ဆဌမထပ်က
ဧည့်ကြိုကောင်တာကိုလာခဲ့ပါ အယ်ဒီ့ အမှာကြောင့်
၆ ထပ်အရောက် မေးလိုက်တော့ ဧည့်ကြို မိန်းကလေးတယောက် ထွက်လာပြီး လိုက်ပို့မယ်
ပြောတယ်။ အောက်ဆုံးထပ် ဧည့်ခန်းမနဲ့မတူ ဒီအထပ်က ပိုမို လှပတင့်တယ်တယ်။ ဘေးဘီ ၀ဲယာကို
လှည့်ပတ်ကြည့်တော့ အယ်ဒီ့ ကို အရိပ်အယောင်မှ မမြင်ရဘူး။ မိန်းကလေးက ဓာတ်လှေခါးဆီ ဦးတည်သွားတော့
သူ့နောက် လိုက်ခဲ့ရတယ်။ ကလေးမလေးက ကဒ်ပြားလေးတခု ထည့်လိုက်ပြီး ဓာတ်လှေခါးနှိပ်တယ်။
အထပ် ၂၀ လား။ အထပ် ၂၀ ရောက်ပြန်တော့ ခင်းထားတဲ့ ကော်ဇောက ခြေထောက်နစ်ဝင်သွားမတတ် အိ နေတယ်။ Cella တွေ ပန်းအိုးထိုးထားတာ
တော်တော် လှတယ်။ အပြင်ဘက်ထွက်ပြီး ဧည့်ကြိုမိန်းကလေးက
အနောက်ဘက် ဆက်လျှောက်ပြန်တယ်။ နောက် ဓာတ်လှေခါးတခု ထပ်တွေ့ပြန်တယ်။ ကဒ်ပြားတခု ထပ်ထည့်
ရတယ်။ ဒီတခါ မိန်းကလေး နှိပ်လိုက်တာ ၄၆။
၄၆
ထပ် ခန်းမရောက်ပြန်တော့ အောက်ဆုံးထပ်ဆိုတာအညံ့စား ၆ထပ်ဟာအလကား အထပ်၂၀ ဖွတ်ကျား ဆိုလိုက်ချင်အောင်
၄၆ ထပ်ဟာ ခမ်းနားထယ်ဝါလှတယ်။ အပေါ်မှာ ဘယ်နှစ်ထပ်ရှိသေးလဲ
ထပ် တက်သွားရင် နတ်ပြည်ဆိုတာကိုများ ရောက်မလား တွေးထင်ရမလို။ ပန်းရနံ့ အမွေးနံ့သာ တပျံ့သင်းသင်း
ရှိတယ်။ ခန်းလုံးပြည့် ခရမ်းရင့်ရောင်တောက်တောက် ကြမ်းခင်း ကော်ဇောဟာ အထက်တန်းကျကျ
ထင်းလင်း ၀င်းပတယ်။ အယ်ဒီ စောင့်နေတဲ့ အစည်းအဝေးခန်းမငယ်ဆီရောက်ဖို့
ထယ်ဝါတဲ့ ဧည့်ခန်းဆောင်ကြီးတခုလုံး ကွေ့ဝိုက် သွားရတယ်။ ကျောရိုးထဲ နည်းနည်း စိမ့်သလိုလို
ဖြစ်လာလို့ သူ ခေါင်း ဘယ် ညာ တချက်ရမ်းပြီး
မေးဖျားကို ပင့်ချီ လိုက်မိတယ်။
ဟေး
နေကောင်းလား နှုတ်ဆက်သံ ခရီးလမ်းအဆင်ပြေလား ပျုငှာသံတွေကို အလိုက်သင့်တုန့်ပြန်ကာ အယ်ဒီ
ပေးတဲ့ ကော်ဖီခွက်ကို လှမ်းယူတယ်။ အယ်ဒီ တပ်ထားတဲ့ လည်စည်းအနီရောင်က မျက်လုံးထဲ တန်း
