Tuesday, 22 October 2019

“နှလုံးဖြင့် နားဆင် ခြားသည့် ပုံပြင်”


နှောင်းလူတွေ ဟာ  ကွဲပြား သော ပုံ ပြင် ကို နားထောင်ကြပါစေ။

******

ဘုန်းကြီး ကျောင်းဝင်းထဲ ဝင်လိုက်တာနဲ့ သစ်ရိပ် ဝါးရိပ် ကြောင့် အပူဒဏ် ဟာ သိသိသာသာ လျော့ ပါး သွားတယ်။ မုတ်သုန် ဆုတ်တာနဲ့ လောင်မြိုက်တဲ့ အပူ ဟာ ချက်ချင်းလိုလို ရောက်ရှိ လာတော့တယ်။ မိုး နဲ့ မြူ ရောထွေး ပြီး မုတ်သုန် အေးစိမ့်မှု ရော ဆောင်းလေအေး တိုက်ခတ်မှု ကိုပါ ခံစား ရတဲ့ ရာသီ ကူးပြောင်းချိန် ဟာ ဘယ်တုန်းက ပျောက်ဆုံး သွားပါလိမ့်။ တစစ ပြောင်းလဲခြင်း ကို သတိမမူလေတော့ အချိန် တခု လွန်မြောက်ချိန်မှာ အနေအထား တရပ်ဟာ ပြောင်းခဲ့ပြီ။ ဒီလိုနဲ့ တဖြည်းဖြည်း ကွယ်ပျောက် သွားတဲ့ အရာတွေ ဘဝမှာ ဘယ်လောက် များပြီလဲ။

အလှူ က မနက်ဖြန် ဆိုတော့ ကျောင်းကြီး အောက်ထပ် တရားဟော ခန်းမထဲမှာ ပြင်ဆင်နေသူ တွေ ရှိတယ်။ ကျွန်မ ဝင်လာတော့ တစ်ယောက်က လှမ်း လက် ပြ လို့ ခေါင်း ငြိမ့် ကာ နှုတ်ဆက် လိုက်ပေမယ့် ဘယ်သူဘယ်ဝါ ရယ်လို့ မသိဘူး။ ချက်ပြုတ်ရေး အဖွဲ့ က ဆွမ်းစားကျောင်း ဘက်မှာ မို့ ဆက် လျှောက်သွားတယ်။ စင်္ကြန် လမ်း ဘေးမှာ စိုက်ထားတဲ့ စကားစိမ်း ပန်းပင်တွေ ပွင့်တာ ခဲ နေ ရော။ ယဥ်လှတဲ့ ပန်း ရနံ့ ဟာ နှာသီးဝ ဆီ ညင်ညင် သာသာ စီးမျော ဝင် ရောက်လာပြီး သက်ငင် တချက် အရှိုက်မှာ ရင်ထဲ အေးဆင်းသွားတယ်။

ဆွမ်းစားကျောင်း အောက်ထပ်မှာ ရယ်မောသံ စကားပြောသံ တွေနဲ့ စည်စည်ကားကား ရှိတယ်။ ဒေါ်စန်းလှိုင် ရှိလား လို့ ကျွန်မ မေးလိုက်တော့ ချက်ပြုတ်ရေး တအုပ်စုလုံး ခေါင်းထောင် ကြည့် ကြ ပြီး ဘယ်တုန်းက ရောက်လဲ၊ မစန်းလှိုင် နင့် သမီး ဟေ့၊ ထမင်းစားပြီးပြီလား တခါတည်း ဝင်စားလိုက်၊ ဒီနေ့ တော့ ထမင်းကြမ်း ဟင်းကြမ်း ပဲ ကျွေးနိုင်တယ် လို့ စကား ပြန် ပြောသံတွေ ပြုံထွက်လာတယ်။ ကျွန်မ အခုပဲ ရောက်တာရှင့် လို့ ဖြေရင်း ဒီနေ့ ကျွေးတဲ့ ဟင်းကို ပိုစား ချင်တာ၊ မနက် ကျွေးတဲ့ ဆီပြန်တွေ မကြိုက်ဘူး လို့ ဆက်လိုက်တယ်။ 

အလှူ အကြိုနေ့ မှာ ကျွေးလေ့ ရှိတဲ့ ဟင်းရွက်စုံ အချဥ်ဟင်း၊ ငါးခြောက်ကြော် နဲ့ ထမင်း ပွဲ ဟာ အဆင့်သင့်မို့ လက်ဆေး စားရုံပဲ။ အမေ က ကျွန်မ ဘေး လာ ထိုင်ပြီး ကျွန်မ့ မျက်နှာ ကို စူးစူး ကြည့်တယ်။ အကြောင်းမကြားဘဲ ဘာလို့ ရုတ်တရက် ပြန်လာလဲ ဆိုတာ မေးချင်နေတဲ့ ဟန် ရှိတယ်။
မသိချင်ယောင်ဆောင် နေပြီး ထမင်းကို ငုံ့စား နေလိုက်တယ်။ ချက်ပြုတ်ရေး တွေ ရှိနေတော့ ကျွန်မကို ကြာကြာ စူးစမ်း မနေအားဘူး။ ထမင်းစားပြီးတော့ အိုးသူကြီးတွေ ကြား လက်တို လက်တောင်း သွား ကူ လုပ်နေ လိုက်တယ်။ ငယ်ကတည်းက အမေ့ နောက် လိုက်ရင်း ဒီအမျိုးသမီးကြီးတွေ ကို ကျွမ်းဝင်ရင်းနှီး နေခဲ့ရတာ။

