Monday, 23 March 2015

တွယ်



အခန်းတံခါး ခေါက်သံကြားရသဖြင့် ကုတင်ဘေး ထိုင်စောင့် နေသော ခက်နွယ် သည် အခန်းဝဆီ ဖွဖွ လျှောက် သွားကာ တံခါးကို ညင်သာစွာ လှည့် ဖွင့်ပေး၏။

‘ဒီနေ့ ဘယ်လိုနေသေးလဲ’

မေးမေးပြောပြောဖြင့် ဝင်လာသူက ခက်နွယ် ၏ ကြီးတော်ဖြစ်သူ ဒေါ်ခင်လေးတင်။ ကြီးတော်ကို မြင်ခိုက် ခက်နွယ် သည် အလိုအလျောက် မျက်မှောင်ကုပ်မိသဖြင့် သတိထားကာ မျက်နှာကျော လျော့ ပစ် လိုက်ရ သော်လည်းမျက်ခုံးနှစ်ခုကြားတွင် အရေပြား လိုင်းတွန့်လေး သုံးတွန့် ထင် ကျန် နေသေးသည်။
ခက်နွယ်သည် နှုတ်ခမ်းပေါ် လက်ညှိုးဖြင့် အသာကပ်ပြရင်း အသံတိုးတိုးဖြင့် ဖြေ၏။ 

‘ဒီနေ့ အသက်ရှုသံ သိပ်မမှန်ဘူး ကြီးတင်။’ 

‘သတိကော ရနေရဲ့လား။’

‘ဟုတ်ကဲ့ပါ။ ခုနက သမီးကို စကားပြောနေသေးတယ်။ မောတော့ ပြန် မှိန်း သွား တယ်။’

မိခင်ဖြစ်သူ၏ ကုတင်ဘေး သွား ရပ်နေသော ကြီးတော် ဖြစ်သူကို ခက်နွယ် အမှတ်ထင်ထင်  ကြည့်နေမိသည်။ အမြဲတစေ ကျော့ကျော့မော့မော့ နေတတ်သူဖြစ်၍ အသားပျော့ပျော့ အညိုဖျော့ ပန်းပွင့်အဆင်နုပ်နုပ် အထက်အောက် ဆင်တူ ဝတ်စုံနှင့် ကြီးတော်၏ ရုပ်သွင်မှာ ခန့်ငြားစွာ ရှိ၏။ တယောက်သော သူမှာ အောက်စီဂျင်ပိုက် အကူအညီဖြင့် ခဲယဉ်းစွာ အသက်ရှုနေရပြီး ကုတင်ပေါ် ပက်လက် မျော နေချိန်၊ နောက်တဦးကား မိတ်ကပ်ပါးပါး နှုတ်ခမ်းနီဆိုးဆေး နှင့် ဝင်းပ လျက် ရှိ၏။ ညီမဖြစ်သူမှာ တကိုယ်လုံး ဖြူဖျော့ကာ ပုံချထားသော အဝတ်စတစနှယ် ပျော့ခွေနေခိုက်၊ အမဖြစ်သူမှာ မတ်မတ်ရပ်လျက်၊ ကျန်းမာ ဖျတ်လတ်လျက်။ 

စိတ်နှလုံးသည် တရိရိ ဆွေးမြေ့ကာ ရင်ဝယ် လှိုက်ဖို လာ၏။ ဝမ်းနည်းစိတ်နှင့်အတူ  မခံချိမခံသာစိတ် သည်လည်း တွဲလျက် ပေါ်ပြန်သည်။ တသက်လုံး ဆွေအုပ်မျိုးအုပ် ဒဏ် ခံခဲ့ရသူက ခက်နွယ်တို့ မေမေပါ။ အထူးသဖြင့် ကြီးကြီးနှင့် သူ့ သားသမီးတို့ အတွက် ပို၍ ပင်ပန်းခဲ့ရသည်ကို ခက်နွယ် ဘယ်တော့မှ မေ့မှာ မဟုတ်။ စိတ်နှလုံး ဖြူဖြောင့်သူက အရင် ထွက်ခွာသွား နှင့် စရာလား။


ခက်နွယ် တဘက်သို့ လှည့်ကာ အံ ကြိတ်မိသည်။ 

အမှန်စစ်စစ် ကြီးတင် လာ ကြည့်ခြင်းကို သူ မလိုလားပါ။ မိခင်၏ နောက်ဆုံးရက်များကို ဘယ်သူနှင့်မှ မျှဝေ မကုန်ဆုံးစေချင်။ မေမေ့အတွက် လုပ်သင့်လုပ်ထိုက်သည်များကို လုပ်ပေးနေချိန် ခက်နွယ်တို့ မိသားစုဝင်များမှ လွဲ၍ မည်သူမှ ရှိမနေစေချင်ပါ။ မိတ်ဆွေများကို မေတ္တာရပ်ခံထား၍ အနှောင့်အယှက် မရှိ အလိုက်သိ ပေးကြပါသည်။ ခက်နွယ့် စိတ်ကို ညစ်ညူးစေသည့် အဓိက အနှောင့် အယှက်မှာ ကြီးတော် သာ ဖြစ်၏။ ကြီးတင် မလာပါနဲ့ ဟု ပြောင်ပြောင်တင်းတင်း ပြောလိုက်ချင်သော်လည်း ယဉ်ကျေးပျူငှာစွာ စကား ပြောဆိုတတ်ရန် နာယူ လာရသူ ဖြစ်၍ အမူအယာဖြင့်ပင် မပြ ဝံ့။ မျက်မှောင်ကုပ်ခြင်းကိုပင် သတိတရ ဖြေလျော့ ရ သည်။

ဒေါ်ခင်လေးတင်သည် ညီမ ဖြစ်သူကို လာကြည့်သည်ဟု ဆို ၏။ ရောက်လာချိန်တွင် ကုတင်နံဘေးတွင် ခဏ လာရပ် ကြည့်မည်။ အခန်းတွင်း ရှိသူများနှင့် စကား တခွန်း နှစ်ခွန်း ပြောမည်။ အတန်ကြာလျှင် ဒေါ်ကြီးအား တမျိုးပြီး တမျိုး ခိုင်းစေ တော့သည်။ ချက်ထားပြီးသား ဟင်းကို မကြိုက်၍ ကြက်သားရို့စ် လုပ်ပေးရန် သြဇာပေးမည်။ လမ်းထိပ်ရှိ စားသောက်ဆိုင်မှ ခေါက်ဆွဲ သွား ဝယ်စေသည်။ တခါတရံ သူ့အတွက် အနှိပ်သည်ကို ခေါ်ပေးရန် အမိန့်ပေးမည်။ 

မေမေ့ အနားတွင် မျက်ခြေမပြတ် စောင့် ကြည့်နေချင်သောကြောင့် အိမ်တွင်းရေး ကိစ္စများကို ဒေါ်ကြီး အလေးဂရု မပြုနိုင်တာ ကြာပြီ။ မေမေ့အတွက် နှာခေါင်းပိုက်မှ တဆင့် သွင်းနိုင်သော အာဟာရဖြစ်စေမည့် အရည်အပေါင်းကိုသာ အာရုံ ဝင် စားတော့သည်။ မိခင်ဖြစ်သူ၏ နှုတ်ခမ်း လှုပ်ရုံ ပြောသည့် စကား အဓိပ္ပါယ်ကို ချက်ချင်း နားလည်သူမှာ ဒေါ်ကြီး နှင့် ခက်နွယ်သာ ရှိ၏။ မေမေ အလိုရှိသည်ကို ဒေါ်ကြီးက ပို သိလေသည်။ သူတို့  တသက်လုံး အတူ ကြီးပြင်းခဲ့လာတာကိုး။ ကစားဖော် ကစားဘက် တိုင်ပင်ဖော် တိုင်ပင်ဘက် ဖြစ်ခဲ့သလို အိမ်ရှေ့အပူ နှင့် အိမ်နောက် မချမ်းသာခြင်းကိုပါ အတူတကွ မျှယူခဲ့ကြသူများလည်း ဖြစ်၏။ 
အခြေအနေမှာ နေ့လား ညလား မသိနိုင်ဟု ဆိုကတည်းက ကုတင်ခြေရင်းဘက်တွင် နေ့နေ့ ညည ဒေါ်ကြီး ရှိသည်။ စားသောက်ဖို့ အိပ်စက်ဖို့ နားဖို့ရာ ခက်နွယ်က အတန်တန် သတိပေးရသည်။ သို့သော် ကြီးတင် ခိုင်းလျှင် ငယ်က ရွံ့ စိတ်ကြောင့် ထ လုပ်ပေးလေသည်။ ဒေါ်ခင်လေးတင် ၏ ဒဏ် ကို တလျှောက်လုံး ခံ လာခဲ့ရသူများ စာရင်းတွင် ဒေါ်ကြီးမသီ သည် ထိပ်ဆုံးက ဖြစ်လေ၏။ 

