Friday, 6 February 2015

“သို့ကြောင့်သာ အခါခါ”





အရှိန်တညီးညီးထ ပူပြင်းလှတဲ့ အပြင်ဘက်ကနေ၊  လေအေးစက်ကြောင့် အေးမြနေတဲ့ နေရာဆီ ရောက်လာတော့၊  ရုတ်ချည်းဆိုသလို ဇက်ပိုးနေရာက တဖျင်းဖျင်း ဖြစ်သွားတယ်။ ကြက်သီးချမ်းမြ ထ သလို ရှိန်းဖိန်းဖိန်း ခံစားလိုက်ရတယ်။ သူတို့ ချိန်းထားတာ ကော်ဖီဆိုင်မှာ။ အ၀င်ဝကနေ ညာချိုးလိုက်တာနဲ့ ဆိုင်ကို ရောက်ပြီ။ အရောင်းကောင်တာဆီက မိန်းမပျိုလေးက အပြုံးနဲ့ နှုက်ဆက်တယ်။ 

သူတို့ တွေ့ကြဖို့ သင့်တော်မဲ့နေရာကို စဉ်းစားတော့ ဒီဆိုင်လေးပဲ အာရုံထဲ ရောက်လာတယ်။ လူသူ စည်ကားခြင်းမရှိ၊ ဆူညံခြင်းမရှိ၊ တိတ်တိတ်ဆိတ်ဆိတ် ရှိပြီး၊ ကော်ဖီတခွက်နဲ့ အချိန်ကြာကြာ ထိုင်လို့ရတော့ လှိုင် ခဏခဏ ရောက်တဲ့ နေရာပေါ့။ ကိုယ် အကျွမ်းတ၀င်ရှိတဲ့ နေရာဖြစ်တော့ စိတ်လုံခြုံမှု ရှိသလိုလို။ ချိန်းထားတာထက် ၁၅ မိနစ်လောက် စောနေတယ်။ ရာသီဥတု နဲ့  စိတ်လှုပ်ခတ်မှုကြောင့်ပါ လှိုင် ပူလောင် နေတယ်။ 

‘ရေတခွက် အရင် ပေးနော်။ ရိုးရိုးရေ ပေးပါ။ အေးတာ မသောက်ချင်လို့ပါ။’

နို့များများ ပါတဲ့ ကော်ဖီတခွက် မှာလိုက်ရင်း အရင်က ကော်ဖီသောက်တိုင်း နို့မထည့်တာကို သတိရမိပြီး နှုတ်ခမ်းတွန့်ကွေး ပြုံးမိတယ်။ ကော်ဖီကို နို့မပါ သကြားမပါ သောက်တတ်တဲ့ လူတယောက်ကြောင့် လှိုင်လဲ လိုက် သောက်ကြည့်တာ။ သကြားမထည့်တဲ့ အဆင့်ထိ မရောက်ခဲ့ပေမဲ့ နို့မပါဘဲ သောက်လို့ ရသွားတယ်။  အခုတော့လည်း ဒီအကျင့်တွေ ဖျောက်ပစ်လိုက်ရပြီ။ မဖျောက်လို့လည်း မရတော့ဘူး။ နှလုံးခုန်နှုန်း မြန်နေလို့ ဆရာဝန်က ကော်ဖီ လက်ဖက်ရည် ဖြတ်ခိုင်းထားတယ်။ မသောက်ရမနေနိုင် ဆိုလည်း နို့များများ ထည့်သောက်ပါတဲ့။

ဟိုအမျိုးသမီးဟာ ဘာကြောင့် လှိုင်ကို တွေ့ချင်ရပါလိမ့်။ သူ ဖုန်းဆက်တော့ အံ့သြနေရပြီး နောက်တော့ စိတ်အနှောင့်အယှက် ၀င်လာတယ်။ ဒုတိယအကြိမ် ထပ် ဆက်လာပြီး အမတို့တွေ့မှ ဖြစ်မယ်လို့ တောင်းတောင်းပန်ပန် ပြောလာတော့ ဘာတွေ ဖြစ်ကုန်ပြီလဲ သိလိုစိတ် ၀င်လာပြန်တယ်။ အားလုံးကို ပြည်ဖုံးကား ချခဲ့ပြီးတော့မှ ဘာကြောင့် စိတ်လှုပ်ခတ်အောင် အဆက်အစပ်တွေ ပြန်ရောက်လာကြလဲနော်။

