Thursday, 13 June 2013

...... မတိုင်မီ





မနက် ၇ နာရီ သာသာ ရှိသေးတယ်။ မှန်ချပ်တွေကတဆင့် ၀င်လာတဲ့ မနက်ခင်း နေရောင်ဟာ ဓာတ်လှေခါး တံခါး စတီး မျက်နှာပြင်ကို ရောင်ပြန်ဟပ်တိုင်း မျက်စိကျိန်းလောက်အောင်ပဲ  စူးရဲနေပြီ။ တိုက်ရှေ့ ကားလမ်းနံဘေးက ငုပင်ပျိုရဲ့ အပွင့်တွေ ၀ါထိန်နေတာပဲ။ ရာသီ ပူ လာပြီ။ တနှစ်ထက်တနှစ် ပူပြင်းခြောက်သွေ့တဲ့ကာလ ပို ရှည် ရှည် လာတယ်။ 

အပြာရောင်ဖျော့ဖျော့ ယူနီဖောင်းကို လဲဝတ်လိုက်တယ်။ နည်းနည်း အိုက် နေတာနဲ့ ဦးထုပ်ကိုတော့ မဆောင်းတော့ဘူး။ ရုံးချုပ်မှာဆိုရင်တော့ ဦးထုပ်ပါ မဖြစ်မနေ ဆောင်းထားမှဖြစ်တာ။  ဒီမှာတော့ တယောက်တည်းဆိုတော့ မဆောင်းလည်း ရတယ်။ ဆေးရည်ဘူးနဲ့ အ၀တ်ကို ယူပြီး  ဓာတ်လှေခါး ခလုတ်ကို နှိပ်လိုက်တယ်။ တံခါးပွင့်လာလို့ ၀င်လိုက်တာနဲ့ ရုံးဖွင့်ရက် မနက်တိုင်း ရနေကြ သင်းပျံ့မွှေးကြိုင်တဲ့ ရနံ့ ကို ရှူရှိုက်လိုက်ရတယ်။ အား အစောကြီးပဲ ရှိသေးတယ်။ ဟို အမကြီး ရောက်နေပြီလား။

၆ လွှာ ဘယ်ညာ နှစ်ခန်းတွဲ ရုံးခန်းက အမျိုးသမီးဟာ  ဒီတိုက် တတိုက်လုံးမှာ ရနံ့အကြိုင်ဆုံးလူ လို့ ဆိုရမယ်။ သူ ရောက်လာပြီဆိုရင် အလွန် သိသာတယ်။  ဖြတ်သွားရင် မွှေးပျံ့တဲ့ အနံ့က အ၀င် လှေခါးရင်းမှာ  ဓာတ်လှေခါးထဲမှာ စွဲ ကျန်ခဲ့တယ်။ တခါ ဓာတ်လှေခါးထဲ လူကျပ်တော့ ကျွန်တော် ရှေ့တည့်တည့် အဲဒီ အမျိုးသမီး  ကပ် ရပ်နေချိန် ကွဲပြားတဲ့ မွှေးရနံ့ပေါင်းစုံ ရတယ်။ သိသိသာသာ အနံ့ နှစ် မျိုး ရတယ်။ တခါ အဲဒီအမျိုးသမီး သူ့ ပိုက်ဆံအိတ်ထဲက ဘူးသေးသေးလေးတခု ထုတ်ပြီး လက်ဖ၀ါးထဲ ထည့်ဖြန်းကာ လက် နှစ်ဘက်ကို ပွတ်လိုက်တာ မြင်ဖူးတယ်။ အဲဒီ လက်ဖြန်းတဲ့ ဘူးကလေး အနံ့က တမျိုး။ သစ်သီးနံ့လိုလို မြက်အနံ့လိုလိုနဲ့။   ဖြန်းလိုက်ချိန်မှာ ဘေးကနေ  အနံ့ရပြီး ကျွန်တော်တောင် စိတ် ရွှင်လန်းသွားတယ်။

သူတို့အခန်းအတွက် မီတာစာရွက် ပေးဖို့ ကျန် နေသေးတယ်။ သိပ် စောနေသေးတယ်။ အခုအချိန် တက်သွားရင်  ဘာဂျာသံပန်းတံခါး နောက်ကနေ သူ မျက်မှောင်ကုတ်ကြည့်ကာ စိစစ် မေးမြန်းလိမ့်မယ်။ မျက်နှာထားချိုချိုနဲ့ ဧည့်ကြို မိန်းကလေး လာတော့မှ သွားပေးတော့မယ်။

မနက်စောစော ဓာတ်လှေခါးထဲ အနံ့သင်းသင်းရတာ ကောင်းတယ်။ ၄လွှာ ညာခန်းက အဒေါ်ကြီးအနံ့ မဟုတ်တာ သာ ကောင်းတယ်။ ၄ လွှာ အဒေါ်ကြီးက ရံဖန်ရံခါ မနက်စာ ဆင်းဆင်း ၀ယ်တယ်။ သူ့လက်ထဲ ပါလာတတ်တဲ့ စားစရာ အနံ့ မွှေးသလောက် သူ့ ကိုယ်နံ့က ဆိုးတယ်။ မနက် အိပ်ရာအထ သေသေချာချာ ကိုယ်လက်သုတ်သင်ခြင်း မပြုဘဲ တောက်လျှောက် ဆင်းလာပုံရတယ်။ တရက်မှာ ကျွန်တော် ဓာတ်လှေခါး သန့်ရှင်းရေးလုပ်ရင်း ၄ လွှာအထိ ပါလာတော့ ဓာတ်လှေခါးထဲ အဒေါ်ကြီး ဂျိုင်းချွေးနံ့ နဲ့ ကိုယ်နံ့ ဟောင် ထ နေပါရောဗျာ။ နောက်များ အဒေါ်ကြီး မနက်စာ ဆင်းဝယ်ချိန် တွေ့ရင် ဓာတ်လှေခါးထဲ တော်တော်နဲ့ ပြန် မ၀င်တော့ဘူး။ အဒေါ်ကြီးရဲ့ သားလေးနဲ့ သမီးလေး ဆီကလည်း ငယ်သာငယ်တယ်။ ပြင်းထန်တဲ့ ကိုယ်နံ့ ကိုယ်စီရှိတယ်။ သူတို့စားတဲ့ အစားအသောက်မှာ ကြက်သွန်နဲ့ ဟင်းခတ်အမွှေးအကြိုင် များပုံရတယ်။ ကလေးတွေဖြစ်လို့လားမသိဘူး သူတို့အမေလောက်တော့ ကိုယ်နံ့ မဆိုးလှသေးဘူး။

၅လွှာ ဘယ်ခန်းက ဆံရှည်ကိုယ်တော်ကြီးကလည်း တဘာသာပါ။ နေ့ခင်း ၁၂ နာရီ တချက်တီးဟာ ကိုယ်တော်ကြီး နိုးထချိန်ဖြစ်နေပြီး နေ့လားညလား အသေအချာ မသိပုံနဲ့ ယောင်ကန်းကန်း ဆင်းလာတတ်တယ်။ ဘိုးတော်ဆီက ကိုယ်နံ့ ဆိုးဆိုး မရတတ်ပေမဲ့ ဓာတ်လှေခါးထဲ  ဆေးလိပ် အနံ့ မွှန်ထူနေအောင် လုပ်တတ်တယ်။ ၆ လွှာ အမျိုးသမီးက တခါတရံ အပြင်ကနေ ရုံးပြန်ဝင်လာတာနဲ့  ကြုံရင် ဒီအထဲ စီးကရက်မသောက်ဖို့ ရှင်ကပြောရမှာပေါ့ အ၀င်ဝမှာလည်း စီးကရက်တိုတွေ ပစ်ထားသေးတယ် ဘာ ညာ အစချီကာ ကျွန်တော်ကို လာ ကြိမ်းမောင်းတတ်တယ်။ တကယ်က ဓာတ်လှေခါးမှာ လေ၀င်လေထွက် လေသန့်စင်စနစ်တွေ ရှိရမှာ။ ရှင်တို့ ကုမ္ပဏီက တပ်ထားတဲ့ ဓာတ်လှေခါး ဖန်ရှင်တွေ လျော့ထားတာဖြစ်ရမယ် လို့လည်း စွပ်စွဲတတ်သေးတယ်။

ဟုတ်ကဲ့ ဟုတ်ကဲ့ နှစ်ခွန်းဆင့် သာ ပြန်ဖြေလိုက်ရတယ်။ ကုမ္ပဏီက ဓာတ်လှေခါးမှာ ဘာကို လျှော့ ထားတာလဲ ကျွန်တော် မသိဘူး။ ကျွန်တော့်အလုပ်မှ မဟုတ်တာ။ ကျွန်တော် လုပ်ရမှာက  အောက်က လှောင်ကန် ရေဖြည့်ထားဖို့၊ အပေါ်က စတီးကန်တွေကို တက်စစ်ဖို့၊ ဓာတ်လှေခါးနဲ့ လှေခါး သန့်ရှင်းရေးလုပ်ဖို့၊ မီးပျက်ရင် မီးစက်နိုးပေးဖို့ တတိုက်လုံးအတွက် စာပေးစာယူတွေ ပို့ပေးဖို့ပဲ။ ဒီလို လုပ်ရိုးလုပ်မြဲတွေ ပြီးဆုံးချိန် နေ့လည်နေ့ခင်း ကုလားထိုင်တလုံးနဲ့ အပေါက်ဝထိုင်ကာ ၀င်သမျှ ထွက်သမျှ ငေးကြည့်ဖို့ ခဏတဖြုတ် ငိုက်မြည်းဖို့  ဒီလောက်မျှသာ။

ရွာမှာနေတုန်းကလည်း အိမ်အပေါ်ထပ် ၀ရန်တာမှာ ပက်လက်ကုလားထိုင် တလုံးချကာ လမ်းပေါ်က လူသွားလူလာကို တနေကုန် ထိုင်ကြည့်နေရတာ ကျွန်တော် ကြိုက်တယ်။ သူတကာလို လယ်ထဲခြံထဲ ဆင်းဖို့ ကုန်သွယ်စီးပွားရှာဖို့  အာသီသ မရှိဘူး။ ဆယ်တန်း ၂ ခါကျပြီးကတည်းက ပညာရေးဆိုတာလည်း ကျွန်တော်နဲ့ လမ်းဆုံးပြီ။ အမကတော့ ယောက်ဖ နဲ့ တွဲပြီး  ခြံအလုပ် လုပ်စေချင်တယ်။ သူ့မောင် အကြောင်းသိတော့ တအားတော့ မတိုက်တွန်းဘူး။ နင် အဲဒီ ၀ရံတာ ထိုင်ပြီး လေရှုတဲ့ အလုပ်ပဲ လုပ်နေလို့ ငေါ့ ပြော လေး ပြောတတ်တယ်။