***

မသီ အသက် ကိုးနှစ်အရွယ်တွင် မမငယ်တို့အိမ် ရောက်ခဲ့၏။   

ထိုနှစ် နွေရာသီကျောင်းပိတ်ရက်တွင် မမငယ်တို့ မိသားစုသည် သူတို့ ဘိုးဘွားထံ လာလည်ကြသည်။ အဖေ့ အလုပ်ရှင်ဖြစ်သည့် သူတို့အဘိုးသည် သမီးနှင့် မြေးများ ရောက်နေချိန်တွင် အကူအဖြစ် မသီတို့ အမေကိုပါ ခေါ်၏။ အမေ့နောက် လိုက် လိုက် လာကာ ခင်ထွေးငယ်နှင့် အတူ ဆော့ နေသည့် မသီ ကို သမီးများအတွက် အဖော်အလှော် အဖြစ် မမငယ်တို့၏ မေမေ ဆရာကတော်က လိုလား၏။ သားသမီး ဆယ့်သုံးယောက် အတွက် တရက် ဆန်နှစ်ပြည် ချက်ရသော မသီတို့အမေက တယောက်သက်သာ မနည်း ထင်ကာ လက်သင့်ခံ၏။ ဖခင်ဖြစ်သူက ဟန့် ယောင် ပြ ချင် သော်လည်း စားအိုးကြီးကာ လူ လုံး မလှသော အခြေကြောင့် အလုပ်ရှင်မိသားစု အလိုကို မဆန့်ကျင်နိုင်ဟန်ဖြင့် သဘောတူ ရသည်။

နွေကျောင်းပိတ်ရက် ကုန်သော် သူ့ မွေးရပ်ကို မသီ စွန့်ခဲ့ရပြီ။ စိမ်းလန်းသော တောတောင် နှင့် ရှုမဆုံး ရော်ဘာခြံများ ရှိသည့် ဌာနေ၊ သစ်သီးဝလံ ပေါများလတ်ဆတ်သည့် ဒေသ၊ ငါးသလောက် ဝ ဝ ကြီးများ နှင့် မျှစ် လတ်လတ် ရသည့်အရပ်၊ ရင်ခတ်ပန်းတို့ လှိုင်လှိုင် ပွင့်သည့် ဇာတိ မှ ခွာ ခဲ့ရပြီ။  
ဆရာကတော်ကို မသီက ကြီးကြီးမေ ဟု ခေါ်ရသည်။ ရော်ဘာခြံပိုင်ရှင် သူဌေးသမီး အရာရှိကြီး ကတော်  ကြီးကြီးမေသည် အလွန် အောက်သက်ကြေသူဖြစ်ရာ သမီးနှစ်ယောက်နှင့်တကွ မသီကိုပါ အိမ်မှုကိစ္စများ လက်ထပ် သင်လေ၏။ ခင်လေးတင်သည် မိခင်၏ သြဇာကို မလွန်ဆန်နိုင်၍ သင်ဟန် ပြုသော်လည်း လုံးလုံး စိတ်မပါသူ တည်း။ ခင်ထွေးငယ်နှင့် မသီသာ ရိုရိုသေသေ သင်ယူကြသည်။ နောင်တွင် ကြီးကြီးမေ၏ လက်ရာကို မီအောင် ကြက်သားရို့စ် ချက်တတ်လာသည်မှာ ခင်ထွေးငယ် မဟုတ်ဘဲ မသီ ဖြစ်သည်။ သရက်သီးအစိမ်းသနပ် အရသာကောင်းကောင်း လုပ်တတ်လာသူ မှာလည်း မသီ သာ ဖြစ်၏။

ခင်ထွေးငယ်သည် မသီနှင့် ရွယ်တူဖြစ်သည့်အပြင် နိမ့်ပါးသူကို နှိပ်ကွပ်တတ်သူ မဟုတ်၍ သူငယ်ချင်းပေါင်း ပေါင်းနိုင်သည်။ မသီ ရွံ့ ကြောက် ကြောက် ရသည်မှာ မမကြီး ခင်လေးတင် ပါပေ။ သူ့ ဝေယျဝစ္စ ဟူသမျှကို မသီ အစစ တာဝန်ယူရ၏။ ရေသောက်ချင်လျှင် လက်တကမ်းတွင် ရှိသော်လည်း ထ မယူဘဲ ‘မသီ ရေတခွက်ဟေ့’ ဟု ခေါ်လိုက်ရမှ ကျေနပ်သူ ဖြစ်ရာ မသီခမြာ ရောက်ရာအရပ်က ချက်ချင်း လာ၍ ရေ ငှဲ့ ရ ၏။ ခင်လေးတင်သည် ကျောင်းကအပြန် ကားပေါ်မှ လူလုံးသက်သက် ဆင်းလာ၏။  လွယ်အိတ်နှင့် ထမင်းချိုင့်ကို မသီ လာယူရမည်။ ထိုသို့သော ကိစ္စများလုပ်ရန် မသီကို ခေါ်ထားသည် မဟုတ်လော။

ခင်လေးတင်အတွက်မူ မသီသည် သူ့ ဝေယျဝစ္စအတွက် မိခင် ဖန်တီးပေးထားသော လက်တိုလက်တောင်းသာ  ဖြစ်၏။ သူ ခိုင်းလျှင် လုပ်ရမည်။ သူ ခေါ်လျှင် လာရမည်။ သူ့ကို အလုပ်အကျွေး ပြုစုရမည်။ အခိုင်းအစေကို အရောတဝင် ပြုသော ညီမဖြစ်သူကို ကြည့်မရပေ။ ကိုယ်အဆင့်နှင့် ကိုယ် မနေတတ်သူ ဟု ရှုတ်ချ၏။

အရောတဝင် မပြုသော်လည်း မသီ ချက်သည့် ကြက်သားရိုစ့် ကို နှစ်ချိုက်စွာ စားသူမှာ ခင်လေးတင် ဖြစ်သည်။ သရက်သီးပေါ်ချိန်တွင် သရက်သီးအစိမ်းသနပ် မရှိဘူးလားဟု ထမင်းစားပွဲတွင် စာစာ စာစာဖြင့် အော်တတ်၏။ မသီ မြန်မြန် လုပ်ထား ဟု အမိန့်ချသည့် သဘောပင်။