လေအေးစက် အအေးဓာတ်ကြောင့် တဖြည်းဖြည်း စိတ် ငြိမ်သက်လာတယ်။ လှိုင် ၀တ်ထားတဲ့ အစိမ်းဖျော့ဖျော့ ပန်းပွင့်အဆင် နုပ်နုပ်လေးလေးပါတဲ့ ချည်သားအကျီဟာ ရောက်လာခါစက၊ ချွေးစိုကာ ကျောမှာ ကပ်နေပေမဲ့ အခုတော့  ခြောက်လာပြီ။ ချည်သားဘောင်းဘီပွပွကြောင့် နေရထိုင်ရတာ ချောင်ချိတယ်။ ဟိုတယောက် နောက်ကျနေပါလား။ မလာတော့လည်း ကောင်းတာပါပဲ။ တကယ်တန်းတော့ လှိုင်တို့ နှစ်ယောက်ဟာ တွေ့ဆုံသင့်တဲ့လူတွေ မဟုတ်ဘူး။ လှိုင့် လက်ကိုင်အိတ်ထဲမှ ဖုန်းထုတ်လိုက်ပြီး အင်တာနက် ကြည့်နေလိုက်တယ်။ ကော်ဖီ တငုံ ငုံ လိုက် ဟိုဟိုဒီဒီ သတင်းလေးဘာလေး ဖတ်လိုက်နဲ့  သက်တောင့်သက်သာ အခြေ ရောက်နေပြီ။

‘လှိုင်လားဟင်’

မေးသံကြောင့် မော့ကြည့်တော့မှ ရောက်လာမှန်းသိတော့တယ်။ သူလား……။

လှိုင် ခေါင်းညိတ်ပြလိုက်တော့ အမျိုးသမီးက ၀င် ထိုင်တယ်။

သူက အညိုဘက်လုလု အသား ၀ါဝင်းဝင်းနဲ့ တော်တော် လှတဲ့ အမျိုးသမီးပဲ။ မျက်ခုံးကို စနစ်တကျ ပုံသွင်းပြီး နှုတ်ထားတယ်။ ပခုံးထက် ခွေ ၀ိုက် နေတဲ့ ဆံပင်ဟာ နေ့တ၀က်လောက် အချိန်ကုန်ခံပြီး လုပ်ထားရမဲ့ ပုံစံ။ လှပသူဖြစ်ကြောင်း သတင်းရလိုက်ပေမဲ့ ဒီလောက် ချောမှန်း မသိဘူး။
တန်ဘိုးကြီးပုံရတဲ့ ပိုးဖောက်ဇာ အကျီ နဲ့ ကိုယ်မှာ အတိ ကပ်နေတဲ့ စကပ်အရှည် ၀တ်ထားတယ်။ အကွေ့အ၀ိုက် ထင်ထင်ရှားရှားရှိတဲ့ သူ့ ကိုယ်လုံးကိုယ်ပေါက်နဲ့ ကိုယ်ကျပ်စကပ်နဲ့ တမျိုးတော့ ကြည့်ကောင်းသားပဲ။ လှိုင် ဆိုရင်တော့ အသက်ရှု ကျပ်လို့ ၀တ်နိုင်မယ် မထင်ဘူး။ ပန်ထားတဲ့ စိန် နားကပ်ကလဲ တဖိတ်ဖိတ် တလက်လက်နဲ့။

သူ ကိုင်လာတဲ့ လက်ကိုင်အိတ်က အမျိုးသမီးထုအကြား လတ်တလော အလွန် အသုံးများ နေကြတဲ့  တံဆိပ်ပဲ။ ကုလားထိုင်မှာ ချိတ်ထားတဲ့ ပခုံးသိုင်းအိတ်လိုလို လွယ်အိတ်လိုလို လှိုင့် လက်စွဲတော်အိတ်နဲ့ အသွေးအမွေး တခြားစီပါလား။ လှိုင့် အိတ်က အ၀တ်တစုံ ချောင်ချောင်ချိချိ ထည့်လို့ရတဲ့အပြင် သွားတိုက်တံမှအစ သောက်နေကြ ဆေးဝါးအဆုံး တကိုယ်ရေသုံး ပစ္စည်းတွေပါ ထည့်ထားတတ်လို့ သူငယ်ချင်းတွေက ဂုံနီအိတ်လို့ ခေါ်ကြတယ်။

‘ဘာသောက်မလဲ အမ’

