိုးကုန်ပြီး သီတင်းကျွတ်ဦးကာလ ရောက်လာတော့ သူကပဲ တိုက်တိုက်တွန်းတွန်း ပြောမိတယ်။

‘ကိုကျော်ညွှန့် ခြံထဲ တောခုတ်နေတာ ခဏ သွားကြည့်ပါလား။ လူငှား ရှိပေမဲ့ နည်းနည်းတော့  ကြည့်ရအုန်းမယ် မဟုတ်လား။ ခြေဆန့်လက်ဆန့် သဘောမျိုးပေါ့။ ဟင်။’

ပထမတရက် ခြံထဲ လိုက်သွားပြီးပြန်လာတော့ ကိုကျော်ညွှန့် မျက်နှာက တည်တည်ငြိမ်ငြိမ်ပဲ။ မခဲ
နည်းနည်း စိတ်အေးသွားတယ်။ ပုံမှန် ပြန်ဖြစ်လာပြီ ထင်ပါရဲ့။ နောက်တနေ့  မနက်နိုးလာတော့ ထူးထူးဆန်းဆန်း စကားဆိုတယ်။

‘ညက အမေ့ကို အိပ်မက်မက်တယ်။ ငါ့ကို လာခဲ့လို့ ခေါ်နေတာ။ လိုက်ဖို့ ပြင်နေတုန်း နိုးလာရော။’

ကိုကျော်ညွှန့်အမေဆုံးတာ သုံးမိုးကျော်ပြီ။ မခဲ စိတ်ထဲ တမျိုးဖြစ်သွားတယ်။

ကိုကျော်ညွှန်မျက်နှာကို စေ့စေ့ကြည့်တော့ အေးအေးဆေးဆေး ဟန်ရှိတယ်။ ဒီအတိုင်း မက်တာ ထင်ပါရဲ့။

‘ကျွန်မတို့ အမေအတွက် ဆွမ်းကျွေးအလှု လုပ်ကြမလား ဟင်။’
‘ဆွမ်းကျွေးလား။ ခဏ နေပါအုန်း။ နောက် လုပ်ရမှာပဲ။ ငါ ခြံထဲ သွားလိုက်အုန်းမယ်။’
‘ကျွန်မပါ လိုက်ခဲ့မယ်။ ခဏ စောင့်လေ။’
'ဒီနေ့ နင် မလိုက်ခဲ့နဲ့တော့။  ထမင်းစား ပြန်မလာဘူး။'
‘ပူတယ်။ ပြန်မလာချင် မလာနဲ့။ ကျွန်မ ထမင်းချိုင့် လာပို့မယ်။’

ပြောပြောဆိုဆို သူ ထွက်သွားတာကို မခဲ ခဏ ငေး ကြည့်နေမိသေးတယ်။ ထမင်းချိုင့် ပို့မယ်ဆိုတော့ ဖွယ်ဖွယ်ရာရာလေး ချက်ပြုတ်ရတယ်။ ထမင်းချိုင့် ဆွဲပြီး ခြံထဲလိုက်သွားတော့ ကိုကျော်ညွန့်ကို မတွေ့ရဘူး။

‘ကျွန်မတို့ အိမ်က လူကော။’

တောခုတ်နေတဲ့ လူငှားတွေ ပြန်ဖြေတာက ပြန် သွားတယ်တဲ့။ အိမ်ကိုလည်း ပြန်မရောက်လာဘူး။
လူငှားတွေရော မခဲပါ ခြံတခုလုံး နှံ့အောင် ရှာကြတယ်။ အရိပ်အယောင်မှ မတွေ့။ အိမ်ကို တယောက် ပြန်ပြေးကာ သွားကြည့်တယ်။ အိမ်မှာလဲ မရှိ။ အဖေ၊ အမေ၊ မပဲ နဲ့ ကလေးတွေ ကိုကျော်ညွန့် အမျိုးတွေပါ ရောက်လာပြီး လူစုံတက်စုံ ရှာကြတယ်။    

နှစ်ရက်နှစ်ညသာ ကုန်သွားတယ်။ ဘာသတင်းမှ မရဘူး။ ရွာထဲက လူတွေကလဲ ဖြတ်သွားတာ မမြင်မိကြဘူး။ ရွာက ထွက်သွားတာကိုလည်း တယောက်မှ မတွေ့ကြဘူး။ ဟောပြောတဲ့ ဆရာဆီ  မပဲ သွားပြီး ပြန်လာတော့ ....

‘မခဲ။ ရေမှာ ရှာပါလို့ ဆရာထွန်းက ပြောလိုက်တယ်။ ပွဲပေးပြီး မီးထွန်းရမယ်။ တွေ့မှာပါတဲ့။’

ကန်တော့ပွဲတွေ ဖယောင်းတိုင်တွေနဲ့ မပဲ ပြောထားသမျှ လုပ်ပြီး အိမ်ရှေ့ဘုရားခန်းကနေ မီးဖိုဘက် ဆင်းခဲ့တော့ အမေနဲ့ မပဲ ခေါင်းချင်းဆိုင်နေတာကို တွေ့တယ်။

‘ပြန်တွေ့ပေမဲ့ ရှိတော့မှာ မဟုတ်ဘူးတဲ့ အမေ။ မခဲတော့ ဒုက္ခဘဲ ။’

နှစ်ယောက်စလုံး မခဲကို မမြင်ကြဘူး။  မဟုတ်ဘူး။ ကိုကျော်ညွန့်က ထမင်းစား ပြန်မလာဘူးပဲ ပြောသွားတာ။ မဟုတ်ပါဘူး။

အဟောထွက် စကားအရ ရွာချောင်းကမ်းပါးအနှံ့ ရွာချောင်းနဲ့ မြစ်မကြီး ဆုံရာမှာ ရှာကြတယ်။ ခြေရာလေးမှ မကောက်မိဘူး။ ချောင်းဘက် ဆင်းလာတာကိုလဲ ဘယ်သူမှ မမြင်လိုက်ရဘူး။ ရေမှာ ဆိုတာ….

ရုတ်တရက် မခဲ ဆတ်ကနဲ တုန်သွားတယ်။  

ခြံထဲမှာ။ ခြံထဲမှာ ရေ…ရေတွင်း။

ခြံထဲမှာ ဘယ်သူမှ အသုံးမပြုတော့တဲ့ ရေတွင်းဟောင်းရှိတယ်။ သစ်ရွက်ကြွေ သစ်ရွက်ပုပ်တွေကြောင့် အမှိုက်ကျင်းလိုလို ဖြစ်နေတာ။ ပထမရက် ခြံထဲ ပတ် ရှာ ကတည်းက ရေတွင်းဟောင်းတ၀ိုက် ရှာထားပြီးသား။

ခြံထဲ နောက်တခေါက် ထပ်သွားကြတယ်။ သစ်ရွက်ကြွေများကို ဖယ်ရှားလိုက်တော့ ပထမ ဘာမှ မတွေ့ရဘူး။ ၀ါးလုံးနဲ့ ရေတွင်းထဲ ထိုးလိုက်တော့မှ ရေ မျက်နှာပြင် နည်းနည်း လှုပ်ရှားသွားပြီး ဆံပင်စလေးလိုလို ရိပ်ကနဲ မြင်လိုက်ကြရတယ်။ လက်နှိပ်ဓာတ်မီးတွေနဲ့ ၀ိုင်း ထိုးကြည့်တော့ ဘာမှ မမြင်ရပြန်ဘူး။

‘ဆရာထွန်း ပြောတဲ့အတိုင်း မီးထွန်းလိုက်အုန်း။ မခဲ နင် ကိုယ်တိုင် လာလုပ်။ ‘

မပဲ လက်ထဲ လာထည့်လိုက်လို့သာ ယောင်ယောင်ကန်းကန်းနဲ့ လုပ်လိုက်ရတယ်။ သူမှာ ဘာ ပြောရမှန်း မသိဘူး။ မပဲ ရှေ့က ပြောသမျှ လိုက်ဆိုတာ ပြန်တွေ့ပါစေ တကြောင်းပဲ မှတ်မိတော့တယ်။

‘လင်းအောင် နင်တို့ အသေအချာ ပြန်ကြည့်ကြအုန်း။’

မရမ်းပင်ကို မှီပြီး ထိုင်နေကာ မပဲ စီမံနေတာကို ငေးကြည့်နေတယ်။ တမှေးမှ မအိပ်တာ နှစ်ရက်နှစ်ည ရှိခဲ့ပြီ။

‘ဒီမှာ ဟေ့။ ဒီမှာ သေချာတယ်။ ဆံပင်ကို ပြန်မြင်ရပြီ။  ဟေ့ ကြိုးတွေ လိုတယ်။ ရွာထဲ ပြန်ပြေးကြအုန်း။’

ရေတွင်းထဲက ဆယ်တင်လာတဲ့ ကိုကျော်ညွန့် ခန္ဓာကိုယ်ဟာ ဖောင်းကားပြီး ပုံပျက်နေပြီ။ ခြေထောက် တဘက်တချက် မှာတော့ ပိုက်စုတ်နဲ့ ကျောက်တုံး တတုံးစီ ချည်လျက်သား။ ကျောက်တုံးအလေးချိန်ကြောင့် ရေပေါ် ပေါ် လာတာတောင် ရပ်ရက် ဖြစ်နေတော့ သူတို့ ဆံပင်စလေးကိုပဲ စ မြင်ရတာ။ နှစ်ရက်လုံးလုံး တင်းခံထားတဲ့ မခဲ ခြေထောက်က ကျောက်တုံးတွေကို မြင်တော့ မျက်ရည်ပေါက်ပေါက် ကျလာတယ်။ ပြန် ပေါ်မလာအောင် လုပ်သွားတဲ့သဘော။ သူ့ကို အလောင်းတောင် မမြင်စေလိုတဲ့ သဘော။ ရင်ထဲ အောင့်ပြီး နာလိုက်တာ။ မခဲ နှုတ်ခမ်းကို ပြတ်လုမတတ် တင်းတင်း ကိုက်ရင်း အကျီလက်ဖျားနဲ့ မျက်ရည် သုတ်လိုက်တယ်။
===

အဲဒီနှစ် စပါးသိမ်းချိန်အပြီးမှာ မခဲ မြို့ပေါ် ပြောင်းသွားတယ်။ ဆေးရုံနားက ကွက်သစ်မှာ အိမ်သေးသေးလေး တလုံး ၀ယ်လိုက်တယ်။ သူငယ်ငယ်ကတည်းက အချုပ်အလုပ်ကျွမ်းကျင်တော့ ခြင်ထောင် အိပ်ရာခင်း ခေါင်းအုံးစွပ် ချုပ် ရောင်းတယ်။ နောက် ချုပ်ထည်တွေ ချုပ်ရောင်းပြီး ဈေးထဲသွင်းတယ်။ ရွာက အိမ်ကို ရောင်းပစ်ပြီး လယ်နဲ့ခြံကို အငှားချထားလိုက်တယ်။ မိဘများ အသက်ထင်ရှားရှိစဉ်မှာ ရွာကို ရံဖန်ရံခါသာ ပြန်ပြီး အမိအဘတို့ နေနဲ့လ အရိပ် ကွယ်သွားကတည်းက ရွာကို လုံးလုံး မပြန်တော့ဘူး။

တကောင်တမြီးတောင် လာရောက် မခိုနားဖူးတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းက ပြသနာ ဖြစ်လာတော့ ထုတ်ပစ်ရမယ်တဲ့။ တခါမှ အသုံးမပြုခဲ့ရတဲ့ အပိုပစ္စည်း။ မြန်မြန်ထုတ် အေးတာပါပဲ။ ဆေးရုံတက်မယ်လို့ သိကတည်းက မပဲ နဲ့ သူ့သမီးအငယ်မ ရောက်လာတယ်။ မလာနဲ့ ပြောလဲ မရဘူး။

မပဲ ကလေးတွေ မြို့မှာ အလုပ်လုပ်သူလဲရှိ စာသင်သူလဲ ရှိကြလေရဲ့။ ကလေးတွေရဲ့ ပညာသင်စရိတ် ထောင်းလွန်းလို့ သူ့ညီမ ကျပ်တည်းတာကိုတော့ မခဲ ထောက်ပံ့တယ်။ ကလေးတွေက သူတို့အမေ ခိုင်းလို့သာ ရံဖန်ရံခါ ၀င် ၀င် လာတတ်တယ်။ ဖင်နွေးအောင် မထိုင်ကြပါဘူး။ သူတို့ကို အကျွမ်းမ၀င် မဆက်ဆံတဲ့ ကြီးဒေါ်ကို စိမ်းတာ ဘာမှ မဆန်းဘူး။ သူတို့ အာရုံထဲမှာ ရယ်ရွှင်ပျပျနဲ့ ဦးလေးကြီးကိုသာ စွဲထင်ကျန်ရစ်တယ်။

နေ့ခင်းဘက်တွေမှာ အပ်ချုပ်စက်နင်း အကူကောင်မလေးတယောက် ရှိတော့ လက်တိုလက်တောင်း ခိုင်းလို့ရတယ်။ ညနေ ရောက်တော့ မြို့သစ်က သူ့အိမ် မပြန်ခင် ကောင်မလေးက သူ့ကို နင်းပေး နှိပ်ပေး သွားတတ်သေးတယ်။ စက်ချုပ်တော့ အလွန် အညောင်းမိတယ်။ တခါတလေ ညဘက်မှာ ဗိုက် အောင့်ပြီး မူးဝေလာတာ ရှိတယ်။ ဆေးပုလင်းရှိရာ တရွေ့ရွေ့နဲ့ သွားရတယ်။ နောက်တော့ အိပ်ရာဘေးမှာ ဆေးပုလင်း ရှုဆေး နဲ့ ပရုတ်ဆီပုလင်းတွေ တန်းစီ ထား လိုက်တာပဲ။ အောင့်လာ မူးလာရင် ဘေးကို လှမ်း စမ်းလိုက်ရုံနဲ့ ရတယ်။ မနက်လင်းလာတော့ ဘာမှ မဖြစ်သလို စက်ခုံပေါ် ရောက်နေပြန်တယ်။။

ဗိုက်အောင့် အောင့် နေတာ သွေးဆုံးချိန်ရောက်လို့ ဖြစ်တတ်တဲ့ သဘာဝလို့ ထင်ကာ ရှေးရိုးအတိုင်း ဘဲဥစားရ သွေးဆေးသောက်ရ နဲ့ ဖာသိဖာသာ နေလာခဲ့တယ်။ ပုံမှန်မဟုတ်ဘဲ အမည်းရောင်တွေ ဆင်းလာတော့မှ ထိတ်ပြာသွားကာ ဆေးခန်းပြေးရတယ်။ အိုဂျီဆရာမက ဒုက္ခပေးလာနိုင်တဲ့အတွက် ထုတ်ပစ် လိုက်စေချင်တယ်တဲ့။ ထုတ်ပေါ့။ ဆရာမ ပြောတာ နားထောင်ပြီး သူ့ဘာသာ စိတ်ထဲ ရေရွတ်တယ်။ ဒုက္ခက ပေးထားပြီးသားပါ ဆရာမ။ ကြာလှပြီ။  နှုတ်ခမ်းဒေါင့်စွန်း တချက်တွန့်သွားကာ သူ မသဲမကွဲ ပြုံးမိတယ်။

ခွဲခန်းထဲ ၀င်တော့ စိုးရိမ်ကြောင့်ကြမှု လုံးလုံး မရှိဘူး။ မခဲ မကြောက်နဲ့နော် ဘုရားစာ ရွတ်နေနော် လို့ မပဲ တဖွဖွ မှာလိုက်တာ သတိရပေမဲ့ မရွတ်ဖြစ်ဘူး။ ခွဲခန်းဆိုတာကို မြင်နိုင်သလောက် စောင်း ငဲ့ ကြည့်ကာ စူးစမ်းနေတယ်။ ထုံဆေးဖြစ်လို့ ခွဲစိတ်ချိန် တချိန်လုံး အသံဗလံတွေ ကြားနေရတယ်။ ဆရာမက စကား လာပြောတာကိုလဲ ပြန်ပြောနေမိတယ်။ သူ တခုခု ဖြစ်သွားနိုင်တယ်လို့လဲ မတွေးမိဘူး။ ထူးထူးဆန်းဆန်း ခံစားချက်မရှိ ပူပန်သောကမရှိ ဗလာ ဖြစ်နေခဲ့တယ်။

ခွဲစိတ်ပြီးညမှာ ထုံဆေး ပြယ် တော့ ဒဏ်ရာက နာလိုက်တာ။ သူ အတော်ကို ကျိတ်မှိတ်သည်းခံရတယ်။ အရည် အတောင့် စသော ဆေးအမျိုးမျိုးက နာကျင်မှုကို အရှင်း မပျောက်စေနိုင်ဘူး။ ယာယီသာ သက်သာစေတယ်။ ခန္ဓာက ပျက်လာတော့ ၀န်ကို ထမ်းရပြီ။

ဆေးရုံတက်ချိန်ရော အိမ်ပြန်ရောက်ချိန်တွေမှာ သူ့ တကိုယ်ရည်ကိစ္စတွေကို ပြီးစေဖို့ အလွန် အားထုတ်ရတယ်။

‘မခဲ နင် ငါ့ကို ဘာမှ အားမနာနဲ့။ အိမ်သာ ထ ထ မသွားနဲ့။ အိုးကိုသာသုံး။ အဖျားကလဲ ၀င်ထားတော့ နင် အားမရှိဘူး။ အိမ်သာထဲ မူးဝေနေရင် အခက်။’
‘ရတယ်။ ငါ ထ နိုင်တယ်။ ဒါနဲ့ မပဲ နင့် သမီး ဈေး ၀ယ်နေတာ ငါ့ဆီက ပိုက်ဆံယူသွား။ ဘာမှ စိုက်သုံးမနေနဲ့။’
‘နင် အဲဒါတွေ မပြောဘဲ ခဏနေအုန်း မခဲ။ ငါ လို ရင် တောင်းမယ်။’
မပဲ မျက်နှာကိုမြင်လို့ လုံခြုံစိတ် ၀င်လာတာ ဒီတခါ ပထမဆုံးပဲ။ 
===

‘မခဲ။ ဒါကြီးက ငါ့ကြောင့် ဖြစ်တာလား။ နင် အတော် နာခဲ့မှာပဲ။ ငါ မမှတ်မိတော့ဘူး။’
‘အင်း နင် ငယ်ငယ်လေးပဲ ရှိသေးတာကိုး။’
‘ငါ ဘာလို့မမှတ်မိလဲ မသိဘူး။ ငါ..’