အနံ့တွေနဲ့ ပတ်သက်လာရင် ကျွန်တော့် အာရုံက ကောင်းတယ်။ ရေတောင် အနံ့ခွဲလို့ရတယ်။ ရွာထဲက ရေတွင်းတွေ ဘယ်အိမ်ကတွင်း ဘယ်လိုအနံ့ ဘယ်လို အရသာဆိုတာ ကျွန်တာ် ခွဲနိုင်တယ်။ အမကဆို ဒီကောင်လေး ငယ်ကတည်းက နှာခေါင်းကောင်းတဲ့ကောင် ခွေးဝင်စားလေးလို့ ခဏ ခဏ စ တယ်။ ကျွန်တော် ထိုင်နေကျ ပက်လက်ကုလားထိုင်ကနေ  ရွာလမ်းမနဲ့ ခြံဝင်းထဲက ဖုန်နံ့ နွားချေးနံ့ မီးဖိုက ဟင်းနံ့ကျွေးနံ့ ၀င်းထဲက ပန်းနံ့ သစ်ရွက်နံ့ အနံ့ပေါင်းစုံကို ရ တယ်။ ဒါပေသိ ရွာ လေထုက အပြန့်လိုက် နေရာကလည်း ကျယ်ပြန့်လေတော့  စူးကနဲ လုံးကနဲ ၀င် မလာတတ်ဘူး။ မြို့လေထုက အကန့်အသတ် ရှိသလို နေရာကလည်း ကျဉ်းကျပ်လေတော့ ရနံ့ပေါင်းစုံဟာ ကျွန်တော့် နှာခေါင်းဆီကို စူးစူးရဲရဲ ထင်ထင်ရှားရှား ၀င်လာတယ်။

မြို့မှာ အလုပ်လုပ်ဖို့ ကျွန်တော် တခါမှ မတွေးခဲ့မိဘူး။ ပြီးခဲ့တဲ့ နှစ်နှစ်ခန့်က အမ ရန်ကုန် ဆေးကုတက်တော့ ယောက်ဖကိုယ်စား အဖော်လိုက်လာပေးမိတယ်။ ပထမအခေါက် ဆေးခန်းပြကတည်းက တည်းတဲ့ ဘုန်းကြီးကျောင်းက ရွာသားကျောင်းထိုင် ဆရာတော်က ကျွန်တော် အမအိမ်မှာ မှေး နေမှန်း သိလို့  အလုပ်လုပ်ခိုင်းတယ်။ စိတ်မပါလို့ ဟိုလိုဒီလို အကြောင်းပြပြီး ရှောင်လွဲကာ ရွာပြန်ခဲ့တယ်။ နောက်တခေါက် ရက်ချိန်းမတိုင်ခင် အမဖြစ်သူနဲ့ ကျွန်တော် ကတောက်ကဆ နည်းနည်း ဖြစ်တယ်။  ဆေးကုစရိတ် အကြွေးတင်သွားတော့ အမ ခမြာ စိတ်လက် မကြည်ရွှင်ကာ တသက်လုံး တင်ကျွေးလာတဲ့ မောင်ကို ရန်ရှာ လာတယ်။ ကြီးကြီးကျယ်ကျယ် ဖြစ်ကြတာလည်း မဟုတ်ဘူး။ စိတ် ထွေထွေ ရှိလှတာနဲ့ နောက်တခေါက် ရက်ချိန်းဆေးခန်းပြီးတော့ ရွာကို ပြန်မလိုက်တော့ဘူး။ ဆရာတော့်ဆီ လျှောက်တော့ သူ့ဒကာ ဆောက်လုပ်ရေးသူဌေးဆီ တန်း ပို့လိုက်တယ်။

ဆောက်လုပ်ရေး ကုမ္ပဏီကို စရောက်တော့ ရုံးချုပ်မှာ အလုပ်သင် အရင်လုပ်ရတယ်။ အားပါး… တိုက်အကြီးကြီးတွေမှာ နေတဲ့လူတွေ အတော် ဇယားရှုပ်တာကိုး။ မီးစက် ရေစက် မော်တာ  ပိုက်သမား မီးသမား ဖုန်းလိုင်းမင်း ဓာတ်လှေခါးမောင်းသူ ရေသန့်ပို့သူ ဂတ်စ်အိုးဖြည့်သူ အမှိုက်သိမ်းတဲ့သူ မီတာစာရွက် ဖုန်းစာရွက် စည်ပင်စာရွက် အိမ်ယာ သာယာရေးကော်မတီ လစဉ်ကြေး ဆီဘိုး စသဖြင့် အတော်ကို ခေါင်းစဉ်များတယ်။ ရုံးအသီးသီးက အိမ်အသီးသီးက လူတွေဟာ ထိုခေါင်းစဉ်ပါကိစ္စများကို ပြီးပြတ်စေဖို့ သူတို့ကိုယ်စား ဆောင်ရွက်ပေးဖို့ လူ လိုအပ်တယ်။ 

မြို့ကြီးကြီးက တိုက်ကြီးကြီးမှာ နေတဲ့လူတွေ အကန့် သိပ်များတယ်လို့ ထင်တယ်။ ကျွန်တော့်တို့ ရွာကဘ၀တွေလို အပြန့်လိုက်နဲ့ တအိမ့် တအိမ် ကူးလူးဆက်ဆံမှု ကျွမ်းဝင်မှု မရှိကြဘူး။ သူ့အခန်း ကိုယ့်အခန်း ပိတ်ထားတာ သူ့ဘ၀နဲ့သူ ကိုယ့်ဘ၀နဲ့ကိုယ် အကန့်ကိုယ်စီ ရှိကြတယ်။ တိုက်အကြီးကြီးထဲက လူတွေဟာ သူတို့ အချင်းချင်းသာ မသိ ရှိချင်ရှိမယ် မဆက်ဆံချင် ရှိရင်ရှိမယ်။ မြေညီထပ်က ကျွန်တော်တို့ အိမ်ရာစီမံရေးအဖွဲ့ကို သိကိုသိရတယ်။ ဆက်ကို ဆက်ဆံရတယ်။ ကျွန်တော်တို့ကလည်း တတိုက်လုံးက အကန့်တွေ၊ အကန့်ထဲကလူတွေကို သိနေရပြန်တယ်။

ကျွန်တော်တို့ အလုပ်က ကြည့်လိုက်ရင် လွယ်သလိုလိုနဲ့ ခေါင်းရှုပ်စရာကောင်းတယ်။ မီးအပျက်များတဲ့ နွေရာသီဆို ပို အလုပ်များတယ်။ မီးစက် ဖွင့် ပိတ် နဲ့တင် အချိန် တော်တော် ကုန်နေပြီ။ တယောက်တပေါက် အလိုဆန္ဒ ကိုယ်စီနဲ့ အကန့်ထဲကလူတွေ တနေ့တာ တညတာကို အဆင်ချောချော ဖြတ်သွား ပြီးသွားနိုင်ဖို့ ဖြေရှင်းရတာ အတော် လက်ဝင်တာကလား။ တခြားလူနဲ့တွဲပြီး  ရုံးချုပ်နဲ့ အိမ်ယာ အကြီးကြီး တွေဆီမှာ နှစ် နှစ်ကျော်ကျော် ကျွန်တော် အလုပ်လုပ်ခဲ့ရတယ်။

ဒီတိုက်ကို ရောက်လာတာတော့ မကြာလှသေးဘူး။ တိုက်ကလည်း ပြီးခါစ။ စုစုပေါင်း ၁၆ ခန်းသာ ရှိတာမို့ ၀န်ထမ်း တယောက်တည်းကိုပဲ ကုမ္ပဏီက တာဝန်ချထားပေးတယ်။ အသစ်မို့လို့  အခန်းအားလုံး လူ ရှိ မနေဘူး။ ရုံးခန်းက သုံး ခန်းတောင် ရှိနေတော့ ဓာတ်လှေခါး အတက်အဆင်း သုံးတာများတယ်။ ဓာတ်လှေခါးအတွက် ဆီဖိုးတောင်းရင် ရုံးခန်းတွေဆီက နှစ် ဆ ကောက်ရတယ်။ ကျန်တဲ့ရုံးခန်းတွေက အငြိုအငြင်မရှိ ထည့်ပေးပေမဲ့ ဟိုအမျိုးသမီးကတော့ ကျွန်မတို့က ဒီလောက် ဆင်းနေတက်နေ ၀င်ထွက်နေတာလည်း မဟုတ်ဘဲနဲ့ နှစ် ဆ ဆိုတော့ နည်းနည်း မများလွန်းဘူးလား လို့ စောဒက တက်တယ်။ ကျွန်တော် ဘာမှ ပြန်မပြောဘဲ သူတို့ အခန်းဝမှာ ရပ်နေလိုက်တော့ အမျိုးသမီးက ထုတ်ပေးလိုက်ပါတယ်။ ပေးရမှာ သိရက်နဲ့ ဘာလို့များ စကားတွေ ရှည်ပါလိမ့်။

သူ့လိုသာ ပြောကြေးဆို ၅ လွှာ ကိုယ်တော်ကြီးက ပေးစရာတောင် မလိုတော့ဘူး။ တခါတခါ တပတ်လုံးလုံး အောက်ဆင်းတာ မတွေ့ရဘူး။ တွေ့လိုက်တိုင်း ဒီလူ့ လက်ထဲ စီးကရက် အမြဲပါတယ်။ သွားမတိုက်ခင် ပါးစပ်ထဲ စီးကရက် အရင် ခဲ မယ့် ပုံစံမျိုး။ အရပ်ရှည်ရှည် အသားအရောင်ဖျော့ဖျော့ နဲ့ ကိုယ်တော်ကြီးရဲ့ မျက်နှာဝိုင်းဝိုင်းဟာ မျက်နှာသစ်မှ သစ်ရဲ့လား သံသယ ပွားစရာပဲ။ အမြဲ ညစ်ထပ်ထပ် ဖြစ်နေတတ်ပြီး ဒီလူ အသားဖြူတာကို လူတွေ သတိမပြုမိဘူး။ သူရထားတဲ့အခန်းက မြေပိုင်ရှင်အခြမ်းဆိုတော့ နဂိုပိုင်ရှင်တွေလား ပိုင်ရှင်တွေက တဆင့် ပြန်ဝယ်သူလား မသိဘူး။ အကို ဆီဖိုးလို့ သွားတောင်းရင် ထွေထူး ပြောမနေဘဲ သွက်သွက် ထုတ်ပေးတယ်။ ကျွန်တော်က စကားစမြည် ပြောမိရင် တခွန်းက နှစ်ခွန်းဖြစ်လာတာနဲ့ သိသိသာသာ စကားရပ်ပစ်တယ်။ ပြောလက်စ ဆက်ပြောရမလား မပြောရလား အိုးတိုးအမ်းတမ်း ဖြစ်နေတုန်း  ဗြုန်းဆို အခန်းတံခါး ပိတ်သွားတယ်။ နောက်တော့ အဲဒီလူ စကား စပြောမှ ကျွန်တော် လည်း အလိုက်အထိုက် ပြန်ပြောမိတော့တယ်။ ဒီလူနဲ့ အာလာပ သလ္လာပ ပြောလို့မရဘူး။