ရောက်လာအောင် ထင်ထင်ရှားရှား ရှိတယ်။ ကိတ်တခု ယူစားလိုက်တော့ လျှာဖျားတင် အရည်ပျော်
လု ဖြစ်သွားလို့ နောက်တခုကို ဒီလောက်မြန်မြန် ယူသင့်လား သူ ခဏ တွေဝေသွားတယ်။ ကော်ဖီ
၂ ငုံ ငုံပြီးမှ ထပ်ယူတယ်။ အစည်းအဝေး တလျှောက်လုံး ပန်းရနံ့သင်းသင်းကို မှတ်မှတ်သိသိ
ခံစားနေမိတယ်။ ခဏနားချိန် ဧည့်ခန်းဆောင်ထဲ ပြန်ဝင်တော့ တီးလုံးသံ ငြိမ့်ငြိမ့်ညောင်းညောင်း
သောတအာရုံထဲ ထပ်ဝင်လာတယ်။ ဖ၀ါးအောက်မှာ နူးညံ့တဲ့ အထိအတွေ့။ ခန်းမဆောင်ရောက် ဧည့်သည်တော်များကလဲ
တောက်ပပြိုးပျက်တဲ့ အသရေ ကိုယ်စီကိုယ်ငှနဲ့။ မြင်ဖူးနေကျ ခရီးသွားဧည့်သည်များလို ပေါ့ပေါ့ပါးပါး ၀တ်စားဆင်ယင်သူ
တဦးတလေမှ မတွေ့ရ။ အာရုံငါးပါးစလုံး တပါးမှ အပြစ်ဆိုစရာ မရှိဘူး။
ပြီးခဲ့တဲ့နှစ်ပတ်က
အယ်ဒီ မှာထားတဲ့ ပဲတီစိမ်း သဘောင်္တင်ကိစ္စနဲ့ လှိုင်သာယာ ပဲ ဂိုဒေါင်ကို
သူ ရောက်နေခဲ့တယ်။ ဥရောပစံချိန်မီဖြစ်၍ ပဲအိတ်တွေ
သဘောင်္တင်ရင် အလုပ်သမားတွေရဲ့ ချွေး မစိုပါစေနဲ့ ဟူသော တောင်းဆိုချက်ကြောင့် ချွေးမစိုဘဲ
ပဲအိတ် ကွန်တိန်နာထဲရောက်အောင် ဘယ်လို သွင်းမလဲ သူ တပတ်လုံးလုံး တွေးတောပြင်ဆင်ရတယ်။
ပဲအိတ်ပေါ် ခြေရာများ မထင်စေရဆိုသည့်အချက်ကလဲ ပါလိုက်သေးတယ်။ အလုပ်သမားများကို လည်ရှည်ဘွတ်ဖိနပ်
စီးခိုင်းတယ်။ ပခုံးပေါ်ထမ်းထင်တဲ့အချိန် မျက်နှာသုတ်ပုဝါအထူစားတွေ ခင်းပြီးထမ်းခိုင်းရတယ်။
ဖုန်မှုန့်နဲ့ခြေရာများ မကျန်အောင် လေမှုတ်စက် ပြင်းပြင်းနဲ့ ထပ်မှုတ်ရတယ်။
ရာသီကပူတော့
အလုပ်သမားတွေ ကိုယ်ဗလာနဲ့ အလုပ်လုပ်ချင်ကြတယ်။ ခြေထောက်အောက်က လည်ရှည်ဖိနပ်ကို ငြူစူကြတယ်။
ပြိုက်ပြိုက်ကျ ချွေးကို အဆက်မပြတ် သုတ်ရတာကိုလည်း နည်းနည်းမှ မနှစ်သက်ကြဘူး။ သူ ကွန်တိန်နာဝင်ကြည့်လိုက်
လေမှုတ်စက်နဲ့မှုတ်ပြီးသား ပဲအိတ်ကို လက်ညိုးနဲ့ ပွတ်ကြည့်ကာ ဖုန် ကျန် မကျန် စစ်ဆေးနေတာကိုလည်း