အစားအသောက်စာရင်း ကဒ်ပြားအသေးလေးကို သူ ဖတ်နေတာ အချိန် နည်းနည်း ကြာတယ်။ ဆုံးဖြတ်ချက် မချနိုင်ဟန်နဲ့ စားပွဲဘေးကိုရောက်လာတဲ့ ဆိုင်ဝန်ထမ်း အမျိုးသမီးငယ်ကို လှမ်းမေးတယ်။

‘အအေးတခုခု ရနိုင်မလား။’

‘ဟုတ်ကဲ့ပါ၊ ဒီမှာ ရေးထားပါတယ် အမ။’

ဝန်ထမ်းအမျိုးသမီးက ကဒ်ပြားနောက်ဘက်ကို လှည့်ပြ ပေးလိုက်တယ်။ လိမ္မော်ရည်တခွက် မှာလိုက်ပြီး လှိုင့်ဘက်ကို ပြန် လှည့်လာတယ်။

လှိုင်တို့ နှစ်ယောက်လုံး ချက်ချင်း စကား မပြောဖြစ်ကြဘူး။ လှိုင် ပြောဟန် ပြင်ကာမှ သူက အရင် စ တယ်။

‘ဆောရီး လှိုင်။ အမ နည်းနည်း နောက်ကျသွားတယ်။’

လှိုင်က နောက်ကျတာကို မကြိုက်တဲ့လူ။ မကြိုက်ကြောင်းလဲ ခဏခဏ ထုတ်ပြောတတ်တယ်။ ထုတ်ပြောလဲ မှု လောက်စရာ မဟုတ် လို့ ယူဆထားသူ လူတယောက်ဟာ အမြဲ နောက်ကျ တယ်။  လှိုင် စိတ်တိုတောင်းတာကို ချော့မော့တာလဲ မလုပ်တော့ ကိုယ် တယောက်တည်း စိတ်ဆိုးဒေါသထွက်နေတာ ရယ်စရာကြီး ဖြစ်နေရော။ နောက်တော့လဲ လာချင်တဲ့အချိန် လာ၊ မလာလဲ ပြန်ရုံပေါ့လို့ တွေးပြီး စိတ်ကို သက်တောင့်သက်တာဖြစ်အောင် မွေးယူရတယ်။ ဒီအမျိုးသမီးကရော လှိုင်လို ကြုံခဲ့သလား။ သူ့ကိုရော ဟိုလူက ချော့သလား၊ မှုလောက်စရာမဟုတ်လို့ ဒီအတိုင်း ထားသလား။ နည်းနည်းတောင် သိချင်လာပြီ။
သူကလဲ လှိုင်ကို အကဲခတ်နေပုံပါ။  သူ့ မျက်လုံးတွေ လှိုင့် နားတွေဆီ ရောက်လာမှာ အသေအချာပဲ။ ဒီနေ့ လှိုင် ဆွဲထားတဲ့ နားဆွဲဟာ ရှေးဟောင်း ကြေးသော့ကြီး ၂ ချောင်းကို အပေါ်ဘက်မှာ သတ္တုချိတ်လေး ကွပ်ပြီး နားကွင်းအဖြစ် ဖန်တီးထားတာ။

သာမန် ကြည့်ပျော်ရှုပျော်ရုံ ရုပ်သွင်နဲ့ လှိုင်ဟာ နားကွင်း အကြီးကြီးတွေကြောင့် လူအများက မှတ်မှတ်သိသိ ရှိကြတယ်။ နားကွင်းအကြီးကြီးတွေ၊ ပုံစံဆန်းဆန်း နားဆွဲတွေကို လှိုင် အမြဲလိုလို ၀တ်ဆင်တတ်သမို့ မိတ်ဆွေများကလဲ သူတို့ ရောက်ရာ အရပ်က ၀ယ်လာ ပေးတတ်ကြတယ်။ ရင်းနှီးတဲ့ မိတ်ဆွေက ပန်းပုခန်းထဲ ကိုယ်တိုင် ဖန်တီးပေးတယ်။ နားကွင်းလေးလို့ ခေါ်ကြလို့ နားကွင်းမှတဆင့် လူကို သတိထားမိတာလို့ ဟိုလူ ပြောခဲ့ဖူးသေးတယ်။