မပဲ စကား ဆက်မပြောဘဲ ရပ်သွားတယ်။ ညီအစ်မနှစ်ယောက်စလုံး စိတ်လှုပ်ရှားမှု ကိုယ်စီနဲ့ ခဏတာ ငြိမ်သွားကြတယ်။ သူ့ စိတ်ဒဏ်ရာတွေအကြောင်းကို ပြောပြဖို့ မလိုတာ ကံကောင်းတာပဲ။ ခံသာအောင် ထိုးခဲ့တဲ့ လက်ညှိုးအကြောင်းကို မပဲ သိစရာ မလိုဘူး။

‘မခဲ ဒီတခွက် လောင်းပြီးရင် တော်တော့မယ်နော်။ ဒီနေ့မှ စ ချိုးတာ သိပ်ကြာလို့ မကောင်းဘူး။ ငါ့ကိုမှီပြီး ဖြည်းဖြည်း ထ ရပ်။’

မပဲကို တွဲမှီကာ အိပ်ခန်းထဲ တဖြည်းဖြည်း ပြန်လျှောက်လာတယ်။ မပဲက သူ့ကို အကျီဝတ်ပေးတာ ကလေးတယောက်သဖွယ် ငြိမ် ခံ နေတယ်။ ထမိန်ကွင်းကို ထိုးသွင်းလိုက်ရင်း သူက မပဲကို လှမ်း ပြောလိုက်တယ်။

‘နင် လောလောဆယ် မပြန်သေးဘူး မဟုတ်လား။’

‘အေး’

( မြယာ )

၂၀၁၄၀၄၂၉

Sunday 25 May 2014

“အခွံသက်သက် လိပ်ပြာ”

သူ ငယ်ငယ်ကတည်းက အိမ်ကလူတွေနဲ့ ခပ်ခွာခွာ နေတယ်။ အထူးသဖြင့် အမနဲ့။  အသက် ၆ နှစ်ကြီးလို့ ကစားဖော် မဖြစ်တဲ့အပြင် အမက တော်တော် လှတာကြောင့်လဲ ပါတယ်။ မအေတူသမီးချောလေးလို့ အမကို လူတကာ ချီးမွမ်းကြတယ်။ ဆံပင် အသားအရေ အစ မျက်လုံးမျက်ခုံး မျက်တောင်ကော့များ အလယ် သွယ်ပျောင်းကိုယ်ဟန် အဆုံး တနေရာမှ အမေနဲ့ ဆင်ဆင်မရှိတဲ့ သူ့ရုပ်ကို မမြင်ချင်တာနဲ့ဘဲ မှန် လုံးလုံး မကြိုက်တဲ့သူ ဖြစ်လာတယ်။ အမေနဲ့အမကို ရှောင်နေတတ်ပြီး ဖခင်ဖြစ်သူကလဲ သူထက် တနှစ်သာငယ်တဲ့ မောင်ကလေးကို သားလို့ မက်မက်စက်စက် အလေးဂရု ရှိတာကိုလည်း မခံချိလှဘူး။ သူတို့ ခြံဝင်းထဲက ဘွားလေးအိမ်မှာသာ အချိန်ကုန်တတ်ကာ သိတတ်စ အရွယ်ကတည်းက ဘွားလေးဆီ သွားအိပ်တယ်။
  
ဘွားလေးဆီမှာတော့ သူသာ အချစ်တုံးကလေး ဖြစ်ရတယ်။ သွေးသားရင်းများကို ၀န်တိုမနာလိုစိတ် ဖြစ်ရတာ အောက်တန်းကျ ရှက်စရာကောင်းတယ်လို့ သူ့ဘာသာ သတ်မှတ်ကာ ထိုစိတ် မဖြစ်ပေါ်ရာ ဘွားလေးအိမ်သာ သူ့ နားခိုရာကမ္ဘာ ဖြစ်လာခဲ့တယ်။ မိသားစု ထမင်းဝိုင်းထဲ မ၀င်ဘဲ ဟင်းတွေ ပုံထည့် တယောက်တည်း အနောက်ဘက် လသာဆောင်မှာ ထွက်စားတယ်။ ပြီးတာနဲ့ ဘေးအိမ်ကို ရုတ်ချည်းဆင်းကာ ကိုယ်ယောင် ဖျောက်နိုင်တယ်။ လသာည တိတ်တိတ်လေး ဆင်း ကစားနိုင်သေးတယ်။ ဘွားလေး ပေါင်ပေါ် ခေါင်းတင်ပြီး လမင်း ၀င်းဝင်းစက်ကို မော့ကြည်ကာ ညမွှေးပန်းနံ့ ဆိပ်ဖလူးပန်းနံ့ စကားစိမ်းနံ့ မွှေးထုံတဲ့ညတွေ ခံစားနေထိုင်ခဲ့တယ်။ သူ အပျိုဖော်ဝင်ချိန်အထိ ဘွားလေး ရှိခဲ့ရင် သူ့ မြုံလုံး ဒီလောက် ကြီးမလာဘူး။

သူ့ ဆယ်ကျော်သက်အရွယ်မှာ ဘွားလေး သူငယ်ပြန်စပြုလာတယ်။ အမေက အိမ်ပြောင်းခေါ်လာခဲ့တယ်။ သူပါ အိမ်မှာ ပြန်အိပ်ရတော့ ခါတိုင်းလို လက်ဆေးရေ မစင်ခင် လူလုံးဖျောက်လို့ မရတော့ဘူး။ မိသားစုနဲ့အတူ နေထိုင်ရတာကို သူ့အဘို့ သက်တောင့်သက်သာ မရှိဘူး။ အနောက်ဘက် လသာဆောင်မှာ တယောက်တည်း ထမင်းစားတဲ့အကျင့်က စွဲမြဲနေခဲ့ပြီ။
နောက်တော့ ဘွားလေးက သူ့ကို မေ့ လာတယ်။ ထမင်းမှန်မှန် ပြင်ကျွေးတဲ့ အမကိုသာ သိတော့တယ်။ တခုခု လက်လွှတ်ရတဲ့ ခံစားချက်နဲ့ ကျောင်းက ပြန်လာတိုင်း ဘွားလေးကို ပြေး ပြေး နှုက်ဆက်ရတဲ့ အကျင့်ကို ဖျောက်ပစ်လိုက်တယ်။ ဘွားလေးဆုံးတော့ သူ မငိုဘူး။ သူ့အသက် သုံးနှစ်သာသာမှာ ဘိုးလေးဆုံးတာကို ကောင်းကောင်း မှတ်မိနေပြီး အပျိုပေါက်အရွယ် ဘွားလေးဆုံးတာကို ထင်ထင်ရှားရှား မသိတော့ဘူး။

ကျောင်းစနေချိန် ကျောင်းက ပြန်လာလာချင်း ဒီနေ့ ဘာသင်လဲ အဖေက မေးလို့ သူငယ်တန်းဖတ်စာ တအုပ်လုံးကို အစကအဆုံး မနားမနေ အလွတ်ရွတ်ဆိုတာကို နားထောင်ပြီး  အဖေ စိတ်လိုစိတ်ရ တခါ ကောက်ချီဖူးတယ်လို့ သူ့ကို ငယ်ငယ်ကထိန်းတဲ့ မကြာသင် ပြောဖူးတယ်။ ဖခင်ရဲ့အသိအမှတ်ပြုခြင်းကို လိုလား မှတ်ထားမိခဲ့လေသလား။ သူ ကျောင်းစာတော်အောင် အားထုတ်ခဲ့တယ်။ နောက်ပိုင်း သူ့အာရုံဟာ ကျောင်းစာနဲ့ အပြင်စာမှာ လုံးလုံး မြုပ်နေတယ်။

သူ အပျိုဖော်ဝင်ချိန်မှာ အမက မည်းနက်ပြောင်လက်လှပတဲ့ သူ့ဆံပင် အရှည်ကြီးတွေကြောင့် ကျော်ကြားသလို ချစ်သူခင်သူတွေ တောင်းရမ်းသူတွေ ပေါများနေခဲ့ပြီ။ သူ့အလှကို  သူတကာ နှစ်လိုကြတာ ဂုဏ်ခံပြီး နည်းနည်း ဇာတ်လမ်း များတယ်။ သူ့ကိစ္စနဲ့သူ ဗျာများ နေတတ်ပြီး  ညီမတယောက် ဆယ်ကျော်သက်အရွယ် ရောက်လာတာ အာရုံ မရှိဘူး။ အမေကလဲ အမနဲ့သာ တပူးတွဲတွဲ ဖြစ်နေတတ်သူ။ ဖာသိဖာသာနေတဲ့ သူနဲ့ မျက်နှာကျော မတည့်ဘူး။ ဘယ်လောက်မတည့်တာ ဖြစ်စေအုန်းတော့ ကိုယ် ကလေး အရွယ်ရောက်ချိန်ကိုတော့ တွေးမိရမယ် မဟုတ်လား။ အိမ်အောက်ထပ် ပစ္စည်းသိုလှောင်ခန်းလေးအထဲ ကြောင်စီစီ  တယောက်တည်း ရပ်ကာ ဘယ်ကစပြီး ဘယ်လို သီတွယ် ချုပ်ရမလဲလို့ သူ တွေးတောမဆုံး ဖြစ်ခဲ့ရတယ်။ ကူလုပ်ပေးပါလို့ အမေနဲ့အမကို ဘာဖြစ်လို့များ မတောင်းဆိုမိပါလိမ့်။ မလွတ်မလပ် မလုံခြုံစိတ်နဲ့ ထိတ်လန့်ကာ အဲဒီကာလကို ကျော်လွှားလိုက်ချင်တယ်။ သူ မပိရိလို့ အရှက်ကွဲရချိန်မှာ မျက်နှာကို မီးလုံး စူးစူးရဲရဲတခု ထိုးထားသလို ခံစားရပြီး ဘယ်အရာကိုမှ မမြင်တော့ဘူး။ အံကိုသာ တင်းတင်း ကြိတ်မိတယ်။ အရှက်တကွဲ အကျိုးနည်းဖြစ်ရတဲ့ အိပ်မက်တွေ အသက်ရလာတဲ့အထိ မက်နေဆဲ။ သူ့စိတ်မလုံခြုံမှုကို အိမ်မက်မှာပင် မြင်နေရဆဲ။

***

ဒီနောက်တော့ အိမ်ကနေ အဝေးကို သိက္ခာရှိရှိ ထွက်ခွာသွားနိုင်မဲ့အချိန်ကို သူ ကြိုတင် စိတ်ကူးနေမိတယ်။ ဗြုန်းဆို အထပ်ထပ် ပိတ်ဆို့ထားတဲ့ကြား တိုးထွက်သွားသူက အမ။ အိမ်ကလူတွေ ပက်လက်ကော မှောက်ခုံပါ သူတကာ ခံတွင်းပျက်မှာ မျောခဲ့ရတယ်။ မုန်တိုင်း အဖျားခတ်ကာ အဝေးမှာပညာသင်ဘို့ သူ့ကို မလွတ်ချင်တဲ့လေသံ ထွက်လာလို့ တချီတမောင်း ပြောကြဆိုကြရပြန်တယ်။ ကျွန်မက အမလိုလူစားမဟုတ်ဘူးလို့ ပြန်ပြောတဲ့လေသံ တော်တော် ပြင်းထန်တယ်။ အတိုက်အခံလုပ်ပြီးတက်ရတဲ့ ပထမနှစ် နှစ်ဝက် ကျောင်းပိတ်ရက်မှာတော့ ဟန်မပျက် အိမ်အပြန် ပြ ပြီး နောက်နှစ်များတော့ အကြောင်းအမျိုးမျိုးနဲ့ နှစ်ဝက်ကျောင်းပိတ်ရက်တွေ မပြန်တော့ဘူး။ သူ့ သီးခြားကမ္ဘာကို သူ ရှာတွေ့ခဲ့လေပြီ။ နှိုင်းရပြောဆိုချက် မရှိ။ အလေးဂရုပြုမှုရေချိန် မရှိ။ တံခါးတချပ်ပိတ်လိုက်တာနဲ့ နယ်နမိတ်များစွာ ကျော်လွန်တဲ့ စိတ်ကမ္ဘာထဲမှာ သူ နေထိုင်နိုင်ခဲ့ပြီ။

တကိုယ်ရေ လွတ်လပ်မှုအရသာကို ကောင်းစွာ ခံစားမိချိန် သူ့ စိတ်ကြိုက် ဘ၀ကို သူ ရွေးချယ် တည်ဆောက်တော့တယ်။ နှစ်ရှည်ကျောင်းတက်နေခဲ့ပြီး တော်တော်ကြာကြာရှိမှ အိမ်တခေါက် ပြန်ချိန်မှာ အိမ်အောက်ထပ် ကလေးနို့တိုက်နေတဲ့ အမျိုးသမီး တယောက်ကို အမှတ်မဲ့ ဖြတ်ကနဲကြည့်ပြီး အိမ်ပေါ်တက်လာခဲ့မိတယ်။ အတန်ကြာလို့ အောက်ထပ်က ငိုသံကြားမိတော့မှ အကြောင်းစုံ သိတယ်။ ခုနက အမျိုးသမီးက သူ့အမကိုး။ အမ ဖြစ်သူကိုတောင် နှုက်မဆက်လေတဲ့ အခြေကြီးသူအဖြစ် သူ ယိုးစွပ်ခံရတော့တယ်။ တကယ်က သူ မမှတ်မိတာ။ သူ့အာရုံမှာ စွဲထင်နေတဲ့အမဟာ ဒီလိုပုံရိပ်မှ မဟုတ်လေဘဲ။

ပျိုရွယ်စဉ်နဲ့ကွာခြားလှစွာ နွမ်းဖတ်သီနေတဲ့ အမ ကို ကြည့်ပြီး ကိုယ်ရွေးချယ်သမျှ ကိုယ်ခံရမှာဘဲလို့ တွေးမိခဲ့ပေမဲ့ သွေးရင်းနှောင်ဖွဲ့မှုကြောင့် ရင်ထဲ စစ်စစ် နာရတယ်။ မမြင်ချင်ဘူး။ မမြင်ချင်လို့ ရှောင်ဖယ်ခြင်းဟာလည်း ပြင်းထန်တဲ့အပြစ်ပေးမှု တခုဘဲ။ သူ မသိသားဆိုးဝါးစွာ ကျုးလွန်မိတယ်။ နုငယ်စဉ်က မနာလိုစိတ်နဲ့ ရှောင်ဖယ်ကာ ကြီးရင့်ချိန် ရင်နာစိတ်နဲ့ ဖယ်ခွာတယ်။

***

အိုမင်းလာတဲ့ မိဘများရဲ့ တောင်းဆိုလိုလားချက်ကြောင့် မုဆိုးမဖြစ်သွားတဲ့ အမနဲ့ တဖန် ပြန်နီးကပ်ရချိန်မှာ သူက အပေါ်စည်း ရောက်ခဲ့ပြီ။ အများအမြင်အရ အပေါ်စည်းဆိုရသော်ငြား အမှန်မှာ အခြေအလှသူ အမရဲ့ ၀န်ထုပ်ကို သူ ၀င်ကူထမ်းရခြင်းမျှသာ။ ဒါပေသိ သူ ဒေါသဖြစ်မနေဘဲ ထို ၀န်ထုပ်ကြောင့် သူ့ဂုဏ်သတင်း ကျော်ကြားစေတာ၊ သူ့အတ္တမာန ပိုမို ဖွံ့ဖြိုးလာတာ သူ့ ဘာသာ ရိပ်စားမိတယ်။ တယောက်ရဲ့ ရှုံးနိမ့်မှုဟာ နောက်တယောက်ကို အရောင် လက်စေခဲ့လေသလား။ သူ မသိစိတ်က ရင်နာပေမဲ့ အငုံ့စိတ် မှုန်ဝါးပြီ့း နာလုံးလေး အသားမာတက်စေဘို့ နောက်တယောက်ရဲ့ ကျဆုံးမှုကို အသုံးချမိခဲ့လေသလော။ အမဖြစ်သူရဲ့ လှပနုပျိုတဲ့ဘ၀ကို ၀ါးမျိုခဲ့သူ တူ တူမများ ကိုလည်း ချစ်ခင်နှစ်လိုစိတ် မရှိလှ။ လူသားဆန်လိုစိတ် တာဝန်သိလိုစိတ် ပွင့်ပွင့်ဆိုရသော် အတ္တမာန ဖွံ့ဖြိုးလိုစိတ်ကြောင့် စောင့်ရှောက်ခြင်းသာဖြစ်ကာ ချစ်ခင်တွယ်တာပူနွေးစိတ်ကို နည်းနည်းမှ မပြသခဲ့။ သူ့ ပုဂ္ဂလိကဘ၀ ကို မကျုးကျော် မစွက်ဖက်တမ်းမူကို ကိုင်ဆုပ်ပြီး သူ့ကျင်လည်သမျှပတ်ဝန်းကျင်မှာ သူ့ ၀န်ထုပ်ကို အရိပ်မှ မမြင်စေခဲ့ရ။