ကထိန်ရာသီ ဒီမှာ နေပြီး အလှူ အိုးကြီးချက်နည်းတွေ သင်မှပဲ လို့ ပြောတော့ ဒေါ်ကြီး စိန်သီ က ကောင်းတယ်၊ ကောင်းတယ်၊ ဒီမှာ လက်ဆင့်ကမ်းဖို့ လူ မရှိလွန်း လို့၊ ခု ခေတ် ကလေးတွေ က လွယ်လွယ်လေး အော်ဒါမှာ အော်ဒါမှာ နဲ့ ပြီးချင်ကြတယ်။ ကျောင်းကန် ကိစ္စ လုပ်ဖို့ စိတ်မဝင်စားကြဘူး လို့ လှိုက်လှိုက်လှဲလှဲ ပြောတယ်။

အလှူ ရှိတိုင်း ရပ်ရွာလူအများက ဝိုင်းဝန်းကူညီတဲ့ ထုံတမ်း ဓလေ့ ကိုတော့ လက်ဆင့်ကမ်း ထိမ်းသိမ်းချင် စိတ် ရှိကြပေမယ့်  တကိုယ်ရေ အားလပ်ချိန် နည်းပါးလာခြင်းဟာ ဒီ အစဥ်အလာ ကို ယိုင်နဲ့ စေ ခဲ့ပြီ။ ကောင်းသော အစဥ်အလာ များကို မပျောက်စေချင်သလို  မလိုအပ်တော့တဲ့ ဓလေ့ များကိုလည်း စွန့်ပစ်ဖို့ သင့်တယ် လို့ ကျွန်မ က ထင်မှတ် ယူထားတာ။ 

ကျွန်မကို ငါးဆုပ်အုန်းနို့ အလှူချက် သင်ပေးကြပါ လို့ တောင်းဆိုမိတော့...

ဟဲ့ အဲဒါ နင့်အမေ ဆီ သင်လေ၊ နင်တို့ အဘွားချက်နည်း သူ အသိဆုံးပေါ့။ ဒါပေမယ့် မစန်းလှိုင် ချက်တာ ဘွားသင်းလှိုင်ကို မမီဘူး၊ ဘွားသင်းလှိုင် လက်ရာကတော့ ပထမတန်းပဲ။ လက်ဆိပ် ကို ရှိတာ။ ဖြူဖြူ နွဲ့နွဲ့ လေးနဲ့ ချောကလည်း ချော၊ လက်မှု ပညာ ဆိုလည်း အကုန် တတ်တယ်။ ငါတို့ ငယ်ငယ်က ခေါင်းအုံးစွပ် ပန်းထိုးနည်းတွေ သူ့ဆီ သွားသင်ရသေးတယ်။ တို့ရွာမှာ ပိုး ယက်ကန်း ခတ်တာ သူ အတော်ဆုံး တဲ့။ နင်တို့ အဘွား ရလိုက်တဲ့ အမွေ ကလည်း မနည်းမနော  မဟုတ်ဘူးတဲ့။ တို့အမေ များ ဘွားသင်းလှိုင် အကြောင်း ပြောရင် မမောနိုင်ဘူး။ ညတိုင်း ပုံပြင်လို ပဲ ပြောတတ်တာ။

ဒေါ်ကြီး စိန်သီ ဆက် မပြောတဲ့ ဘွားသင်းလှိုင် ပုံပြင် ရှိသေးတယ်။ ကျွန်မ တို့ရှေ့ မို့ မပြောတာ။ ကျန်သေးတဲ့ ဘွားပုံပြင်ကို ရွာက လူတွေ ဘယ်လို ပုံဖော်ချက်တွေ နဲ့ ဘယ်လောက် ပြောခဲ့ကြပါလိမ့်။

အလှူ ကျောင်းကန် ကိစ္စ ရှိတာနဲ့ အဘွားဟာ အလှူ မတိုင်ခင်ရက်ကတည်းက ဘုန်းကြီးကျောင်း ကို သွားလေ့ ရှိတယ်။ ရေစက်ချပြီး ဗျောသံ ဆုံးလည်း ပြန် မလာနိုင်သေးဘူး။ အိုးခွက် ပန်းကန်တွေ အားလုံး ကျောင်း မြေတိုက်ခန်းထဲ စာရင်းနဲ့ တကွ ပြန်ထည့်ပြီး၊ ညနေစောင်းမှ အိမ် ပြန်လာတတ်တယ်။ အိမ်ရောက်ရင် အဘိုးဟာ မေး ငေါ့ကာ ပြန်လာပလား ဟေ့၊ တစ်ညလောက် ထပ်နေ ပါ တော့လား လို့ ရွဲ့ ပြော တယ်။ အဘွားဟာ ခပ်မဆိပ် ရှိကာ ဘာမှ ပြန် ပြောလေ့ မရှိဘူး။ အိမ်ပေါ် တက်လာပြီးညောင်းညာလိုက်တာ၊ သမီးလေး အဘွားကို လာ နင်း ပေးပါဦး လို့ ကျွန်မ ကို ခိုင်း တယ်။

အရင်ကဆို အလှူအတန်း တွေကလည်း များလေတော့ အဘွား ဟာ အမြဲလို ဘုန်းကြီးကျောင်း ဆွမ်းစားဆောင်မှာပဲ အနေများတယ်။ သူ့ မျိုးဆက် ဖြစ်သူ အမေ ဟာ ပညာရေး ဝန်ထမ်းမို့ အဘွားလို အချိန်ပြည့် မလုပ်နိုင်ဘူး။ ငါးဆယ့်ငါးနှစ်မှာ အမေ လုပ်သက်ပင်စင် ယူတယ်။ ဒီနောက် အဘွား ခြေရာ နင်းကာ ဘုန်းကြီးကျောင်း ကိစ္စ မှာပဲ စိတ် နစ် နေ တယ်။ အဖေ့ ဆီကတော့ ငေါ့ သံ မကြားရချေ။