ဒီတိုက်မှာ ကျွန်တော် နဲ့ လေပေးအဖြောင့်ဆုံးက  ကိုယ်တော်ကြီးနဲ့ မျက်နှာချင်းဆိုင် ၅ လွှာ ညာခန်းက အသက်ငယ်ငယ် စုံတွဲ ပဲ။ ကောင်ကလေးနဲ့ ပိုပြီး စကား ပေါက် တယ်။ ဘောလုံးပွဲ ပွဲစဉ်တွေ ပွဲချိန်တွေ လောင်ကြေးတွေ ကျွန်တော်တို့ နှစ်ယောက်ကြား ပြောစရာ စကားများများ ရှိကြတယ်။ ကောင်လေးက သူ ဖတ်ပြီးသား ဘောလုံးဂျာနယ်တွေ သတင်းဂျာနယ်တွေကို ကျွန်တော့် ကို ပေးဖတ်တယ်။ အရပ်မနိမ့် မမြင့် အသားညိုညိုစိုစို ဆံပင်ထောင်ထောင်နဲ့ ကောင်လေးဟာ လူငယ်ပီပီ နိုးနိုးကြားကြား ရယ်ရယ်ရွှင်ရွှင်နဲ့ ခင်မင်စရာ ကောင်းတယ်။

သူ့ ကောင်မလေးကလည်း အောက်အဆင်းအကြုံ စားစရာလေးတွေ လာ လာ ပေးတတ်တယ်။ နှစ်ယောက်စာ ချက်ရမှာကို လက်က လွန် လွန် သွားတယ် ဦးလေး ရဲ့ ရယ် ဟ ဟ နဲ့ ဆိုတယ်။ တရက်တော့ မစားဖူးတဲ့ ခေါက်ဆွဲသုပ်တမျိုး လာပေးတယ်။ ခရမ်းချဉ်သီး အနှစ်တွေနဲ့ စပ်သလိုလို အီသလိုလို အရသာက  စားနေကြ အနံ့အရသာ မဟုတ်ဘူး။ ကျွန်တော်က ဘာစားစရာလဲ မေးတော့ စပါကတီ၊ အဲ အီတလီခေါက်ဆွဲသုပ် ခေါ်ရမယ်ထင်တယ် ဦးလေး။ ဟိ ဟိ သမီးလည်း အမျိုးမျိုး စမ်း ချက်နေတာ ဟိုတယောက်က ကုန်အောင်လည်း မစားပေးဘူး။ ဦးလေး သမီး လက်ရာ အားပေးပါဦး လို့ ချွဲသယောင်ယောင် လေသံနဲ့ ရှည်ရှည်လျားလျား ရှင်းပြတယ်။ ကျွန်တော်ကတော့ လာပေးရင် စားလိုက်တာပါပဲ။ ကလေးမလေးက အသားဖြူအိအိ အရပ်ပြတ်ပြတ် ရှိကာ ဆံပင်ဖြောင့်စင်းစင်းမှာ အရောင်အမျိုးမျိုး ပြောင်းလဲ ဆိုး တတ်တယ်။ လင်မယား နှစ်ယောက်စလုံး ခင်မင်စရာလေးတွေ။ သူတို့လင်မယား ဖြတ်သွားရင် ချိုမြရွှင်လန်းတဲ့ အမွှေးနံ့ကို ရတတ်တယ်။ ငယ်ရွယ်သူတွေမှာ ပျိုမျစ်လန်းဆန်းတဲ့ အနံ့ ရှိတယ်။

ဓာတ်လှေခါးကြမ်းခင်းကို အမှိုက်နဲ့ ဖုန်ကို ကျွန်တော် အရင် လှဲ လိုက်တယ်။ ကြမ်းခင်းကို ရေစိုအ၀တ်နဲ့ တိုက်တယ်။ ဖိနပ်ရာတွေ ထင်ကျန်နေတာ ပျောက်အောင် အားစိုက်  ဖိ တိုက်ရတယ်။ တံခါးက စတီးမှန် တံခါး အမျိုးအစား။ ပြောင်လက်နေအောင်တိုက်ထားရင် မှန်ချပ် အကြီးကြီး တပ်ထားသလို ဖြစ်နေတယ်။ အထဲရောက်လာတဲ့လူတိုင်း တံခါးပိတ်လိုက်တာနဲ့ သူတို့ တကိုယ်လုံးကို မြင်နိုင်ကြတယ်။ ၆ လွှာရုံးက မိန်းကလေး ငယ်ငယ်တွေဆို ဓာတ်လှေခါးထဲ ရောက်တာနဲ့ အလှပြင်ကြတာ ကျွန်တော်နဲ့ ခဏခဏ တွေ့တယ်။ ရုံးခန်းဝလည်း ရောက်ရော ဆံပင် ပွ နေတာလည်း သပ်ပြီး ဖီးပြီးပြီ။ ဘတ်စ်ကားပေါ်မှာ ချွေးပြန်လို့ အလှပျက်လာတာကို မိတ်ကပ်နဲ့ ဖို့ပြီးပြီ။ ကွက်တိ ဗျာ။

အ၀င်တံခါး ပြီးတော့ ဓာတ်လှေခါး နံရံတွေကို သန့်ရှင်းရေး ထပ်လုပ်တယ်။ နည်းနည်း အိုက်စပ်စပ် ဖြစ်လာတယ်။ ဟို အမျိုးသမီး ပြောတာဖြစ်နိုင်တယ်။ ဒီ ဓာတ်လှေခါးမှာ လေ မရသလိုပဲ။  ရုံးချုပ်က ဓာတ်လှေခါးတွေဆို အေးမြမြ လေ ကို အမြဲ ရ ရ နေ တတ်တယ်။ ရာသီက ပူလာတာလည်း ပါမှာပေါ့လေ။ ဓာတ်လှေခါးထဲ ကြာကြာ မနေနိုင်ဘူး။ ပြီးအောင် မြန်မြန် လုပ်ရတယ်။ ၈ နာရီကျော်ရင် ကျောင်းသွားချိန် ရုံးတက်ချိန်ဖြစ်တော့  အဲဒီအချိန်မှ သန့်ရှင်းရေး သွား လုပ်နေလို့ မရတော့ဘူး။ ဆပ်ပြာမှုန့်နဲ့ မှန်ကြည်ဆေး ရောထားတဲ့ ပလပ်စတစ်ဘူးကို လှုပ်လိုက်ပြီး နံရံကို ကျွန်တော် ဖျန်းလိုက်တယ်။ စတီးနံရံတလျှောက် ပြန့်ကျဲစီးကျသွားတဲ့ ဆေးရည်စီးကြောင်း သုံးခုကို အ၀တ်နဲ့ ခပ်သွက်သွက် အမီ လိုက်သုတ်လိုက်တယ်။

***

ရှင်တို့ ပြောလိုက်ရင် ဒါမျိုးတွေ။ ကျွန်မလိုချင်တာ ဒီအပတ်ဆို ရနိုင်ပါတယ် ပြောပြီးရင် ရအောင် လုပ်ပေးရမှာပေါ့။ မရနိုင်ရင် ရက်ကို အတိအကျ မပြောနိုင်တောင် အနီးစပ်ဆုံး သိရမှာပေါ့။ ကျွန်မတို့က အချိန်နဲ့ အလုပ်လုပ်ရတာရှင့်။ ရှင်တို့ ဒီအပတ် ထုတ်ပေးနိုင်မယ်ဆိုလို့ ဖြန့်ချိရေးကော မိတ်ဆက်ပွဲကော ဒီဘက်မှာလည်း အကုန်စီစဉ်ထားပြီးပြီ။ ခုမှ သွားပြန်ပြင်ရရင် ကျွန်မဘက်မှာ ဆုံးရှုံးရမှာတွေ အများကြီး။ ဒီမှာ… ရှင်တို့မှာ ဘာမှ အဖြေမရှိရင် ရှင်တို့ မန်နေဂျာဆီကို ဖုန်းလွှဲပေးပါ။

ရေပြည့်မပြည့် ကန်ထဲ ဓာတ်မီးနဲ့ ထိုးကြည့်နေချိန် သြဇာသံပါပါ ဆူဆူညံညံ လေသံကြောင့် ကျွန်တော် နောက်လှည့်ကြည့်မိတယ်။ တကယ်က လှည့်ကြည့်စရာ မလိုအောင် အနံ့က ရထားပြီးသား။ ဒီအမျိုးသမီး မျက်နှာကျော ပြေနေချိန် ရှားတယ်။  သူ့ကြည့်ရင်း ဘေးကလူပါ စိတ်မသက်မသာ ဖြစ်တယ်။

အောက်ကန် ရေ ပြည့်လုပြည့်ခင် ဖြစ်နေပြီ။ ရေစက်ခလုတ်ကို သွားပိတ်တယ်။ ဆီဖိုး လိုက်ကောက်ရဦးမယ်။ ဓာတ်လှေခါးနဲ့  ၇ လွှာကို တက်ခဲ့တယ်။ ၈လွှာ နှစ် ခန်းစလုံး လူမနေသေးဘူး။ ရ လွှာ ညာဘက်အခြမ်း အလုပ်ရှာဖွေရေးအေဂျင်စီ ရုံးကတော့ လူဝင်လူထွက် အလွန်များတယ်။ ဘယ်ဘက်ခြမ်းက ၀န်ဆောင်မှုလုပ်ငန်း ကုမ္ပဏီတခု။ ဘာကို ၀န်ဆောင်မှုပေးလဲ အတိအကျ မသိဘူး။ တင်ဒါ ဆိုတဲ့ စကားတော့ ခဏ ခဏ ကြားရတယ်။ ၀န်ဆောင်မှုဆိုတာ ဟန်ကျတဲ့ လုပ်ငန်း ဖြစ်ပုံရပါတယ်။  လူဝင်လူထွက်လည်း များများစားစား မတွေ့ရဘူး။ နေကာမျက်မှန် ဘယ်တော့မှ မချွတ်တဲ့ သတ်လတ်ပိုင်း လူရွယ်တယောက်နဲ့ ကောင်ကလေး သုံးယောက်ပဲ တွေ့ရတယ်။ တခါတလေ တပတ် နှစ်ပတ်လောက် ရုံးမှာ လူမရှိဘူး။ ခရီးထွက်သည် လို့ စာကပ်ထားတတ်တယ်။  