အထူးအဆန်း ဖြစ်နေကြတယ်။ သူ အကဲပိုပြီး အလုပ်သမားတွေ
လည်ပင်းက ချွေးစီးကြောင်းကိုတောင် ကိုယ်တိုင် သုတ်ပေးမတတ် ဗျာပါဆိုက်နေလို့ အလုပ်သမားတွေ အမြင်မှာ ရယ်စရာဖြစ်နေတာ
မသိဘူး။
အိန္ဒိယရောင်းတာလို
ပဲအိတ်တွေကို နင်းချင်သလိုနင်း ထမ်းချင်သလိုထမ်း စိတ်လွတ်ကိုယ်လွတ်
ထမ်းမတင်ရတဲ့အတွက် နောက်ရက်မှာ အလုပ်သမား တဂိုဏ်း မလာတော့ဘူး။ ကြေးပိုပေးတာတောင် စိတ်ကျဉ်းကျပ်လို့
မထမ်းလိုဘူးဟု အကြောင်းပြန်တယ်။ လာတဲ့ အဖွဲ့ကလည်း တမြန်နေ့လို မဟုတ်ဘဲ အင်တင်တင် ဖြစ်လာတယ်။
နှစ်ဦးနှစ်ဘက် ပြေလည်ရန် လည်ရှည်ဖိနပ်မစီးခိုင်းဘူး သို့သော် ခြေထောက်မှာ ဆာလာအိတ်
ပတ်ထားရမယ် ချွေး အတွက်ကိုတော့ မျက်နှာသုတ်ပုဝါ ခင်း ထမ်းပေးမယ် စတဲ့ အချက်အလက်တွေ
ညှိယူရတော့တယ်။ ချွေးကိစ္စကိုတော့ သူ အလျော့ပေးလို့ မဖြစ်ချေဘူး။ နေ့စားခကို ပိုပေးထားရတာ
ချွေးအတွက် မဟုတ်လော။
နေ့လည်ထမင်းစားချိန်ရောက်တော့
ဂိုဒေါင်ရှိရာ လမ်းသွယ်ထိပ် ခနော်ခနဲ့ ထမင်းဆိုင်ကို သူတို့ သွားကြတယ်။ ပလက်စတစ် စက္ကူစုတ်
သစ်ရွက်ခြောက် ကျွတ်ကျွတ်အိတ် ပေါလောမျောနေတဲ့ မည်းပုပ်ပုပ် ရေသေမြောင်းပေါ်မှာ ထို
ထမင်းဆိုင် ရှိတယ်။ တခါပြင် ကျပ် ၂၀၀ တန် အနီရဲရဲ ငရုတ်ဆီနဲ့ ကြာဇံသုပ် ထမင်းနဲ့ဟင်း
ပုံစား ၅၀၀ ဆိုတာ စားကြတယ်။ မလှမ်းမကမ်းမှာ ကလေးတယောက် မြောင်းဘောင်ပေါ်မှာ အညစ်အကြေး
စွန့်နေတယ်။ မည်းညစ်တဲ့ ရေသေထဲ နောက်ထပ် အညစ်အကြေး ထပ် ကျ သွားတယ်။ မြောင်းထဲက နွယ်
တက်လာတဲ့ ကန်ဇွန်းနွယ်ကို ထမင်းဆိုင်ရှင်က ချိုး ယူတယ်။ ငရုတ်ဆီအထုပ် ဖောက်ပြီး ပလပ်စတစ်အိတ်ကို
မြောင်းထဲ ပြန် ပစ်ချလိုက်တယ်။
တချက်တချက်
ကုန်တင်ကားများ ဖြတ်သွားတဲ့အခါ သူတို့ဆီကို ဖုန်မှုန့် အလိပ်လိုက် အလိပ်လိုက် ပြေးဝင်လာတယ်။