လှိုင် အလုပ်လုပ်နေတဲ့ အဖွဲ့အစည်းက ပညာပေး အစီအစဉ်တခုအတွက် လက်ကမ်းကြော်ငြာလုပ်ရင်းနဲ့ ဟိုလူကို သိခဲ့ရတာ။ ဆံပင်ရှည်ရှည်ကို မျှော့ကြိုးနဲ့ အထုံးလေးထုံးထားတဲ့ ဟိုလူကို မြင်မြင်ချင်း မျက်စိက ထောင့် တယ်။ လှိုင် ပြောပြတဲ့ စိတ်ကူးစိတ်သန်းများကို အနီးစပ်ဆုံး အကောင်အထည် ဖော်ပေးနိုင်ခဲ့တော့ အလုပ်လုပ်တာ တော်သားလို့ အမှတ်ပေးရင်း အာရုံကျခဲ့မိတာ။ ရုံး စားသောက်ဆိုင်မှာ လှိုင် နေ့လည်စာ စားချိန်ဆို သူ ရောက်လာတတ်ပြီး အလုပ်ကိစ္စ လာ ပြောတတ်တယ်။ ခု မှ နိုးတာ မနက်စာ မစားရသေးဘူး ဆိုတော့ နေ့လည်စာ စားနေတဲ့ လှိုင်က သနားဂရုဏာစိတ် တဖွားဖွား ထ ကာ သကြားမပါ နို့မပါ ကော်ဖီ မြန်မြန် မှာပေးတယ်။ သူ သောက်သလို စမ်း သောက်ကြည့်ရာက  နို့မပါပဲ သောက်လို့ရသွားတယ်။

အလုပ်ပြီးသွားတော့ ကျင်လည်ရာ နယ်ပယ် မတူလို့ အဆက်အဆံ ပြတ်သွားဖို့သာ ရှိပေမဲ့ အပြန်အလှန် ဖုန်းဆက်ကြရင်း၊ စာတိုစာရှည် ပို့ကြရင်း ပိုမို အကျွမ်းတ၀င် ဖြစ်လာခဲ့ကြတယ်။ လှိုင် အားရက်တွေဆို မြို့ထဲ ထွက်လာရင်း သူ့အလုပ်ခန်း အနီးက ကော်ဖီဆိုင်မှာ အတူ ထိုင်ကြတယ်။ ထူးထူးထွေထွေ မပြောကြဘဲနဲ့ ပက်သက်နေသူတွေ ဖြစ်မှန်းမသိ ဖြစ်ခဲ့ကြတာ။

အရင့်အရင်ကလည်း ရည်စားသနာ ထားခဲ့ဖူးပါရဲ့။ သူ့လိုမျိုး လှိုင့် အာရုံကို အချိန်ပြည့် လွှမ်းမိုးနိုင်သူ တွေ မဟုတ်ဘူး။ မနက်လင်းတာနဲ့ လှိုင့် အာရုံထဲ သူ စ ၀င်လာတယ်။ သူ နိုးပြီလား၊ ညက အလုပ်များနေရင် သူ ဒီအချိန် ထ မှာ မဟုတ်သေးဘူး၊ မနက်စာ ဘာ စားပါလိမ့်၊ မနက်စာနဲ့နေ့လည်စာ ပေါင်း စားပြီး ကော်ဖီ ခွက်ဆင့် သောက်နေမှာပဲ လို့ အလိုအလျောက် တွေးမိတယ်။ ကိုယ်တိုင်က ရုံး စားသောက်ဆိုင်က ခပ်ညံ့ညံ့ အစားအသောက်နဲ့ နှစ်ပါးသွားနေပေမဲ့ သူကိုတော့ ဖွယ်ဖွယ်ရာရာ ချက်ကျွေးချင်စိတ် ဖွားဖွား ထ လာကာ အခန်း စပ်တူ ငှားကာ နေတဲ့ သူငယ်ချင်းဆီမှာ ထမင်းဟင်းချက်နည်း သင်ရတယ်။ တသက်လုံး ဘယ်သူ့ကိုမှ မထားခဲ့တဲ့ စေတနာတွေ ဗလပွ ထ နေပါရော။