၆ လွှာ ရုံးခန်းကို ရောက်တော့ အ၀င်ဧည့်ခန်းမှာ ကလေးမတွေ စုရုံးစုရုံး လုပ်နေကြတယ်။ ဒီရုံးက နိုင်ငံခြားက ပစ္စည်းတွေ သွင်းတာလို့ သိထားတယ်။ ကျွန်တော် အခန်းဝမှာ ရပ်နေတာကို တယောက်မှ သတိ မပြုမိကြဘူး။

အဘွားကြီးတော့ အရမ်း ဒေါသထွက်နေပြီ။ နင်တို့ ကြည့်ရှောင်နေကြ။ အဖျား ခတ် ခံရမယ်။ သူ ခိုင်းထားတာလည်း ပြီးအောင် လုပ်ထားကြဦး။ အေမီ အဲဒါ အဘွားကြီးဆီ လာပို့ထားတဲ့ ပါဆယ်ထုပ် မဟုတ်လား။ ဘာလို့ ဖွင့် ကြည့်နေတာလဲ။ နင်တို့နော်…။

မဟုတ်ဘူး မယု၊ အထုပ်ကို စစ်ယူရတော့ ပွင့်နေတာ။ သမီး ဖွင့်တာ မဟုတ်ဘူး။ သိလား မယု။ အဘွားကြီး ပစ္စည်းတွေ မိုက်တယ် သိလား။ ဘော်ဒီဘတ်တာ ဘော်ဒီခရင်(မ်) မျိုးစုံပဲ။ ရေမွှေးတွေလည်း ပါသေးတယ်။ တရက် တရက် သူ့ကိုယ်ပေါ် အမွှေး နံ့သာ ဘယ်နှစ်မျိုးလောက် တင်ထားလဲ မသိဘူး။ အင်းပေါ့လေ ငယ်ငယ်လေး ယူထားတော့ သူက နု အောင် လိုက်ပြင်ရမှာကိုး ခိခိ။

ကောင်မလေးတွေနော် သူ့ဘာသာ သူ ဘယ်နှစ်မျိုး တင်တင် ဘယ်သူ့ယူယူ ကိုယ့်အလုပ် မဟုတ်ဘူး။ ကိုယ့်အလုပ်သာ ပြီးအောင် လုပ်ထားကြ။ ခိ မနေနဲ့။

မယု ပြန်လှည့်ထွက်တော့ ကျွန်တော့်ကို မြင်သွားတယ်။ သြော် ဦးလေး ဘာကိစ္စလဲ လို့ မေးတော့ အသင့်ထုတ်ထားတဲ့ ဆီဖိုးဖြတ်ပိုင်းလေး ထုတ်ပေးလိုက်ရတယ်။ ဦးလေး အရင်လက ကောက်နေကြ အတိုင်းဘဲ မဟုတ်လား။ အေမီ ဦးလေးကို ဆီဖိုးထုတ်ပေးလိုက်ပါ။ ဦးလေး ခဏလေးစောင့် ယူနော် ။

၆လွှာကနေ ၅ လွှာကို လှေခါးအတိုင်း ဆင်းလာခဲ့တယ်။ ညာခန်းက စုံတွဲက ဒီအချိန် မရှိကြသေးဘူး။ အလုပ်ကိုယ်စီ သွားကြတယ်။ ကလေးမလေး စော ပြန်လာရင်တော့ ဒီညနေ ကောက်လို့ ရနိုင်တယ်။ ဘယ်ခန်း ကိုယ်တော်ကြီးများ နိုးလာပြီလား။ ကျွန်တော် လူခေါ်ခေါင်းလောင်းကို နှိပ်လိုက်တယ်။

တံခါး ပွင့်လာတယ်။ ကိုယ်တော်ကြီးက မီးခိုးနဲ့ အဖြူကွက် ဘောင်းဘီတို နဲ့ စွပ်ကျယ်အဖြူ ၀တ်ထားတယ်။ ဆံပင်ရှည်တွေကို ကြိုးတချောင်းနဲ့ ထိပ်မှာစည်းထားတယ်။ လက်တဖက်က ဖုန်းကိုင်ထားပြီး တဘက်က ကျွန်တော့် ကို အခန်းထဲက ကုလားထိုင်ဆီ ညွှန်ပြတယ်။ ထိုင် စောင့်ဆိုတဲ့ သဘောပေါ့။ ခါတိုင်း အခန်းဝမှာ ရပ်စောင့်ကာ ပိုက်ဆံယူတော့ အခန်းထဲ တခါမှ ကျွန်တော် မ၀င်ဖူးဘူး။ တယောက်တည်း နေပေမယ့် ဒီလူ့အခန်းက သပ်ရပ်သား။ စားပွဲမှာပေါ်မှာ မှန်ခုံလေးအောက်မှာ တီဗွီနံဘေးမှာ ကုလားထိုင်မှာ ကွန်ပြူတာတင်ထားတဲ့ စာရေးစားပွဲပေါ်မှာ နေရာအနှံမှာ စာအုပ်တွေ တင်ထားတာ အများကြီးပဲ။ အင်္ဂလိပ်စာ စာအုပ် အထူကြီးတွေလည်းရှိတယ်။ ကျွန်တော် ရှေ့တည့်တည့် စားပွဲပုလေးပေါ်မှာ ဓာတ်ပုံဟောင်းလေးတပုံ ထောင်ထားတယ်။  ကလေးလေး နှစ်ယောက်ပုံ။

ကျွန်တော် ပြောပြီးသားလေဗျာ။ နောက်ထပ် လုပ်ပေးဖို့ အချိန်မရှိဘူးလို့။ ခင်ဗျားတို့ဟာက နိုတီဖီကေးရှင်းတွေဗျ။ ကော်မာရှယ်တန်းမ်တွေလည်း ပါတယ်။ အချိန်ယူ ပြန်ရမှာဗျ။ အာ……. ဒီလိုလုပ်ဗျာ။ ခင်ဗျား လူတယောက် ကို ဆက်ကြည့်ပါ။ ခင်ဗျား သိမှာပါ။ …....... လေ။ ဟုတ်တယ်။ သူ ဘာသာပြန်လက်စ စာအုပ် မရှိလို့ ကြားချိန်လေး ဟ နေရင် လုပ်ပေးမယ်ထင်တယ်။ ဈေးက….. ထုံးစံအတိုင်းပေါ့ဗျ။ အေဖိုး တရွက်စာ အစိမ်း တဆယ်ပေါ့။ ခင်ဗျာဘာသာ မေးမြန်းကြည့်။ နံပါတ် လိုက်မှတ်ဗျာ။

နံပါတ်တခုကို ရွတ်ပြလိုက်ပြီးနောက် …

ကျွန်တော်လား မသေချာဘူး မိနီဆီ လိုက်သွားရမယ်။ ဟုတ်တယ် ခင်ဗျား မိန်းမပြောသလား။ အင်း သူနဲ့ မိနီ ရင်းနှီးတာကိုး။ အေးဗျာ သူတို့ကတော့ ပုံမှန်ဆေးစစ်လို့ အကျိတ်တွေ့တယ် ပြောတာပဲ။ မစိုးရိမ်ရဘူးဆိုပေမဲ့ ဒီကလေးမ အသံ ယဲ့ယဲ့လေး ဖြစ်နေတာ။ ယောက်ဖကလည်း ဖြစ်နိုင်ရင် လာခဲ့ပေးပါ ဆက်ထားတာနဲ့။ ဟုတ်တယ်။ ကျွန်တော် ဘန်ကောက်ထရန်စစ်နဲ့ သွားမယ်။ စိတ်ချ။ လုပ်လက်စကို ဖြတ်ခဲ့မယ်။ ခုကိစ္စကိုတော့ ဟိုလူကိုသာ ဆက်သွယ်ဗျာ။

သူ ဖုန်းပြောတာ ရပ်ပြီး ကျွန်တော် ဘက်ကို လှည့်လာတာနဲ့ ကျွန်တော် ဖြတ်ပိုင်းစာရွက် လှမ်းပေးလိုက်တယ်။ သူ အခန်းထဲ ပြန်ဝင်သွားပြီး ပိုက်ဆံ သွားယူတယ်။

 ကိုယ် ဒီလ မကုန်ခင် ခရီးထွက်စရာ ရှိတယ်ကွ။ ကိုယ် ပေးရမယ့် ဟာတွေ ကုန်ပြီလား။  

ဒါ ဓာတ်လှေခါး ဆီဖိုး အကို။ မီတာခက လိုသေးတယ်။ ရတယ်။ အကို ပြန်လာမှ ကောက်လို့ရတယ်။

အင်း ကိုယ် နည်းနည်း ကြာမယ်။ ဒီတလ နှစ်လ အတွက် ပေးရမဲ့ဟာဆို ယူထားလိုက်ပါ။

ဟုတ်ကဲ့အကို။ ကျွန်တော် ရုံးကို ပြောပြီး ကြိုပေးငွေစာရွက် လုပ်လိုက်ပါမယ်။ အခန်းကိုလည်း ကျွန်တော် ကြည့်ထားလိုက်ပါမယ်။

ကိုယ့် စာအုပ်တွေ ကြွက်ကိုက်မှာကိုပဲ စိုးရိမ်တာ။

သူ စားပွဲပေါ်က စီးကရက်ဘူးကို လှမ်းဆွဲလိုက်ကာ တလိပ် ထုတ်ယူမီးညှိလိုက်တယ်။ ကျွန်တော် ဆီ ဘူး ထိုးပေးတော့ ရတယ်ခင်ဗျာ မသောက်ဘူးလို့ ငြင်းလိုက်တယ်။ စီးကရက်နံ့က မွန် ထွက်လာတယ်။ ဒီလူ့ ကိုယ်မှာ စီးကရက်နံ့ စွဲ နေပြီ။  သူ့ဆီက စကား ဆက်မလာတော့တာနဲ့ နှုတ်ဆက်သလို ခေါင်းတချက် ညိတ်ပြကာ ပြန်ထွက်ခဲ့တယ်။