မမငယ်တို့ ဖခင်ဖြစ်သူ ဘဘကြီးသည် ရာထူးကြီးသူ ဖြစ်ရာ ပြောင်းရွေ့ရာ အရပ်တိုင်း၊ ခြံကျယ် ဝင်းကျယ်နှင့် မီးတထိန်ထိန် ရေပေါပေါဖြင့် နေခဲ့ရသည်ချည်းပင်။ ကြီးကြီးမေ၏ ခေတ်မီ အသုံးအဆောင်များဖြင့် ဖြူဖွေးသန့်စင်သည့် မီးဖိုးခန်းသည် ရော်ဘာထင်း ဆိုက်ရသော၊ မီးခိုးတလူလူ ထ ကာ ပြာ လူးသော၊ သူတို့အိမ် မီးဖို နှင့် ကွာခြားလှ၏။ နွေကျောင်းပိတ်ရက်တိုင်း ခင်လေးတင်နှင့် ခင်ထွေးငယ် တို့ အဘိုးထံ ပြန်လေ့ရှိရာ မသီပါ အိမ်ပြန်ခွင့်ရသည်။ မသီသည် သူ့အိမ်တွင် မွေးချင်းများနှင့် တိုးတိုးဝှေ့ဝှေ့ အတန်းလိုက် အိပ်ရသည်ကို နေသား မကျတော့။ 

အစပိုင်းတွင် နှစ်စဉ် ပြန်နိုင်သော်လည်း မမကြီး အပျိုအရွယ်ရောက်ကတည်းက တောတွင် ပျင်းလှသည် ဆိုကာ တနှစ်တခေါက် ဘိုးဘွားဇာတိ အလည်အပတ်ခရီးကို တစခန်း ရပ်ပစ်၏။ မသီလည်း တော်တော်နှင့် ရွာ ပြန်မရောက်တော့။ သူ အပျိုဖော် ဝင်သည့် နှစ်တွင် အမေ လာခေါ်သည့်အခါ မသီ ပြန် မလိုက်နိုင်တော့ချေ။ သူ မမငယ်တို့၏ အိမ်သား ဖြစ်နေခဲ့ပြီ။ ရင်ခတ်ပန်း ပွင့်သည့်အရပ်တွင် သူ့ အိမ် မရှိတော့။ ခင်ထွေးငယ်နှင့် ခင်တွယ် ကျွမ်းဝင် သလို သူ့ မွေးချင်းများနှင့် မနီးကပ်တော့။

လခစား သဘောမျိုး သတ်သတ်မှတ်မှတ် ခေါ်ယူထားခြင်း မဟုတ်သော်လည်း ကြီးကြီးမေ က မသီ့ အမေထံ ခြောက်လတကြိမ် ပိုက်ဆံ ပို့ပေးသည်။ မသီအတွက် မုန့်ဖိုး ဟုလည်း ပုံမှန် ထုတ်ပေး၏။ သူ့အထက်က အကိုအမတွေ အိမ်ထောင်ကျသူကျ အဝေးရောက်သူရောက် ဖြစ်နေ၍ မိဘကို မထောက်ပံ့နိုင်ချိန်တွင် မသီ၏ ခြောက်လစာ လုပ်အားခ သည် အရာထင်သည့် ပမာဏ ဖြစ်နေခဲ့သည်။ 

မမကြီး သာ မရှိလျှင် မသီ ဒီထက်မကပင် နေပျော်မှာ သေချာသည်။ ဘဘကြီး ဦးဆောင်ညွှန်ကြားရေးမှုး ရာထူးဖြင့် တာဝန်ထမ်းဆောင်နေချိန်တွင် ခင်လေးတင် အပျိုပေါက်ဘဝ အထက်တန်း တက်နေပြီ။ မောက်မာလိုက်သည်မှာ ဆိုဘွယ် မရှိတော့။ ဖခင့်လက်အောက်ငယ်သားများကိုပါ မကျန် သူ့လက်ပါးစေ သာသာ သဘောထား ဆက်ဆံ၏။ ကြီးကြီးမေသည် အကွက်စေ့စေ့ ခိုင်း တတ်သော်လည်း စကားချိုချို သုံးတတ်သည်။ ခင်လေးတင်ကား မိခင်အတု မယူတတ်သူ ဖြစ်၏။ 

ဆယ်တန်းနှစ်တွင် ခင်လေးတင် မွှေးသည့် မီးကြောင့် အပူလောင်ခဲ့သည်ကို မသီ မမေ့။ လူပုံပိန်ပိန် လမ်းသရဲဆံပင်ရှည် နှင့် ခေါင်းလောင်းဘောင်းဘီ ဝတ်သည့် လူတယောက်ကြောင့် ခင်လေးတင် ဖျတ်ဖျတ်လူး ခံစားရသည်ကို အံ့သြမိ၏။ ခင်လေးတင် ခိုင်းလျှင် မလွန်ဆန်နိုင်သည့် မသီ အဖြစ်ကို ကြို မြင်သော ကြီးကြီးမေသည် ဆက်သွယ်ရေးလမ်းကြောင်းကို ပါးနပ်စွာ ဖြတ်တောက်နိုင်ခဲ့၏။ မိခင်ကို ပြောင်ပြောင်တင်းတင်း မပုန်ကန်ဝံ့သော ခင်လေးတင်၏ ဒေါသ အစိုင်အခဲသည် မသီထံ ပုံ ကျ ၏။ စိတ်ညစ်ရလွန်းသဖြင့် အမေ့ထံ ပြန်မည်ဟုပင် မတွေးစဖူး တွေးမိ၏။

ထိုနှစ် ဒီဇင်ဘာ အားလပ်ရက် ဘုရားဖူးအပန်းဖြေ ခရီးစဉ်တွင် ကြီးကြီးမေ ရွှေးချယ်ဖိတ်ကြားထားသည့် ဘဘကြီး၏ လက်အောက်မှ လူပျို အရာရှိလေးများ ပါလာသည်။ မတ်လ စာမေးပွဲ ပြီးသည်နှင့် ခင်လေးတင်အတွက် သတို့သား အဆင်သင့် ရှိနေခဲ့ပြီ။ လောင်တတ်သည့် မီးကို  အသံဗလံ မထွက်ဘဲ ကြီးကြီးမေ ငြိမ်း တတ်သည်။ ခင်လေးတင်ကိုယ်တိုင်ကလည်း သူ မော်ကြွားနိုင်သည့် အသိုင်းအဝိုင်းကို စွန့်လွတ်ကာ ဆံရှည်ကောင်လေး နောက် လိုက်သွားမည့် စိတ် လုံးလုံး မရှိပေ။ ခင်လေးတင်သည်ကား ဖခင် အရှိန်အဝါကြောင့် ခင်ပွန်းသည် ကိုလည်း နိုင်စား ခွင့် ရသည်။ မိဘအိမ်သို့ မကြာခဏ ပြန်လာ၍ မသီ ကို အမျိုးစုံ ခိုင်းစားဆဲ ခိုင်းစားမြဲ ဖြစ်၏။ မိဘမျိုးရိုး နောက်ခံ ရာထူးဂုဏ်သိန် အားကိုးဖြင့် ခင်လေးတင်သည် လောကအလယ် တင့်တယ်စွာ နေနိုင်လေသည်။ ဖခင်ဖြစ်သူ အငြိမ်းစား ယူသော်လည်း ခင်ပွန်း၏ ရာထူးမှာ အနိမ့်စား မဟုတ်ပြန်သဖြင့် မမ တလျှောက်လုံး အခေါ်ခံခဲ့ရသူ ဖြစ်ရပြန်၏။ 

***

ဒေါ်ကြီး မသီကို သူ့ ခိုင်းဖတ်ဟု သဘောထားသော ခင်လေးတင်သည် ညီမဖြစ်သူ ခင်ထွေးငယ် ကိုတော့ သူ့ ကိုယ်ရေး အရာရှိ ဟု ထင်မှတ် ဟန် ရှိသည်။ 

သူ့အိမ်သို့ ရောက်ရှိလာသည့် ပဏာဆက် ပစ္စည်းများအား ငွေသားအဖြစ် ပြောင်းလဲသွားစေရန် ညီမအား အလိုရှိသည်။ ခင်ထွေးငယ်၏ ခင်ပွန်းတွင် ရွှေပန်းတိမ် နှင့် စိန်ရွှေရတနာဆိုင် လုပ်ငန်း ရှိသည် မဟုတ်လော။ 