ဆွမ်းစားကျောင်းဆောင် အပေါ်ထပ် နံရံမှာ ရေးထားတဲ့ အလှူရှင် မှတ်တမ်းမှာ အဘိုးနဲ့ အဘွား နာမည်တွေဟာ ယှဥ်လျက်သား ရှိတယ်။ ကျောင်းကြီးပေါ်တက်တဲ့ လှေခါး၊ စင်္ကြန်လမ်း၊ ကျောင်းပြင်က အုတ်တံတိုင်း မှာ၊ သူတို့ နှစ်ဦး နာမည် ကို အများကြီး တွေ့နိုင်တယ်။ 

အမေ အဘိုး နဲ့ အဘွား ကျောင်းထဲ လှူထားတာ ဘယ်လောက်ရှိလဲ လို့ ကျွန်မက မေးတော့ အတော်များတယ်၊ ပြန်ရေမှ ရမယ်။ ဆွမ်းစားဆောင်ကိုသာ ပြန် ပြင် နေ ရ လို့ အာရုံထဲ ရှိနေတာ လို့ အမေ က ဖြေ တယ်။

ဒီနှစ် မိုးများတော့ ဆေးသုတ်ရမယ်၊ ခေါင်ကလည်း မိုး ယို နေလို့ သွပ် လဲ ရမယ် ပြောတယ်၊ တလောက သမီး ပို့တဲ့ ငွေ နဲ့ လုပ် မလား လို့။

ဟုတ် အမေ လုပ် လုပ် လို့ ဖြေရင်း ခေါင်းကို သွက်သွက် ညိတ် ပြ လိုက်ရတယ်။

အလှူရှင်တွေ အဖြစ် ယှဥ်တွဲ ဖော်ပြခဲ့တာ ကို အဘွား ဘယ်လို သဘောထားပါလိမ့် လို့  အမြဲ တွေး တော ဖူးတယ်။ ဘုန်းကြီးကျောင်းက သားအမိ နှစ်ယောက် အိမ် ပြန် လာရင်း ကျွန်မ့ အတွေးကို ထုတ် ပြောမိတယ်။ အမေ ဟာ ခြေလှမ်း တချက် တုံ့ သွားရင်း၊ ကျွန်မကို စူးစိုက် တဖန် ကြည့် ပြန်တယ်။ ဘာကိစ္စ ရှိနေလဲ လို့ အမေ မေးလိုက်ချိန်မှာ ထွေထူး မရှိပါဘူး လို့ လေသံဖျော့ နဲ့ ပြန် ဖြေ တယ်။ ကျွန်မ့တုံ့ ပြန်ချက်ကို အမေ ဘဝင် မကျဘူး။ ဒါပေမယ့် သူ ထပ် မေးဘူး။ ကျွန်မ ရဲ့ မေးခွန်း ကိုသာ ပြန် ဖြေ တယ်။ 

ဘာ သဘောထားရမှာလဲ။ သူ လှူ တယ်။ သူ့ နာမည် ထိုးတယ်၊ ဒါပဲပေါ့။

အမေ ဒီလို ဖြေပေမယ့် ကျွန်မ့ စိတ်ထဲမှာ မကျေလည်ဘူး။ အမေ ဟာ အဘွားနဲ့ တသက်လုံး အတူ နေခဲ့သူ မို့၊ ကျွန်မတို့ တသက်လုံး ကြားလာရတဲ့ ပုံပြင် နောက်ကွယ်က အဘွားရဲ့ စိတ်နှလုံး ကို မြင် ခဲ့ မှာ ပါပဲ။ အဘွား ကို မမေး ရဲ သလို မမေး ရက်ခဲ့တာလည်း ဖြစ်နိုင်တယ်။ 

ဖြူနွဲ့နွဲ့ နဲ့ သဇင်ပန်းလေး လို လှတဲ့ ဘွားသင်းလှိုင် ရဲ့ ပုံပြင်ကတော့ ကြည်နူး ဆွတ်ပျံ့ဘွယ် မဟုတ်တာတော့  သေချာ ပါတယ်။ ငယ်စဥ်က အံ့ဩ စိတ် နဲ့ နားထောင် ခဲ့ရပြီး ကြီးရင့်လာချိန်မှာ ဘဝင်မကျစိတ် နဲ့ ကြားနာခဲ့ရတဲ့ ပုံပြင် ပါ။

******

ဘဝင်မကျစိတ်နဲ့ နားထောင်ခဲ့ရတဲ့ ပုံပြင် ထဲ က ဘွားသင်းလှိုင် ရဲ့  အပျိုရွယ် ငယ်ဘဝကို ကျွန်မ အမြဲလို စိတ်ကူး ပုံဖော် ကြည့်ဖူးတယ်။ မျိုးကောင်း ရိုးကောင်း အလိမ္မာ နဲ့ ပြည့်စုံသူ လေးမို့ ဂုဏ်ရည် သတင်း ကြီး သူလေး ပေါ့။ လူဟန် နွဲ့နွဲ့ အပြုံးလဲ့လဲ့ နဲ့ စိတ်နှလုံး တည်ငြိမ်သူ မသင်းလှိုင်။ ငယ်နုရွယ် မို့၊  သူ မှာလည်း သူ့ ကိုယ်ပိုင် စိတ်ကူးအိပ်မက် ရှိခဲ့မှာပဲ။ သူ့ စိတ်နှလုံး ပုံ အပ် နိုင် တဲ့ တစ်နေရာ ဟာ သီးသန့် ရှိမှာပဲ လို့ ကျွန်မ ယုံကြည် မှတ်ထင် ထားခဲ့တယ်။ အရာ အားလုံး ပျက်စီး စေ နိုင် တဲ့ ကံကြမ္မာ ဟာ ရွာထိပ်မှာ စောင့်နေ လိမ့်မယ် လို့ မိန်းမပျို ကလေး က ဘယ် သိခဲ့မလဲ။