လုပ်တိုင်းဖြစ်ရင် မာနတက်ပြီး မဖြစ်တဲ့အခါ ဗျာပါဆိုက်တဲ့ အမှန်တရားကို သူ သတ်လတ်ပိုင်းမှာ တည့်တည့် တိုးတယ်။ ရာထူးမဲ့ ၀င်ငွေမဲ့ ကူကယ်ရာမဲ့ လက်လွတ်ခြေကျွတ်ဖြစ်ချိန် လောကဓံထုထောင်းမှုကြောင့် ကြေနေတဲ့ အမက ၀င် ခု တယ်။ သူ တသက်လုံး မတွေးထင်ထားတဲ့ အလုပ်တွေကို အမခမြာ လိုက်လုပ်ပေးရှာတယ်။ နင် ဒါတွေမသိဘူး နင်ဒါတွေ နားမလည်ဘူး ငါ့ဘာသာ ကြံလိုက်ဖန်လိုက်ပါမယ် ဆိုပြီး ဘယ်ကထွက်လာမှန်းမသိတဲ့ ခုခံမှုတွေကြောင့် သူ အကျ မနာခဲ့ဘူး။ လူသူ မသိလိုက်ရဘဲ ဟန်မပျက် ဘ၀ကို ဆက်လက် ချီတက်နိုင်ခဲ့တယ်။ လက်စသပ်တော့ သူ အောက်ခြေ နည်းနည်းမှ မစေ့တဲ့လူပါလား။ လောကရေးရာကို အလုံးစုံ နားလည်သူ မဟုတ်ပါလား။ ဖန်ဖန်စေ့စေ့ တွေးကြည့်ပြီး သူ့တသက် ရှောင်ဖယ်စိတ်အတွက် အမဖြစ်သူကို အားနာစိတ် ကြီးစွာဖြစ်မိတယ်။

ကံကြမ္မာလှည်းဘီးအနိမ့်ဆုံးရောက်ပြီး ပြန်တက်လာချိန်မှာတော့ သူ့ အတ္တမာနစိတ်များ ပါးလျ ခဲ့ပြီ။

သူ့ တူ တူမများ အရွယ်ရောက်လာကာ မိခင်ဖြစ်တဲ့ အမနဲ့အတူ သူ့ဘ၀က ထွက်ခွာဟန်ပြင်ချိန်မှာတော့ သူ ရုတ်တရက် လန့် သွားတယ်။ သားသမီးအတွက် ကျေနပ်ကြည်နူးနေသူ အမ ဖြစ်သူကို ကြည့်မိတယ်။ ချွန်ထက်သည့် အရာတခုနဲ့ ဆွဲခြစ်သကဲ့သို့ အရေပြား အသွေးအသားများ ပဲ့ ပါသွားကာ အရိုးငေါငေါ ကျန်ခဲ့သည်နှယ် သူ့ လုံးတီးဖြစ်မှုကို သူ မြင်မိတယ်။ အိမ်အောက်ထပ် ပစ္စည်းသိုလှောင်ခန်း မှောင်ရိပ်မှာ တယောက်တည်း ရပ်နေခဲ့ချိန်လိုပါဘဲလား။ ပိုမို ဆိုးဝါး ပြင်းထန်လှချည်ရဲ့။

ဘ၀ရဲ့အလျားအနံကို ကုန်စင်အောင် အမတယောက် လျှောက်ခဲ့ ဖြတ်ခဲ့ချိန်မှာ သူက အလျားကိုလဲမသိ အနံကိုလဲ မထိ သူ တည်ဆောက်ထားတဲ့ စက်ဝိုင်းထဲတွင်သာ လည်ပတ်လှည့်လည်ကာ ပိတ်မိနေသူပါလား။ တနေ့ ပျက်စီးဆွေးမြေ့ရမဲ့ အတူတူ တယောက်သောသူက အသားမာတက် အနှစ်ဖြစ်ကာ သူကတော့ အကာသက်သက် ဖြစ်နေတာကိုး။ သူ့အတ္တမာန ပြောင်လက်မှုဆိုတာကလဲ အရေခွံသက်သက်ပါလား။ တိုင်တည်မြည်တမ်းမည့် တစုံတရာ ကင်းမဲ့မှု ဟာလာ ဟင်းလင်းစိတ်ကြောင့်  သူ တစိမ့်စိမ့် ၀မ်းနည်းလာခဲ့တယ်။

ရုတ်တရက် လှိုက်လှဲဆို့နင့်လာပြီး ရှိုက်ကြီးတငင် ငိုကြွေးမိတာ အချိန် ကြာကြာ တိုင်အောင် မရပ်နိုင်ခဲ့တော့ချေ။


(မြယာ)

၂၀၁၂ မတ်လ ရတီမဂ္ဂဇင်း

Tuesday 21 January 2014

“လွမ်းကြောင်း…..သူ့ကို ပြောပါလေ။”

ပြတင်းမှန်မှတဆင့် မြစ်တဘက်ကမ်းကို လှမ်းကြည့်သော် မိုးတိမ်တိုက်များကြောင့် ပုံမှန် မြင်ရလေ့ရှိသည့် ရွှေရောင်ဝင်းဝင်း အဆင်းဖြင့် ကျိုက် ဘွဲ့ အစချီသော ဘုရားကို မဖူးရချေ။ ကောင်းကင် နိမ့်ဆင်း လာသည်မှာ မြစ်ရေပြင်နှင့် ထိ စပ်တော့ မတတ် ရှိလေ၏။ သည်းသည်းမည်းမည်း မိုး ရွာတော့မည်ဟန် ဖြစ်သည်။

တခြားသော မြစ်ကမ်းပါးမှာရော မိုးရွာနေလေသလား။ အပူပိုင်းမုတ်သုန်ဒေသပင် ဖြစ်သောကြောင့် ထိုနေရာမှာလည်း မိုး ရွာ တန် ကောင်းပါရဲ့။ မိုးရွာလျှင် လွမ်းတတ်သူ တယောက် မြစ်ကမ်းနံဘေးမှာ ရောက်နေလေသလော။

လွမ်းကြောင်း….. သူ့ကို ပြောပါလေ။

***
( ၁ )

အခါတပါး  မြစ်ဧရာကမ်းပါးတွင် နှစ်ဦး အတူတကွ ရှိစဉ်ခိုက် မိုးဖွဲလေး ရွာခဲ့ဖူးသည်။ မိုးရွာပြီဟ ဟု ရေရွှတ်ကာ ထ ပြေးဟန်ပြင်သူ စန္ဒီ ကို ‘တိတ်တိတ်နေ မိုး လန့်သွားမယ်’ ဟု  မြစ်ကမ်းပါးဘေးမှ အသုပ်ဆိုင် ပိုင်ရှင်အဒေါ်ကြီးက ဟန့် လေသည်။ မိုးနည်းရေရှား အရပ်၌ ခဏတဖြုတ်သာ ရွာသော မိုးသည်  တနှစ် မိုးရေချိန်လက်မ ရာကျော် အရပ်မှ လာသော သူတို့ကို အံ့သြ စေသည်။ ဆိုင်ပိုင်ရှင် မူကား လှန်းထားသော အ၀တ်ကိုပင် ရုတ်ခြင်း မပြု။ အနှီ မိုးသည် ပခုံးကိုသော်မှ ရေ တပေါက် စိုခြင်း မရှိချေ။
သို့နှင့် သူတို့သည် ရေပြည့်နေသော မြစ်ကမ်းပါးတွင် ဆက် ထိုင်ကြ၏။ ကောင်းကင်တွင် မိုးတိမ်တိုက် အနည်းငယ်သာ ပါးလျစွာ ရှိသည်။ ရာသီကား ပူလောင် စပ်ရှား ၏။ မိုးတွင်းဖြစ်ရာ မြစ်ရေ အတန်ငယ် နောက်ကျိသည်။ လက်ခုပ်ဖြင့် ခပ်ယူကြည့်သော် ကြည် သယောင်ယောင် ထင် ရပြန်သည်။ သစ်တိုသစ်စများနှင့် အမှိုက်သရိုက်များ မြစ်ရေတွင် လုံးထွေး မျော ပါလာတတ်ရာ ကမ်းနား နေသူများက ထင်းအဖြစ် သုံးရန် ဆယ်ယူလေ့ ရှိကြ၏။ အသုပ်ဆိုင်ရှင်၏ ရေနွေး မီးခိုးမှိုင်း အနံ့ ရသည်မှာ ရေစိုထင်း၏ လက်ချက်တည်း။

သူတို့ မှာထားသော ထမင်းဆီဆမ်းမှာ မြေပဲကြော်သာ ပါ၏။ စန္ဒီ စားလိုသည့် ကြက်ကြော် မရှိသလို ကြက်ဥကြော်က လည်း ကုန်နေပြီ။ နနွင်းနံ့ နံ သည့် ဆိတ်သားကြော် ရသော်လည်း နှစ်ယောက်စလုံး မကြိုက်ကြပေ။

ထမင်းဆီဆမ်းပန်းကန် အရာမယွင်းသည်ကို ကြည့်ကာ နိုင်မိုး က ‘ဟေး နည်းနည်း စားထားလေ။ ဇက်က ဘယ်တော့လာမှန်း မသိဘူး။ ပုဂံ အရောက် နောက်ကျတော့မှာ ခင်ဗျာ့။ စားထား’ ဟု ပြောသည်။ စန္ဒီ ဇွန်းဖြင့် ထမင်းကို ထိုးမွှေပြန်သည်။ တလုပ်…. နှစ်လုပ်။ ဇွန်းကို ပြန်ချသည်။

နိုင်မိုး ခေါင်းတချက် ခါကာ သူ့ စားလက်စကို အပြီးသတ်၏။ ‘နင် မှာပြီး ကုန်အောင် စားလေ’ ဟု မာန်သယောင် လေသံဖြင့် ဆိုသည်။ စန္ဒီ မကြားချင်ယောင်ဆောင်ကာ မြစ်ဘက်ကို မျက်နှာမူလိုက်၏။ လေပွေတချက် ထ သော် ကမ်းပါးမြေနုသည် ဖုန် အဖြစ် ပြောင်းလဲကာ ထောင်းထောင်း ထ ၏။ ၀တ်ထားသော ရှပ်အကျီ င်္အပြာနှင့် အဖြူကွက်တွင် ဖုန်ရောင် ကပ် နေပြီ။ နိုင်မိုး ၀တ်ထားသည့် ရုံးတံဆိပ်ပါ ရှပ်အဖြူလည်း ညစ်ထပ်ထပ် ဖြစ်နေသည်။

“ငါ့မှာ တပတ်လုံးလုံး အသေအကျေ ကုန်းရုန်းထားရလို့ ဒီည ဧရာဟိုတယ်မှာ ဇိမ်လေးနဲ့ နှပ်မယ် စိတ်ကူး ထားတာ။ ခေါင်းလျှော် ချင်လှပြီ။ ဇက် က လဲ ကြာလိုက်တာကွာ ”

သူ့ရေရွတ် မြည်တမ်းသံကိုလည်း နိုင်မိုးက ခွန်းတုံ့ မပြန်။ ရေနွေးအိုးကို လှမ်းယူကာ တခွက် ငှဲ့ သောက်သည်။ စန္ဒီ သောက်လက်စ ခွက်ကိုပါ လှမ်းယူ ထပ် ဖြည့်ပေးသည်။  

ထိုနှစ်များတွင် သူတို့ ရုံး၏ စီမံကိန်းများရှိရာ မြစ်ဧရာ အနောက်ဘက်ကမ်းသို့ မကြာမကြာ ခရီးထွက်ကြရသည်။ မြစ်ကူးတံတားကြီးများ မရှိသေးသဖြင့် အချိန်ဇယားအတိုင်း ခရီးသွားရန်  အတန်ငယ် ခဲယဉ်းသော နှစ်ကာလများပင်။ တနည်းဆိုရသော် နားနားနေနေ ရှိသော နှစ်ကာလများဟု ခေါ်နိုင်သည်။ ပုံမှန်အားဖြင့် ခရီးစဉ်တခုကို သူတို့ နှစ်ဦး အတူတကွ သွားခွင့် မရတတ်။ ရာထူးတူ ဖြစ်၍ တယောက်မဟုတ် တယောက် ရုံးချန်အဖြစ် နေရသည်။  ထိုခရီးစဉ်တွင် အတူ လိုက်ပါလာရမည့် အဖွဲ့တာဝန်ခံ မိသားစုကိစ္စကြောင့် ရုတ်တရက် ခွင့်သွားရာ  ‘နိုင်မိုး အားဖြည့်ရန်’ ဟူသော ဌာနေ ကိုယ်စားလှယ် မှတ်ချက် ထွက်လာသည်။ နိုင်မိုး ရွှင်ပျနေသည်ကို ရုံးမှလူများ အလွယ်အတကူ သတိပြုမိကြ၏။

“ငါ ဦးကျော်ကြီးကို သွား နှိုး လိုက်ဦးမယ်။ ဒီလောက် ပူနေတာ သူ မို့ ကားပေါ် တက်အိပ်နိုင်တယ်။ ဒီလူကြီး ဘာမှလဲ မစားသေးဘူး ”

သူ ထွက်သွားသည်ကို လှမ်းကြည့်သည်။ ပခုံးဖွင့်လျက် ခါးရိုး မတ်မတ် လျှောက်သွားဟန်ကို  စန္ဒီ နှစ်သက်သည်။ အင်တာဗျုးဖြေသည့်နေ့ စတွေ့ကတည်းက သူ့ လမ်းလျှောက်ဟန်ကို သတိထားမိခဲ့သည်။ ထို လမ်းလျှောက်ဟန်ကြောင့် အရပ် ပို မြင့်သည်ဟု ထင်ရသည်။ အလုပ် အတူ ၀င်ရပြန်တော့ သူ၏ အမူအကျင့်တချို့ကို သတိပြုမိကာ နှစ်လိုစိတ် ၀င်လာသည်။

နေ့လည်စာအတွက် ရုံးတွင် ဟင်း ၀ယ်စား ကြရိုး ထုံးစံရှိ၍၊ ရုံးပိုင် ပန်းကန်ခွက်ယောက်များ၌ ထည့်ကာ စားကြသည်။ အားလုံး ထမင်း စု စားကြသည့်အခါ ဟင်းပန်းကန်တွင် ဟင်း တဖတ်နှစ်ဖတ် ကျန်ချိန်တွင်  တချို့ သူများသည် တမင်တကာပင် ထ သွားတတ်၏။ ဟင်းခွက်ကို မသိမ်းလိုသည့် သဘောပါပေ။ ရုံးတွင် သန့်ရှင်းရေးအလုပ်သမား တဦးသာ ရှိရာ ထမင်းစားခန်းမှ ကိစ္စများကို မကူနိုင်ချေ။ မိမိ စားသောက်သည့် ကိစ္စများကို မိမိတို့ဘာသာ ရှင်းလင်းရမည်ဖြစ်သည်။ နိုင်မိုးသည် အဆိုပါ ဟင်းတဖတ် ကျန်သည့် ပန်းကန်များကို ကိုင်ကာ ‘ဘယ်သူ ယူဦးမလဲ’ မေးကာ ယူသူ မရှိပါက အပြီးသတ် စားတတ်ပြီး ကုန်သွားသည့် ဟင်းပန်းကန်များကိုပါ ယူဆောင် ဆေးကြော၏။ တခါ နှစ်ခါ မဟုတ်။ အမြဲလိုလို ပြုမူတတ်သည့်အကျင့်ဖြစ်၏။ ထိုသို့ သူတပါး တင်စီးကာ ချန်ခဲ့သည့် ဟင်းပန်းကန်ကို ကောက်ယူရှင်းလင်းဖို့ရန်မှာ သူ့အဖို့မူကား အတန်ငယ် အောင့်သီးအောင့်သက် ရှိ၏။ နိုင်မိုး အတွက်မူ အရာဟုပင် မထင်ချေ။ မနေနိုင်၍ ထုတ်ပြောသော စန္ဒီ ကိုပင် ထပ်မပြောရန် တားမြစ်၏။

အစည်းအဝေး ပြီးပြီးချင်း အသီးသီး ထ ထွက်ခွာတတ်သည့် လူများစာရင်းတွင် နိုင်မိုး မပါဝင်။ သူ ထိုင်သည့်ထိုင်ခုံ အပါအ၀င် အစည်းအဝေးခန်းမ တခုလုံး၏ ထိုင်ခုံများကိုပါ ပြန်လည် တည့်မတ် ညီညွှတ်စွာ ထားတတ်သူဖြစ်သည်။ စားပွဲပေါ်တွင် အမြဲလိုလို ကျန်ရစ်တတ်သည့် ချုပ်စက် ပင်များ အမှတ်အသား စာရွက်အတိုလေးများကိုပါ ကောက်ယူ သိမ်းကာ အမှိုက်ပုံးထဲ အရောက် ပစ် လေ၏။

နိုင်မိုး ၏ သူတပါးအပေါ် စာနာစိတ် သည်  မွေး ယူရခြင်း မဟုတ်ပဲ နဂိုရှိရင်း ဂုဏ် ဖြစ်၏။ စန္ဒီ သိသိမှတ်မှတ် ရှိခဲ့သည်။ နိမ့်ပါးသူကို ပိုမို ညှာတာတတ်၍ အောက်ခြေ၀န်ထမ်းများ ထိုလူကို အင်မတန် ရိုသေကြသည်။

စန္ဒီ အဆောင်ပြောင်းသည့်နေ့တွင် သူ ရုတ်တရက် ရောက်လာခဲ့ဖူးသည်။

“ ဟင် နင်က ဘာလုပ်ဖို့ လာတာ လဲ။”

“ ကူ သယ်မလို့ပေါ့ ဟ။”