မိုးသံလေသံပင် မကုန်တတ်သေး၊ သည်ပွဲတွင် သဇင်ပန်းမှ မပန်လျှင် မဖြစ်ဟု ဆိုကာ  မြို့လုံးပတ်၍ သဇင်ပန်း ရှာပေးရသည်မှာလည်း ခင်ထွေးငယ်၏ တာဝန်ပင် ဖြစ်၏။ ခင်ထွေးငယ်က အပေါင်းအသင်း ဆံ့ သည် လေ။ ရအောင် ရှာချေ။

သူ့ အိမ်တွင် ခြိမ့်ခြိမ့်သဲ ကျင်းပသမျှ မနက် အရုဏ်ဆွမ်းကျွေး မှ အစ ညစာ သောက်တော်ဝိုင်းအထိ လှုဖွယ်ဆွမ်း၊ ဧည့်ခံစရာ အစားအသောက် နှင့်  အမြည်း စီစဉ်ချက်ပြုတ်ရန် မသီကို အလိုက်တသိ ကြို လွတ် ပေး ဖို့ ခင်ထွေးငယ် သိ နေရမည်။ ရက်စွဲနှင့် ခေါင်းစဉ်ကိုသာ ပြောသည်။ အိမ်တော်ပါ လက်စွဲတော်ကြီးက  ဒီအလုပ်တွေ တသက်လုံး လုပ်လာခဲ့တာ မဟုတ်ပေဘူးလား။ မသီ ဘာသာ ဝယ်ခြမ်း ပြင်ဆင်စေ။

သူ နှင့် သူ့ အမှုတင် ကိစ္စက မပြတ်။ သူ့ သား သမီး အရေးအထိ မေမေ ပင်ပန်းရသည်။ အောင်အောင်လေး ကိစ္စတွင် အပင်ပန်းဆုံး။

‘ခင်ထွေး နင် ရဲစခန်းကို လိုက်သွားပေး။ သုံးသင့်တာ သုံးခဲ့။  သူ့ အဖေ နာမည်တော့ မထွက်စေနဲ့။’

တားမြစ်ဆေးဝါးသုံးစွဲမှုဖြင့် အဖမ်းခံရသည့် သားကို ပြန်ထွက်လာရန် ဖတ်ဖတ်သီ ပြေးလွှားရသည်မှာ အမေ မဟုတ်ဘဲ အဒေါ် ဖြစ်သည်။ အထူး စီမံချက်ဖြစ်၍ ရှောင်လွှဲမရ ဖြစ်ကာ ထောင်တန်း ရောက်သွားသည့် အခါ ထောင် ဝင်စာ မှန်မှန် ပို့ရန် ပြင်ဆင် ချက်ပြုတ်ရသူမှာ ဒေါ်ကြီး မသီ ဖြစ်ရပြန်၏။ 

အောင်အောင်လေးတစ်ယောက် ထောင်ထဲ အနေချောင်စေရန် ဆောင်ရွက်ဖွယ်များကို ခင်လေးတင်က ဖုန်းဆက် ညွှန်ကြားသည်။ ခင်ထွေးငယ် အင်းစိန်ကို ချောင်းပေါက်မတတ် သွားရပြန်သည်။ ခက်နွယ်သည်ပင် လမ်းကြုံသည့်အခါ ကော်ဖီမစ်စ်ထုပ် ဝယ် ကျင့် ရ လာ၏။ ရုပ်ပေါက်သည် ဆိုသော စကားကို နားလည်လာသည်။ 

‘မေမေ၊ အောင်အောင်လေး ထောင်ကျတာ သမီးလဲ ဝမ်းမသာပါဘူး။ ဒါပေမဲ့ သူ ပြုတဲ့ အမှု သူ ခံ ပေါ့။ သိပ် လုပ်ပေးမနေနဲ့။ နောင်ကျဉ်အောင် ထားလိုက်ရမှာ။ နောက်ပြီး ကြီးတင်တို့ တင်စီးလွန်းတယ်။’

ခက်နွယ် ပွ စိ ထိုး မိ သည်။ 

သန်းခေါင်ညဥ့်နက် ဖြစ်မှ ပေါက်ချလာသည်ကလဲ တမျိုး။ အကူအညီ တောင်းသည်မဟုတ်။ 

‘ခင်ထွေး၊ ခဏ လိုက်ခဲ့။’ 

ခဏ ဟု လိုက်သွားသော မေမေ့ ကို စောင့်ရင်း ဒေါ်ကြီးမသီ နှင့် ခက်နွယ်တို့ တညလုံး မအိပ်လိုက်ရ။ နောက်မှ အကျိုးအကြောင်း သိရသည်မှာ  မွန်မွန်လေး အချိန်တန် ပြန်မလာ၍ လိုက် ရှာ ရခြင်း ဟူ၏။ မွန်မွန်လေး နှင့် အပေါင်းအပါများ ကျက်စားတတ်သည့် နေရာများ ကို တခုပြီးတခု လိုက်လံရှာဖွေ နေရခြင်း ကြောင့် လင်း လု တိုင်အောင် ဖြစ်ခဲ့ရခြင်းပါပေ။
မေမေ့အမျိုးနှင့် ပတ်သက်လျှင် ဝင် မပါတတ်သည့် ဖခင် ထံမှ ညလုံးပေါက်ကိစ္စကို အပြစ်တင်စကား ထွက်လာ၍ မေမေ မျက်နှာ ငယ် သွားရတာ မြင်ပြန်တော့ ခက်နွယ် စိတ်မကောင်းပေ။ 

ခက်နွယ် ဖေဖေ သည် သူတို့ မျိုးရိုးစဉ်ဆက် ပန်းတိမ်ကိုသာ စွဲစွဲမြဲမြဲ လုပ်ခဲ့သော်လည်း မေမေ နှင့် အိမ်ထောင်ပြုပြီးသည့်နောက် ဈေးကွက် မြင်သဖြင့် ရတနာ အရောင်းဆိုင်ကိုပါ တွဲ လုပ် လာသည် ဟု ဒေါ်ကြီး ပြောပြဖူးသည်။ ခက်နွယ်သည် ကုန်သည်အသိုင်းအ၀ိုင်းတွင် ကြီးပြင်းလာခဲ့သူဖြစ်ရာ အနုံအချာ မဟုတ်။ နာမည်ရ ပန်းတိမ် ဖြစ်၍ ဆိုင်အရောင်း လက်ကြီးသမားများနှင့်သာ အဆက်အဆံ များ သဖြင့် စကားအပို အလှိုင်း ပြောစရာ မလိုချေ။ စကားဖြောင့်စင်းကို ချိုသာ ယဉ်ကျေးစွာ ပြောဆိုတတ်လျှင် ပြည့်စုံပြီ။ မေမေ က ယဉ်ကျေးပျူငှာစွာ စကားပြောဆိုတတ်ခြင်းကို အလေးထား သင် ခဲ့ ၍ ခက်နွယ်သည်လည်း လောကဝတ် စကား ကို ပြောတတ်သူ ပြောနိုင်သူ ပါပဲ။

သို့သော်လည်း ကြီးတင်တို့ မွန်မွန်လေးတို့ လူမှုဝန်းကျင်ကတော့ တဘာသာ ဖြစ်၏။ ခက်နွယ် နှင့် နည်းနည်းမှ အထာကျ အစေးကပ်ခြင်း မရှိ။ သူတို့၏ တတန်တက လုပ်ယူထားသည့် စကားပြောဟန် ကို သည်းခံ၍ မရ။ စိတ်ထဲ မပါသည့် စကားကို နှုတ်ဖျားကလေးဖြင့် ပြောနိုင်ကြပြီး အပြန်အလှန် ပြောဆိုသူကလည်း လျှာဖျားစကားမှန်း သိနေနှင့်ပြီး တူညီသော ဘာသာဗေဒဖြင့် တုံ့ပြန်ကြလေ၏။ စိတ်ပျက်စရာဖြစ်သလို ရယ်ဖွယ်လည်း ကောင်းလှသည် ဟု ထင်မိ၏။