တဖြည်းဖြည်း အဲဒီလူဟာ လှိုင်ဘ၀အတွက် အရေးကြီးဆုံး သူတယောက် ဖြစ်လာခဲ့တယ်။ လှိုင် သုံးစွဲတဲ့ စကားဝှက်အားလုံးဟာ သူနဲ့ ပက်သက်နေတဲ့ စကားလုံးတွေ ဂဏန်းတွေ ဖြစ်လာခဲ့တယ်။ သူ့ မိသားစုနဲ့ပါ ရင်းနှီးပက်သက်လာရတယ်။ ရွှေပြည်သာက သူ့အမေ အိမ်မှာ လှိုင်ကို ထမင်းစားဖိတ်တယ်။ လှိုင် ကို သူ့မိသားစုက လိုလားဟန် ပြတော့ စိတ်ချမ်းမြေ့ရတယ်။ လှိုင်ဟာ ကိုယ် သက်ဆုံးတိုင် လက်တွဲနိုင်ကာ ချစ်ခင်ကြင်နာရမဲ့သူ တွေ့ပါပြီလို့ စိတ် ဒုန်းဒုန်း ချ မိတော့တယ်။ ခိုင်မာတဲ့ စိတ်ကြောင့် သူ့ကို ပို အရေးသယ်ခဲ့တယ်။

ချစ်သူ ရည်ရွယ်သူဖြစ်လို့ အချင်းချင်း အတိုင်းအတာ တခုအထိ ယုံကြည်စိတ်ထားသင့်တယ်လို့  လှိုင်က မှတ်ယူထားသူ။ သူ့ အလုပ် သူ့ဝင်ငွေ အခြေအနေ ဘယ်လိုရှိလဲ တခါမှ မမေးမြန်းတတ်ဘူး။ ချိန်းထားပြီးမှ မလာနိုင်ဘူး ဆိုလည်း အစကတော့ စိတ်ဆိုးဒေါသထွက်ပြီး နောက်တော့ သူ့ မှာ အရေးကြီးတဲ့ ကိစ္စ ရှိလို့ နေမှာပဲ လို့ ဖြေ တွေး ပေးလာနိုင်တယ်။

‘လှိုင် နင် ကိုယ်တိုင် လိုက်ကြည့်လိုက်။ တနေ့တနေ့ နင့်ကောင် အဲဒီမိန်းမရဲ့ 
ပုံနှိပ်တိုက်မှာချည်း မြင်နေရတာ။’

‘သူ့ ဒီဇိုင်း ပုံနှိပ် ကိစ္စတွေနဲ့ ရောက်နေတာ ဖြစ်မှာပေါ့။ ငါ လိုက်ကြည့်စရာ အကြောင်းမရှိဘူး။’

စိတ် မင်းတုံး ချ ထားခဲ့ပြီးမှ ပြန် မဖျက်လိုတဲ့ ခေါင်းမာမှုကြောင့် အပေါင်းအသင်းများ ခေါင်းယမ်းပြီး စိတ်ပျက်လက်ပျက် အကြည့်ခံရတဲ့အထိ လှိုင် တင်းခံထားခဲ့လေရဲ့။

လှိုင် ဟာ ချစ်စိတ်ကြောင့်သာ မာန ပါးလျ ကာ နေသူပါ။ ထုံထိုင်း အ န သူ တော့ မဟုတ်ဘူး။ ပြောင်းလဲသွားတဲ့ ဟိုလူ့ အခြေကို သူတကာ မပြောလဲ ရိပ်စားမိလာပေမဲ့ အဆုံးအထိ လှိုင်  မျိုသိပ်ခဲ့ပါတယ်။  

ဖုန်းဆက်လိုက်တိုင်း စကားပြောချင်သလို မပြောချင်သလို လေသံကြောင့် လှိုင် စ မဆက်တော့ဘူး။ လှိုင်က မဆက်မှတော့ အဆက်အသွယ် ပြတ်တောက်သလောက် ဖြစ်နေပြီ။ လှိုင်ကသာ စိတ်နှလုံး မင်းတုံးချပေမဲ့ ဟိုလူက ၀င်ထွက်စရာ များလွန်းသူ ကိုး။  ကိုယ်လို စိတ်ထား သူတပါးဆီမှာလဲ ရှိလိမ့်မယ်လို့ ယုံကိုးမိသူ လှိုင်ဟာ လောကီရေးရာမှာ ဘယ်လောက်များ နုံချာလိုက်သလဲ။

တရက် နေ့လည်ခင်း လှိုင် အလုပ်များနေချိန် သူ့ အမေဆီက ဖုန်းလာတယ်။ 

သမီး နေကောင်းလားလို့ မေးသံကြားလိုက်တော့ ရုတ်တရက် လှိုင် မျက်ရည် လည်သွားတယ်။

‘ဟုတ်ကဲ့ သမီး နေကောင်းပါတယ်။ အန်တီတို့ရော။’