၎လွှာ ဘယ်ခန်းက လူမနေသေးဘူး။ ညာခန်းက လူခေါ်ခေါင်းလောင်းကို ကျွန်တော် နှိပ်လိုက်တယ်။ တယောက်မှ ထွက်မလာဘူး။  ခဏ စောင့်နေပြီးမှ တခါ ထပ်နှိပ်လိုက်ပြန်တယ်။ အခန်းထဲက သီချင်းသံ သဲ့သဲ့ကို  ကြားနေရတယ်။ အတန်ကြာကြာ စောင့်ပြီးမှ  ထပ် နှိပ်ပြန်တယ်။ ခေါင်းလောင်းသံရှည်ကြီး ဗြီးကနဲ မြည်သွားတဲ့အထိ ခလုတ်ကို ကြာကြာ ဖိ ထားလိုက်တော့တယ်။ မကြာခင် ကျွန်တော်ရှေ့က သစ်သား တံခါးချပ် ပွင့်လာတယ်။ ဗုံသံ တီးလုံးသံမြူးမြူးနဲ့ သီချင်းသံ အကျယ်ကြီး ကြားလိုက်ရတယ်။ အရပ်မြင့်မြင့် ကိုယ်လုံးကိုယ်ထည်တောင့်တောင့် ပါးဖောင်းဖောင်း လည်ပင်းအဆီ တွဲကျနေတဲ့ အဒေါ်ကြီး ပေါ်ထွက် လာတယ်။ လက်သုတ်ပုဝါတထည်နဲ့ သူလက်ကို သုတ်ရင်း ဘာကိစ္စလဲ လှမ်းမေးတော့  ဆီဖိုး လာကောက်တာပါ လို့ အမြန် ဖြေလိုက်ရတယ်။

ခဏစောင့်ဦး။

အဒေါ်ကြီး အသံဟာ သူ့ကိုယ်ခန္ဓာနဲ့ မလိုက်ဖက်စွာ အသံပါးလေး။ ခြောက်ကပ်ကပ်တော့ မဟုတ်ဘူး။ စူးစူးပါးပါးလေးလို့ ပြောနိုင်တယ်။ သူ့ဆီက အသားပြုတ်နံ့ ရတယ်။ ကျွန်တော်ထင်တာကတော့ ဆိတ်သား သို့မဟုတ် အမဲသားပြုတ်နံ့။ ဆိတ်သားဖြစ်ဖို့  ပိုများတယ်။ အဒေါ်ကြီးရဲ့ ဧည့်ခန်းဟာ အနီရောင် ဆိုဖာထိုင်ခုံတွေ ရွှေရောင်အနားကွပ် မှီအုံးတွေနဲ့  ပြောင်ပြောင်လက်လက် ရှိတယ်။ ခန်းဆီးတွေကလည်း ရွှေညိုရောင်နဲ့ အနီရောင် ရောစပ်ထားတဲ့အရောင်တွေ။ ချွဲအီတဲ့ နှဲသံပျောက်သွားပြီး သီချင်းရပ်သွားတယ်။ အဒေါ်ကြီး ခင်ပွန်းကိုတော့ တခါမှ မတွေ့ဖူးဘူး။ မြို့လယ်မှာ လျှပ်စစ်ပစ္စည်း အရောင်းဆိုင် ဖွင့်တယ်ဆိုတာပဲ သိတယ်။

အဒေါ်ကြီး တော်တော်နဲ့ ပေါ်မလာဘူး။ ကျွန်တော် သူတို့အခန်း ကျောပေးပြီး ဓာတ်လှေခါးအ၀ကို မျက်နှာမူထားတယ်။ ဓာတ်လှေခါးက တက်လိုက်ဆင်းလိုက် မီးခလုတ်တွေ လင်းနေတယ်။ ၇ လွှာ နဲ့ ၆ လွှာ အများဆုံး သုံးတာ မြင်နေရတယ်။ လှေခါးပြတင်းမှန်က အောက်ဘက်ကို ငုံ့ကြည့်လိုက်တော့ တိုက်ခန်းရှေ့က ငုပင်တွေကို ပြားပြားဝပ်ဝပ် မြင်ရတယ်။

ဒီမှာဟေ့.. ရပြီ။

အသားပြုတ်အနံ့နဲ့အတူ အဒေါ်ကြီး ပြန် ပေါ်လာတယ်။ ငါးဆယ်တန် တရာတန်ကအစ အရွက် အမျိုးမျိုး ပါလာလို့ အသေအချာ ရေ ယူ ရတယ်။ ပိုက်ဆံရေနေတုန်းမှာပဲ အဒေါ်ကြီး တံခါး ပြန်ပိတ်သွားတယ်။

ဆာလာပြီ။ နေ့ခင်းအပူချိန် အတော် ပြင်းတယ်။ ဓာတ်လှေခါးဝင်လိုက်တာနဲ့ ပူစပ်ပူလောင် ဖြစ်သွားတယ်။ အောက်ဆုံးထပ် မီးအားမြှင့်စက် နောက်ဘက်နံရံမှာချိတ်ထားတဲ့ အိတ်ကို လှမ်းယူလိုက်တယ်။ မနက်က ၀ယ်လာတဲ့ အသုပ် ကျန်သေးတယ်။ ထမင်းဖြူတထုပ်ဝယ်ပြီး အာလူးအစပ်ကြော်ထုပ်နဲ့ ရောစားတယ်။ ကျွန်တော့် နှာခေါင်းထဲ အဒေါ်ကြီး ဆိတ်သားပြုတ်နံ့လေးတောင် မွှေးလာတယ်။

၅ လွှာကောင်လေး မနေ့က ပေးသွားတဲ့ ဘောလုံးဂျာနယ်ကို အိတ်ထဲက ထုတ်ယူလိုက်တယ်။ ရာသီကုန် အချိန်ဖြစ်လာတော့ ဘောလုံးပွဲတွေကလည်း အကြိတ်အနယ်တွေ များလာတယ်။ ရွာမှာတော့ ညဥ့်နက်ပွဲတွေ ကြည့်ဖြစ်တယ်။ နောက်ရက် ၀ရန်တာမှာ ပက်လက်ကုလားထိုင်နဲ့ ငိုက်လိုက် ညက ပွဲကို ပြန်စဉ်းစားလိုက်နဲ့ နားနားနေနေ ရှိတာကိုး။ ခု နောက်ပိုင်းတော့ ဂျာနယ်နဲ့ပဲ စိတ်ဖြေရတယ်။

ဖိနပ်ရှပ်တိုက်သံ တဖျတ်ဖျတ်ကြောင့်  နံရံမှီ ငိုက်နေရာက မျက်လုံးဖွင့်ကြည့်တယ်။ ၅ လွှာ ကောင်မလေးပဲ။ ဓာတ်လှေခါး ရှိရာကို အပြေးတပိုင်းနဲ့ လျှောက်သွားတယ်။ နေ့လယ်ခင်းကြီး အိမ်ပြန်လာတာကိုး။

ကလေးမ ဦးလေး ဆီဖိုးယူဖို့…………………

ကျွန်တော့် စကား မဆုံးသေးခင် ကောင်မလေး ဓာတ်လှေခါးထဲ ၀င် သွားတယ်။ ခါတိုင်း ပြုံးကာရယ်ကာ နှုတ်ဆက်နေကြ ကလေးမက တချက်မှ လှည့်ကြည့် မသွားဘူး။ ညနေ ကောင်လေးပြန်လာမှ ကောက်ပါတော့မယ်။ ကျွန်တော် မျက်လုံး ပြန်မှိတ်လိုက်တယ်။

ဖိနပ်သံ တရှပ်ရှပ်ကြောင့် မျက်လုံး ပြန်ဖွင့်လိုက်မိတယ်။ ကလေးမလေး ခရီးဆောင် အိတ် တလုံးဆွဲပြီး ဆင်းလာတာ။ မျက်နှာကလည်း ချွေးသီးချွေးပေါက်တွေနဲ့ နီရဲ တင်းမာလို့။ တက္ကဆီကားကို လှမ်းတားလိုက်ပြီး အိတ် အရင်ပစ်တင်ကာ ကလေးမ ကားပေါ်တက်သွားတယ်။ ဟောဗျာ။

မိနစ် နှစ်ဆယ်အကြာမှာ ကောင်လေး မောကြီးပန်းကြီး ချွေးသံတရွှဲရွှဲနဲ့ ရောက်လာပြန်တယ်။ အပေါ်တက် သွားပြီး ခဏအကြာ ကောင်လေး ပြန်ဆင်းလာတယ်။

ဦးလေး ကျွန်တော့်အမျိုးသမီး ပြန်လာတာ မြင်မိလား။

ခုနက ပြန်လာတယ်ကွ။ အိတ်တလုံးနဲ့ ပြန်ထွက်သွားတယ်။

အာ….ဒီမိန်းမ……..တကယ်ကို……..

ဗလုံးဗထွေး ရေရွှတ်ပြီး ကောင်လေး တယ်လီဖုန်းထုတ်ယူပြီး နှိပ်တယ်။

မီး  ဖုန်းမချလိုက်နဲ့။ ကို ပြောတာ သေချာနားထောင်။ ပြောပြီးပြီလေကွာ။ ရုံးကိစ္စနဲ့ သွားရင်း နေ့လည်စာ စားရတာ။ ဘယ်လိုလို့ပြီး ထမင်းဘူး သယ်မလဲ။ အာ. မဟုတ်ဘူးလေကွာ။ သူက မိန်းကလေးဆိုတော့ သူ့ဘာသာ သယ်လာမှာပေါ့။ သူ့ဘူးကို ကို စားတာမှ မဟုတ်တာ။ ဟာ.. ဒါ …ဒါကတော့  ကို့ ပန်းကန်ထဲ သူ့ဘာသာ လာထည့်ပေးတာ ဘယ်လို ငြင်း… မီး.. မီး…ဟာကွာ….. ။

ကောင်ကလေး ဖုန်း ထပ်နှိပ်တယ်။ နောက်တကြိမ် ထပ်နှိပ်တယ်။ ထပ်ခါ ထပ်ခါ နှိပ်တယ်။ တောက် တချက် ခေါက်လိုက်ပြီး တိုက်ရှေ့ ရပ်ထားတဲ့ ကားပေါ်တက် မောင်းထွက်သွားတယ်။ ကျွန်တော် ဒီနေ့ သူတို့ဆီက ဆီဖိုး မကောက်နိုင်တော့ဘူး။ အပူကြောင့် လူငယ်လေးတွေ ချွေးပေါက်ယိုစီးကာ ရွှင်ချိုတဲ့အနံ့ ပျောက်ကွယ်ကုန်တယ်။