မျက်နှာ မေးစေ့ ရင်ဘတ် ခြေသလုံးမှာ ချွေးစီးကြောင်းနဲ့ ဖုန်မှုန့်နဲ့ အစင်းစင်း ထ လို့။
သူတို့ စားစရာပန်းကန်နှုတ်ခမ်းမှာလည်း ဖုန် ကပ်နေတယ်။ သူတို့ကတော့ အမှုမှတ်မဲ့ ရှိကြတယ်။
အလုပ်သမားခေါင်း ချထားပေးတဲ့ ရေပုံးကြီးထဲက ရေကို စိတ်ကြိုက်သောက်ကြတယ်။ လည်ပင်းကို
တဖုန်းဖုန်း ရိုက် ရေဆွတ်ကြတယ်။ နောက်တော့ ဂိုဒေါင်နံရံမီကာ အရိပ်ကောင်းကောင်း ရှာ
အိပ်ကြတော့တယ်။
ချွေးပြိုက်ပြိုက်ကျသူရဲ့
လုပ်အားနဲ့ ချွေးတပေါက်မစိုစေအောင် ပခုံးထမ်းတင်ပေးလိုက်တဲ့ ပဲ တွေကြောင့် ၄၆ ထပ် နတ်နန်းမှာ
အယ်ဒီ စံမြန်းနေနိုင်တာ သူတို့ ဘယ် သိမြင် နိုင်မလဲ။ နတ်ပြည်နဲ့ ငရဲပြည်ဆိုတာ သီးခြားဘုံအနေနဲ့ တည်ရှိနေတာ
မဟုတ်ဘဲ တမိုးအောက်မှာပင် တွဲလျက် ရှိနေကြတယ်လို့
သူ မြင် လာတယ်။ ၄၆ ထပ်ဟာ နတ်ဘုံလား ငရဲဘုံလား။ ပဲဂိုဒေါင်အရိပ်ဟာ နတ်ဘုံလား ငရဲဘုံလား။
သိမ်းပိုက်မှုအပေါ်မှာသာ တည်ကြမှာဘဲ။ အာရုံငါးပါးကတော့ ကွဲပြားခြားနားလွန်းတယ်။ ဥစ္စာ အရင်းအမြစ်ရဲ့ ပြုပြင် စီရင်မှုလား။
ဖလှယ်ရေးကိရိယာ
တခုအဖြစ်သာ သဘောထားပြီး ပိုက်ဆံကိုင်ရင် အနီကွက်
အဖုဖု ထလာကာ ယားယံတတ်သူ ဖြစ်ပါလျက်နဲ့ သူလည်း မရှောင်နိုင်ဘူး။ ခြေဖျားမှာကပ်ငြိတဲ့
မြေမှုန့်သာသာ အဆင့်ကို ချထားလိုက်ချင်လည်း လည်မျိုညှစ်နိုင်တဲ့တနေရာမှာ ရောက်နေခဲ့တယ်။
တချက်ကလေး ခြေလှမ်းမမှားနဲ့။ အသက်ရှုကျပ် သွားနိုင်တယ်။ အနည်းဆုံး သူ့ဒေါင့် လင်းအောင်
လုပ်နိုင်တဲ့အတွက် အဖုဖု ထ ယားယံ စေတတ်တဲ့အရာကို ဆုပ်ကိုင်ထားရတာ အဓိပ္ပါယ်မဲ့ မဟုတ်ဘူးလို့
အားတင်းရသေးတယ်။ တဘက်မှာ အယ်ဒီရဲ့ အဆက်မပြတ်တောင်းဆိုချက် ပြင်းထန်တဲ့ လိုအပ်ချက်တွေကို
စိတ်ပျက်လာပြီ။ ငြီးငွေ့လာပီ။
နောက်ထပ်
အမှာတွေ ထပ် ၀င်လာကြောင်း အယ်ဒီ ရွှင်ပျလှိုက်လှဲစွာ ပြောတယ်။ မြိုးမြိုးမျက်မျက် ပမာဏ