‘ကောင်းပါတယ်ကွယ်။ သမီး အစစအရာရာ အဆင်ပြေတယ် မဟုတ်လား။ သတင်း မကြားရတာ ကြာလို့ သား ကို မေးတော့မှ …. အေးကွယ်.. အန်တီ အခုမှ သိတယ်။’

‘ဟုတ်။ သမီး အဆင်ပြေပါတယ် အန်တီ။ အလုပ် များနေလို့။ အန်တီလဲ ကျန်းမာရေး ဂရုစိုက်ပါနော်။’

အဲဒီညက မကြားရတာ ကြာပြီဖြစ်တဲ့ ဖုန်းအ၀င် သီးသန့် သီချင်းသံကို တဖန် ကြားရတယ်။

‘ပြောပါ။’

‘လှိုင်ဆီ မေမေ ဖုန်းဆက်တယ်ဆို။’

သူ့အသံကြားတော့ စိတ်ထဲ ကျင် သွားတယ်။ စကားပြောသံ ဆတ်ဆတ်ကြောင့် ဟိုလူ စိတ်ရှုပ်ထွေးနေတာ လှိုင် ခံစားသိတယ်။

‘ဟုတ်တယ်။’

‘ဒီနေ့ မေမေ အတင်းအကျပ် မေးလာလို့ ကိုယ်တို့ ပြတ်သွားပြီဆိုတာ ပြောလိုက်ရတယ်။’

‘သြော်။’

‘မေမေ ထပ်ဆက်လာရင် လှိုင် ကြည့်ပြောလိုက်အုန်း။ ကိုယ့် ကို တကျည်ကျည် လုပ်နေလို့။’

‘အင်း။ ဒါပဲ မဟုတ်လား။’

လှိုင် တယ်လီဖုန်းပေါ်က  ခေါ်ဆိုပြီးဆုံးခြင်း အကွက်ကလေး ကို ချက်ချင်း ဖိ လိုက်တယ်။

ဒီလို ယောင်ကန်းကန်းနဲ့ အဆုံးသတ်တာမျိုးလဲ ရှိတာကိုး။

မနက်လင်းလာတိုင်း အာရုံထဲ ၀င်လာတဲ့ ဟိုလူကြောင့် တစစ်စစ် နာကျင်ကာ မျက်ရည် စိမ့် လာပြီး တဘ၀လုံး ဒီလို ခံစားချက်ကြီးနဲ့ နေရမှာလားလို့ လှိုင် ကြောက်လန့်တကြား ဖြစ်မိတယ်။ သုံးလလောက် လှိုင် လူးလှိမ့်ခံစားရတာကို ရင်းနှီးသူများက သိကြလို့ စိတ် သက်သာရာ ရလာအောင် ကူညီ အားထုတ်ပေးကြတယ်။ မိတ်ဆွေ ပန်းပုထုသူက တလောကလုံးမှာ တခုပဲ ရှိနိုင်တဲ့ ရှေးဟောင်း ကြေးသော့ နားဆွဲ ကို တကူးတက လုပ်ပေးတယ်။  လုပ်ဖော်ကိုင်ဖက် အမက ပေါ့ပေါ့ပါးပါး တာဝန်နဲ့ ခရီးထွက်ရမဲ့ အလုပ်မှန်သမျှ လှိုင်ဆီ တမင် လွှဲပေးတယ်။ ခရီးတခုက ပြန်ရောက်ပြီး ခရီးဆောင်အိတ် မရှင်းရသေးခင် အတူနေ အခန်းဖော် ပြင်ဆင်ပေးထားတဲ့ နောက်တအိတ် ဆွဲကာ ချက်ချင်း ပြန်ထွက်ရတယ်။ ငေးမှိုင်ချိန် မရဘူး။ ပင်ပန်းလွန်းလို့ ပြိုလဲလုလု ဖြစ်နေပေမဲ့ စိတ် အနာတရကြောင့် လှိုင် ည ည နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်ဘူး။ နိုးတ၀က်အိပ်မက်ထဲမှာ ဟိုလူက သူ့ကို ခွင့်လွတ်ပါလို့  လာ တောင်းပန်နေပြီး လှိုင်က သက်ငင်ပြတ်မျှ ငိုကြွေးနေတယ်။