တစ်ရွာလုံးမှာ ယက်ကန်းခတ် အတော်ဆုံး ဖြစ်သူ မသင်းလှိုင် ဟာ ဘုရားကြီး မသိုး သင်္ဃန်း ရက် တဲ့ ပြိုင်ပွဲ မှာ ရွာကိုယ်စား သွား ရ တယ်။ တော်ရုံ နဲ့ အပြင်ထွက်လေ့ မရှိသူမို့ မသင်းလှိုင် မျက်နှာကို မြင်ချင်သူအဖို့ တန်ဆောင်တိုင်ပွဲဟာ အခွင့်အရေးတရပ် ဖြစ်ခဲ့တာပေါ့။ ပြိုင်ပွဲက အပြန် ရွာထိပ်မှာ၊ သူ့ရှေ့က ပိတ် ရပ်ပြီး စကား လာပြောသူဟာ ဘယ်သူမှန်း မသင်းလှိုင် မသိဘူး။ ရုတ်တရက် ထိတ်လန့်သွားပေမယ့် သူ တည်တည်ငြိမ်ငြိမ်နဲ့ ဖယ်ပေးဖို့ ပြောနိုင်တယ်။ သူ တောင်းပန်သား နဲ့ ဇွတ်တိုးကာ သူ့ လက်ကို လာ ဆွဲ ကိုင်ချိန်မှာ ဒေါသ ထွက် ခဲ့ပြီ။ ပုတ် ထုတ်ပစ်ကာ အိမ်ကို အရောက်ပြန်ခဲ့ပေမယ့် မသင်းလှိုင်ဟာ တသက်လုံး အိမ် ပြန်  မရောက်နိုင်တဲ့ လမ်း ကို ဆိုက် တော့တယ်။  လက် အဆွဲ ခံ ရ လို့ သူ့ အမည် ဂုဏ်သတင်း ဟာ ညှိုး ခဲ့လေသတဲ့။ မိခင်ရဲ့ စီရင်ချက်ဟာ ပြင်းလေစွ။ 

သူရို့ အမျိုးကို မကြိုက်လို့  သူ့ အဒေါ် စကား လာ တောက် ထား တာ ကို ငြင်း လွှတ်ထားတာ။ ငါ့သမီး ကို လမ်းမှာ ဆွဲ လား ရမ်း လား လာလုပ်တယ် တိရိစ္ဆာန်လေး။ ဒီတိုင်းတော့ နာမည် အပျက် မခံနိုင်ဘူး။ သူ့ အမေ ကို လာ မြန်းတော့လို့ ပြော လိုက်ပြီ။ 

အဲဒီအချိန်က မသင်းလှိုင် ရဲ့ စိတ် အခြေအနေ ကို ကျွန်မ သိ လို လှ တယ်။ မခံချိ မခံသာ ဖြစ်နေ မယ်လို့  ကျွန်မ ခံစားရတယ်။ ကျွန်မတို့ ဘေး မကြီး ဟာ သူ မကြိုက်တဲ့ အမျိုး အုပ်စုထဲ သမီးအလှကို ထည့် ပေး လိုက်ရအောင်၊ အမည် ဂုဏ်သတင်း ဟာ ဒီလောက်ပင် အရေးကြီး လေ သလား။ အဘွားကလည်း မိခင် က လက်ဆွဲသူကို ယူရမယ် လို့ အမိန့်ချတာနဲ့  စောဒက မတတ်ဘဲ ခေါင်း ငုံ့ လက်ခံ လိုက်ရလား။ သူ ကိုယ်တိုင်ကရော ဒီအဖြစ်ဟာ သူ့ ဂုဏ်ရည် ကို ပျက်စေ တယ်လို့ မှတ်ယူ  လိုက်သလား။ လက် အဆွဲ ခံ ရ ခြင်း ဟာ ကြီးကျယ်တဲ့  မှဲ့ တပေါက် စွန်းချက် ဖြစ် ခဲ့ ရ လေ တယ်။ သမီး မိန်းမပျိုလေး တွေ ဗိုင်းကောင်းကျောက်ဖိ ဘဝ နဲ့အိမ် တွင်းပုန်း စေတဲ့ အဘွား တို့ ခေတ်မှာတော့ ဒီလို ဖြစ် ခဲ့မှာပဲ လို့ ဖြေတွေး တွေး ပေးပေမယ့် ကြားရတိုင်း ကျွန်မ့ စိတ်နှလုံးဝယ် အောင့် မျက် ရ တယ်။ ဒီလို ဖြစ်လာအောင် ဖန်တီးယူခဲ့တဲ့ လူ ကို လည်း ခါးသက် စိတ် ဝင် တယ်။  ဒီ အခံ ကြောင့် ကျွန်မ ဟာ သိတတ်လာလေ အဘိုး နဲ့ စိမ်း လေပဲ။ တို့ အိမ်က မိန်းမတွေ ဟာ ကလေးက အစ အင်မတန် အခြေကြီးတယ် လို့ သူ ခနဲ့ တာကို လည်း မကြားနိုးနား နေ တယ်။

ငွေကြေး ဖူလုံ သူမို့ ရပ် ရွာ ကျောင်းကန်မှာ အလှူဒါန ပြု လေတိုင်း အဘိုးအဘွား အမည် ဟာ ယှဥ်တွဲ လျက်  အမြဲ ရှိခဲ့တယ်။ တမိုးအောက် နှစ်များစွာ အတူရှိခဲ့ချိန် အဘွား ဟာ ဘယ်လို စိတ်နှလုံး နဲ့ နေထိုင်ခဲ့လည်း ဆိုတာ  ကျွန်မ အသိချင်ဆုံးပဲ။ အဘွား ကို မေး နိုင်တဲ့ စိတ် အင်အား ရှိချိန်မှာ ဖြေ မယ့် သူက မရှိတော့။ နှလုံး ရောဂါ ခံစားနေရတဲ့ သူ့ နောက်ဆုံး နေ့ရက် တရက်မှာ အဘိုး ကို စိမ်းစိမ်း တချက် ကြည့် ပြီး မျက်နှာ လွှဲ ကာ သာ နေ တော့ တယ်။  သူ့ နောက်ဆုံး ထွက်သက်အထိ အဘိုး ကို မျက်နှာ ဆိုင် ခြင်း ထပ်မံ မရှိတော့တာလည်း ဘွားသင်းလှိုင် ပုံပြင်မှာ ကျွန်မတို့ တ သ သ ပြောရတဲ့ အခန်းပါပဲ။