***
တနေ့ထက်တနေ့ ပိုပူလာသလို လျှပ်စစ်မီးကလည်း တရက်ထက်တရက် ပိုပျက်လာတယ်။ ဒီရက်ပိုင်း အင်မတန် အလုပ်များတယ်။ မီး ခဏခဏ ပြတ်တောက်နေတော့ ပျက်ရင် မီးစက်နိုးလိုက် လာရင် ပြန်ရပ်လိုက် ဟော တဖန် ဖြတ်လိုက်ပြန်တော့ ပြန် လည်လိုက် နဲ့ ကြာတော့ တတိုက်လုံးက စက်တွေ လျှပ်စစ်ပစ္စည်းတွေ ပျက်စီး လောင်ကျွမ်းကြပါလေရောဗျာ။

မီးပျက်သွားတာနဲ့ တပြိုင်နက် အရေးပေါ်ခေါင်းလောင်းသံ နားထောင်ရတယ်။ ကြားတာနဲ့ မီးစက် ပြေးနိုးပေတော့။ ဓာတ်လှေခါးထဲ လူရှိနေပြီ။ မီးစက်နိုးပြီးတာနဲ့ တပြိုင်နက် ဓာတ်လှေခါး ဘယ်အထပ်မှာ ရပ်နေလဲ လိုက်ရှာရတယ်။ အဆက်မပြတ် ဘဲလ်နှိပ်သံကြားရရင် ကြောက်တတ်သူဖြစ်တာ သေချာပြီ။ ကျွန်တော် မီးစက်နိုးနေပြီ ချက်ချင်း ပွင့်လာမှာလို့ အသံပြုပေးရတယ်။

ရေစက်မော်တာ ၂ လုံးလောင်တယ်။ ၆ လွှာအခန်းက ဖြူ့စ် တခဏအတွင်း နှစ် ကြိမ် ပြတ်တယ်။ မီးအားမြှင့်စက် အကြီးကြီး သုံးထားတော့ ဖြူ့စ် မပြတ် ခံနိုင်ရိုးလား။ မော်တာသမားခေါ်ပေးရ မီးသမားခေါ်ရ ဓာတ်လှေခါးတောင် သန့်ရှင်းရေး မလုပ်နိုင်ဘူး။ ပင်ပန်းလိုက်တာဗျာ။

ရေမော်တာတွေ လေခိုကုန်လို့ ရေလာမလာ ခေါင်မိုးပေါ်က တိုင်ကီတွေဆီကို သွားကြည့်ပေးရတယ်။ အရေးထဲ ၆လွှာ အမကြီးက ခေါင်မိုးက ရေတိုင်ကီကို လိုက်လာကြည့်သေးတယ်။ အရေးအကြောင်းရှိရင် သူတို့ တိုင်ကီ ဘယ်မှာလဲ သိချင်တာတဲ့။ အလုပ်များရတဲ့အထဲဗျာ။ သူ့ လိုက်ပြနေရသေးတယ်။ ခေါင်မိုးထပ်မှာ ရေတိုင်ကီတွေ ရေပိုက်တွေနဲ့ ကျပ် ရှုပ် နေတဲ့အထဲ ဒေါက်ဖိနပ်ချွန်ချွန် စီးထားတဲ့ အဲဒီမိန်းမကို ကြည့်ပြီး မှောက်ရက်လဲရင် ကျော်မကောင်းကြားမကောင်းတွေ ဖြစ်တော့မှာပဲလို့ မတွေးဘဲ မနေနိုင်ဘူး။ သူ့ဆီက အမွှေးနံ့ ဖျော့ဖျော့သာ ရတယ်။ ပူလာတော့ ရနံ့ မှိန်ဖျော့ ပြယ် လွယ် တယ်။

အောက်ဆုံးထပ်ကို ကျွန်တော် ပြန်ဆင်းသွားတဲ့အချိန်ထိ သူ ခေါင်မိုးပေါ်မှာ ကျန်နေသေးတယ်။ တိုင်ကီထဲ ရေ ကျ မကျ စစ်ဖို့ နောက်တခေါက် ပြန်တက်လာတဲ့အထိ ရှိနေတုန်းပဲ။ ဓာတ်လှေခါးက ၈ လွှာအထိပဲ ရောက်ပြီး ခေါင်မိုးပေါ်တက်ဘို့ လှေခါး အကွေ့ကလေးကို တက်ရသေးတယ်။ လှေခါးထိပ်ရောက်တော့ အမျိုးသမီးရဲ့ စကားသံကို ကြားရတယ်။

မောင် ဘာလို့ အိမ် ပြန်မလာတာလဲ။ မောင် အဲဒီနေ့က လုပ်လိုက်တာ မ ဘယ်လောက် စိတ်ထိခိုက်ရတယ်ဆိုတာ သိရဲ့လား။ မောင် လိုအပ်မယ် ထင်သမျှ အကုန်လုံး လုပ်ပေးချင်တာ မရဲ့ စိတ်ရင်း ဆိုတာ နားမလည်ဘူးလား။ ဘာ…ဘယ်လို ….. ၀န်ထုပ်ဝန်ပိုး ဖြစ်စေတယ်…………။ ဘယ်လို ၀န်ထုပ်ဝန်ပိုးလဲ။ အိုး … ပြောရက်လိုက်တာ……. မ  က….မ က...........။

ကျွန်တော် ပြန်လှည့် ဆင်းမှဖြစ်တော့မယ်။ အဲဒီအမကြီးရဲ့ လေသံမာမာကိုသာ ကြားဖူးတော့ သူ့အသံ တိမ်ဝင်သွားပြီး ငိုသံပါလာတာ ကြားရတော့ တမျိုးကြီး။ ပူရအိုက်ရတဲ့အထဲဗျာ။ အလုပ်ကလည်း မပြီး။ အောက်ထပ် ပြန်ဆင်းပြီး ရေစက်ကို ပြန်ပိတ်လိုက်ရတယ်။ နောက်တကြိမ် လေခိုသွားလို့ မဖြစ်ဘူး။ အတော်ကြာကြာ ရှိမှ  တက်တော့ သူ့ကို မတွေ့ရတော့ဘူး။

နေကျလာပြီ။ ညနေစောင်း ဘယ်လိုရောက်သွားမှန်း မသိအောင် အချိန်ကုန်သွားတဲ့ ရက်တွေဗျာ။ ၅ လွှာကောင်လေးလဲ မိုးချုပ်စပြုမှ တယောက်တည်း ပြန် ပြန် လာတာ တွေ့နေရတယ်။ တညနေတော့ ကေင်လေးဆီက အရက်နံ့ ရတယ်။ အပျက်ပျက်နဲ့ သေရည်နံ့ ထွက်လာပြီ။ ကျွန်တော်မှာ ဘောလုံးပွဲ အကြောင်း ပြောဖော် မရှိတော့ဘူး။

ခါတိုင်း အတက်အဆင်း သိပ်မလုပ်တဲ့ ၅ လွှာကိုယ်တော်ကြီး အခုတလော အ၀င်အထွက်များတယ်။ နေ့တိုင်းလိုလို အပြင်ထွက်နေတယ်။ ပြန်လာရင် သူ့လက်ထဲ အထုပ်အပိုးတွေ များတယ်။
 
ကြိုတင်ငွေဖြတ်ပိုင်း သူ့အခန်းကို သွားပေးတော့ အခန်းထဲမှာ အထုပ်အပိုးတွေ အ၀တ်အိတ်တွေ မြင်ရတယ်။ အခြောက်အခြမ်းတွေ စားစရာတွေလည်း ပြန့်ကျဲနေတယ်။

အဲဒီရက်က နေ သိပ်ပူတယ်။ မနက်လင်းကတည်း ချွေးစေးပြန်ကာ နိုးလာတဲ့နေ့ပေါ့။ ညဘက်တွေ ပူလွန်းလို့ အိပ်ရေးလည်း ကောင်းကောင်း မ၀ဘူး။ အလုပ်ကိုရောက်တော့ ပုံမှန်အလုပ်တွေ လုပ်နေပေမယ့် ကျွန်တော် တက်တက်ကြွကြွ မရှိဘူး။ သန့်ရှင်းရေးလုပ်ဖို့ ဓာတ်လှေခါးထဲ ၀င်လိုက်တာနဲ့ အပူနံ့ လောင်မြိုက်နေတာဘဲ။

မနက် ၁၀ နာရီလောက်မှာ ၅ လွှာကလူ ဆင်းလာတယ်။

ကိုယ့်လူ တခု ကူညီပေးမလား။

ဟုတ်ကဲ့ ရတယ် အကို။ ဘာလုပ်ပေးရမလဲ။

 ကိုယ့် အိတ်ကများနေတော့ လစ်ဖ်ထဲ သယ်ရတာ  အခက်အခဲ ရှိလို့ကွ။ တံခါးက ပြန် ပြန် ပိတ်သွားတာနဲ့။

ဟုတ်ကဲ့ဗျ ။ ကျွန်တော် လိုက်ခဲ့မယ်။

၅ လွှာ လိုက်သွားပြီး အထုပ်တွေ ကျွန်တော် ကူသယ်ပေးတယ်။ ဓာတ်လှေခါးအ၀မှာ ချ ထားပြီး အဆင်း ခလုတ်ကို နှိပ်လိုက်တယ်။ ဓာတ်လှေခါးက ၆ လွှာမှာ ရပ်နေတယ်။ ဆင်း မလာဘူး။ ၆ လွှာက ကလေးမတွေ ဓာတ်လှေခါးခလုတ်ကို  အကြာကြီး နှိပ်ထားပြီး စကားပြောတတ်တယ်။ အတော်ကြာမှ ဆင်းလာပြီး ၅ လွှာမှာ တံခါးပွင့်လာတယ်။ အထဲမှာ ၆ လွှာက အမကြီး။

ကျွန်တော်က ဖွင့် ခလုတ်ကို ဖိထားပေးပြီး ၅ လွှာကလူက အထုပ်တွေ မ သွင်းတယ်။ အမကြီးက အတွင်းဘက်ကို မျက်နှာမူပြီး တိုးကပ် ရပ်ပေးတယ်။ ကျွန်တော်တို့ဘက်ကို လှည့်မကြည့်ဘူး။ ဓာတ်လှေခါးက လူ ၁၀ ယောက်လောက် ကောင်းကောင်းဆံ့တယ်။ အထုပ်အပိုးတွေနဲ့ ဖြစ်နေတာတောင် ချောင်ချောင်ချိချိ ရှိတယ်။ ကျွန်တော် တံခါးပိတ်ခလုတ်ကို နှိပ်လိုက်တယ်။ ဓာတ်လှေခါး အောက် ဆင်းနေပြီ။

ဒုတ်ကနဲ့ ပြင်းပြင်း တချက်ခါပြီး ဓာတ်လှေခါးရပ်သွားတယ်။ ပျက်ပြန်ပြီ။ မီးစက်နိုးဖို့….. ဟာ……ကျွန်တော် အထဲမှာ။