“ကူသယ်ရအောင် ငါ မှာ လေးလေးလံလံတွေမှ မရှိတာ။ နင့် ကူပေးဖို့လဲ မပြောမိပါဘူး”

“အေးပါဟ။ နင် မပြောဘူး။ ငါ့ဘာသာ ကြားလို့ မနေနိုင်လို့ လာတာ။ ရပြီလား။”

“ငါ နင်ကို ခေါ်တာ မဟုတ်ဘူးနော်။ နင့်ဘာသာ လာတာ။”

စန္ဒီ အထွန့် တက်သောအခါ စကား ပြန်မပြောပဲ  သူ ပိပိ ပြုံးသည်။

ထိုနေ့တွင် လိုအပ်သမျှသော မီးချောင်း မီးလုံး ၀ါယာကြိုးမှအစ လိုအပ်သည် ဟူသမျှကို နိုင်မိုး ပြေး ၀ယ်ခဲ့ရသည်။ အဆောင်ပိုင်ရှင်၏ အထူး ခွင့်ပြုချက်ဖြင့် စန္ဒီ အခန်းကို မီးချောင်း ဆင်ပေးသည်။ ကြည့်မှန် နှင့် နံရံကပ် ခြင်းတောင်းလေးများ ချိတ်ရန် သံ ရိုက်ပေး၏။ တဟင်းဟင်း အသံပြု ရယ်တတ်သော အဆောင်ပိုင်ရှင်သည် နိုင်မိုး ကို ခိုင်းစားကာ ဧည့်ခန်းမှ မီးချောင်း ချုပ်ကို လဲ ခိုင်းလိုက်သေးသည်။

“ ဒါတွေ ငါ့ဘာသာလဲ လုပ် နိုင်ပါတယ် ဟ။ နင်လုပ်ကာမှ ငါ  ငတုံးမကြီး ဖြစ်သွားပြီ”

“ နင် တတ်မှန်း သိပါတယ်။ ငါ့ ဘာသာ လုပ်ချင်လို့ လုပ်တာ။ တကတည်းဗျာ။ အောက်ကျနောက်ကျ ခံပြီး 
ကူပေးရတာ ခင်ဗျားတယောက်တည်း ရှိသေးတယ်”

စန္ဒီ ကတော့ သူ့အရေးကိစ္စကို သူ့ဘာသာ လုပ်တတ်သူဖြစ်ပြီး အခြားသူ သူ့ကို လာကူလျှင် မကြိုက်သလို သူတပါးကိုလည်း ထူးထူးထွေထွေ ကူညီနေခြင်းမျိုး မလုပ်တတ်။ လူတိုင်း ကိုယ်စီ မိမိ တာဝန်များ ကျေရန်သာ ရှိပြီး တခြားသူ၏ အကူအညီဖြင့် ပြီးမြောက်အောင်မြင်ခြင်းသည် ထိုသူ၏ အရည်အသွေး နှင့် လုပ်ကိုင်နိုင်စွမ်းကို အညွန့်ချိုးခြင်းသာဖြစ်သည်ဟု တွေးသည်။

နိုင်မိုး က ထိုသို့ မတွေး။

“လူတိုင်း ခင်ဗျားလို မထက်မြက်ဘူး ဒေါ်စန္ဒီ။ တချို့လူများဟာ အထောက်အကူ တခုခုရမှ ဆက်သွားနိုင်တယ်။  ခင်ဗျားတယောက်တည်း ပြေးမနေနဲ့။ သူများဘ၀ကို ပြန်ကြည့်ဦး”

အမှန်ပင် တခြားသူတို့၏ စိတ်ထား၊ အ၀တ်အစား၊ ဘ၀များကို စန္ဒီ စိတ် မ၀င်စားနိုင်ပေ။ ပြန်ကြည့်ရန် အချိန်လည်း မရှိပေ။ အချိန်ရှိလျှင်လည်း ကြည့်လိုစိတ် ရှိချင်မှ ရှိမည်။ သူတပါးကို အလေးဂရုထားကာ ကြီးပြင်းခဲ့ရသည့် ဘ၀ မဟုတ်။ သူ့ကိုလည်း တစုံတယောက်ကမှ အထူးတလည် ဂရုစိုက်ခြင်း မပြုခဲ့။  ပြုရန် အချိန်မရှိသလို သူကလည်း ပြန် အလေးမူ စရာ မရှိချေ။

သူတို့မိသားစုတွင် တယောက်ကိုတယောက် တကူးတက ဂရုစိုက်ပြုနေသူ တယောက်မှ မရှိပေ။ ခြံဝင်းအကျယ်ကြီးတွင် ညီအစ်ကို မောင်နှမများ အိမ်အသီးသီးနှင့် နေထိုင်ကြပြီး မိသားစုပိုင် စီးပွားရေးကို ပူပေါင်းလုပ်ကိုင်ကြသဖြင့် သွေးရင်းများ တစ်ဝမ်းကွဲများ တရုန်းရုန်း ဆူညံစွာ ရှိကြလေရာ မနက်လင်းအချိန်မှ စ၍ ည ဆယ်နာရီ တိုင်အောင် တ၀င်းလုံး တယောက်မှ မအားကြ။ တဦးဦးက ကူညီမှ သူတို့အိမ်က ကလေး တယောက် စားသောက်ပြီးမည် ကျောင်းသွားနိုင်မည် ဟူ၍ မရှိ။

သူ့ မူ ကား ရှင်း၏။ လူတိုင်း ကိုယ့် ကိစ္စ ကိုယ်သာ တာဝန်ယူရန် ရှိသည်။ ပြေးလမ်းပေါ် တက်လာခဲ့လျှင် သတ်မှတ်ထားသောအခြေခံ မြန်နှုန်းတခု ရှိရန်လိုအပ်သည်ဟု ထင်မြင်မိပြီး၊ အနိမ့်ဆုံးကြိတ်နှုန်းပင်  မရှိဘဲ တက်လာရန် စိတ်ကူးသူများကိုလည်း အံ့ သည်နှင့်အမျှ စိတ်လည်း ကုန်ခမ်းသည်။

“ဇက်က လာတော့ လာမယ်။ ညနေ လေးနာရီလောက်ဖြစ်မယ်ထင်တယ်တဲ့။ ငါတို့ ပုဂံအရောက် နောက်ကျမှာ သေချာနေပြီ။

နိုင်မိုး၏ အသံကြားသဖြင့် မြစ်ဘက်ကို စန္ဒီ ငေး ကြည့်နေရာမှ တစောင်း ပြန်လှည့်ကြည့်မိသည်။ လှိုင်းရိပ် အနည်းငယ်ရှိသော သူ့ ဆံပင်ပေါ်တွင်  သစ်ရွက်ဝါလေး ကပ် နေ၏။ လက်ဖြင့် ဖယ်ယူပေးလိုက်ရန် တွေးမိသော်လည်း မလုပ်ဖြစ်။ ‘နင့်ခေါင်းမှာ သစ်ရွက်တွေ’ ဟု တပွင့်တပွင့်ဖြင့် ပြောသည်။ သူ လက်ဖြင့် သပ်သော် သစ်ရွက်သည် မြေသို့ကျ၏။ ပွင့်ကြွေရွက်ဝါ ခဏတာ ဖြစ်လိုက်ချင်သည်။ သူ ၏ လှိုင်းထသော ဆံပင်ကို ဘာရယ်မဟုတ် လက်ဖြင့် ထိုးဖွ ကြည့်ချင်စိတ် ဖြစ်သည်။

နိုင်မိုး က ရေနွေးခွက်ကို ယူ ကာ သူ့ ဘေးနား လာထိုင်သည်။ စန္ဒီက ရေစပ်အထိ ရွေ့ကာ  ခြေချထားသည်။ မြစ်ရေနောက်သော်လည်း ခြေဖ၀ါးအစုံကိုမူ မြင်နေရသည်။ နဂို ဖြောင့်စင်းစင်း နှင့် ပခုံးကျော်ကျော် ရှိသော စန္ဒီ ဆံပင်များ ဖုန်ကြောင့် စေးထန်း  ရှူပ်ထွေးနေ၏။ တခုနှင့်တခု ဆက်မတတ် ရှိသော မျက်ခုံးနက်နက်ကား ဆွဲထားသကဲ့သို့ ထင်းနေ၏။ နေလောင်ထားသဖြင့် အသားနီစပ်စပ် ဖြစ်နေသည်။ ဘယ်ဖက် မေးဖျားတွင် ၀က်ခြံ အဖုလေးတခု တွေ့ရ၏။ စူးရှတောက်ပသော မျက်ဝန်းတို့သည် ပင်ပန်းနွမ်းလျနေသည်ကို အမှတ်မဲ့ ဖြစ်စေ ၏။ သွယ်လျသော ကိုယ်ဟန်ကြောင့် လှုပ်ရှားမှု အမြဲ ဖျတ်လတ်သည်။

ဘေးနားရှိ သစ်ကိုင်း အတိုတချောင်းကို စန္ဒီ ကိုယ် ကိုင်းညွှတ် လှမ်းယူကာ ရေစပ်ကို ရိုက်၏။ ဗြန်းကနဲ ရေ စင် သောအခါ နိုင်မိုး သည် သူ့ ရေနွေးခွက်ကို လက်ဖြင့် ကမန်းကတမ်း ကာ သည်။

“ဟေး ရေမဆော့နဲ့လေ။ ငါ့ခွက်ထဲ ၀င်ကုန်ပြီ”

“နိုင်မိုး”

“ပြော”

“မနေ့က ပွင့်ဖြူမှာတွေ့ခဲ့တဲ့ အိမ်ရှေ့ ရေမြောင်းလေးတွေနဲ့ တံတားလေးတွေကို သတိထားမိလား။ ရေကလဲ ကြည်လင်နေတာပဲ။ ခြေထောက် တွဲလွဲချ ထိုင်ရတာ သိပ် ကောင်းတယ်။ နောက် ငါတို့ ဖြတ်ခဲ့တဲ့လမ်းမှာ ရွာတရွာ နာမည် သိပ်လှတယ် ဟ ။ နွယ်တမယ် တဲ့ ”

“နင် အဲလို ရေဆင်းတံတားလေး ကြိုက်ရင် ငါတို့အိမ် လိုက်ခဲ့လေ။”

“နင့်အိမ်ကို ဘာကိစ္စ လိုက်ရမှာတုန်း။”

“နင်ပဲ တံတားလေး ကြိုက်တာဆို”

“တံတားကြိုက်တာနဲ့ နင့်အိမ်တော့ လိုက်မကြည့်နိုင်ဘူးလေ။ နင့်အိမ်က တံတားကိုလည်း ငါ ကြိုက်ချင်မှ ကြိုက်မှာလေ”

“ဟုတ်ပါပြီဗျာ”

နိုင်မိုး မသဲမကွဲ ပြုံးသည်။ ပြုံးသည်ဟု အထင် ရှိသော်လည်း မဲ့သလို ဟု သိမြင်စေ၏။ အမှန်တကယ်ပင် နိုင်မိုး နေထိုင်ရာ အရပ်ဆီ လိုက်ကြည့်ရန် စန္ဒီ တခါမှ အာသီသ မရှိခဲ့ချေ။ သူ့အိမ် မည်သော အရပ်ဆီလည်း တစုံတယောက်အား ခေါ် မသွားလို။ ကြီးမားသော မိသားစုဝင်တို့၏ တနေ့ ဆယ်မျိုးထက် မနည်း ရှုပ်ထွေးမှုပေါင်းစုံ၊ ပြဿနာပေါင်းစုံ နှင့် ဖြစ်ချင်သလို ဖြစ်နေသော မွေးဖွားကြီးပြင်းရာ ဌာန ခြံဝင်းကြီးကို သူ့အိမ် ဟု စန္ဒီ တခါမှ အာရုံတွင် မှတ်ထားခြင်းမပြု။ ငွေ အကြောင်းသာ ပြောတတ်ကြသည့် ၀ိုင်းထဲရှိ ဆွေစုမျိုးစုများ သွေးသားရင်းများနှင့်လည်း သူ ကြာကြာ စကား မပြောနိုင်။  နိုင်မိုးကို အ၀င်အထွက် ပြုစေလိုသော၊ လာလည်စေချင်သော အိမ် သူ့ မှာ မရှိသေး။

“ပြန်ရောက်ရင် ငါ တံတားမှာ ရိုက်ထားတဲ့ပုံ ဖိုးစစ် ကူးပေး။ ဖလင်ဆေးပြီး ကောင်းတဲ့ ပုံပဲ ကူးပေးပါလို့ ဆိုင်ကို ပြောထားဦး။ အဲဒီ ပုံ အဆင်ပြေနေရင် ပုံကြီးချဲ့ချင်တာ။  အား… အဆောင်လခ ပေးရဦးမယ်။ ငါတို့ ခရီးစရိတ် နည်းနည်း ကျန်ရင် မဆိုးဘူး။ ကျန်သေးလားဟင် နိုင်မိုး။”

“မသိဘူး။ စာရင်းပေါင်းကြည့်မှ သိမယ်။ နင် သုံးစရာရှိရင် ငါ့ဆီ ယူထားလေ။”

“ရတယ်။ ငါ လောက်မှာပါ။”

“နင့်အဆောင်လခ ၂၀၀ ပေးပြီးရင် ဘာကျန်တော့လို့လဲ။ ညစာ မစားပဲ ပေ နေမှာ မဟုတ်လား”

စန္ဒီ ပိုက်ဆံပြတ်လျှင် ရုံးက ကော်ဖီကို တခွက်ပြီးတခွက် ဆင့်သောက်ကာ ညနေစာ ကို မေ့ထားတတ်သည်ကို နိုင်မိုး သိသည်။    

“မလုပ်ပါဘူး။ ကြယ်ပြာဆိုင် ကြက်အူဟင်းက ဈေးသက်သာပြီး များများရတယ်။ အဲဒါ ၀ယ်စားမယ်။ နောက် ငါ  ကြာဇံချက်ဆိုင်မှာ ကြက်ရိုးများများ ထည့်ပေးပါလို့ တောင်းလာလို့ရတယ်။ ထမင်းနဲ့ရော စားလိုက်ရင် ဗိုက်ကိုတင်းနေရော။”

“ အေး အေး။ ဗိုက်တင်းအောင် စားပါ။ မစားဖြစ်မှာသာ စိုးရတာ”

အဒေါ်အိမ်တွင် နေသော နိုင်မိုးက တခါတလေ စားစရာတွေ ယူ လာတတ်သည်။ ရုံးအတွက် တထုပ်၊ သူ့အတွက် တထုပ် ဟု ခွဲ ယူ လာသော်လည်း တခါမှ အဆောင်ကို ယူမသွားဖြစ်။ ရုံးမှာသာ အများတကာ စားဖို့ ချ ထားလိုက်တော့ သူလည်း နောက်ထပ် သီးသန့် ယူလာခြင်း မလုပ်တော့။

အမှန်စင်စစ် သူ့ စားရေးသောက်ရေး နေရေးထိုင်ရေး အစရှိသော ကိုယ်ရေး ကိစ္စများကို တခြားလူ တယောက်က ဂရုထားခြင်းကို စန္ဒီ မကြိုက်လှ။ နိုင်မိုး ဖြစ်စေကာမူ မကြိုက်ချေ။ မိမိဘ၀ကို ကောင်းစွာ စီမံနိုင်သူ ဟု ဘာသာ ယုံကြည်စိတ် ရှိလေရာ  သူတပါး၏ ဂရုစိုက်မှုကို သက်တောင့်သက်သာ လက်ခံယူတတ်သူ မဟုတ်။ စနိုးစနောင့် စိတ် အမြဲဝင်သည်။

နိုင်မိုး ကို သူ ခင်မင်နှစ်လိုသည်။ အမှန်စကား ဖြစ်၏။ နိုင်မိုးကလည်း သူ့ကို ခင်မင်ကြောင်း သိသည်။ ခင်မင်နှစ်လိုစိတ်ကလေး ရှိလိုက်သည်နှင့် တပြိုင်နက် ထိုသူအား ဂရုပြုရ စောင့်ရှောက်ရ ကာကွယ်ရမည့် သဘောမျိုးပါ တွဲကပ် ပါလာတတ်ကြရာ ထိုသို့ ပြုမူကြသည်ကို မနှစ်မျို့ချေ။ နှစ်လိုသည်မှာ စိတ်ခံစားချက် အပိုင်းအစလေး တခုသာ ဖြစ်ပြီး လက်တွေ့ဘ၀အထိ ဆွဲယူလာစရာမရှိ။

နေ တဖြည်းဖြည်း ကျလာသည်။ မြစ်ရေပြင်သည် ကျနေအောက်တွင် ပြိုးပြက် လက် ကာ ရှိ၏။ အသုပ်ဆိုင်ကား သိမ်း စ ပြု လေပြီ။ ဇက်စောင့်သူ တချို့ ကားပေါ်တွင် ငိုက်လျက် လဲလျောင်းလျက်  ရှိကြ၏။ လက်ဖက်ရည်ဆိုင်တွင် ထိုင်စောင့်သူတချို့ကလည်း ပျင်းရိငြီးငွေ့ဟန်ဖြင့် ထိုင်ခုံတွင် ခွေခေါက်လျက် ရှိ၏။ စကားစမြည် ပြောသံလည်း ပါး လာသည်။