မသင်းလှိုင် ပုံပြင် ကို ဘဝင်မကျ စိတ် နဲ့ နားထောင်ခဲ့ရသူ ကျွန်မ ဟာ မစန်းလှိုင် ရဲ့ အချစ်ပုံပြင် ကိုတော့ ချွင်းချက် တခုနဲ့ သဘောတကျ လက်ခံနိုင်ခဲ့တယ်။ 

အဘွားဟာ အမေ ကို ဆရာ အတက်သင် ကျောင်း အထိ ပို့ တော့ သမီး မိန်းကလေး ကို ရေခြား မြေခြား လွှတ် ပြီး ကျောင်း ထား ရ လား လို့ ဆူပူ တဲ့ ဘေးမကြီး ကို စကား တခွန်းမှ မတုံ့တင် ဘဲ သူ့ ဆုံးဖြတ်ချက်ကိုသာ ခိုင်မာ စေ ခဲ့တယ်။  ရွေးချယ် ခွင့် မရတဲ့ အခြေအနေ တခုမှာ သူ ခေါင်း ငုံ့ ခဲ့ ရ ပေမယ့် သူ့ သွေးသား ကိုတော့ ပိတ်ပိတ် ငြိမ်ခံ ဘဝ ဆီ  မရောက်ခဲ့စေဘူး။

ရွယ်တူ သက်တူ တွေကြားမှာ အမေ ဟာ  စည်းကမ်းတကျ နဲ့ အကန့်အသတ် ရှိတဲ့ လွတ်လပ်ခွင့် ရ ခဲ့သူပါ။ ရွာထဲမှာတော့ ခေတ် ဆန် သူ လို့ အမည် ထင်ရှား လေတယ်။  ဖက်ရှင် ကျ သူ လှပ သူ ဖြစ်လေတော့၊ သူ့ အလှ ဓာတ်ပုံဟာ ဆရာအတတ်သင် သွား တက်တဲ့ မြို့ ကြီး က ဓာတ်ပုံ ဆိုင်မှာ ချိတ်ဆွဲ ကြော်ငြာခြင်း ခံရတယ်။ 

ဒီဓာတ်ပုံကပဲ မစန်းလှိုင် ရဲ့ အချစ် ပုံပြင် အစ ပေါ့။

သူ့ အလုပ် နဲ့  မြို့ ကြီး ကို ရောက်နေ တဲ့ အဖေ ဟာ အလုပ်ကိစ္စအတွက်  လိုင်စင် ဓာတ်ပုံ သွားရိုက်တယ်။ ဓာတ်ပုံဆိုင် မှာ ချိတ်ဆွဲထားတဲ့ အမေ ပုံ ကို မြင် တဲ့အခါ ကျွန်တော့် နှမ ပုံ ကို ဒီမှာ ပြ ထား ခွင့် မပေးဘူး ဆိုကာ ဖြုတ်ယူလာခဲ့သတဲ့။ ထပ်ကူး ပြီး မချိတ်ပါနဲ့ မေတ္တာ ရပ်ခံ ခဲ့ တယ်။ 

အဖေ့ နှမ ကျွန်မ့ အဒေါ် တွေ တ သ သ ပြော တဲ့ ပုံပြင် ထဲ မှာ ဒီ ဇာတ်ဝင်ခန်း ဟာ နားဆင်သူ များကို  အသံထွက် အံ့ ဩ စေ ခဲ့ တာပေါ့။

သူ ဓာတ်ပုံ ဖြုတ် ယူ လာ တာ မသိဘူး။  ကျောင်း ကိုလည်း မလာပါဘူး။ အမေ ရွာ ပြန် လာတော့ မှ သူ က နင်တို့ အဘိုး ဆီ လာ လာ  လည် တယ်။ အဘွားကလည်း သူ့ ကို ချစ်ခင် တယ်။ သူ အမြဲ လာနေတော့ အရပ်ကလည်း ရိပ် မိ လာ တာပေါ့။  အဘွားက မေးတယ်။  ငါ့ သမီး စိတ်က လက်ခံ နိုင်သလား တဲ့။ အမေ့ စိတ်က ညွတ် တာ မို့ ဟုတ်ကဲ့ ဆိုမိတာပဲ။ 

အမေ  ကို  မေး မြန်း စူးစမ်း တော့ ဒီလို  အတိုချူံး ဖြတ် လိုက် တယ်။  

ဘယ် က  မလဲ။ အဒေါ်တွေ ဆီ က နားဆင်ထားရတဲ့ အချစ်ပုံပြင် ဇာတ်ဝင်ခန်း လှလှ တွေ ကျန် ပါ သေးတယ်။ ဒီအထဲမှာ ကျွန်မ အစွဲငြိဆုံး အကွက်လေး ကို ဖြင့် ပြော ပြ ချင်ပါသေးတယ်။