ကိုယ်တော်ကြီးဆီက ကျွတ် ဆိုတဲ့ အသံကြားရတယ်။ အမျိုးသမီးက တိတ်ဆိတ်နေတယ်။ အရေးပေါ်မီး လင်းလာပြီး ခဏအကြာ ပျောက်သွားတယ်။ ဓာတ်လှေခါးထဲ မှောင်သွားပြီ။ ကျွန်တော် အရေးပေါ် ခေါင်းလောင်ကို ဖိနှိပ်တယ်။ ၃ လွှာ နဲ့ ၄ လွှာကြားဖြစ်လို့ တထပ်ထပ်ကိုတော့ ရောက်သွားပြီး တံခါးပွင့်မယ် ထင်တာပဲ။ တမိနစ် နှစ် မိနစ် သုံး မိနစ်…… ငါး မိနစ်…  ဓာတ်လှေခါး တုတ်တုတ်မှ မလှုပ်ဘူး။

မီးရောင်စူးစူး တချက် လင်းလာတယ်။ အမကြီးက ဖုန်းကမီးကို ဖွင့်လိုက်တာ။

ကျွန်မ အမြဲပြောတယ်။ ရှင်တို့ ဖန်ရှင်တွေ လျှော့ထားတယ်လို့။ တကယ်ဆို  မီးပျက်ရင် အနီးဆုံးအထပ်ကို ဆင်းပြီး တံခါးပွင့်တဲ့ စနစ်တွေ ရှိရမယ်။ ရှင်တို့ ဓာတ်လှေခါး တခါမှ အဲလို မရဘူး။ အရေးပေါ် ဘက်ထရီက သုံးမရဘူး။ အမြဲ မီးစက်နှိုးရတယ်။ ကဲ အခု မီးစက်ကို ဘယ်သူ နှိုးပေးမလဲ။ ရှင်တို့ ရုံးကို ခေါ်ပါ။

ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ လို့ မြန်မြန်ဖြေလိုက်ကာ ကျွန်တော့်ကို ဖုန်းခဏငှားပါလို့လည်း တဆက်တည်း ပြောလိုက်တယ်။ ဒီနေ့မှ ရုံးဖုန်းတွေကလည်း ခေါ်ရခက်လိုက်တာဗျာ။

ကျွန်တော် တံခါးကို ဆွဲဖွင့်ရမလားလို့ ၅ လွှာက လူ ပြော တယ်။ ရှင် ရမ်းမလုပ်နဲ့ တခုခုမှားရင် ဘယ်နှယ်လုပ်မလဲ လို့ အမကြီးက ချက်ချင်း ငြင်းတယ်။ မီးခြစ်ခြစ်သံကြားလို့ ကြည့်လိုက်တော့ ဟိုလူ ပါးစပ်မှာ စီးကရက်ခဲပြီး မီးညှိမလို့ လုပ်နေတယ်။

ရှင် ရူးနေလား နဂိုကမှ အသက်ရှူမ၀ ဖြစ်နေတာ။ အကုန် အသက်ရှုကျပ် သေစေချင်လို့လား။

မဟုတ်ဘူး။ ကျွန်တော် သောက်ဖို့ မဟုတ်ဘူး။ ဟို အကျင့်ဖြစ်နေလို့.. ဆောရီး… ။

မီးမညှိထားတဲ့ စီးကရက်ကို ပါးစပ်ထဲ ခဲရက် ဟိုလူ တံခါးကို တချက်နှစ်ချက် သွားတွန်းတယ်။ နည်းနည်းလေး ဟ သွားတော့ အလင်းရောင်းတန်းလေး ၀င်လာတယ်။ ထပ် ကြိုးစားတော့  မပွင့်လာဘူး။ လက်လွှတ်လိုက်တော့ ပြန်ပိတ်သွားတယ်။ အလင်းတန်းလေး ပျောက်ကွယ်သွားတယ်။

ရှင် ဆက်လို့ မရသေးဘူးလား။ ကျွန်မကို ဖုန်းပြန်ပေး။

အမျိုးသမီးက ကျွန်တော်လက်က ဖုန်းကို ဆတ်ကနဲ ပြန်ယူတယ်။

မယုလား အမပါ။ ကြားလား။ ကြားရလား။ အမ အခု ဓာတ်လှေခါးထဲ ပိတ်နေတယ်။ ဘဲလ်အသံ ကြားလား။ မကြားဘူးလား။ အင်း ၄ လွှာ ထင်တယ်။ အဲဒါ ဆောက်လုပ်ရေးကုမ္ပဏီကို ဖုန်းဆက်စမ်း။ ဒီမှာ… ရှင်တို့ရုံး နံပါတ်တွေ ပြောပါ။ ဒီ နှစ်လုံးတည်းလား။ စိတ်ပျက်တယ်။ ရှင်တို့ ဒါတွေ ခက်တာ။ ဖုန်းတလုံးနှစ်လုံးတည်းဆို ဘယ်လောက် ခေါ်ရခက်လဲ။ မယု ဒိုင်ယက်ထရီထဲ သူတို့ကုမ္ပဏီနာမည် ရှာ ဖုန်းတွေ ရှာစမ်း။ ဖုန်းက ဒီထဲမှာ ကောင်းကောင်း မကြားရဘူး။ ရအောင် ဆက်ပါ။ ဓာတ်လှေခါး ကုမ္ပဏီ ဖုန်းကိုရော ရှင်သိလား။

ကျွန်တော်ဘက်ကို လှည့်မေးလိုက်တော့ စာအုပ်ထဲမှတ်ထားကြောင်း အောက်ထပ်က အိတ်ထဲ စာအုပ် ကျန်ခဲ့ကြောင်း ပြန်ဖြေရတယ်။

အဓိကအလုပ်ကို သေချာမလုပ်ဘူး။ ရှင်တို့ မှတ်မိထားရမှာပေါ့။

လှေခါးက ဆင်းလာတဲ့ အသံသဲ့သဲ့ကို ကြားရတယ်။ အမ တို့ ဘယ်နားမှာ ရှိနေလဲ အော်မေးတဲ့အသံကို ကြားရတော့ နည်းနည်း စိတ်အေးသွားတယ်။ ကောင်မလေးတွေ ဆင်းလာပြီ။

မယုလား။ အမ အသံကြားရလား။ ဆက်လို့ရလား။ လောလောဆယ် မီးစက်နှိုးဖို့ အရေးကြီးတယ်။ ၇ လွှာက ရုံးခန်းကို သွားပြောကြည့်ပါ။ ဟေ့ ရှင့် မီးစက်သော့က ဘယ်မှာလဲ။

ကျွန်တော့် အိတ်ထဲက သော့တွဲမှာ။

အောက်ထပ်ကို ဆင်း မယု။ အစောင့် ဦးလေးအိတ်ကိုရှာပြီး သော့ ထုတ် မီးစက်နှိုးအောင် အရင်လုပ်ပေးပါ။

အမကြီးရဲ့ လေသံ ပြတ်ပြတ်မာမာကို မယု ပီပီသသ ကြားမှာပါ။

မိနစ်ပိုင်း စောင့်ဆိုင်းရတာကို အချိန် အတော်ကြာသွားပြီလို့ ထင်ရတယ်။ အသံသဲ့သဲ့ကို တဖန် ကြားရတယ်။

အမ အမ ကြားလား။

ကြားတယ် မယု။

သော့တွဲအကြီးကြီးတော့ တွေ့တယ်။ ၇ လွှာမှာ ကောင်လေးတွေ တယောက်မှ မရှိဘူး။ အပြင် ထွက်သွားကြတယ်တဲ့။ မီးစက်သော့က ဘယ်ဟာမှန်းလဲ မသိဘူး။ ကျွန်မတို့ စမ်းနေတယ်။

မယု အမ မူးလာပြီ။ အသက်ရှူလည်း ကျပ်လာပြီ။ မြန်မြန် လုပ်ကြပါ။

ဖုန်း မီးရောင် လင်းလာတယ်။ အမျိုးသမီးက နံပါတ် ၁ ကို ဖိလိုက်တာ မြင်လိုက်တယ်။ သူ ဖုန်းပြောတဲ့ လေသံ ပျော့သွားတယ်။

မောင်။ ကြားလား ကြားရလား။ ကြားရလား မောင်။ မ အခု ရုံးခန်း ဓာတ်လှေခါးမှာ ပိတ်မိနေတယ်။ မောင် ဘယ်နားရောက်နေလဲ။ ဒီက ကောင်မလေးတွေ မီးစက် နှိုးလို့မရဘူး။ မောင် အမြန် လာပေးပါ။ မောင် ကြားလား ကြားရလား………ဟာ ဒီဖုန်းလိုင်းကလဲ……..။

သူ ဆက်နှိပ်တယ်။ နားနဲ့ကပ်ကာ နားထောင်တယ်။ ပြန် နှိပ်တယ်။ ပြန် နားထောင်တယ်။ ဖုန်းခေါ်မရတော့ လက်ညိုး တထောက်ထောက်နဲ့ စာတွေ ရိုက်နေတယ်။

၅ လွှာကလူက စတီးတံခါးဆီ ပြန်ကပ်သွားပြီး ဟ ကြည့်တယ်။ အလင်း နည်းနည်း ၀င်လာတယ်။ ကျွန်တော်လည်း ကူပြီး နောက်တဖက်ကို ဆွဲတယ်။ လက်မ သာသာလောက် ထပ် ပွင့်လာတယ်။ လက်လွှတ်လိုက်တာနဲ့ ပြန်ပိတ်သွားတယ်။

ကိုယ့်လူ နည်းနည်း ဆွဲထားပါ။

ကျွန်တော် တံခါးကို အားစိုက် ဆွဲပြီး သူက ခရီးဆောင်အိတ် ကြိုးစကို လုံးပြီး တံခါး နှစ်ခုကြား ညှပ် ထည့်လိုက်တယ်။ ဒီတခါ လက်လွတ်လိုက်တော့ ကြိုးစနဲ့ ခု ပြီး အကုန် ပြန်မပိတ်တော့ဘူး။ နည်းနည်း ဟ နေပြီ။ အလင်းရောင် နည်းနည်း ၀င်လာလို့ အပြင်ကို ကြည့်လိုက်တော့ အုတ်နံရံကြီး။ ၀ူး။ ကျွန်တော်တို့ အလွှာ နှစ်ခု အကန့် နှစ်ခုကြားမှာ ရောက်နေတာ။

ချွေး ပေါက် ပေါက် ကျ လာတယ်။ ညကလည်း အိပ်ရေးမ၀တာနဲ့ မူး လာသလိုပဲ။

မိနစ်တွေ ကုန်ဆုံးသွားပြန်တယ်။ ကျွန်တော်တို့ ပိတ်မိနေတာ အတော်ကြာနေပြီလို့ ကျွန်တော် ထင်နေတယ်။ ဓာတ်လှေခါးထဲ လှောင်ပိတ် အိုက်စပ်နေတယ်။