အဝေးက ခင်တန်းတွင် မြူရိပ် ဆိုင်းလာသည်။ မြစ်ကမ်းပါး၌ ကိုင်းပင်များ ထူထပ်စွာ ပေါက်ရောက်လျက်ရှိပြီး လေအဝှေ့တွင် လှုပ်ရမ်း ကိုင်းနွဲ့ကာ မြစ်ရေကို ထိတွေ့ ကစားလေ၏။ နေ စောင်းလာသည်နှင့်အမျှ မြစ်ရေ သည် ပိုမိုဆန်းကြယ်သည့် အရောင် တို့ဖြင့် လက် ထ လာ သည်။ မြစ်ဧရာ၏ ညနေခင်းသည် ပျောက်ကွယ်လု အလင်းရောင်အောက်တွင် တဖြည်းဖြည်း တိတ်ဆိတ်လာသည်။ ဇက် ရောက်လာသည်အထိ နှစ်ဦးသား ထပ်မံ စကား မဆိုကြဘဲ ငြိမ်သက်စွာပင် ကမ်းပါး၌ အတူ ရှိကြခဲ့သည်။

(၂)

ကြည်စိမ်းသော မဲခေါင် မြစ်ရေ နှင့် ညိုမှောင်သည့် အိုင်ရေတို့ ဆုံခိုက် ရောစပ် သွားခြင်းမရှိ သီးခြား စီးဆင်းကြသည်။  အရည်ပုံသဏ္ဌန်အဖြစ် တည်ရှိသော ရေ တို့သည်ပင်လျှင် အလွယ်တကူ ရောနှောသွားခြင်း မရှိသည့် အဖြစ် ရှိကြသေး၏။ ဘီယာသံဗူး ကိုင်ထားသော နိုင်မိုး က ရေတို့၏ အရောင်ကို လက်ညိုး တထိုးထိုး ရှိသည်ကို စန္ဒီ သဘောကျစွာ ကြည့်သည်။

သည်နေ့ မနက် နိုင်မိုး ဆီရမ်ယိ မှ ဖနွမ်းပင်ကို ရောက်လာသည်။ ဂျီအမ်အက်(စ်) အစည်းအဝေး အပြီး ၂ ရက် အချိန်ရကြောင်း ကြို ပြောထား၍ စန္ဒီ ခွင့်ယူရသည်။ ခွင့် မယူစဖူး ထူးသည့်အဖြစ်မို့ အဖွဲ့ခေါင်းဆောင်၏ စပ်စုခြင်းကိုပင် ခံရ၏။ လေဆိပ်မှ ကြိုလာပြီး ဟိုတယ်တွင် အထုပ်သွားချကာ တနေ့ခင်းလုံး မြို့တွင်း လည်ပတ်ကြ၏။ နေ့ခင်းချိန်တွင်မူကား မြစ်ကမ်းပါးသို့ ရောက်ခဲ့ကြသည်။ မြစ်တွင်းလည်ပတ်သည့် ရေယာဉ်မျိုးစုံဖြင့် မဲခေါင်မြစ်ကမ်းပါးကား စည်ကားလှသည်။ သူတို့စီးကြသည့် မော်တော်သည် အကြီးစားမဟုတ်။ ခပ်သေးသေးပင်။ အောက်ထပ်ရှိ ကုလားထိုင်များတွင် သွား မထိုင်ပဲ ခေါင်မိုးပေါ်သို့ တက်ခဲ့ကြသည်။ အမိုးပေါ်တွင်ကား စားပွဲအရှည်တလုံး ခုံတန်းရှည် တချို့ နှင့် အပြာရောင် ပလတ်စတစ်ကုလားထိုင်များ ရှိ၏။ စ ထွက်ခါစတွင် သူတို့ နှစ်ဦးသာ ရှိသော်လည်း အတန်ကြာသော် လူတချို့ အပေါ်တက်လာကြသည်။ ပလတ်စတစ် ထိုင်ခုံ နှစ်လုံးဆွဲယူက ဦးပိုင်းရှိ လက်ရမ်းဘေးတွင် ကပ်ထိုင်ကြသည်။

မြစ်အထက်ဆီကို လှမ်းကြည့်သော် မဲခေါင်မြစ်ပြင်ကျယ် တနံတလျားကို မြင်ရသည်။ မြို့တော်ဘက်ကမ်းမှ တဖြည်းဖြည်း ဝေးလာသည်နှင့်အမျှ ရေသည် ပိုမို စိမ်း ကြည် လာသည်။ မြစ်တဘက်ကမ်းတွင် လှေအိမ်လေးများကို အစီအရီ မြင်ရသည်။ ပန်းအိုးများ ပန်းပင်များ ခန်းဆီးများဖြင့် လှပနေသော လှေအိမ်များ၊ ရုပ်သံဖမ်းစက်များ ပလတ်စတစ်ပိုက်များ စားပွဲကုလားထိုင်များ အိမ်ထောင်ပရိဘောဂ ပြည့်ပြည့်စုံစုံ ရှိသော လှေအိမ်ကလေးများ ကို နိုင်မိုး ဓာတ်ပုံ တဖျတ်ဖျတ် ရိုက်သည်။ တချို့ရေပေါ်အိမ်ကလေးများမှာ ကမ်းပါးတွင် ငြိမ်သက်လျက်။ တချို့ကား မြစ်ကြီးအတိုင်း စုန်ဆန်သွားလာလျက်။ လှေအိမ်လေးများ၏ အရောင်အရိပ်တို့သည် စိမ်းမြသော မြစ်ရေတွင် တဆန်းတကျယ် ရှိလှ၏။ ရောင်ပြန်အရိပ်များကို နိုင်မိုး ဓာတ်ပုံရိုက်၍ မဆုံးတော့ပြီ။

အဝေးမြစ်ကမ်းပါးဆီတွင် စက္ကူပန်းရုံများဖြင့် လှပတင်တယ့်သော အဆောက်အဦးတခု မြင်ရသည်။ တောအုပ်ပါးပါး ကွယ်နေသဖြင့် တ၀က်တပျက်သာ မြင်ရသည်။ နိုင်မိုးက ‘အဲဒါ ဟိုတယ်လား’ မေးသော် စန္ဒီ မဖြေနိုင်။ ရုံးကလူများ ရံဖန်ရံခါ မြစ်တွင်း အပျော်စီးသဘောင်္ပေါ်တွင် ပွဲလုပ်တတ်သော်လည်း  ညဖက်ခရီးစဉ်များသာ ဖြစ်ပြီး သည်ဘက်ကမ်းပါးအထိ ရောက်လေ့ မရှိချေ။

မော်တော်သည် တဖြည်းဖြည်း လူနေကျဲပါးသည့် ကမ်းသို့ ဦးတည်လာ၏။ မဲခေါင်၏ မဟာမြစ်ကြီးသဏ္ဌာန်သည် ပို ပီသ လာသည်။ မြို့တော်ကမ်းတွင်မူကား မြစ်၏ သရုပ် ပျောက်ကွယ် မှေးမှိန်၏။ မြို့တော်၏ တခြားတဘက်ကမ်းတွင် တဖြည်းဖြည်း မြို့ပြသရုပ် ပျောက်ကွယ်လာကာ သဘာဝမပျက် မြစ်ကမ်းပါးအသွင်ကို မြင်လာရသည်။ မြစ်တဘက်သို့ကူးသော ရိုရို တစီးသည် ကားအပြည့် လူအပြည့် တင်ဆောင်ကာ ကမ်းသို့ ဆိုက်၏။ မဲခေါင်ဇက်ဆိပ်ကား စည်ကားသည်။ သို့သော် မြစ်ဧရာကမ်းပါးကဲ့သို့ မီးခိုးတလူလူဖြင့် အကြော်ဆိုင် အသုပ် ဆိုင်လေးများကို မတွေ့ရ။ သူတို့ ဧရာမြစ်ကမ်းပါးတွင် အတူထိုင်ခဲ့ဖူးသည်မှာ ဆယ်စုနှစ် တခု ကျော် ကြာမြင့်ခဲ့ပြီ။

ရုံးတွင် နိုင်မိုးက အရင် ရာထူးတက်သည်။ ဒေသဆိုင်ရာတာဝန်ခံက စန္ဒီကို အရည်အချင်း တန်းတူ ရှိပါကြောင်း သွားရမည့်နေရာက ယောင်္ကျားလေးနှင့် ပိုသင့်တော်၍ နိုင်မိုးကို ရာထူးတိုးကာ စေလွတ်ခြင်း ဖြစ်ကြောင်း ဖြေသိမ့်သလို လာပြောသည့်အခါ သူ့အတွက် ၀မ်းသာပေးမည့်စိတ် ပျောက်လေ၏။ အင်မတန် ခံပြင်းစရာကိစ္စဟုသာ မှတ်ယူတော့သည်။ ထိုအချိန်မှစကာ ရုံးမှ ခွာရန် စတင် ပြင်ဆင်တော့သည်။ သူ သွားလိုသည့်နေရာကို ရောက်အောင် သွားနိုင်ရန် နိုင်မိုးထက် ခြေလှမ်း အရေအတွက် များရမည်ကို စန္ဒီ ရှင်းစွာ သိခဲ့ပြီ။

“ငါတို့ ဧရာဝတီကမ်းပါး ဇက် စောင့်ကြတာကို မှတ်မိသေးလား” ဟု တွေးဆဲ နိုင်မိုး မေးလေသော်…

စန္ဒီ  ‘အင်း’ ဟု သာ အသံပြုသည်။

“မြစ်တွေ ဖြတ်တိုင်း အဲဒီအချိန်တွေကို ပြန် ပြန် အမှတ်ရတယ်။ မြစ်ကမ်းပါး မိုးရွာရင် ပိုတောင် သတိရသေးတယ်။ ကိုယ်ဖြတ်ကူးတဲ့ မြစ်တွေကို မှတ်သားထားပါတဲ့။ ဘာလိုလိုနဲ့ ငါ ဖြတ်ဖူးတဲ့ မြစ်တွေ အတော် များလာပြီ။ ဘ၀မှာ နောက် ကျော်ဖြတ်စရာ မြစ်တွေ ကျန်သေးတယ်။ ဒီတခါ ပြန်ရင် ပုဂံ သွားပြီး အဲဒီ ဇက်ဆိပ်ဘက် ဓာတ်ပုံ သွားရိုက်ဦးမယ်။ အနော်ရထာတံတား ပြီးသွားလို့ ဇက်ဆိပ် လမ်းတောင် ရှိသေးရဲ့လား မသိဘူး။ ငါတို့ တနေကုန်နီးပါး ထိုင်စောင့်ရတဲ့ ခရီး ခု ဆယ့်ငါးမိနစ်နဲ့ ဖြတ်နိုင်ပြီဟ။ နင် လိုက်ခဲ့မလား စန္ဒီ”

“ အင်း…မလိုက်နိုင်ဘူးထင်တယ်။ ငါ ဒီနှစ် အိမ်မပြန်ဘူး”

“ စန္ဒီ နင် မပြန်တာ တော်တော်ကြာနေပြီ မဟုတ်လား။ ခွင့်လဲ ရှိရက်နဲ့ ဘာလို့ လဲ”

မပြန်သည့်ကိစ္စကို ရှင်းပြလျှင် စိတ် အနှောင့်အယှက် ၀င်ကာ ချမ်းမြေ့ဘွယ် ညနေခင်း ပျက်စီးမည် ဖြစ်ရာ စန္ဒီ ပြန်မဖြေ။ တိတ်တိတ်သာ နေ၏။ နိုင်မိုးက မြစ်ဘက်ကြည့်ရာမှ လှည့်ပြန်ကြည့်သည်။

“ရောက်တုန်း မဲခေါင်ကိုသာ ဓာတ်ပုံရိုက်ပါ နိုင်မိုးရာ။ ငါ့ ပြန်ကြည့်မနေနဲ့”

နိုင်မိုးက သူ့စကားကို နားထောင်ခြင်းမပြုပဲ စန္ဒီ့မျက်နှာကို စေ့စေ့ ကြည့်လာ၏။ တခုနှင့်တခု ဆက်မတတ် ရှိသော မျက်ခုံးနက်နက် အစုံ၊ ဖြောင့်စင်းစင်း ဆံပင်ရှည် နှင့် သွယ်လျသည့် ကိုယ်ဟန်နှင့်။ တည်ငြိမ်သည့် မျက်နှာပေးက တင်းမာရိပ် သို့ အတန်ငယ် လု သည်။

နိုင်မိုး စိုက်ကြည့်နေသဖြင့် မျက်နှာ လွဲဖယ်ခြင်း ပြုလိုသော်လည်း စန္ဒီ မလုပ်မိ။ သည် မျက်နှာကို မမြင်ရသည်မှာ ကာလအတန်ငယ် ကြာခဲ့ပြီ။ နိုင်မိုး အသားဖြူလာသည်။ ၀တ်ထားသည့် အညိုဖျော့ဖျော့ စပို့ရှပ်နှင့် လိုက်ဖက်သည်။ ဆံပင်တိုတို ညှပ်ထားသော်လည်း လှိုင်းတွန့် ရိပ်ရိပ်လေးကို မြင်နေရသေးသည်။ မျက်နှာပေးက တည်ငြိမ် ရင့်ကျက်ဟန် အပြည့်နှင့်။ နိုင်မိုးက စန္ဒီကို စကားများစွာ ပြောသည်။  အသံထွက်စကားဖြင့် မဟုတ်။ အကြည့်သက်သက် ဖြင့်သာ။ သူ့ မျက်လုံးက ပြောသည့်စကားများကို စန္ဒီ ကြားနိုင်သည်ဟု ယုံကြည်ဟန်ဖြင့် ကြည့်လေ၏။

စန္ဒီ ကသိကအောင့် ဖြစ်လာသည်။ ‘ဒီလို မကြည့်နဲ့’ ဟု အသံတိတ် ပြန်လည် ကန့်ကွက်သည်။ အတန်ကြာမှ မြစ်ပြင်ဘက်ဆီ နိုင်မိုး ပြန်လှည့်သွားသည်။ အခိုက်အတန့်တွင် စကားဆိုစရာ မရှိသကဲ့သို့ ငြိမ်သက်သွားကြသည်။ နိုင်မိုးက ဘေးတွင် ချထားသော ဘီယာသံဗူးကို ကောက်ကိုင်ကာ မော့သည်။ ထိုနောက် သံဗူးကို လက်ဖြင့် ဖိညှစ်ကာ အမှိုက်ပုံးတွင် သွားထည့်သည်။

နေကျလာပြီ။ အလင်း ပျောက်လုပျောက်ဆဲ ကောင်းကင်သည် ကတ္တီပါပြာ မှောင်ရင့်ရင့် အရောင်ဖြင့် တိမ်းမူးစရာ ကောင်းအောင် လှပနေ၏။ ကောင်းကင်နှင့် ရေပြင်ထိစပ်သည်ဟု ထင်မြင်ရသည့် အဝေး မိုးကုတ်စက်ဝိုင်းသည်ကား ရှုမောမဆုံး ရှိ၏။ နိုင်မိုးကို ဓာတ်ပုံရိုက်ထားဟု ပြောမည် ကြံ သော်လည်း အရှိအတိုင်း ကို ဖမ်းယူသိမ်းဆည်းဖို့ မလွယ်သည်ကို သိနေ၍ မပြောဖြစ်ချေ။ ခမ်းနား လှပသည့် သဘာဝရှုခင်းများ၊ အမှတ်တရများ၊ အဖြစ်အပျက်များ ကို မည်သည့် ကြားခံပစ္စည်း တို့နှင့် သိမ်းပိုက်ယူငင်ရန် မဖြစ်နိုင်။ စိတ်နှလုံး သက်သက်ဖြင့်သာ ခံစားရာ၏။                      

မှောင်လာသည်နှင့်အမျှ မြို့တော်ဘက်ကမ်းဆီတွင် မီးရောင်စုံ ပြိုးပျက်တောက်ပလာသည်။ မြစ်တွင်း အပျော်စီးရေယာဉ်ပေါင်းစုံ မီးရောင်စုံ မြစ်ရေတွင် ရောင်ပြန်ဟပ်ကာ လှပသည့် ရောင်စဉ်များ ကွန့်မြူးလာသည်။

မြို့တော်ကမ်းသို့ ပြန်ရောက်သော် မော်တော်ဆိပ်မှ မြို့လည်ဆီသို့ မြစ်ကမ်းပါးတလျှောက် နှစ်ယောက် အတူ လမ်းလျှောက်ကြသည်။ မြို့တော် ကမ်းပါးသည်ကား လှုပ်ရှားသက်ဝင် စည်ကားလှ၏။ သီချင်းသံဖြင့် က ခုန် နေသူများ၊ ဘောလုံးကန်သူများ၊ အားကစား ကိရိယာဖြင့် လေ့ကျင့်ခန်းလုပ်နေသူများ၊ ပြေးသူများ၊ လမ်းလျှောက်သူများ၊ ထိုက်ကျိ ကစားသူများ၊ အသက်ကြီးငယ် ကျားမ မရွေး လှုပ်ရှားသက်ဝင် ပေါ့ပါး ဟန် ရှိကြသည်။

မြစ်ကမ်းပါးနှင့်အပြိုင် ဖောက်လုပ်ထားသော လမ်းတဖက်တွင်ကား ဘားဆိုင် ကော်ဖီဆိုင်တို့ အပြည့် ရှိသည်။ စောသဖြင့် လူသူ ကျဲပါးဆဲပင်။ ညည့်နက်လာလျှင် တိုးမပေါက်အောင် စည်ကားသော နေရာပင်တည်း။

ရုတ်တရက် မိုးဖွဲကလေး ကျလာသော် မြစ်ကမ်းပါးမှ လူအများ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြလေသည်။ ကခုန်နေသူများ သီချင်းသံ ရပ်ဆိုင်းကာ နေရာမှ ခွာကြ၏။ ဘောလုံးကန်သူများမှာမူ အကစား မပျက်ပေ။
သူတို့ နှစ်ယောက်စလုံးတွင် ထီးမပါကြ။ မိုးဖွဲအောက်တွင် ဆက်လျှောက်နေရာမှ ပို သည်းလာ၍…