ဖြစ်လေတော့ သူကလဲ လိုလိုချင်ချင် အရှိသား။ အယ်ဒီက သူ ၀ယ်ထားတဲ့ ပဲတီစိမ်းကို ဥရောပ
တိုင်းပြည်တပြည်အတွက် ငှက်စာအဖြစ် ပြန်လည်တင်ပို့ကြောင်း ပြောလိုက်တော့ သူ စားလက်စ
ကိတ်အရသာ ခါးသက်သက် ဖြစ်သွားတယ်။ ဂိုဒေါင်က ကျောပြောင်တွေရဲ့ ချွေး မျက်နှာသုတ်ပုဝါအထူ
ဆာလာအိတ်ပတ်ထားတဲ့ ခြေထောက်များကို ပြန်မြင်ယောင်မိပြီး သူ ဆွံ့အသွားတယ်။ ပဲအိတ်ပေါ်
ဖှုန်မှုန့် ရှိမရှိ စမ်းခဲ့တဲ့ သူ့လက်ညိုးကို ငုံ့ကြည့်မိတယ်။ ဥရောပ……. ငှက်စာ………။
ညစ်ညူးရှုပ်ထွေးစိတ်နဲ့
နောက်ထပ် အမှာစာ သဘောင်္တင်ကိစ္စ ကို သူ လုပ်ပေးနိုင် မနိုင် စဉ်းစားအုန်းမယ် ပြောကာ တည်းရာအရပ်ကို
ပြန်လာခဲ့တယ်။ အယ်ဒီက နားမလည်ဟန်နဲ့ ပမာဏကို ညှိနှိုင်းနိုင်ကြောင်း လမ်းဖွင့်တယ်။ သူ
အကြောင်းပြန်မယ်လို့သာ ပြောခဲ့တယ်။
အငှားကားပေါ်ကထိုင်နေရင်း
အလှစိုက်ပန်းပင်တွေနဲ့ တင့်တယ်တဲ့ ကားလမ်းတလျှောက် သစ်ပင်တွေကို တွေတွေ ကြည့်မိတယ်။
ဒီအရပ်မှာကော ငှက်တွေ ရှိလား။ ကျောပြောင်ကြီးတွေရဲ့ ချွေးမထိစေရတဲ့ ပဲတီစိမ်းကိုများ
စားကြရသလား။ သူ့မိသားစုထံ ဖုန်းဆက်လိုက်တယ်။ သားက ဖုန်းကိုင်ပြီး လာမည့် စာသင်နှစ်အတွက် သူ့ကျောင်းလခကိစ္စကို ပြောတယ်။ တည်းခိုတဲ့နေရာအရောက်
မြက်ခင်းမှာများ ငှက်ကလေးတွေ တွေ့မလားလို့ သူ ကြည့်မိသေးတယ်။ အခန်းထဲရောက်တော့ သူ့
လက်ဆွဲ ကွန်ပြူတာ ကို ဖွင့်ကာ ဒီးယားအက်ဒီ အစချီတဲ့ စာတစောင်ရိုက်တယ်။
အမှတ်မဲ့
သူ့လည်ပင်းကို ပြန်စမ်းမိတယ်။ ဒီအရပ် ဖုန် မရှိတတ်ပါဘဲ သူ့လက်ညိုးက ဖုန်မှုန့်ကို စမ်းမိလိုက်တယ်။
လည်မျို ရောက်ခဲ့ပြီကိုး။
မြယာ
၂၀၁၂၁၂၁၈
ည ၁၂း၁၂ မိနစ်( ခိုင်စိုးလင်းစီစဉ်တဲ့ ရောင်စုံစက္ကူ (color papers) e-book မှာပါပါတယ် .. ။ )
No comments:
Post a Comment