မွန်မွန်လေး သည် ခက်နွယ် ကို ညီမ ဟု မမြင်။ သူ့ ဒယ်ဒီ ၏ ရာထူး အရှိန်ကြောင့်  မာန်ကြွကာ ညီမ၀မ်းကွဲကို တဆင့်နိမ့် ချ ဆက်ဆံချင်သော်ငြား ခက်နွယ်ဖခင်၏ ကြွယ်ဝမှုသည် မသေး ဟု ရိပ်စားမိသဖြင့် ခြေဖျား မထောက်သာ ထောက် သာ ပြ ရသည်။ သို့သော် ဒေါ်ကြီးမသီ နှင့် ခက်နွယ်တို့၏ ရင်းချာလှသည့် ဆက်ဆံရေးကို မြင်သော် သူ နင်းစရာ တကွက်တော့ ရပြီဟု တွေး၏။ အဘွားကြီးကို ချွဲကာ နွဲ့ကာ ပူးကပ်နေတတ်ပြီး ဒေါ်ကြီး၏ ဆုံးမ စကား ကို နားထောင်ရသည် ဟုပင် ထုတ်ဖော် ပြောသည့် ခက်နွယ်ကို မဲ့ ပြ ၏။  ‘အစေခံအိုမကြီး ကို သူ့အမေ ထင်နေလား မသိ’ ဟု နစ်နစ်နာနာပင် ရှုတ်ချ တွေးတောသည်။ သူတို့ နှစ်ဦးသည် သီးခြားကမ္ဘာ များတွင် ရှင်သန် ကြီးပြင်း လာခဲ့ကြ၍ သွေးနီးသော်လည်း ရင်းချာမှု လုံးလုံး မရှိကြတော့။ သွေးသားတော်စပ်မှု နှင့် စိတ်နှလုံးရင်းချာခြင်းတို့သည် အမြဲတစေ ဆက်စပ်လျက် ရှိသည် မဟုတ်။

***         

ခန်းမ ( ၁ ) ထဲ သို့ ၀င်လာသော ကြီးတင် နှင့် မွန်မွန်လေးကို မြင်လိုက်သည်နှင့် ခက်နွယ် မျက်မှောင်ကုပ် မိသည်။ သားအမိ နှစ်ယောက်စလုံး အနက်ရောင် ဇာ ဝတ်စုံ ကိုယ်စီဖြင့် ထင်း နေ ကြ သည်။ မည်းမည်း မှောင်သော နေကာမျက်မှန်များကိုလည်း ကိုယ်စီ တပ် လျက်သား။ အနက်ရောင် ဖဲပွင့် များနှင့် ဆင်ယင်ထားသည့် ပန်းခြင်းသေးသေးကို ကိုင်ကာ ဝင်လာသည့် မွန်မွန်လေးကို လူတိုင်း အာရုံ စိုက် မိ ကြသည်။ ကြီးတင်သည် သူ့ အိမ်က ကောင်မလေးတယောက် အမှီအတွယ် နှင့် ဝင်လာသည်။ ခက်နွယ် အကြည့် လွဲလိုက်မိသည်။ 

မေမေ ဆုံးသည့် ညနေကတည်းက ကြီးတင် နှင့် စကား ပြောရပြီးပြီ။

‘ခက်နွယ် ကြီးတင် ဇာအနက် တအုပ် မှာထားတယ်။ ခဏနေ ကိုယ်တိုင်း လာယူလိမ့်မယ်။ အမြန် နဲ့ ချုပ်ပေးလိမ့်မယ်။’

‘ဘာအတွက်လဲ ကြီးတင်။’

‘သဂြိုလ်တဲ့နေ့ ဝတ်ဖို့လေ။’

ကြီးတော် ဖြစ်သူကို ကြောင် လျက်ပင် ကြည့်နေ မိ၏။ ဆက်တိုက် အိပ်ရေးပျက်ခဲ့ရသဖြင့် မူးမိုက်နေပြီး ကိုယ်တိုင်က လဲမတတ် ဖြစ်နေချိန်တွင် စကား ဟ ဟ ပင် မပြောတော့သည့် ဖခင်ကို နှစ်သိမ့်ရ၊ ပုံကျသွားသည့် ဒေါ်ကြီးကို ဒရစ်သွင်းရ၊ အားဆေး ထိုးရ နှင့် ကျန်တာ ဘာကိုမှ မစဉ်းစားနိုင်။ လူကြီး နှစ်ယောက်အတွက် ခက်နွယ် အားတင်းမှ ဖြစ်မည်။ သတင်းစာ ကြော်ငြာ အတွက် စာသား အတည် ပြုပေးသည့် အလုပ်တခု သာ ခက်နွယ် အာရုံ စိုက် လိုက်ရသည်။ ကျန်သည့် နာရေး ကိစ္စ အဝဝ ကို ပန်းတိမ် နှင့် အရောင်းဆိုင်ကလူများ စီမံ နေကြသည်ကိုတော့ မြင် သည်။ 

‘ခက်နွယ်အတွက် မလိုဘူး ကြီးတင်။’ 

‘မလိုလို့ မရဘူးလေ။ ကိုယ့်အဆင့်အတန်းနဲ့ အသိုင်းအဝိုင်းက ရှိသေးတယ်။’

မျက်နှာကို စေ့စေ့ ကြည့်ကာ စိတ် ရှိ တိုင်းသာ အော် ပစ် လိုက် ချင် သည်။ ကြီးတော် မျက်ဝန်းများတွင် မျက်ရည် စ များ ဝေသီနေသည်ကို မြင် တော့ ပြော လု ဆဲ ဆဲ စကားများ ရပ်တန့်သွားသည်။ သူလဲ ညီမ ဆုံးရှုံးရတာပဲ ဟူသော အသိ ဝင် လာခဲ့သည်။ သူ့ ဝမ်းနည်းမှုကို ဖော်ထုတ်ပြသဖို့ ဇာ အနက်က အရေးကြီးသည် ဆိုလျှင် သူ့ဘာသာ ကြီး ပါစေတော့။ မေမေ့ အရိပ် ကွယ်သည်နှင့် သူ့သွေးသားများနှင့် အချင်း မများလို။ သို့ သော်လည်း မကျေမချမ်း ဖြစ်မှုကား ပျောက်သွားခဲ့သည် မဟုတ်။

‘ကြီးတင် ကိုယ့် ဘာသာ လုပ်ပါ။ သမီး မဝတ်ချင်လို့ပါ။’

တိုးတိတ်သော်လည်း ခိုင်မာသည့် လေသံဖြင့် ငြင်းဆန်ခဲ့ရသည်။

မေမေ့ သက်မဲ့ ခန္ဓာ အနီးတွင် ရပ်နေနိုင်သည့် ချောမောလှပ ကျန်းမာလျက် ရှိသည့် ကြီးတင်ကို မကြည့်နိုင်။ တခုခုကို ဆုပ်ညှစ်ထားသလို တင်းကျပ်သည့် ခံစားချက် နှင့် ဝမ်းနည်းဒေါသစိတ် တဖန် ပေါ်လာပြန်၏။ အရင် သွား နှင့် စရာ အဖြစ်မျိုး ကြုံရလေခြင်း။ ခက်နွယ် တလှိုက်လှိုက် ဖြစ်လာသည်။ 