ခရီး ဝေး အလုပ်ကနေ ပြန်ရောက်ရောက်ချင်း မစန်းလှိုင် အလုပ် တာဝန် ကျ တဲ့ တောင်တန်း တစ်ဘက်က ရွာဆီ တောင်ကျော်လမ်း က နေ သွား တဲ့ သူ့ ချစ်သူ အကြောင်း ပေါ့။   မိုး ချုပ် မှောင် ရီ  အချိန်မှာ တောင်ကျော် လမ်း မှောင် မှောင် ထဲ၊ သူ ချစ်ရသူ နေထိုင်ရာ အရပ်ဆီ တစ်ယောက်တည်း ချီ တက်သွား တဲ့ လူရွယ် လေး ကို  ပုံ ဖော် ကြည့်ရင်း ကျွန်မ နှုတ်ဖျား ကို ‘သမုဒ္ဒရာ ခြားလည်း သူ့ရည်စား ရှိရာ ဆီ……’ အစချီ တဲ့ ခေတ်ဟောင်း သီချင်း တပိုင်းတစ  ရောက်လာခဲ့တယ်။ ဟိုဘက်ရွာ ကို ရောက် ချိန် သန်းခေါင် တိုင် နေပြီ။ မီး များ ငြိမ်း လို့ သူ့ မိန်းကလေး ဟာ အိပ်ပျော် နေ ခဲ့ ပြီ။ မနက် လင်း လို့ ကျောင်း သွားချိန်မှာ သူ့ ချစ်သူ ဆရာမလေး မျက်နှာ ကို  အဝေးက လှမ်း ကြည့် ကာ ကျေနပ် နှစ်သိမ့် တတ်သူ ဟာ ကျွန်မ ဖခင် ဖြစ်လို့ ဒီ ပုံ ပြင် ကို တော့  လှိုက်လှဲ စိတ် နဲ့ ထပ်ခါ ထပ်ခါ နား ထောင် ချင် မိ တယ်။ 

အဖေ ခရီး ဝေး ထွက်သွားချိန်မှာ အတုအယောင် သီချင်း ကို ထပ် ကျော့ ဖွင့်ကာ လွမ်း တတ် လေ သူ အမေ အကြောင်းကလည်း  ကျွန်မတို့ကို ကျေနပ် ပြုံး ပြုံး စေ ပါ တယ်။

ချွင်းချက် ကတော့ အမေ မသိဘဲ ပိုင်စိုးပိုင်နင်း ဖြုတ်ယူလာခဲ့ တဲ့ ဓာတ်ပုံ ပဲ။  အမျိုးသမီး တဦး ရဲ့ ပုဂ္ဂလိက ဘဝ ကို အခွင့် မရှိ ဘဲ ကျူး ကျော် တယ် လို့ ကျွန်မ မြင် မိ လို့ပဲ။ အိမ် နံရံမှာ ချိတ်ထားတဲ့ အဲဒီ ဓာတ်ပုံ ကို  ကြည့်လေတိုင်း ဒီ အတွေး ကို မဖျောက်နိုင်ခဲ့ဘူး။ ကျွန်မ ချစ်ခင်တဲ့ ဖခင် ဖြစ် စေ အုန်းတော့ ဒီချွင်းချက် ကိုတော့ မေ့ မပစ်နိုင်ဘူး။ အ မေ က တော့ ဓာတ်ပုံထဲမှာ အလှဆုံး ပြုံးနေ လေရဲ့။

ဘုန်းကြီးကျောင်းက ပြန် လာချိန် ငေါ့ သံ မကြားရဘဲ သူ့အိမ်သူ ကို နှိပ် ပေး လေ တဲ့ ဘဝ ခရီးဖော် ကို ခင်ပွန်းသည် အဖြစ် အမေ ရေစက်ဆုံခဲ့ရပါတယ်။ အမေ့ ဘဝ နေညို ချိန်တွေမှာ တမိုးအောက် အတူ ယှဥ်လျက် နေခဲ့သူ ကို ချစ်ခင်လေးမြတ် သော မျက်ဝန်းများနဲ့သာ ကြည့်မှာ မို့၊ ဒီချွင်းချက် ကိုတော့ မေ့ ပစ် သင့်တယ် လို့ ဘာသာ တရား ချ ရတယ်။ 

သဇင်ပန်း လေး လို ဖြူနွဲ့နွဲ့ လှပတဲ့  မသင်းလှိုင် ရော၊ ခေတ်မီမီ ဖက်ရှင်ကျကျ ချောမောတဲ့ မစန်းလှိုင် ပါ၊ တခြားသူ တစ်ဦး ဖန်တီး ယူ လိုက် တဲ့ ဇာတ်လမ်း ဇာတ်ကွက်ထဲ ဝင်ရောက် က ပြ လှုပ်ရှား ခဲ့သူများ၊  တခြားသူ တစ်ယောက် ရဲ့ ဇာတ်စီးမှု အောက်က မင်းသမီး များ လို့ ကျွန်မ က မှတ်ချက် ချ ခဲ့ ဖူး တယ်။

သူတို့ကို မှတ်ချက် ပြု ခဲ့သူ ကျွန်မ့ ပုံပြင်ကရော ကျွန်မ ကိုယ်တိုင် ဖန်တီးတည်ဆောက်ထားတာ မှ ဟုတ်ပါရဲ့လား။ လုံးလုံး မဟုတ်ခဲ့ဘူး။ သူတစ်ဦး ဖန်တီး ထားတဲ့ လှည့်ကွက်တွေ ထဲ အစင်းသား ဝင်ရောက်သွားခဲ့ ခြင်းပါ။

နှောင်းလူတွေ ကို ပြောပြကောင်း ပြော ပြ မယ့် ကျွန်မ ပုံပြင်ကတော့ မုန့် ဟင်းခါးနဲ့ အစ ပြု ပါ တယ်။


******  

အိမ် ရှေ့ က ခြံဝင်း တံခါးမှာ လာ ချိတ် သွားတဲ့ မုန်ဟင်းခါး ထုပ်ကလေး ဟာ ကျွန်မ့ ပုံပြင် ရဲ့ နိဒါန်း ပါ။ ကျွန်မ့ စိတ်နှလုံး ကို ဆွဲ  ယူ သိမ်း ခဲ့ တဲ့ လက်နက် လို့ လည်း ဆို နိုင် တယ်။