အမ အမရေ ဘယ်လိုနေလဲ။ ကြားရလား။

ကြားတယ်။ ဒီထဲမှာ အရမ်းပူပြီး အသက်ရှူ မ၀ဘူး။

သူတို့ရုံးကို ဆက်ထားတယ် အမ။ လာမယ်လို့ ပြောတယ်။

လာမယ်ဆိုတာ ဘယ်တော့လာမှာလဲ။ ခု လာမှ ဖြစ်မှာ။ မရရင် အရေးပေါ် နံပါတ်တွေကိုဆက်ပါ  မယု။

ကျွန်တော်ပခုံးကို ၅လွှာကလူ လာတို့တယ်။ တံခါး ဆက်ဖွင့်ရအောင်တဲ့။ အားကုန် သုံးပြီး ကန်ကျောက်ပစ်လိုက်ရင် ဓာတ်လှေခါး ပွင့်သွားမလား၊ ပျက်သွားမှာလား။ ဓာတ်လှေခါး ပျက်ရင် ရုံးက ကျွန်တော်ကို အပြစ်တင်မှာ။

အကို ခဏလေးပါ။ မီးစက်နှိုးလို့ရရင် ချက်ချင်း ရသွားမှာ။ ခဏလေးပါ အကို။

ကိုယ် လေယာဉ်ကွင်း နောက်ကျတော့မယ်။

ရှင့် လေယာဉ်ကွင်း နောက်ကျတာက နောက်မှ။ အခု လေမရဘဲ အသက်ရှူကျပ်ပြီး အရင်သေမှာ။

ကျုပ် ဒါကြောင့် တံခါးကို ဆက်ဖွင့်ချင်တာလေ။ ထွက်လို့မရပေမယ့် လေတော့ ရမယ်။

သူတို့ နှစ်ယောက် ရန်စောင်သံကြောင့်  ပို စိတ်ရှုပ်တယ်။ ဟိုလူ နဲ့ ကျွန်တော် တံခါးကို ဆက်တွန်းကြတယ်။ သူ့ အ၀တ်အိတ်တွေကို အနားဆွဲယူပြီး တံခါး နှစ်ခုကြား ရသလောက် ထိုးသွင်းတယ်။ အပြင်ဘက်မှာ လူသံသူသံ ဆူဆူညံညံတွေ ကြားလာရတယ်။ ရုံးကလူတွေ ရောက်ပြီလား။

ဦးလေး ဦးလေး မီးစက်ကို နှိုးပြီး ဘယ် ခလုတ်ကို ဆွဲရမလဲ။

မယု့အသံကို ကြားလိုက်တယ်။ စက်နှိုးပုံ ခလုတ်ပြောင်းပုံ အဆင့်ဆင့်ကို အော်ပြောရတယ်။ နောက် မိနစ် အနည်းငယ် ထပ်ကြာသွားပြန်တယ်။

စက်နှိုးသံကို တိုးတိုးပဲ ကြားရတယ်။ နဂိုကတည်းက အသံထွက်ငြိမ်တဲ့ စက်ကိုး။

ဦးလေး ဦးလေး နှိုးလို့ရပြီ။ ဓာတ်လှေခါး ခလုတ်ကို ဘယ်လိုပြောင်းရမလဲ ပြန်ပြောဦး။

ကျွန်တော် ထပ် ပြောရပြန်တယ်။ တံခါးကြားမှာ ညှပ်ထားတဲ့ အ၀တ်အိတ်တွေကို ပြန်ဆွဲထုတ်တယ်။ ဟ ထား တာကို ပြန်ပိတ်ရမယ်။ အလင်းတန်းလေး ပျောက်သွားပြီး ဓာတ်လှေခါးထဲ တဖန် အမှောင်ကျသွားပြန်ပြီ။ အပေါ်က မီးလုံး လင်းလာမယ့် အချိန်လေးကို စောင့်ရတာ အကြာဆုံးပဲဗျာ။

၆ လွှာက အမကြီးက အတွင်းဘက် နံရံဘက်ကိုလှည့်ပြီး မှီ ရပ်နေတယ်။ ၅ လွှာ အကိုကြီးက သူ့ အ၀တ်အိတ်ကြိုးစကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လို့။ ကျွန်တော်က ၁ ၂ ၃ ၄ တွေ ရေတွက်နေတယ်။
ဖျတ်ကနဲ မီးလုံးလေး လင်းလာတယ်။

ငြိမ့်ကနဲ ဓာတ်လှေခါး တချက် ခါတယ်။ အပေါ်တက် အောက်ဆင်း လုပ်နေတယ်။

ဟင်း။

ခုမှ ကျွန်တော် သက်ပြင်း ချ နိုင် တယ်။

အတန်ကြာတော့ အောက်ဘက်ကို တဖြည်းဖြည်း ဆင်းလာပြီး ၃ လွှာမှာ ရပ်သွားတယ်။ တံခါး ပွင့်ဖို့ စောင့်ရတဲ့ စက္ကန့်ပိုင်းဟာ အခု ပိတ်မိတဲ့ မိနစ်တွေထဲမှာ အရှည်ဆုံးအချိန် ဖြစ်လိမ့်မယ်။

ဓာတ်လှေခါး ပွင့်သွားတော့ အပြင်မှာ လူအုပ်ကြီး။ ဒီတိုက်ကကော ဘေးပတ်ဝန်းကျင်က လူတွေရော။ ခြေသံတဖျတ်ဖျတ်နဲ့ အမျိုးသား တယောက် ပြေး တက်လာတယ်။

မ.. မ ..ဘာဖြစ်သွားသေးလဲ။ ဘယ်လိုနေသေးလဲ။ ထွက်လို့ရပြီလား။ လာ လာ ဖြည်းဖြည်းထွက် ဖြည်းဖြည်း။

အမကြီးက အမျိုးသားလက်ကို ဆွဲကိုင်ကာ အပြင်ထွက်လိုက်ပြီး ထိုလူ့ ပခုံးကို သွား မှီ တယ်။

အမရေ။ ဘယ်လိုနေလဲ။ ဘာမှ မဖြစ်ဘူး မဟုတ်လား။ တော်သေးတာပေါ့ အမရယ်။

၅ လွှာအကိုကြီး နဲ့ ကျွန်တော်တို့ နှစ်ယောက် အမကြီးနဲ့ သူတို့လူတွေ ဇာတ်ပေါင်းခန်းကို ကြည့်နေကြတယ်။ အသိဝင်လာတာနဲ့ ကျွန်တော် မြေညီထပ် ခလုတ်ကို နှိပ်လိုက်တယ်။ ဖြည်းဖြည်း ငြိမ့်ငြိမ့်နဲ့ အောက်ဆုံးထပ်ကို ဓာတ်လှေခါး ဆင်းသွားတော့တယ်။

ကိုယ်တို့ မိနစ် ၂၀ လောက်တောင် ကြာသွားတယ်ကွ။ လေယာဉ်တော့ မီကောင်းပါရဲ့။

သူ့ အထုပ်တွေကို အငှားကားပေါ် ကူ တင်ပေးလိုက်ပြီးနောက် ကား ထွက်သွားမှ အောက်ဆုံးထပ်က ကျွန်တော့် ထိုင်ခုံဆီ ပြန်လာပြီး ခြေပစ်လက်ပစ် ထိုင်မိတယ်။ ရေဘူးကို လှမ်းယူပြီး တဂွပ်ဂွမ် မော့ သောက်တယ်။ မေးစေ့ကို ရေ စီးကျတာကို မသုတ်နိုင်ဘူး။ ပူလိုက်တဲ့ နေ့ဗျာ။

***

နောက်ရက်မှာတော့ တတိုက်လုံး ခါတိုင်းလို လည်ပတ် လှုပ်ရှားမြဲပါပဲ။ မီးကလဲ ပျက်လိုက် လာလိုက်။ ဖြူ့စ် တခန်းပြတ်တယ်။ မီးစက် ကို ခဏ ခဏ နှိုးလိုက် ပြန်ပိတ်လိုက် လုပ်နေရတယ်။ ထူးထူးခြားခြား အဖြစ်လည်း မရှိဘူး။ ပုံမှန်ပါပဲ။ နေရောင်ကလည်း ပိုစူးလာ အပူချိန်ကလည်း ပိုများလာတယ်။ လေထဲမှာ နေနံ့ အပူနံ့ တခုတည်း ရနေတယ်။

၅ လွှာ ကလေးမလေး ပြန်လာတယ်။ သူ့ကောင်လေးနဲ့အတူ အိတ်လေးဆွဲ ပြန်လာတယ်။ ရွှင်ချိုတဲ့ အနံ့လေး ပြန်လာတော့ ကောင်ကလေးဆီက အရက်နံ့ ရတော့မှာ မဟုတ်ဘူး။

၆ လွှာအမကြီးကို ညနေ ရုံးဆင်းချိန် သူ့ ခင်ပွန်း လာ လာ ကြိုတာကို တွေ့ရတယ်။ ကျွန်တော်နဲ့ တွေ့ရင် အမကြီးက ပြုံးသယောင်ယောင် နှုတ်ဆက်ဟန်နဲ့ ကြည့်တယ်။ အပူရှိန်ကြောင့် အနံ့ ပြက် လွယ်ပေမဲ့လည်း အမကြီး ဖြတ်သွားရင် မွှေးရနံ့က ကျန်နေမြဲ။

ရုံးကို စာ တင်လိုက်တော့ ကျွန်တော်နဲ့ အတူ တွဲလုပ်ဖို့ အကူတယောက် မနက်ဖြန် ရောက်လာမယ်။

ဓာတ်လှေခါး အ၀င်တံခါး စတီးမျက်နှာပြင်ကို ဖျန်းလိုက်လို့ စီးကျသွားတဲ့ ဆေးရည်ကို ချက်ချင်း မသုတ်ဘဲ ကျွန်တော် ခဏလေး ကြည့်နေမိတယ်။ ကြမ်းခင်းကို ရောက် မသွားမီ ကျွန်တော် အ၀တ်နဲ့  သုတ်ရ ပြန် တော့တယ်။

( မြယာ )
၂၀၁၃၀၆၁၃ မနက် ၁၁ နာရီ ၅ မိနစ်

1 comment:

  1. ရှုထောင့်မျိုးစုံက စတိုင်လ်သစ်နဲ့ ရေးထားတာ မိုက်တယ်ဗျာ...
    "မတိုင်မီ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဘယ်လိုဆက်စပ်လဲ...

    ReplyDelete