“နိုင်မိုး ဟိုဘက်လမ်း ကူးပြီး ကော်ဖီဆိုင်ထဲ ခဏ ၀င်ထိုင်ရအောင်။ နင် ဆာ နေပြီလား”

“ မဆာသေးဘူးဟ”

လမ်းတဘက်သို့ ရောက်သော် ကော်ဖီဆိုင်သို့ ခြေလှမ်းပြင်သော စန္ဒီကို လှမ်းဆွဲကာ ‘ ငါ ဒီဆိုင် ၀င်ကြည့်ချင်တယ်’ ဟု နိုင်မိုးက လက်ညှိုးထိုး၏။ သားရေထည်များ အိတ်များ ဖိနပ်များ ရောင်းသော ဆိုင်။ တဆိုင်လုံး သားရေပစ္စည်းများသာ ရှိ၏။ ရှုးဖိနပ်တခု ကိုင်ကြည့်နေသော နိုင်မိုးကို ထားရစ်ကာ ဆိုင်အနောက်ဘက်ဆီသို့ စန္ဒီ တရွေ့ရွေ့ လျှောက်လာ၏။ နံရံတွင် ချိတ်ထားသော အညိုရင့်ရောင် သားရေအိတ်တလုံးကို မြင်သော် အတန်ကြာ ကြည့်နေသည်။ ခရီးဆောင်သားရေသေတ္တာများ ကွယ်နေသဖြင့် နိုင်မိုးက စန္ဒီကို မမြင်ပေ။ ဆိုင်ပိုင်ရှင်ထံ ဈေးမေးသည်။ တခွန်းဆိုင်ဖြစ်သောကြောင့် ဆိုရင်းဈေးဖြင့် ထိုအိတ်ကို ၀ယ်ရသည်။

 စန္ဒီ ပြန်ထွက်လာချိန်အထိ နိုင်မိုး ဖိနပ်နေရာမှ မခွာရသေး။ စန္ဒီ ဆိုင်ဝင်ပေါက်ရှိ ခုံတွင်ထိုင်ကာ မိုးရေထဲမှ မြစ်ကမ်းပါးကို လှမ်းကြည့်နေလိုက်သည်။ မြစ်ကမ်းပါးတွင် လူ ကျဲ သွားသည်။ မိုးရေစက်ကြောင့် လမ်းမပေါ်မှ အလင်းယိုင်များ မြင်ရသည်။ စန္ဒီ ၀တ်ထားသည့် တီရှပ်သည် ရေစိုနေသောကြောင့် လေတချက်တိုက်သော် စိမ့်ကနဲ ဖြစ်သွားသည်။ စိတ်သည် ထွေပြားလာ၏။

ဖနွမ်းပင်ရောက်နေသည်မှာ သုံးနှစ်ရှိပြီ။ ဒီနှစ် အိမ်ပြန်ရမည်လော။ မိဘတို့ နေထိုင်ရာ ခြံဝင်းကြီး အစိတ်စိတ်အမွှာမွှာ ဖြစ်အောင် ပိုင်း ရောင်းကြမည့် သတင်း ရထားသည်။ မိသားစုပိုင် စီးပွားရေးဟု အမည်တပ်ထားမှုကြောင့် အရောရော အထွေးထွေး ဖြစ်နေသော ပိုင်ဆိုင်မှုများကို ရှင်းလင်းစေကာ မိဘများကို အခြေတကျ ဖြစ်အောင် သူ စီမံရမည်။ ရန်ကုန်သို့ ပြောင်းရွှေ့ရန် ဆန္ဒရှိသော မိဘများအတွက် နေရတခု ရှာရမည်။ ဆယ်ခြောက်ပေ ပေ ငါးဆယ် အကျယ်ရှိသော အခန်းတခန်း အတွက် ငွေ သိန်းနှစ်ဆယ်ကျော် သုံးရမည်ဖြစ်ရာ ဖခင်ထံမှ ခြောက်သိန်းသာ ရနိုင်၍ ကျန်ငွေကို သူ စိုက်ထုတ်ရမည် ဖြစ်သည်။

စိတ် အနားမရသော အိမ်သို့ နှစ်တိုင်း စရိတ် အပွန်းခံကာ ပြန်လိုစိတ် မရှိသည်ကို နိုင်မိုး မသိ။ သိအောင်လည်း ထုတ် မပြောချင်။ ပြောရန်လည်း မလိုအပ်ဟု ထင်လေသည်။

“သွားစို့ စန္ဒီ။ ဆောရီး ငါ နည်းနည်း ကြာသွားတယ်”

“ဘာ ၀ယ်လာလဲ။ နင်လိုချင်တာရလား”

“ အေး။ ဖိနပ်။ ငါ အညို လိုချင်နေတာ အတော်ပဲ။ နင်ကော။ လက်ထဲက အထုပ် ဘာကြီးလဲ”

“ ငါလိုချင်တာ ၀ယ်ခဲ့တာ။ သွားစို့ ။ ငါတို့ တခုခု စားရအောင်”

မြစ်ကမ်းပါး စားသောက်ဆိုင်တန်း အားလုံးနီးနီး အနောက်တိုင်းသားများဖြင့် ပြည့်လျက်ရှိသည်။ လူ အတန်ရှင်းသော ဆိုင်တခုကို ၀င်ပြီး အပေါ်ထပ်သို့ တက်ခဲ့ကြသည်။ ၀ရန်တာဘက်ခြမ်းရှိ စားပွဲငယ်တွင် ထိုင်ကြသည်။ မြစ်ကမ်းပါးကိုကား လှမ်းမြင်နေရဆဲပင်။

“ဘီယာသောက်အုန်းမလား နိုင်မိုး”

“တော်ပြီ”

မာဂရီတာတခွက် ဟု မှာသော် နိုင်မိုး မျက်ခုံး ပင့် ကြည့်သည်။ ဘာမှတော့ မပြော။ စားစရာ စာရင်းကိုသာ ကြည့်ပြီး မှာနေသည်။ စန္ဒီသည် ဖန်ခွက် အနားကို နှုတ်ခမ်းဖျားဖြင့် အသာထိကာ ဆား၏ အငန်ဓာတ်ကို ခံစား နေပြီး အတန်ကြာမှ မာဂရီတာကို တငုံ ငုံ သည်။ စတင်းဘိုင်မီ ဟူသော သီချင်းသံ သဲ့သဲ့ ကို နှစ်ယောက်စလုံး သတိပြုမိကြသည်။

စားသောက်ဆိုင်သည် လူ ကျဲသည်ဆိုသော်လည်း အနောက်တိုင်းသားများသာ နည်းနေခြင်းဖြစ်ပြီး အရှေ့တိုင်းသားများဖြင့် စည်ကား၏။ ဂျပန်လူမျိုးမှန်း သိသာသော အုပ်စုတစု ထံမှ ရယ်သံ ထွက်လာသည်။

‘ဟေး စင်ဒီ။ ဒီမှာ ဘာလုပ်နေတာလဲ’ ဟု မေးသံနှင့် အတူ အနားသို့ လျှောက်လာသည့် အရပ်မြင့်မြင့် အသားညိုညို အမျိုးသားတယောက်ကို တွေ့ခိုက် စန္ဒီ စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။ သူ့ မျက်ခုံးထူထူ တချက် တွန့်သွားတာ သိသာလွန်းသည်။

‘ဟေ့ ရာ့ခ်ျ ဒါ ငါ့သူငယ်ချင်း။ နိုင်မိုးလို့ခေါ်တယ်။ ဆီရမ်ယိမှာ မဲခေါင်ရီဂျင့်မီတင်လာရင်း ပီအင်န်အိပ်ခ်ျ ကို လာလည်တာ။ နိုင်မိုး သူက ငါ့အဖွဲ့ခေါင်းဆောင် ရာ့ခ်ျ’ ဟု စန္ဒီ မိတ်ဆက်စကားအဆုံးတွင်…

‘အိုး မင်းက စင်ဒီ ခွင့်ယူပြီး ဧည့်ခံရတဲ့ သူငယ်ချင်းပဲ။ မင်း သိလား။ သုံးနှစ်အတွင်း သူ တခါမှ ခွင့် မယူဖူးဘူး။ မင်းက သူ့အတွက် အရေးပါတဲ့ လူတယောက်ဖြစ်မယ်’ ဟု ၀င် ရှည်၏။ ရုံးကလူတွေ လာတတ်သည့်ဆိုင်ကို ၀င်မိတာ စန္ဒီ မှားပြီ။

နိုင်မိုး လှစ်ကနဲ ပြုံးသည်ကို မြင်သောအခါ ရာခ်ျ့ က စန္ဒီဘက် သူ့ ကိုယ် ကိုင်းညွတ်၍ ‘စင်ဒီ မင်းလူက စမတ်ဖြစ်တယ်’ ဟု ထပ်ဆိုသည်။ ‘ရာ့ခ်ျ ကျေးဇူးပြုပြီး….’ ဟု စန္ဒီ မြည်တမ်းသော် ‘အိုကေ အိုကေ မင်းတို့ကို နှောင့်ယှက်မိရင် ခွင့်လွတ်ပါ’ ဟု ပြုံးစစဟန်ဖြင့် နှုတ်ဆက်ကာ အောက်ထပ်သို့ ဆင်းသွားလေ၏။

နိုင်မိုး မျက်နှာမှာ အပြုံးရိပ်တို့ စွန်းထင်ဆဲ။ စန္ဒီ ကမူ လေသံမှန်ဖြင့် အေးဆေးဟန် ဖမ်း သည်။

“ နင် မနက်ဖြန် လေယာဉ်က ညနေမှ ဆိုတော့ မနက်ပိုင်း ရုရှားဈေး သွားချင်လား”

 “အင်း သွားမယ်လေ”

“အေး။ မနက်ဖြန် ဟိုတယ်မှာ ငါ လာခေါ်မယ်။ စောစောထွက်ရအောင်။ အဲဒီကအပြန် လေဆိပ် တန်း 
သွားတာပေါ့။ နင် တခါတည်း ထွက်ခဲ့လိုက်”          

စန္ဒီ ကော့တေးကိုသာ ငုံ နေပြီး စားစရာ မထိသည်ကို သတိပြုမိကာ သူ့ထုံးစံအတိုင်း နိုင်မိုး တိုက်တွန်းသည်။

“နင် မှာထားပြီး မစားဘူးလား။ ငါ့ဆီက အသား နည်းနည်း ယူစားမလား”

နောက်ဆုံး စန္ဒီမှာထားသော ငါးကြော် နှင့် အားလူးချောင်းကြော်ကိုပါ နိုင်မိုးက ရှင်းလိုက်ရသည်။
ညစာ အပြီးသတ်ချိန်သည် ည ကိုးနာရီ ကျော်နေပြီ။ စားသောက်ဆိုင်သည်ကား လူ သူ ပို စည်ကား လာသည်။ ဂျပန်အုပ်စုမှ လူတဦးသည် အသံကျယ်ကျယ်ဖြင့် သီချင်း စ ဆိုသည်။ ဘေးမှ ပြောဆိုကြသံများပါ ရောထွေး ပေါ်ထွက်လာရာ ထို တ၀ိုက်တွင် ဆူညံနေတော့သည်။

“နင် နားချင်ပြီလား။ ဟိုတယ် ပြန်ပို့ရမလား”

“မပြန်ချင်သေးဘူး။ နင် ဘယ်လိုနေလဲလို့ နင့်အိမ်ကို လိုက်ကြည့်ချင်တာ။ ”

“ငါ့ မှာ အိမ်မှ မရှိတာ။ ရုံးက ပေးထားတဲ့ အခန်းမှာ ကောင်မလေးတယောက်နဲ့ တွဲနေတာ၊ နင် ကို ပြောပြဖူးတယ်လေ။ အရင်တုန်းက ရန်ကုန်မှာ အဆောင် နေသလိုမျိုးပဲ။ အခန်း နည်းနည်း ကျယ်တာ တခုပဲ သာတယ်။ ဘာမှ မထူးဘူး။”

“ ငါ နင်နဲ့ စကားပြောချင်သေးတယ်”

“ငါတို့ မြစ်ကမ်းပါး လမ်း လျှောက်ကြမယ်လေ။ သွားရင်း ပြောပေါ့”

“ငါ အေးအေးဆေးဆေး ပြောချင်တာဟ”

“မြစ်ကမ်းဘေး လေတဖြူးဖြူးနဲ့ အေးပါ့”

“ဒေါ်စန္ဒီ….”

“နိုင်မိုး၊ နင် အခု နည်းနည်း ဂျီ လာသလိုပဲ။ ဒါဆို ဟိုတယ် ပြန်ပြီး ပြောမလား။ ငါလည်း အိပ်ငိုက်ရင် အိပ်လို့ရတယ်။ တညလုံး ပြော။ ငါ အိပ်ပျော်သွားရင်တော့ အဆိုးမဆိုနဲ့”

နိုင်မိုး ခေါင်း ယမ်းသည်။ နောက်ဆုံးတွင်ကား မြစ်ကမ်းပါးဆီသို့သာ သူတို့ တဖန် ရောက်ခဲ့ကြပြန်သည်။  

“စန္ဒီ”

“ဟင်”

“နင် ဒီမှာပဲ ဆက်လုပ်နေမှာလား။ ငါတို့ရုံးမှာ ပရောဂျက်အသစ်အတွက် လူတွေ ထပ်ခေါ်တယ်။ ပြန်လာပါလား”

စန္ဒီ နှုတ်ခမ်းတွန့်ကာ ပြုံးမိသည်။ မှောင်နေသဖြင့် သူ မမြင်နိုင်။ မမြင်တာ ကောင်းသည်။ ခြေလှမ်းရေ အတွက် ခံခက်ရခြင်း ရှိသည်ကို နိုင်မိုး မသိလေသလော။  မသိတာ ပို ကောင်းသည်။

“ငါ ဒီမှာ အဆင်ပြေပါတယ်။ စာချုပ်တောင် သက်တမ်းတိုးမလို့”

“ငါ ရန်ကုန်မှာ တိုက်ခန်း ၀ယ်ထားတယ်။ အမေတို့ကို လာနေပါခေါ်တော့ မနေချင်ဘူးပြောတယ်။ နင် ပြန်လာရင် နေလို့ရတယ်။ ငါ့အိမ်ဟာ နင့်အိမ်ပဲလေ”

စန္ဒီကဖြင့် မိဘများ အတွက် အရေးတကြီး လိုအပ်နေသည်ကို အကောင်အထည် မဖော်နိုင်သေး။ နိုင်မိုး တို့ ပြီး နှင့်ပြီ။ လျှောက်ရုံမျှနှင့် မရတော့။ စန္ဒီ ပြေးရတော့မည်။

“နင့် အိမ်က ဘယ်လိုလုပ် ငါ့အိမ် ဖြစ်နိုင်မလဲဟာ။ ငါ့မှာ အခုထိ အိမ်ဆိုတာ မရှိသေးဘူး။ ဒါပေမဲ့ ငါ နေမဲ့ အိမ် ငါ့ဘာသာ တည်ဆောက်ရမှာပေါ့။ သူများအိမ်မှာ တက် နေရလောက်အောင် ငါ မညံ့ဘူး ထင်တာပဲ”

“ ငါက သူများလား စန္ဒီ။ တို့ အတူ ဆောက်မဲ့ အိမ်လို့ တွေးလို့ မရဘူးလား”

“မရဘူး ။ ဘာကြောင့် မရသလဲ မမေးနဲ့။ ငါ မဖြေဘူး”

“ဒေါ်စန္ဒီ… ။ ပို မာကျောလာတာကိုး”

ပြန်လည် ငြင်းခုံစရာ မရှိ။ စန္ဒီ ပိုမို ပျော့ညံ့လာသည်ကို သူ မသိမြင်နိုင်ပေ။ သူ အိမ် ၀ယ်နိုင်ချိန် စန္ဒီ မ၀ယ်နိုင်သည့် ရှက်စိတ် အငုံ့စိတ်ကို နိုင်မိုး ဘယ်တော့မှ နားလည်မည် မဟုတ်။

လူသံ တိတ်ဆိတ်လာရာ မြစ်ကမ်းပါးကို ရေတိုးသံ ကြားရသည်။ ပြန်ဖို့ သင့်ပြီ။ စကားဆက်လည်း ပြတ်ခဲ့ပြီ။  ည လည်း ပို နက်လာခဲ့ပြီ။ သည်ညတော့ အိပ်ဆေး သောက်ရတော့မည်။

“ ပြန်စို့ နိုင်မိုး။ မနက်လည်း စောစော ထ ရအုန်းမယ်။ ရော့ နင့်အတွက်။ ဒါ လက်ပ်တော့ ထည့်လို့ အဆင်ပြေတယ်”

ဝယ်ခဲ့သော အညိုရင့်ရောင် သားရေအိတ်ကို ထုတ်ပေးရင်း စန္ဒီ ထ ရပ် သည်။  မတင်မကျစိတ် ကိုယ်စီနှင့် နှုတ်ဆိတ် ငြိမ်သက်စွာ မြစ်ကမ်းပါးဆီမှ သူတို့ ခွာခဲ့ကြသည်။

(၃)

ပြတင်းမှန် တွင် ကပ် ထားသော အလှစိုက်ပန်းအိုးမှ သစ်ရွက်တို့သည် နေအပူရှိန်ကြောင့် ငိုက် ကျ နေသည်။ အပြင်ဘက်တွင် နေရောင်က ၀င်းဝင်းတောက်တောက်။ မိုးတွင်းဖြစ်သော်လည်း အပူချိန် မလျော့။ မိုး စဲသွားသည်နှင့် ချက်ချင်း ပူ လာသည်။