ရုံး ပိတ်ရက် မတိုင်ခင် ည တွေမှာ  ညလုံးပေါက် စာဖတ် ရုပ်ရှင်ကြည့် တတ်သူ အဖို့ နောက် တနေ့ မနက် အိပ်ယာ ထ ချိန်မှာ ကျွန်မ မနက်တိုင်း စားနေကြ မုန့်ဟင်းခါး ဆိုင် ဟာ အိုး မှောက် နေ ပြီ။  သီးခြား နယ်မြေ အလုပ်ခွင် ဖြစ် လို့ မြို့ ရွာ နဲ့ က လည်း မနီးတော့ တခြား ဆိုင် မရှိ။ သက်သာဆိုင်က လက်ဖက်ရည် ကိုသာ အားကိုးရာ အဖြစ် မှတ် ယူရတယ်။

ရုံးဖွင့်ရက်တွေမှာ မနက်တိုင်း မုန့်ဟင်းခါး စားနေရပြီး၊  အားလပ်ရက် ဆို အိပ်ယာထ နောက်ကျလို့  မစားရခြင်း ကို တစ်စုံတစ်ယောက် ဟာ သိ နေ ခဲ့ တယ်။  တပတ် မက နှစ်ပတ် သုံးပတ် ဆက်တိုက် ဖြစ်လာတော့ ဘယ်သူလဲ ဆိုတာ  ကျွန်မ သိချင်လာခဲ့ ပြီ။  ဘေးဘီက လည်း မြင် ဖို့ သိ ဖို့ မလွယ်ကူဘူး။  ဒီအလုပ်ခွင် ကို  တဆင့်ခံ ကန်ထရိုက် အလုပ် နဲ့ ကျွန်မ က ယာယီ လာနေရသူ။ ကျွန်မ ကို နေခွင့် ပြုထားတဲ့ ဧည့်သည် အဆောင် တွေ ဟာ  အမြဲနေ ဝန်ထမ်းအိမ်ယာ နဲ့ သီး ခြား ဖြစ်နေ တာ။ ရံဖန်ရံခါ  ပြင်ပ ပညာရှင်တွေ အရည်အသွေး စစ်ဆေးသူ တွေ  ဘေး အဆောင် ကို ခဏတဖြုတ် ရောက်လာ တတ်တာပဲ ရှိတယ်။ သိလိုစိတ် သာ ရှိတယ်။ ထ ချောင်း ကြည့်တာ မျိုး၊ အနီးနား ဝန်းကျင်ကို မေး မြန်းတာမျိုးကိုလည်း လုပ်ချင်စိတ်က မရှိပြန်ဘူး။ 

ဒုတိယ အပတ်က စ လို့ အဝါရောင် ကပ်ခွာ မှတ်စု စက္ကူ  လေး တခု မုန့်ဖတ်ထုပ် မှာ ကပ် လျက် ပါ လာတယ်။

ဒီနေ့ အိုး ဘဲဥ မရဘူး။  ဆောရီး… တဲ့။

ကျွန်မ အသံ ထွက် ရယ်မော မိတယ်။ နောက် အပတ် တွေမှာလည်း မှတ်စု စက္ကူ ပေါ်မှာ အတို အစလေးတွေ ရေးထားတာ ပုံစံ အမျိုးမျိုး။ ဘာလို့ ကြက်သွန်နီဥ မစားတာလဲ၊  ဒီနေ့ ငှက်ပျောအူက ရင့်တယ်၊ များများ မစားနဲ့၊ အင်ဂျင်နီယာဌာနက ပွဲမှာ မမြင်ပါလား၊ မနေ့ က ကွင်းထဲ မိုးမိ ထားတာ အအေးမိနေလား … စသဖြင့် အတိုအထွာလေးတွေ။ 

အလို… အဝါရောင် မှတ်စုလေးတွေ ဟာ ပန်းပွင့်များ အဖြစ် ပြောင်းကာ ကျွန်မ စိတ်နှလုံး ဝယ် ပန်းခင်း ဖြစ် လာပါရောလား။ မနက် နိုးထလာချိန်မှာ အဝါရောင် ပန်းပွင့်တွေကို စိတ်ကူးအာရုံမှာ ဦးစွာ ထင်ဟပ်လာပြီး ရွှင်ကြည်စွာ ပြုံးတယ်။ အိပ်ပျော်လုချိန် အမှတ်သညာ ဟာ အဝါရောင် ပျော်ရွှင်မှု ဆီမှာ အဆုံးသတ်တယ်။

အရေးမပါတဲ့ အသေးအဖွဲ စကားစမြည် ပြောဆိုခြင်းဟာ လူသားချင်း ဆက်ဆံရေး မှာ ဘယ်လောက် အရေးကြီး လိုက်သလဲ။ ကျွန်မ ကို အဘယ် ကဲ့ သို့  ချစ်ခင် စွဲလမ်းကြောင်း သာ ရေး ခဲ့ရင် ကျွန်မ စိတ် နှလုံး ဒီလောက် ညွတ်နူး ခဲ့မှာ မဟုတ်ဘူး။  သူ ဟာ ပါးနပ်သူ တစ်ဦးပါ။ ကျွန်မ ရဲ့ အခြေခံ စိတ် ကို မြင်တယ်။ ဒီလို မြင်တတ် သိတတ် ခဲ့ သူ မို့၊ သူ အေးခဲ လာချိန်မှာ ကျွန်မ ပိုမို နာကျင်ရတာပါပဲ။ သူ့မှာ မြင်လိုစိတ်  ပျောက်ကွယ် သွားခဲ့ပြီ ဖြစ်ကြောင်း ထင်ရှားစေတာ ကိုး။