အုတ်ကွက်လေးများ စီထားသည့် ခန်းမ နံရံတွင် မှီ ရပ်ကာ မေမေ့ အလောင်း ပြင်ထားသည်ကို မမှိတ်မသုန် ကြည့်နေသည့် ဒေါ်ကြီးဆီသို့ လျှောက်သွားလိုက်သည်။ ခက်နွယ် မျက်ရည် ပိုးပိုးပေါက်ပေါက် ကျ လာသည်။ ခက်နွယ် ပခုံး ကို လာကိုင်သည့် ဒေါ်ကြီးရဲ့ လက်မှတဆင့် စာနာမေတ္တာစိတ် ကို မြင်ရ၏။ ဒေါ်ကြီး ပခုံးပေါ် တင်ထားသည့် ပုဝါကို ဆွဲယူကာ မျက်ရည် သုတ်သည်။ ဒေါ်ကြီး ဝတ်ထားသည့် အညိုရောင် ရှန်သား အကျီလေးကို ခက်နွယ် စိုက် ကြည့်နေမိသည်။  မေမေ့ မှာလည်း ဆင်တူ ရှိတာပဲ။ 

ခန်းမထဲတွင် တဖြည်းဖြည်း လူ စည်ကားလာပြီ။ 

‘သမီး ဆိုတာ ဟို ကလေးမလေးလား။’

‘ဇာ ဝမ်းဆက်နဲ့တယောက်လား။ မဟုတ်ဘူးလား လို့။ မမခင်ထွေး သမီးက ကျမတို့ ဆိုင်ကို လာဖူးပါတယ်။ မွန်မွန်ရည်ရည်လေးပါ။ ရုပ်ဆင်ပေမဲ့ ဒီတယောက်က မျက်နှာကျော တင်းတယ်။ အမျိုး ဖြစ်မှာပေါ့။’

အဖြစ်အပျက် အခမ်းအနား တခုခု၏ အချက်အချာ နေရာကို တက်ရောက်လာသူအပေါင်း အာရုံစိုက်ကြမြဲ ဖြစ်၏။ သူတို့ အနောက်ဘက်ရှိ ညှိုးငယ်ငယ် အဒေါ်ကြီးနံဘေး ရပ်နေသည့် တီရှပ် အဖြူရောင် နှင့် ထမိန် နက်ပြာရောင်  ၀တ်ထားသည့် မိန်းကလေးကိုကား သတိမပြုမိကြ။ သို့ကြောင့်ပင် ဒေါ်ခင်လေးတင်  ဇာနက် အုပ်လိုက် မှာ ရခြင်း ဖြစ်၏။ 

‘လာကြ။ ကန်တော့ရအောင်။ ခက်နွယ် ရော… ခက်နွယ်…’

ဒေါ်ကြီးရော ခက်နွယ်ပါ မြန်မြန်ထက်ထက် ရွေ့လျားနိုင်သည့် အင်အား မရှိကြတော့။ သူတို့ ချစ်ခင်မြတ်နိုးရသူ တဦး၏ နောက်ဆုံးခရီး ကို ပို့ဆောင်ရန် အပြန်အလှန် ဖေးမ ၍ လျှောက်ခဲ့ကြသည်။ 

သူတို့ ချစ်ရသည့် ခင်လေးငယ် ကား မရှိတော့။ အသက်ဝိဥာဏ် ကင်းမဲ့နေပြီး ကြာကြာ ထားလျှင် ဖူးယောင် ပုပ်ပွ လာမည့် ရုပ်အလောင်းသာလျှင် ကျန်ရစ်၏။ ကျွင်းကျန်သည့် ရုပ်ကလပ်သည် လောကတွင် တခါက အသက်ရှင်သန် လှုပ်ရှားဖူးသော လူသားတဦး၏ အခွံ သက်သက် သာ ဖြစ်၏။ မီးရှို့ ဖျက်ဆီး ပစ်ရတော့မည်။ ရိုးပြာ မြေဝယ် ကျ လေပြီ။ သို့ပင်ငြားလည်း သူတို့၏ စိတ်နှလုံးတွင် သိမ်းပိုက် ယူငင်ထားသည့် ရုပ်ပုံလွှာ ကိုကား မီးရှို့ ဖျက်ဆီးခြင်းငှာ မစွမ်းသာ။ 

အသက် ကိုးနှစ်အရွယ်က စ၍ ရင်ခတ်ပန်းတို့ ကြွေသော အရပ်တွင် ခင်လေးငယ်နှင့် အတူ ပျော်ပါး ကစား ခဲ့သည်များကို မသီ မမေ့။  သူတစိမ်းအိမ်တွင် အနေကျပ် သည့် ကို ပြေ စေ၍ သက်တောင့် သက်တာ စိတ် ဝင်လာအောင် ဆက်ဆံပေးခဲ့သည်ကိုလည်း ကျေးဇူးတင်နေမည် ဖြစ်၏။ နှစ်ကာလ များစွာတိုင်အောင်  ချစ်ခင် ကျွမ်းဝင် ခဲ့သည်ကို အောက်မေ့ လျက် ရှိမည်။ မမငယ် ကြိုက်တတ်သည့် ဇာတိမြေက မျှစ်ဟင်း ချက်တိုင်း ကျွေးချင်စိတ် ဝင်လာလိမ့်မည်။ ခက်နွယ်လေး မွေးဖွားချိန်တွင် မျှဝေ ခံစားခဲ့ဖူးသည် အပျော်စိတ်ကိုလည်း မှတ်မှတ်ထင်ထင် ဖြစ်နေ မည်။ သူတို့ နှစ်ဦး အတူတကွ ရှင်သန်ခဲ့သည့် ဘဝ၊ ရင်ဆိုင်ကျော်ဖြတ်ခဲ့ သည့် လောကဓံကို မမေ့မလျော့ စိတ် ရှိ မည်။  သူ့ နောက်ဆုံး အမှတ်သိစိတ် ပျောက်ဆုံးချိန် တိုင်အောင် မမငယ်ကို သတိရ လွမ်းဆွတ် နေတော့မည် ဖြစ်သည်။  

***      
တောင်ကုန်းကို ပတ် ၍ ဖောက်ထားသည့် ကားလမ်းအတိုင်း မောင်း တက် လာခဲ့ရာ လမ်းတလျှောက်တွင် တောရိပ်တောင်ရိပ်ဖြင့် အေးမြ လျက် ရှိသည်။ ကမူထိပ် မြေပြင်ညီတွင် သစ်တောအုပ်ဖြင့် ပိတ်ပိတ် အုပ်ဆိုင်းသည့် ကမ္မဌန်းကျောင်းဝင်းထဲသို့ ဝင်လိုက်သည်နှင့် စိမ့် သွား၏။ တိုက်ခတ်သည့် နွေလေပြည်တွင် သင်းပျံ့ပျံ့ ပန်းရနံ့ ဝေ့ ကာ ကြိုင် နေ သည်။  ၀ါရွှေအသွေး ပွင့်ဖတ် ငါးချပ် ပါ သည့် ရင်ခတ် ပန်းပွင့်များ မြေပြင် အနှံ့ ပြန့်ကျဲလျက် ကြွေ ကျ နေရာ  တောအုပ်အခြေတွင် ရွှေရောင် လင်း နေသည်။ သင်္ကြန်ကြို မိုး တပြိုက် နှစ်ပြိုက် ရွာထားသဖြင့် ဖုန်မထဘဲ မြေသား သိပ် လျက် ရှိ၏။  ခေါင်းမော့ ကြည့်လိုက်ရာ အခက်အလက် ဖြာသည့် အပင် အုပ်အုပ်ကို မြင်ရသည်။ စိမ်းရင့်မှောင်သည့် အရွက်များမှာ ဗာဒံရွက် နှင့် ဆင်တူသလိုလို ရှိ၏။ ရွှေရောင်ပန်းပွင့်များ ပင်လုံးဝေဆာကာ ဝင်း ပ လျက် ရှိသည်။ သစ်ရွက် အကြိုအကြားမှ နေခြည်တပြောက် မြေပြင်ဆီသို့  ထိုးဖောက်ကျလာရာ ပန်းပွင့်ကြွေ၏ အရောင်များ ပိုမို တောက်ပ စေ သည်။ ပန်းတပွင့်ကို ကောက်ယူ၍ ရှု လိုက်သည့်အခါ မွှေးပျံ့သည့် ပန်းရနံ့သည် နှာခေါင်းထိပ်ဖျားမှ စိတ်နှလုံးသို့တိုင် ငြင်ငြင်သာသာ စီးဝင်သွားသည်။  