သူ့စားပွဲဘေးမှ အပြင်ကို ကြည့်သော် မြင်ကွင်းကျယ်ကို မြင်ရသည်။ စိမ်းလန်းသော မြက်ခင်းနှင့် ပန်းခြံ၊ ထုထည်ကြီးမားသော အဆောက်အဦးတို့ကို အပေါ်စီးမှ မြင်ရသည်။ တခုသော မြစ် တဘက်ကမ်းဆီတွင် ပြန့်ပြူးသော လယ်ကွင်းပြင်ကို မြင်နိုင်ပြီး၊ ဆက်၍ မျှော်ကြည့်သော် တခြားသော မြစ်တဘက်ကမ်းတွင်ကား ဆိပ်ခံတံတားများနှင့် တောင်ကုန်းအထက်ဆီမှ ရွှေရောင်ဝင်းဝင်း ဘုရားကိုပါ မြင်နိုင်လေသည်။  မြစ်နှစ်စင်း နှင့် ချောင်းငယ်တို့ ဆုံကာ ပင်လယ်ဆီသို့ အတူ စီးဆင်းသည့်နေရာကိုပါ စိတ်ကူးဖြင့် မှန်း ဆ ကြည့်နိုင်သည်။

စန္ဒီ ခေါင်းကို ဘယ် ညာ ရှေ့ နောက် ယမ်းကာ အကြော ဖြေသည်။ စားပွဲပေါ်တွင် ပုံထားသည့် ဖိုင်များမှာ အထပ်လိုက်။  သူ တာဝန်ယူရမည့် အလုပ်ခွင်တခုလုံး ကို ကောင်းစွာ ကျက်မိဖို့ လိုသည်။ ဖုန်းမြည်လာ၍ ကောက် ကိုင်ရာ စန္ဒီနေမည့်အခန်းကို လာကြည့်ရန် ခေါ်သည့် အိမ်ခြံမြေ အကျိုးဆောင်ထံမှ ဖြစ်၏။ အိမ်ငှားစရိတ်ကို ရုံးက အကုန်အကျခံမည်ဟူသော စာချုပ်ပါ အချက်အလက်အရ သီးသန့် ခွဲနေမည်ဟု မိသားစုကို အသိပေးထားသည်။

အဖေ၊ အမေ၊ ညီမလင်မယား၊ တူ တူမ များဖြင့် ပြည့်ကျပ်နေသော အခန်းတွင် စန္ဒီ မနေချင်။ နေလည်း မနေနိုင်။ ဆယ်ကျော်သက်အရွယ်ကပင် မိသားစုနှင့် ဝေးဝေးနေခဲ့သည့် ဘ၀ကို အသားကျနေခဲ့ပြီ။
မိသားစုဖြင့် ဝေးကွာခဲ့သလို အိမ်ဆိုသည့် အဓိပ္ပါယ်နှင့်လည်း တစိမ်း ဖြစ်ခဲ့သည်မှာ ကာလရှည်လှပြီ။ အိမ်နှင့်ယာနှင့် နေတောင် မနေတတ်သူ ဖြစ်နေခဲ့ပြီ။ အမှန်တကယ်ကော အိမ်နှင့် ယာနှင့် နေထိုင်ချင်သူ ဟုတ်ရဲ့လားဟု ဘာသာ မေးခွန်းထုတ်မိသော်လည်း အဖြေမှာ ယောင်ဝါးဝါးသာ။

ဌာနေသို့ ပြန်လာချိန်တွင် စန္ဒီမှာ နေစရာ အိမ်မရှိ။ ‘နင်ပြန်လာရင် နေလို့ရတယ်’ ဟု ပြောခဲ့ဖူးသော အိမ်ကို အမှတ်ရသည်။ အိမ်ကား ဘယ်အရပ်တွင် ရှိမှန်းမသိ။ အိမ်ပိုင်ရှင်နှင့်လည်း အဆက်အသွယ် မရှိတော့။

ဖနွမ်းပင်မှ ပြန်သွားကတည်းက နိုင်မိုးထံမှ အဆက်အသွယ် မရတော့။ ကနဦးတွင် စန္ဒီ အံ့သြနေပီး  ‘နိုင်မိုး တခုခုဖြစ်သလား’ ဟု အတူလုပ်ဖူးခဲ့သည့် မိတ်ဆွေများကို မသိမသာ မေးမြန်းမိ၏။ နိုင်မိုး ကျန်းမာစွာ ရှိကြောင်း သိရသော် စန္ဒီ မချိတရိ ပြုံးလေသည်။ မလိုအပ်ဘဲ ပူပန်မိသော သူ့ အဖြစ်ကို သူ့ဘာသာ အပြစ်တင်မိ၏။ အမြဲလိုလို နိုင်မိုးကသာ စတင် ဆက်သွယ်မြဲဖြစ်ရာ သူ့ဘက်မှ အဆက်အသွယ် ရပ်သွားသည်နှင့် စန္ဒီ ဘက်ကလည်း အလိုလို ရပ်၏။ ကာလရှည်ကြာခဲ့သော အကျွမ်းဝင်မှုသည် ထိုသို့ အဆက်အဆံ ရပ်ဆိုင်းသွားရုံဖြင့် ပြီးဆုံးသွားနိုင်သလော။ နည်းနည်းမှ မဟုတ်ခဲ့ပါ။ အဆက်အဆံ ပြတ်တောက်သော်လည်း စွဲမြဲခဲ့သော ကျွမ်းဝင်မှုသည် စန္ဒီ့ စိတ်နှလုံးတွင် မြဲမြံ ကျန်ရစ်ဆဲပင်တည်း။ နိုင်မိုး အလိုမရှိဟု ထင်မြင်ရသောကြောင့် စန္ဒီသည် အနှောင့်အယှက် မပြုဘဲ နေတော့သည်။

လက်တွေ့ဘ၀တွင် တိတ်ဆိတ်စွာ စန္ဒီနေထိုင်သည်။ သို့ရာတွင် အိပ်မက်တွင်မူကား စကားများစွာ ပြော၏။ စန္ဒီ တခါမှ ပြောလိုစိတ် မရှိခဲ့သော အကြောင်းချင်းရာများစွာတို့ကို နိုင်မိုးအား ပြောပြသည်။ တခါတရံ နိုင်မိုးဘက် အမှတ်မထင် နွဲ့မှီကာ ပြင်ပကမ္ဘာတွင် စန္ဒီ တခါမှ အသုံးမပြုဖူးသော ချွဲနွဲ့သည့် လေသံဖြင့်ပင် ပြောမိ၏။ မြစ်ကမ်းပါး တခုဘေးတွင် သူတို့နှစ်ဦး လက်တွဲအတူ လျှောက်နေသည့် အိပ်မက်ကိုလည်း မက်မြင်၏။ တခုသော အိပ်မက်တွင်ကား၊ ခြံစည်းရိုးပေါ်မှ စန္ဒီ ပြုတ်ကျလာသည့်အခိုက် အောက်ဘက်မှ ထိန်းပေးထားသည့် နိုင်မိုးကြောင့် မြေပေါ် ပြုတ်မကျသွားသည့်အခါ စိတ်လုံခြုံ အေးချမ်းသွားသည်ကို ခံစားလိုက်ရသည်လည်း ရှိ၏။ စန္ဒီမရောက်ဖူးသော နိုင်မိုး၏အိမ် မီးဖိုချောင်တွင် ချက်ပြုတ်နေ၍ ဟင်းရည်ပူပူ ခပ်ပေးနေသည့် အဖြစ်မျိုးလည်း ပါ၏။

နိုးထလာစဉ်တွင်၊ ထို ဖြစ်ရပ်များသည် အမှန် မဟုတ်၊ အိပ်မက်မျှသာ ဟု သိမြင်ခိုက်၊ စိတ်သက်သာရာ ရ၏။ စိတ်သက်သာ ရသလို စိတ်နှလုံး ဟင်းလင်းဖြစ်ရမှုလည်း အတူ ကပ် ပါလာ၏။ ကာလကြာသော် အိပ်မက်မက်ခြင်း ကို တစစ ပျော်မွေ့လာခဲ့၏။ ညဘက် အိပ်မက် မက်လျှင် မိုးသောက်ချိန်တွင် စိတ်လက် ကြည်သာစွာဖြင့် နိုးထ လာတတ်သည်။

အခန်းဝယ်သည့် အချိန်တွင် ဖခင်ဖြစ်သူ တရရ မှာသောကြောင့် ရန်ကုန်သို့ ခေတ္တ ပြန်၊ အခန်းကြည့် စာချုပ်ချုပ်ဆိုပြီး နောက်တရက်၌ ပြန်ထွက်ခဲ့သည်။ ဘွဲ့လွန် ဒီပလိုမာတခု ရယူရန် အလုပ်မှ နှုတ်ထွက်သောအခါ မဲခေါင်မြစ် ကမ်းပါးကိုပါ နှုက်ဆက်ခဲ့ရပြန်သည်။ လုပ်ဖော်ကိုင်ဖက်ဟောင်းများ၊ အသိမိတ်ဆွေများနှင့် လူမှုရေး အဆက်အဆံကိုပါ ဖြတ်ပစ်ကာ ပတ်ဝန်းကျင်အသစ်တွင် နေထိုင်၏။ စာသင်ခြင်း တဖန်ပြီးသော် ရန်ကုန် ကိုယ်စားလှယ်ရုံးတွင် အလုပ်လုပ်ရန်  ကမ်းလှမ်းချက်ကို လက်ခံလိုက်သည်။ အလုပ်လုပ်သည့် နယ်ပယ်တူသဖြင့် အထူးအလည် စုံစမ်းစရာမလိုဘဲ နိုင်မိုး ရန်ကုန်မှာ မရှိကြောင်း သိလာသည်။

အလုပ်ကိစ္စဖြင့် စန္ဒီ မကြာခဏ ခရီး ထွက်ရသည်။ မူး အစချီကာ ဧရာဝတီ၊ ချင်းတွင်း၊ သံလွင်၊ ဒုဌ၀တီ၊ ရွှေလီ မြစ်ကြီးများ နှင့် မြစ်ငယ်၊ မြစ်သာ၊ မဏိပူရ မြစ်လက်တက်များ အဆုံး ဖြတ်ခဲ့ရသည့် မြစ်တွေ မနည်းပေ။ ဖြတ်ခဲ့ဖူးသော မြစ်တွေကို မှတ်သားသည့်အလေ့ စန္ဒီမှာ ရှိနေပြီ။ မြစ်များကို ဖြတ်တိုင်း နိုင်မိုးကို အောက်မေ့ တ သ မိ ၏။ အိပ်မက်တွင် သူ့ကို လွမ်းကြောင်း စန္ဒီ ပြောတတ်လာသည်။ သည်တကွက် ကဖြင့် ဘ၀တွင် နေ သာအောင် ဖန်တီးပေးသည်။

ရုံးစိုက်ရာ နေရပ်တခုဆီသို့ လေယာဉ်ဖြင့် မနက်သွား ညနေပြန် ခရီးတိုများကလည်း  မရေတွက်နိုင်အောင် သွားရသည်။ ထို ခရီးအတွက် လေယာဉ် စောင့်ဆိုင်းစဉ် နိုင်မိုးနှင့် ပြန်လည် ဆုံတွေ့ရသည်။

“ကျွန်တော် ရေနွေးရနိုင်မလား ခင်ဗျာ”

“ဟုတ်ကဲ့။ ရပါတယ်။ ဂျက်စမင်တီး ဆို အဆင်ပြေမလား ရှင်”

ခရီးသည်နားနေခန်း CIP Lounge တွင် ထိုင်ကာ ခေါင်းငုံ့ စာရိုက်နေသည့် စန္ဒီ သည်၊ သူ တကျွမ်းတ၀င် ရှိလှသည့် အသံကြောင့် ဆွဲမော့လိုက်သလို ဆတ်ကနဲ ခေါင်းထောင်မိသည်။

နားနေခန်း ၀န်ထမ်း အမျိုးသမီးလေး ရှိရာ ကောင်တာတွင် နိုင်မိုး ရပ်နေသည်။ ဘယ်ဘက် အစွန်ကျကျ မှန်နံရံ ဘေး ကပ် ထိုင်နေသော စန္ဒီဘက်မှ ကြည့်သော် သူ့ ကို တစောင်းသာ မြင်ရသည်။ နိုင်မိုး ၀ လာ သည်။ ဗိုက်တော့ မပူ။

ရေနွေးခွက်ကို ကိုင်၍ နိုင်မိုး လှည့် ထွက်လိုက်ရာ သူ့ကို ငေးကြည့် နေသည့် စန္ဒီ ကို မြင်၏။ တခုနှင့်တခု ဆက်မတတ် ရှိသော မျက်ခုံးနက်နက်အစုံကို ပင့် လျက်။ ပါးစပ် မဟတဟ အနေအထားဖြင့် တခုခုကို ပြောတော့မလို ဟန် ပြင်သည်။

ရေနွေးထည့်ထားသည့် ကြွေခွက်လေးကို ကိုင်လျက် သူ စန္ဒီထံ လျှောက်လာသည်။ မတ်မတ် လျှောက်တတ်သည့် ကိုယ်ဟန်ကို တဖန် မြင်ရပြန်သည်။ ရေနွေးခွက်ကို စားပွဲပေါ်တင်လိုက်သည့် အချိန်၌ အနည်းငယ် လှုပ်ယမ်းသွားကာ ရေနွေး ဖိတ်စင်သွား၏။

စန္ဒီက တစ်ရှုးကို ထုတ်ယူကာ ဖိတ်သည့်ရေ ကို သုတ်၏။ မျက်နှာချင်းဆိုင် ထိုင်တော့မှ သူ့ဆံပင် လှိုင်းတွန့်ရိပ်လေးကို မြင်ရသည်။ နှစ်ဦးသား ရုတ်တရက် စကား မ စ နိုင်ဘဲ ငြိမ်နေကြသည်။ စက္ကန့် အနည်းငယ်ကြာမှ စန္ဒီ ပြုံးပြ၍ စကား စ သည်။

“နိုင်မိုး နေကောင်းလား။ နင် ဒီမှာ မရှိဘူးလို့ သိထားတာ။ ဘယ်တုန်းက ပြန်လာတာလဲ”

နိုင်မိုး စကားမပြောနိုင်သေး။ စန္ဒီအား စိမ်းစိမ်း ကြည့်၏။ သူ့ မျက်လုံးက ပြောသည့်စကားများကို စန္ဒီ ကြားနိုင်သည်ဟု ယုံကြည်ဟန်ဖြင့် ကြည့်သည်။ စန္ဒီ့ ဆံပင်ဖြောင့်စင်းစင်းကား အရှည် မဟုတ်တော့။ ပါးပါးကပ်ကပ် အတို ညှပ်ထား၏။ သွယ်လျသည့် ကိုယ်ဟန်ကား နဂိုနေ ရှိဆဲ။ တောက်ပသည့် မျက်ဝန်းများတွင် ပျော့ပျောင်းရိပ် ပါးပါးလေး မြင်ရသည်။ အရင်လို စူးစူးထန်ထန်အရိပ် မတွေ့ရ။ တင်းမာရိပ် ပျောက်ကွယ်နေသဖြင့် ပိုမို နုနယ်ပျိုမြစ်သည်ဟုပင် ထင်ရသည်။

ရေနွေးကို တငုံသောက်ပြီးမှ နိုင်မိုး စကား ပြန်ပြောသည်။ သူတို့ နှစ်ဦး အဆက်အသွယ် မရှိတာ ကြာမြင့်နေသည့် အကြောင်းကို ဂရုမပြုဟန်နှင့် တမြန်နေ့ကမှ စကား စ ပြတ်ခဲ့သူနှယ် ရှိ၏။

“ဒီက ဌာနတခုနဲ့ တွေ့ဖို့ကွာ၊ လူခံတယောက် လိုတယ်ဆိုလို့ လိုက်လာရတာ။ နင်ကော ဘယ်တုန်းက ပြန်လာလဲ။ ဘာသံမှကို မကြားရဘူး။ ဘယ် သွား ပုန်းနေလဲ”

အသံဗလံ မပြုသူမှာ စန္ဒီ ဖြစ်သော်လည်း အဆက်အဆံ ဖြတ်သူမှာ နိုင်မိုး ကိုယ်တိုင်သာ ဖြစ်၏။

“ငါ ပြန်လာတာ တနှစ် ပြည့်တော့မယ်။ ဒီကြားထဲ ကျောင်း တက်နေတာ”

“ပြောအုန်း။ ခု ဘယ်မှာလဲ။ ငါ ဖနွမ်းပင်ကို လှမ်းမေးတော့ နင်ထွက်တာပဲ သိလိုက်တာ။ ဘယ်ကိုပြောင်းသွားလဲ မေးတော့ တယောက်မှ မသိကြဘူး။ ဟိုလူလေ…ရာ့ခ်ျနဲ့တောင် ပြောလိုက်ရသေးတယ်”

ဘယ်နှစ်နှစ်ကြာမှ လှမ်းမေးလဲ ဟု မေးချင်လာသည်။ သို့သော် စန္ဒီ ပြုံးရုံသာ ပြုံးနေသည်။

“ ငါ သဘက်ခါ ပြန်မှာ။ မနက်ဖြန် မနက်ပိုင်း အလုပ်ကိစ္စပြီးရင် အားပြီ။ တို့ တွေ့ရအောင်”

“ ငါ နေ့တ၀က် ခွင့်ယူလိုက်မယ်။ နင်ကို ဘယ် လာခေါ်ရမလဲ”

“လာမခေါ်နဲ့။ ငါ လာခဲ့မယ်။ နင့်ရုံးက ဘယ်မှာလဲ။”

နားနေခန်း အသံချဲ့စက်မှ သတိပေးကြေငြာချက် ထွက်ပေါ်လာသည်။

“စန္ဒီ နင် ဘာလေယာဉ်လဲ။ ငါတို့ကို ခေါ်နေပြီ”

“ငါ ချာတာဖလိုက်နဲ့။ နာရီဝက် လိုသေးတယ်”