ဟိုလူအကြောင်း မတွေးမိဘဲ နိုးထလာတဲ့ ရက် ကို အမှတ်မဲ့ ကျော်ဖြတ်သွားတယ်။ နှစ်ရက် သုံးရက်လောက်ရှိမှ လှိုင် ဘာသာ သတိပြုမိတယ်။ စိတ်လက်ပေါ့ပါးလိုက်တာ ဆိုဘွယ် မရှိတော့။ လှိုင် ကျော်ဖြတ်နိုင်ခဲ့ပြီ။

မမော်ဆိုတဲ့ အမျိုးသမီး ဖုန်း စ ဆက်လာချိန်မှာတော့ လှိုင် အံ့သြသွားပြီး နောက်တော့  စိတ်ညစ်ညူ: သွားတယ်။ သူ့ နာမည်ကို မသိချင်ယောင်ဆောင်စရာ အကြောင်းလဲ မရှိတော့ လက်ခံ စကားပြောရတယ်။ ဟိုလူဟာ ဒီအမျိုးသမီးကိုလည်း ထားခဲ့ဖို့ ခြေလှမ်း ပြင်နေပြီ။ သူ ပြောတာ နားထောင်ပြီး သူ့ကို စာနာစိတ် ၀င်လာပေမဲ့ သိပလား ဆိုတဲ့ အတွေးကလဲ ကပ် ပါလာတာကို ၀န်ခံရမယ်။

လူတယောက်ကြောင့် စိတ်နှလုံး နာကျင်ထိခိုက်ရတဲ့ သူတွေ ကြုံဆုံရပြီ။ ဒီလို ဆုံတွေ့မှုမျိုးကို မနှစ်မျို့လိုက်တာ။

‘အမ စီစဉ်နေတဲ့ ပိုစတာ ပြက္ခဒိန် ထုတ်တဲ့အလုပ်တခု သူ့ အိုင်ဒီယာတွေကြောင့် အတော် ပေါက်သွားခဲ့တာ။  သူနဲ့ ပေါင်းလုပ်ဖို့ လုပ်ငန်းချဲ့ဖို့ အစစ စီစဉ်ထားပြီးပြီ။ ပှုံနှိပ် စက္ကူကိစ္စနဲ့ အမ အင်ဒိုနီးရှားသွားတော့ သူပါ လိုက်ခဲ့တာ။ အမ့ အသိုင်းအ၀ိုင်းတခုလုံးလဲ သိနေကြပြီ။ ဒီလောက်အထိ ပက်သက်ပြီးမှ အမ ကို ဒီလို လုပ်လိမ့်မယ်လို့ နည်းနည်းမှ ထင်မထားခဲ့ဘူး။’

ဟိုလူဟာ သူ့အလုပ်မှာတော့ အတော် ကျွမ်းကျင်ပိုင်နိုင်တဲ့သူ။ ဒါကြောင့်လည်း လှိုင် အာရုံကျခဲ့သလို မမော်လဲ အထင်တကြီး ရှိခဲ့မှာပဲ။ သူတို့ နှစ်ယောက်ကြားက ပက်သက်နေတဲ့ ငွေကြေး ပမာဏကို ကြားချိန် လှိုင် နည်းနည်း အံ့သြသွားတယ်။ မနည်းပါလား။

‘သူက လှိုင့် အကြောင်း အမ ကို ပြောဖူးတယ်။  လှိုင့် ဖုန်းနံပါတ်ကိုလဲ သူ့ဖုန်းထဲကပဲ ကူးထားလိုက်တာ။ သူနဲ့ စီးပွားဖက် လက်တွဲဖက်ဖြစ်နေပြီမို့ သူ့အိမ်နဲ့ ရင်းရင်းနှီးနှီး ရှိချင်တယ်တောင်းဆိုတော့ ဘာပြောလဲ သိလား။ သူ့အိမ်နဲ့ မိတ်ဆက်ပေးဖူးတာ လှိုင်တယောက်တည်း ရှိတယ်တဲ့။’