ခက်နွယ် ခင်ပွန်းသည်က ဆောက်လုပ်ပြီးခါစ ဓမ္မာရုံဆီသို့ သွား၍ မေးသော် လမ်းညွှန်ပေးလိုက်သည်။ ကမ္မဌန်းဇရပ်များဆီသို့ ဦးတည်သော မြေလမ်းလေးများကို အုတ်ကျိုး များဖြင့် ခင်းထားသည်။ လမ်းလေး တဘက်တချက်တွင် နာနတ်ပင်များ စီတန်းလျက် စိုက်ပျိုးထားပြီး ဒညင်းပင်၊ ပိန္နဲပင် နှင့် ဒူရင်းပင် တို့သည် ကျောင်းဝင်းအနှံ့ ပေါက်ရောက် နေသည်ကို တွေ့မြင်ရသည်။ ဒေါ်ကြီး၏ သစ်သားခြေတန်ရှည် ဇရပ်သည် နီညိုရောင်မှိုင်းမှိုင်း ဆေး သုတ်ထား၏။ ဇရပ်အရှေ့ဘက် အမှိုက်လှဲကျင်းထားသည့် မြေသား ပြောင်ပြောင်ပေါ်တွင် ကြွေကျနေသည့် ရင်ခတ်ပန်း တို့ကို မြင်ရပြန်ပြီ။ ဒေါ်ကြီး ကမ္မဌန်းကျောင်း သို့ ရောက် နေသည် မှာ နှစ်လ နီးပါး ရှိပြီ။ 

ခက်နွယ် အိမ်ထောင်ပြုပြီး တစ်လ အကြာတွင် သူ့ ဇာတိကို ပြန်မည့်အကြောင်း ဒေါ်ကြီး အသိပေးလာသည်။ အသိပေးခြင်းဖြစ်ပြီး ခွင့်တောင်းခြင်း မဟုတ်။ ရုတ်တရက်သော် ခက်နွယ် ထိတ်လန့်တကြား ဖြစ် သွားသည်။ ဒေါ်ကြီးသည် သူ့ မိသားစု ဖြစ်၍ သူ နှင့်အတူ သက်ဆုံးတိုင် နေထိုင်သွားလိမ့်မည်ဟု ယုံကြည်ထားသဖြင့်  ဇာတိရပ်ရွာ သို့ ပြန်လိမ့်မည်ဆိုသော အတွေးမျိုး တခါသားမှ မဝင်ခဲ့ဖူးပေ။  ခေါင်းချချိန် တိုင်အောင် သူ နှင့် အတူ ရှိနေမည် ဟု စိတ်ဝယ် မှတ်ထင် စွဲယူထားသည် မဟုတ်လော။

‘ဒေါ်ကြီးက ဘယ်သူနဲ့ သွား နေ မလို့လဲ။ ခဏတဖြုတ် အလည် ပြန်ချင် ပြန်ပါ။ ဒါပေမဲ့ ဟိုမှာ နေလို့ မဖြစ်ဘူး။’

‘ဟိုမှာ မောင်နှမတွေ အမျိုးတွေ အများကြီးရှိတယ်လေ။ ဟိုလိုမျိုး သူတို့တွေနဲ့ အမြဲ သွား နေတာလည်း မဟုတ်ဘူးလေ သမီး။ မမငယ် ခဏခဏ လှုတဲ့ကျောင်း ရှိတယ်ဟုတ် ။ အဲဒီ ကမ္မဌန်းကျောင်း မှာ ဇရပ်ကလေး ဆောက်ထားတယ်။ တရား မှတ် ရင်း ဝေယျာဝစ္စ လုပ်ရင်း နေ မယ်လေ။’

‘ဒေါ်ကြီး အသက်ကြီးပြီ။ ကျန်းမာရေးကအစ သမီး စိတ်မချဘူး။ ရိပ်သာ ဝင်ချင်ဝင်ပေါ့။ ပြီးရင် ပြန်လာရမယ်။’

‘ပြန်မလာတော့ဘူးလား လို့ ခက်နွယ်ရယ်’

‘ဟင်….ဒေါ်ကြီး’

‘ဒေါ်ကြီးအတွက် မ ပူ ရဘူး ။ ဟိုမှာ ဥယျာဉ်တခု ရှိတာ သမီး သိသားပဲ။ နောက် ဆွေမျိုးတွေလဲ တချို့ ချောင် ကြတယ်။ ကြည့်ရှုကြမှာပါ။’

ဇာတိမြေတွင် ဒေါ်ကြီး ခြံ ရှိသည်။ ခင်ထွေးငယ်တို့ ဦးလေးတယောက်ထံမှ ဈေးသက်သက်သာသာဖြင့် ရ၍ မသီ၏ ကိုယ်ပိုင်လုပ်အားခ ငွေကြေးဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ ဒေါ်ကြီးသည် သူ့  စုဆောင်းငွေ များကို ဇာတိမြေရှိ သူ့ အမျိုးများမှ တဆင့် ရင်းနှီး ထားတတ်သည်။ ထိုပြင်  သူ့ ကိုယ်ပိုင် အိမ်တွင်း စီးပွားရေး  သရက်သီးသနပ် လုပ်ငန်း ရှိသည်။  ခက်နွယ်တို့ မိတ်ဆွေများ အသိအကျွမ်းများသည် တတန်တက လာ မှာ စား ကြသည်။  ခင်ထွေးငယ်၏ စိန်ရွှေရတနာ အရောင်းဆိုင်တွင် မသီ ၏ တံဆိပ်မပါသည့် သရက်သီး သနပ်ကိုပါ ရောင်း၏။ 

သို့သော် ဒေါ်ခင်လေးတင်ကား ထိုသို့ မယုံကြည်ပေ။ ခင်ထွေးငယ် ပိုင် ခြံ များထဲမှ  မသီအား ဖဲ့ ပေးသည်ဟု အထင် ရှိ၏။ သူတို့ညီအစ်မ အမွေခွဲကြတော့ ခင်လေးတင်က ရော်ဘာခြံများ ဥယျာဉ်များကို မလိုချင်သည်နှင့် ခင်ထွေးငယ် အကုန် လွှဲ ယူ ရသည်။ ကြီးတင်သည် အတွင်းပစ္စည်း အကုန်လုံးနီးနီး ရသည့်အပြင် ခြံမြေအတွက် မေမေ ငွေ ပြန် အမ်း ပေးလိုက်ရသည် ဟု ဒေါ်ကြီး ပြောပြဖူးသည်။ သူ မကြိုက်ခဲ့သော ခြံမြေများ တန်ဘိုး တရိပ်ရိပ် တက် လာချိန်တွင် တဖန် လိုချင် မျက်စောင်း တထိုးထိုး ရှိ လာ၏။ 

‘ခင်ထွေး မိဘဘိုးဘွားပိုင် ခြံတွေကို ငါ သဘောမတူဘဲ လက်လွတ်စပယ် ပေးကမ်းဖို့ မသင့်ဘူး။’

‘မကြီး ဘာကို ပြောတာလဲ။’

‘မသီကို နင် ခြံ ပေးထားတာ မဟုတ်လား။’