“နင့် ဖုန်းနံပါတ် ပေး။ ငါတို့ မနက်ဖြန် တွေ့မယ်”

ပြောပြောဆိုဆိုဖြင့် နားနေခန်း အလယ်သို့ နိုင်မိုး လျှောက်သွားကာ လက်ဆွဲအိတ်တလုံးကို ယူလိုက်သည်။ စန္ဒီ မှတ်မိနေသည့် အညို့ရင့်ရောင် သားရေအိတ်။ အိတ်ကိုလွယ်လိုက်ပြီး အပေါ်အကျီ လက်ပေါ်တင်ကာ လှမ်း ထွက်သွားသည်။ တံခါးရောက်မှ ခေါင်းတချက် ပြန် ငဲ့ကာ စန္ဒီကို လက်မြှောက်ပြသွားသည်။

သည်တကြိမ် သူတို့ အတူ ရှိကြသည်မှာ ရန်ကုန် မြစ်တဘက်ကမ်းရှိ သမ္ဗာန်ဆိပ် လှေခါးထစ်တွင် ဖြစ်၏။ သန်လျက်စွန်း မော်လမြိုင် ထမင်းဆိုင်က ထွက်လာပြီးနောက် ကမ်းနားသွားထိုင်မည် ဟု နိုင်မိုး ဆုံးဖြတ်သည်။ နေ့လည်အချိန် ကျော်လွန်ခဲ့သော်လည်း ကျ နေသည် အစွမ်းကုန် ပူလောင်နေဆဲပင်။

“ငါတို့ ဟိုဘက်ကမ်း ကူးကြမလား စန္ဒီ။ လှေ စီးရအောင်”

“ နေပူတယ်ဟ”

“ငါ့ ဦးထုပ်ဆောင်းထားဟာ။ နင့်မှာ ပုဝါပါရင် နေကာထားလိုက်လို့ရတယ် မဟုတ်လား။ ဒီမှာ ထိုင်နေလည်း ပူ ကျက်နေမှာ။ ငါ လှေ စီးချင်လို့”

လေငြိမ်သဖြင့် မြစ်ရေသည် တချက်တချက် ကမ်းသို့ ပုတ်ရုံမှ လွဲ၍ အလှုပ်အရှား နည်း၏။ သမ္ဗာန်ပေါ်သို့ စန္ဒီ အရင်တက်ပြီး လှေဦးရှိ ခုံတန်းတွင် ထိုင်၏။ နိုင်မိုးက စန္ဒီ မျက်နှာချင်းဆိုင်နေရာ၌ လာထိုင်သည်။
မြစ်အတွင်း သဘောင်္တချို့ ကျောက်ချထားကြသည်။ ဒီရေအတက်အကျ ရှိ၍ မြစ်ရေသည် ရွံ့ရောင် ညိုညစ်ညစ် အဆင်းဖြင့် နောက်ကျိ၏။ ရေပြင်တွင် အမှိုက်သရိုက်များ၊ ဖော့ဗူးများ နှင့် ပလပ်စတစ်အချိုရည်ဗူးခွံများ ရောထွေး မျောပါလျက်ရှိ၏။ ရန်ကုန်ဆိပ်ကမ်းသို့ ပြန်ကြည့်ရာ နေရောင် စူး သဖြင့် ကြာကြာ မကြည့်နိုင်။

တဘက်ကမ်းသို့ ရောက်သည့်အခါ အငှားဆိုင်ကယ်သမားများ ပြေးလာ မေးကြသည်။ ဆက်သွားမည့် ခရီးသည် မဟုတ်ဘဲ ထိုင်မည့် ခရီးသည်ဖြစ်တော့ နားမလည်သလို ခေါင်းကုတ်ကြ၏။ သူတို့သည် သမ္ဗာန်ဆိပ် အတက် အပေါ်ဆုံး လှေခါးထစ်တွင် ထိုင်ကြ၏။ မြစ်ကမ်းပါးမှ သစ်ပင်ကြောင့် လှေဆိပ်တွင် အရိပ်ရသည်။ လက်ဖက်ရည်ဆိုင်မှ စားပွဲထိုးတဦးသည် ဆိုင်နောက်ဘေး ရောက်လာရာ သူတို့ နှစ်ယောက်ကို လှမ်းကြည့်၏။ ရောက်စက စက်လှေသမားများသည် စူးစမ်းစိတ်ဖြင့် ကြည့်သော်လည်း ထိုင်ချိန် ကြာလာသည်နှင့်အမျှ သူတို့ နှစ်ယောက်ကို တဦးမှ စိတ်ဝင်စားမှု မရှိတော့။

သူတို့ ထိုင်သည့်နေရာမှ လှမ်းကြည့်လျှင် ရန်ကုန်-ဒလ သဘောင်္ဆိပ်ကို မြင်ရသည်။ သဘောင်္ဆိုက်ချိန်တွင် လူသူ အနည်းငယ် စည်ကားသော်လည်း နေ့ခင်းဖြစ်၍ ကျဲ ၏။ သဘောင်္ မစောင့်နိုင်သူများ သမ္ဗာန် စီးကြရာ လှေဆိပ်တွင် လူသူ မပြတ်လှ။ သမ္ဗာန် လေးငါးစီးခန့် ကပ်ထားရာ အလှည့်ကျ တစီးစီ ထွက်ကြသည်။

ခေါက်ထီးလေး ဆောင်းထားသည့် အမျိုးသမီးငယ်တဦး ရောက်လာသည်။ သမ္ဗာန် စီးလုံးငှားကာ ထွက်သွားရာ ထို သမ္ဗာန် ဦးတည်ရာမှာ ရန်ကုန် ဆိပ်ကမ်းဘက် မဟုတ်။ မြစ်လယ်တွင် ကျောက်ချ ရပ်နားထားသော သဘောင်္များဆီသို့ ဖြစ်၏။ ပလပ်စတစ်ဘူးများ သယ်ယူလာသည့် အမျိုးသားတယောက် ရောက်လာပြန်သည်။ သမ္ဗာန်သမားများနှင့် ဈေးညှိနှိုင်းပြီး မြစ်လည်ဆီသို့ မောင်းသွားပြန်၏။ ဆီသဘောင်္ဆီ သွားမည့်သူများ ဖြစ်လေသလော။

မြစ်ကမ်းပါးကို ကျောပေးဆောက်ထားသည့် လက်ဖက်ရည်ဆိုင်မှ စွန့်ပစ်အမှိုက်ပုံသည် မြစ်ထဲသို့ တ၀က် ရောက်နေသည်။ လှေဆိပ်ကိုကျော်သော် ကိုင်းပင်များ၊ ခရာဆူးချုံများ နှင့် လမုပင် အစရှိသည့် ဒီရေရောက်တော အပင်များကို မြင်ရသည်။ ရေ ကျ ချိန် ဖြစ်၍ အပင်အောက်ခြေမှ နုံးမြေ ကို မြင်ရသည်။

“မြစ်ရေ အတော် ညစ်ပတ်နေတာပဲ။ အမှိုက်တွေလည်း ထင်သလို ပစ်ချထားတယ်”

“လှိုင်မြစ်ကမ်းပါးမှာ စက်ရုံတွေ အများကြီးလေ။ ရေဆိုးတွေကို ဘယ်လို စွန့်ပစ်နေလဲ နင် သိလား။ ဘာမှ 
မပြုပြင်ဘဲ ဒီအတိုင်း မြောင်းထဲ လွတ်ချထားတာတွေ အများကြီး။ မြစ်ဟာ လူသားတွေ စွန့်ပစ်တာ အကုန် လက်ခံရတယ်”

လောဘစိတ်၊ မနာလိုစိတ်၊ မခံချိစိတ် နှင့် လူသားကို ပူလောင်စေသည့် ခံစားမှုများကိုလည်း မြစ်ရေထဲသို့ စွန့်ပစ်နိုင်လျှင် ပိုမို ညစ်ပေတော့မည်။

 “စန္ဒီ။ နင် အပြီး ပြန်လာတာလား”

“ငါလား။ အခြေအနေအရပဲ။ တနေရာမှာ အခြချ နေထိုင်ဖို့ ခုထိ မတွေးရသေးဘူး”

“စန္ဒီ။ တယောက်တည်း ပြေးချင်နေတုန်းပဲကိုး”

စန္ဒီ ပြေးတာတောင် သူ့ကို လိုက်မမီကြောင်း နိုင်မိုး မသိပေ။

“အသက် နည်းနည်းရလာလို့လား မသိဘူး။ တနေရာမှာ ငြိမ်ငြိမ် နေချင်လာတယ်။ တခါတခါ နင့်ကို ပြောချင်တာ အများကြီးပဲ စန္ဒီ။ ဘယ်က စ ပြောရမှန်း မသိဘူး။ မဖြစ်နိုင်မှန်း သိရက်နဲ့ ငါ့ ဆန္ဒ ကို နင် သိပြီး လိုက်လျောပေးရင် ကောင်းမှာပဲလို့ တွေးတယ်။ နင် ဒီလိုချည်း နေသွားတော့မှာလား။ ငါတို့ အတူ ရှိနေဖို့ တခါမှ မစဉ်းစားမိဘူးလား”

နေသားကျသည့် ဘ၀ တခုကို ပြောင်းလဲပစ်ဖို့ အချိန် အများကြီး လိုသည်။ လိုအပ်သည့် အချိန်ကို ကျော်လွန်ပါက ပြောင်းလဲချင်စိတ် ရှိချင်မှ ရှိတော့မည်။ မည်သူမှ တပ်အပ် မပြောနိုင်။

နှစ်များစွာအတွင်း နိုင်မိုး ဘယ်လောက် ပြောင်းလဲခဲ့သလဲ။ မည်သူ့ကိုမှ ကိုင်းညွှတ်ခြင်း မရှိဘဲ နေထိုင်ခဲ့မည် မဟုတ်။ နေထိုင်ခဲ့သည်ဆိုလျှင် သံသယ ပွားစရာဖြစ်ပြီး မနေထိုင်ခဲ့ပါဆိုလျှင်သာ ပုံမှန် အခြေအနေ ဖြစ်၏။ ပုံမှန်အခြေအနေကို လက်ခံပြီး အတူယှဉ်တွဲနေထိုင်ဖို့ စန္ဒီ အဆင်သင့် ဖြစ်နေခဲ့ပြီလား။ အတိအကျ အဖြေ မရှိသေး။

ဒီရေ တက် စ ပြု လာပြီ။ ရောက်စက မြင်နေရသည့် လှေခါးထစ် ခုနှစ်ထစ် အနက် နှစ်ထစ် မြှုပ်နေပြီ။ အနောက်တောင် ဒေါင့်မှ တက်လာသည့် တိမ်တိုက်ကြောင့် နေလုံး ပျောက်သွားသည်။ ညနေစောင်းခဲ့ပြီ။

“ငါတို့ ဟိုဘက်ကမ်း ပြန်ကူးရအောင်”

လေ အနည်းငယ် ထန် လာ၏။  မြစ်ရေသည် လှိုင်းတို့ဖြင့် မတည်မငြိမ် လှုပ်ရှားလာသည်။ ကမ်းပါးသို့ လှိုင်းရိုက်သံ ကျယ်လောင်လာသည်။

“သဘောင်္ စောင့်ပြီး စီးမလား”

“ စက်လှေနဲ့ပဲ ပြန်ရအောင်”

လှေခါးထစ်အတိုင်း  သမ္ဗာန်ဆိပ်သို့ ဆင်းခဲ့သည်။ ‘စင်းလုံးငှားမလား အကို’ ဟု မေးလိုက်သံကို နိုင်မိုး ခေါင်းညိတ်ပြသည်။ စက်လှေသမားက ချည်ထားသည့် ကြိုးကို ဆွဲဖြုတ်ကာ လှေခါးထစ် အရင်းသို့ လှေကို ဆွဲယူသည်။ နိုင်မိုး အရင် တက် နှင့်သည်။ လှိုင်းတချက် ပြင်းပြင်း ရိုက် လိုက်၍ ရုတ်တရက် လှေ လူး သွားသည်။ စန္ဒီ ခဏ ရပ်ကြည့်နေ၏။

“တက်ခဲ့လေ။ ငါ ရှိတယ်”

နိုင်မိုး ကမ်းပေးသည့် လက်ကို ဆွဲယူကာ သမ္ဗာန်ပေါ် တက် လိုက်သည်။ စန္ဒီ အတန်ငယ် ယိုင်ပြီး ဟန်ချက်ပျက်သွားသော်လည်း နိုင်မိုး ထိန်း ထားသဖြင့်  လဲ မသွားပေ။ ခြံစည်းရိုးပေါ်က ပြုတ်ကျသည့် အိပ်မက်ကို အမှတ်ရမိပြန်သည်။

မြစ်လယ်တွင် လေအေးကလေး တိုက်လာသည်။ စင်ရော်ငှက်တို့ လှိုင်း စီး နေကြသည်။ အနောက်တောင်အရပ်မှ တိမ်တိုက်တို့သည် ရွှေရောင်တကွက် မှောင်တကွက်ဖြင့် မြစ်ပြင်ဆီသို့ စိုက်ဆင်းလာကြသည်။ ၀င်လုဆဲ နေရောင်သည် မြစ်ပြင်ဆီသို့ အလင်း တိုက်ရိုက် ကျမလာဘဲ တိမ်ကို အကာအကွယ်ပြုကာ မြစ်ရေကို ရွှေရောင် ခြယ်သ၏။ ရွံ့ရောင်ညစ်ထပ်ထပ်ဖြင့် နောက်ကျိသည့် မြစ်ရေကို ရွှေအဆင်းသို့ ပြောင်းစေရန် တိမ်တိုက်နှင့် မြစ်ရေတို့ အရောင် ကူး နေကြသည်။ ညစ်ပတ်သည့် ရေဟု မမြင်မိဘဲ ရွှေအဆင်း ရေပြင်ကျယ်ကိုသာ ခံစား မိန်းမောကြတော့သည်။ လက်ဖျားနှင့် ရေကို အသာ တို့ ထိ ကစားလိုစိတ် ၀င်လာ၏။

နေလုံးကား တိမ်တိုက်တို့အကြား ပုန်းကွယ်ရင်း ပျောက်ခဲ့ပြီ။ တိမ်တိုက်နှင့် ရေပြင်ကျယ်တို့၏ အရောင်သည် တဖန် ပြောင်းပြန်၏။ ခဲရောင်ရင့်ရင့်တချို့။ ရွှေရောင်ရင့်ရင့် တကွက်။  ပြာသလို စိမ်းသလို အရောင်ရောစပ်ထားသည်ကိုလည်း မြင်ရသည်။ ရွှေရောင်ရင့် တိမ်တိုက်မှ အရောင်ကူးမှုကြောင့် မြစ်ရေသည် တချို့နေရာတွင် အလင်း လွန့်လူး၍  တလက်လက် ထ ၏။ ခဲရောင်ရင့်ရင့် တိမ်တိုက်၏ ရောင်ပြန်မှုကြောင့်လည်း တချို့နေရာတွင် စိမ်းမှောင်လာသည်။ ရေပြင်ကျယ်ဟု မမြင်မိဘဲ ရောင်စုံ ပန်းချီကားတချပ်ကို ဖြန့်ခင်းထားသကဲ့သို့ ရှိချေ၏။

ရေကြောင်းပြဘုတ်ကလေးက ရှေ့မှ ညွှန်ပြလျက်၊ ကွန်တိန်နာ သဘောင်္တစီး ကို ပင်လယ်ဝ သို့ ဦးတည် ထွက်လာသည်။ သဘောင်္ကြီး အရှိန်ကြောင့် စက်လှေ သည် ပို လူး လာသည်။ စန္ဒီသည်  မူးရိပ်ရိပ် ဖြစ်လာ၏။

“နင် ရလား။ ဘာဖြစ်နေလဲ။ မူးနေတာလား”

မျက်နှာချင်းဆိုင်မှ နိုင်မိုး သူ့ဘေးသို့ ပြောင်းလာထိုင်၏။ နိုင်မိုး ငြိမ်ငြိမ်နေ ဟု မာန်လိုက်သော်လည်း စန္ဒီ၏ အခြေအနေ မဟန်ပေ။ စန္ဒီ့ ခေါင်းကို လက်ဖြင့် အသာထိန်းသာ နိုင်မိုးက သူ့ ပခုံးတွင် အသာ မှီစေသည်။ တရိပ်ရိပ် မူးနေသောကြောင့် စန္ဒီ ငြိမ်နေရသည်။ နိုင်မိုး ပါလာသောကြောင့်  သူ့ အိမ်ကို ချောချောမောမော ပြန် ရောက်နိုင်ပါလိမ့်မည်။

***

ပြတင်းမှန်ကို ကျော်၍ မြစ်တဘက်ကမ်းကို လှမ်းကြည့်မိသည်။ မြစ်တဘက်ဆီမှာ တံလျှပ် ထ နေသော ကွင်းကျယ်ကိုသာ မြင်ရ၏။ သစ်ရိပ်အောက် ရှိသော စက်လှေဆိပ်ကိုကား မမြင်နိုင်။ စိတ်ကူးဖြင့်သာ မှန်းဆ မြင်နိုင်၏။

တခြားသော မြစ်ကမ်းပါးမှာရော မိုးရွာနေလေသလား။ နေမင်း အလင်း ဖြာနေသလား။ လွမ်းတတ်သူ တယောက် မြစ်ကမ်းနံဘေးမှာ ရောက်နေလေသလော။

အိပ်မက်မြင်စဉ်မဟုတ်။ ပကတိ စိတ်နှလုံးဖြင့် ပြောလိုပါသည်။

လွမ်းကြောင်း….. သူ့ကို။


 ( မြယာ)

၂၀၁၃၁၂၁၃
နံနက် ၁၂ နာရီ ၅၀ မိနစ်