ဟိုလူဟာ မမော် ဒေါသထွက်တာကို လိုချင်လို့ လှိုင့် နာမည် သုံးသွားတာပဲ။ အရင် စိတ်အခြေအနေနဲ့ ဒီလို စကား ကြားရရင် ကြည်နူးလှိုက်ဖိုစိတ်နဲ့ ‘နောက်ဆုံးပဲ မင်းရဲ့ရင်ခွင်ဆီ’  လို့ စိတ်ကူးယဉ်ကောင်း ယဉ်နိုင်ပေမဲ့ ခုတော့ လှိုင် ရှင်းစွာ သိမြင်ခဲ့ပြီ။ ဟိုလူဟာ လူတယောက်ကို ဘယ်လို ချဉ်းကပ်ရမလဲ ခွာထုတ်ရမလဲ ကျွမ်းကျွမ်းကျင်ကျင် သိသူပဲ။  ဒီလို စကားပြောရင် မမော်ဟာ လှိုင့် ဆီ ရောက်လာမယ်လို့ ကြို တွက်ထားလိမ့်မယ်။

မမော်ကရော လှိုင့် ဆီ ရောက်လာတာ ရိုးရှင်းရဲ့လား။ လှိုင်ဆီက စာနာစိတ်ကို ရယူရုံ သက်သက်လား။ လှိုင်ဆီ ပြန်လာနိုင်တဲ့ လမ်းကြောင်းကို တားဆီးချင်တာလား။  မိသားစုနဲ့ မိတ်ဆက်ပေးခံရတဲ့လူ လို့ လှိုင် နာမည် ပြောချိန် မမော် ရဲ့ မနာလိုစိတ် ဘယ်လောက် ကြီးလိုက်မလဲ။ ကော်ဖီဆိုင်မှာ မမော် မြင်ရတဲ့အခိုက်  လှိုင့် စိတ်ထဲက မခံချိ မခံသာဖြစ်မှုကိုလဲ လှိုင်သာ အသိဆုံး။

‘လှိုင်နဲ့ ခင်ခင်မင်မင် ရှိချင်တယ်။ အမ မကြာမကြာ ဖုန်းဆက်မယ်နော်။ အမကို နားလည်ပေးနိုင်တာ လှိုင်ပဲ ရှိတယ်။’

လူတဦးတည်းကို ငြိတွယ်ပက်သက်ဖူးတဲ့ အမျိုးသမီး နှစ်ဦးဟာ ခင်မင်ရင်းနှီးလာဖို့ လွယ်ကူမှာ မဟုတ်ဘူး။ ဟိုလူနဲ့ ပက်သက်မှု မရှိတော့ရင်တောင်မှ မခံချိစိတ် ကြောင့် လှိုင် စိတ် ရှင်းရှင်း မထားနိုင်ဘူး။ သူ လှိုင့် မိတ်ဆွေ ဖြစ်လာမှာ မဟုတ်ဘူး။ ကြေးသော့ကို နားကပ် ဖြစ်အောင် တကူးတက လုပ်ပေးပြီး လှိုင့်ကို စိတ်ဖြေသိမ့်ပေးတဲ့ မိတ်ဆွေသူငယ်ချင်းမျိုး ဘယ်တော့မှ  ဖြစ်လာမှာ မဟုတ်ဘူး။

ကော်ဖီဆိုင်က လှိုင် ပြန် ထွက်လာတော့ အပြင်မှာ ပူလွန်းလို့ လောင်မြိုက်နေတာပဲ။ လှိုင်ဆီ ဖုန်းခေါ်လို့ မရနိုင်အောင် လုပ်ထားတဲ့ စာရင်းထဲ မမော့် ဖုန်းနံပါတ်ကို ချက်ချင်းလိုလို ထည့်တယ်။ အိမ်ရောက်တော့ ကွန်ပြူတာ ဖွင့်လိုက်ပြီး စကားဝှက်တွေ ပြောင်းလိုက်ရတော့တယ်။    

လှိုင် ကောင်းစွာ အဆုံးသတ်ခဲ့ပြီ။

( မြယာ )
၂၀၁၄၁၂၁၇
၂၃ နာရီ ၅၄ မိနစ်

( နှင်းဆီဖြူ မဂ္ဂဇင်း၊ ဖေဖော်ဝါရီ ၂၀၁၅ )

2 comments:

  1. facebook သုံးရင် account လေးပေးပါဦးအမ၇ယ်.. စာတွေအကုန်လုံးဖတ်သွားပါတယ် အပုဒ်တိုင်းလည်းနှစ်သက်ပါတယ် ဒီထက်ပိုရေးနိုင်ပါစေ

    ခင်မင်လျက်
    ဆုမြတ်မိုး

    ReplyDelete
  2. ကောင်းလိုက်တာ

    ReplyDelete