‘ဟင် မကြီး ဘယ်က ကြားလာတာလဲ။ အဲဒါ ဦးဦးပါ က သူ့ ကလေးတွေနောက် အပြီး လိုက်နေခါနီး ရောင်းပစ်ခဲ့တဲ့ ခြံ ပါ။ ပြီးတော့ ထွေး ခြံ ဆိုလဲ ထွေး ဘာသာ မသီ ကို ပေးလို့ရတာပဲဟာ။’

ခင်လေးတင် နင် သွား သည်။ ခြံမြေများ ခင်ထွေးငယ် နာမည်ပေါက် ဖြစ်သွားသည်ကိုလည်း သိနေသဖြင့် ဆက် မပြောသာ။ 

‘နင်တို့ မသီ ကို ပ စား ပေး လွန်းတယ်။ တနေ့ ပြန် ကန်မှ သိမယ်။’

‘ဘယ် တနေ့လဲ မကြီး။ မဟုတ်ပါဘူး။ မသီ ထွေးတို့နဲ့ နေလာတာ နှစ်ပေါင်း ဘယ်လောက်ရှိပြီလဲ။ ကန်တယ် ဆိုအုန်းတော့။ ဒီအချိန်မှ ကန် လဲ ကံ ပေါ့။’ 

မေမေ သည် သူ့ အစ်မ ကို လေသံပြတ်ပြတ် ဖြင့် ပြောဆိုသည်ကို ထိုတခါသာ ကြားဖူးသည်။ 
ထို နှစ်ကာလများစွာအတွင်း မသီ၏ ချွေးနည်းစာ သရက်သီးသနပ် ပုလင်းပေါင်းများစွာကို ငွေကြေး တပြား တချပ် မပေးပဲ သူ ရယူ စားသောက်ထားသည်ကို ခင်လေးတင် သိမည်မဟုတ်။ တပြားစ နှစ်ပြားစ စုဆောင်းကာ ထို ခြံသေးသေးလေးကို မသီ ဝယ်ခဲ့ရသည်ကို ဘယ်တော့မှ နားလည် လက်ခံမည်မဟုတ်။

ပြန်မည်ဟု အသိပေးချိန်တွင် ဒေါ်ကြီးအား လာကြိုသူ ရောက်နေနှင့်ပြီ။ ဒေါ်ကြီးတို့ မွေးချင်း ဆယ့်သုံးယောက် ရှိကြောင်း ယခုမှပင် ခက်နွယ် သိ သည်။ 

‘သမီးကို မကျေနပ်တာများ ရှိလို့လား ဟင် ဒေါ်ကြီး’

‘အို ဒီလို မရှိပါဘူးကွယ်။ ဒီလို မဟုတ်ပါဘူးကွယ်။ ဒေါ်ကြီးလဲ ကိုယ့်ဘဝ နဲ့ ကိုယ် နေ ချင် သေးလို့ပါ။’

ခက်နွယ် မင်သက် မိ ကြောင် အ သွား သည်။ 

တဖြည်းဖြည်းမှ သဘောပေါက် နားလည်လာတော့သည်။ ဒေါ်ကြီး ကိုသာ သူတို့က လိုအပ်နေပြီး မသီ အတွက်ကား သူတို့ မလိုအပ်ပေ။ သူတို့ကသာ ဒေါ်ကြီး မရှိလျှင် ကသောင်းကနင်း ဖြစ်နိုင်ပြီး သူတို့မပါဘဲ မသီ က သူ့ ကိုယ်ပိုင်ဘဝ နှင့် နေနိုင်သည်ပဲ။ 

ချစ်ခင်စိတ် အားနာစိတ် ဂရုဏာစိတ် ဖြင့် ဒေါ်ကြီးဆီ တိုးဝင်ကာ ဖက်ထားမိသည်။ သူ့ ဆံပင်ကို လာ သပ် ပေးသော လက်မှာ မေတ္တာစိတ် စီးဆင်းလျက် ရှိသည်ကို ငယ်ကတည်းက သူ ခံစားလာခဲ့ရတာ မဟုတ်လော။ သို့သော်လည်း သူ့ထက် သူ့ မိခင် ကို ချစ်ခင်တွယ်တာမှု ပို ခဲ့သည်ကိုလည်း သိရှိ ရိပ်စားမိနေပြန်သည်။ ခက်နွယ် နာလို ဝမ်းမြောက်ပါသည်။ မေမေ့ နောက်ဆုံးချိန်တိုင်အောင် ဒေါ်ကြီး ရှိနေခဲ့ပြီးပြီပဲ။ ခက်နွယ် ကျေနပ်စွာ လက်လွတ်ပါတော့မည်။ ခုတော့ ဒေါ်ကြီး သည် သူ့ ကိုယ်ပိုင် ဘဝဖြင့် နေတော့မည်။ ရင်ခတ်ပန်းပွင့်သည့် အရပ်သို့ မသီ ပြန်လေပြီ။

ဒေါ်ကြီး နှင့် မေမေ တို့ အလှု ပါဝင်ထားသည့် ဓမ္မာရုံ ရေစက်ချသည့်နေ့တွင် လာခဲ့ရန် ဒေါ်ကြီး ဖုန်းဆက်သည်။ ဒေါ်ကြီး ပြန်သွားတာ ဘယ်လောက် ကြာပြီလဲ။ နှစ်လသာ ရှိသေးသော်လည်း ကြာလှပြီ ဟု ထင်ရသည်။ မွန်မွန်လေး မင်္ဂလာဆောင် ရက် နှင့် တိုက်နေသောကြောင့် ဖေဖေ က အတူ လိုက်ပါ မလာနိုင်ခဲ့တော့။ ခင်ပွန်းသည်က အတူ ပါလာပြီး  မော်လမြိုင် နှင့် ဘားအံဘက် ဆက်၍ လည်ပတ်မည်ဟု စီစဉ်လာခဲ့ ကြ သည်။ မွန်မွန်လေး မင်္ဂလာဆောင် မတက်ရောက်နိုင်သည့် အကြောင်းပြချက် ကောင်းကောင်း ကြောင့် ဝမ်းမြောက်ဝမ်းသာ ဖြစ်မိ၏။ ကြီးတင်ကတော့ ကျေချမ်းလိမ့်မည် မဟုတ်။ ရှိစေတော့။ ဖေဖေ ကြည့် ရှင်း လိမ့် မည်။

လက်ထဲတွင် ကောက်ယူလာသည့် ပန်းပွင့် ကို တဖန် ပြန်၍ နမ်းရှိုက်လိုက်သည်။ အပြန်တွင် ပန်းကောက် သွားမည် ဟု စဉ်းစားလိုက်ပြီး ဒေါ်ကြီး ဟု ခေါ်ကာ ဇရပ်လှေခါးကို စ တက်သည်။

***       
ပြန် ထွက်သွားသည့် ကား နောက် မီးလုံးနီနီ ကို ခဏ ငေး ကြည့် မိ ပြီး ကျောင်းဝင်းဆီသို့ မသီ ပြန်လှည့် လိုက်သည်။ လက်ထဲတွင် ခက်နွယ် ကောက်သွားပေးသည့် ရင်ခတ်ပန်းများ။ ဇရပ်ဆီသို့ ရောက်သည့်အခါ ခေါင်းရင်းက အပင်အောက်တွင် ထပ် ကောက် လိုက်သည်။ ရေဆေးလိုက်ပြီး ဇကာလေးဖြင့် ရေစစ်ကာ  စတီးဗန်းသေးသေးလေးတွင် စီ ထည့်သည်။ သို့နောက် ဘုရားပန်းကပ်ပြီး အမျှ ဝေ လိုက် သည်။


မမငယ်ရေ…အမျှ  အမျှ   အမျှ။

( မြယာ )
၂၀၁၅၀၂၁၅
ညနေ ငါးနာရီ ဆယ့်နှစ်မိနစ်

(  Idea Magazine, April, 2015 - 125 )

No comments:

Post a Comment