မှတ်စုတို ပေါ်က သူ့ လက်ရေးကို မှတ်မိတာကြောင့် လုပ်ငန်းခွင်ထဲက ဆက်စပ် နေတဲ့ လူ တွေ ရဲ့ လက်ရေး ကို အမြဲ သတိထားကာ ရှာ မိ တယ်။  ကွန်ပြူတာ နဲ့ အလုပ် လုပ်တဲ့ ခေတ်မှာ လူသား တစ်ဦးရဲ့ လက်ရေး ဟာ ရှားပါးကုန် ဖြစ်လာတာ က ခက်တယ်။  ရှာ နိုင်တဲ့ အခွင့် အလမ်း  နည်းပါး တယ်။ တခါတရံ စာရွက်စာတမ်း တွေ ပေါ်မှာ မှတ်ချက် ချ တဲ့ လက်ရေး တွေကလည်း မြန်မာ စကားလုံးတွေ မဟုတ် ပြန်တော့ တိုက်ဆိုင် စစ်ဆေး ခွင့် ဟာ မရှိပြန်ဘူး။ ကိုယ့် တစ်ယောက်တည်း ဗျာများ နေ တာကို၊ ဘာသာ လှောင် ရယ် နေ မိပြီး ‘မမြင်ဖူးခင်က မေ့ မှာ ဖြင့် ရူးပြီ မောင်’ ဆိုတဲ့ စကား ကို ပဲ အခါခါ ရွတ် ရ တယ်။ ကျွန်မ တွယ်ငြိခဲ့ပြီ။ 

တဆင့်ခံ ကန်ထရိုက် အလုပ် ခြောက်လ ပြီးချိန် အထိ သူ ဟာ ကျွန်မ ရှေ့ ရောက် မလာဘူး။ အဝါရောင် မှတ်စု စာရွက်လေးတွေ ထည့် သိမ်းထားတဲ့ ရုံးသုံး အညိုရောင် စာအိတ် ရှည် ကို ကျွန်မ ခရီးဆောင် သေတ္တာထဲ ထည့် သိမ်းကာ မူရင်း အလုပ်ခွင် ဆီ ပြန်ခဲ့ရတယ်။ ရှုလေရာ ပြောင်တလင်း ဖြစ်နေတဲ့ ကွင်းပြင်ကျယ် နယ်မြေ မှာ ပျော်ရွှင်မှု ပန်းပွင့် အဝါတွေ ဖူးပွင့်ခဲ့ခြင်းဟာ လှပတဲ့ အမှတ်တရ အဖြစ်သာ ကျန် ခဲ့တော့ မယ် လို့ စိတ် ဒုံးဒုံးချ ကာမှ  ကျွန်မဆီ သူ ဆိုက်ဆိုက် မြိုက်မြိုက် ရောက် လာ ခဲ့တယ်။ ကျွန်မ့ ပုံပြင်ဟာ တဖန် သက်ဝင် လှုပ်ရှား လာ ပြန်တယ်။

သူတို့ စီမံကိန်း လုပ်ငန်းခွင် နဲ့ ကျွန်မ မူလ အလုပ်ဟာ အမြဲ ဆက်စပ်နေတာကြောင့် စက်ပစ္စည်း အသစ် တခု ရောင်းအပြီး၊ နည်းပညာ မွမ်းမံ သင်တန်း ပေးချိန်မှာ သူ ရုတ်တရက် ကိုယ်ထင် ပြ လာ တယ်။

သင်တန်း ခေတ္တ အားလပ်ချိန်မှာ ကျွန်မ စားပွဲ အနားကို လူ တစ် ယောက် လာ ရပ် ပြီး၊ ကျွန်မ ဖြန့် ဝေထားတဲ့  စာရွက်တွေ ကို လာ တင် တယ်။  အဝါရောင် ကပ်ခွာ မှတ်စု စာရွက် လေး ကပ်  လျက်……..။  ‘ခုနက ပြောသွားတာ မရှင်း လို့ မေးစရာ ရှိပါတယ်’ တဲ့။

ကျွန်မ မှတ်မိ တဲ့ လက်ရေး ကို တဖန် မြင်ရချိန် ‘ဟင် ဒီလက်ရေးပဲ’ လို့ မတွန့်မဆုတ် ပြော ချ လိုက်ပြီး ဘေးမှာ လာရပ် နေ သူ ကိုလည်း  စူးစူးစိုက်စိုက် ကြည့်လိုက်တယ်။ သူ ကိုး။ လုပ်ငန်းခွင်မှာ တိုက်ရိုက် မဆက်ဆံဖူးပေမယ့် မြင်ဖူးနေတဲ့ လူ ပါ ပဲ။ သူ ပြုံးနေတယ်။ သူ့ ဗျူဟာ အောင် မြင်လို့ ကျေနပ် နေ တဲ့ အပြုံး လို့ နောက်တော့မှ ကျွန်မ သရုပ်ခွဲ မိတယ်။ ဒီလက်ရေး ပဲ လို့ အသံထွက် ကတည်း က ပွဲ ပြတ် နေ ပြီ။ မရှုမလှပါပဲ။

ကျွန်မ့ နာမည် ကို အများတကာက ဇင်မာ၊ မဇင် စသဖြင့် ခေါ် ကြ ပြီး သူ တစ်ယောက်တည်း ကသာ မာ လို့ သုံးစွဲတာ ကို တအံ့တဩ နဲ့ နှစ်ခြိုက် ခဲ့ရကြောင်းကိုလည်း ဇင်မာလှိုင့် ပုံပြင် ထဲ ထပ် ထည့် ရပါမယ်။

သူ့ ဘဝ အတွက် သူ့ဘာသာ ကြိုးစားနေခဲ့တာကို ဟိုတုန်းကတော့ ကျွန်မ အနား နီးနီးကပ်ကပ် ရှိချင်လို့ သူ အားထုတ် နေတာလို့ ထင်မှတ်မှား ခဲ့ဖူးပါတယ်။ သူ့ ဘာသာ စ လုပ် တဲ့ ကိုယ်ပိုင် အလုပ်ဟာ ကျွန်မ နဲ့ ဆက်စပ်နေတော့၊ တခါတလေမှ တွေ့ ရတဲ့ အခြေအနေ ကနေ ရက်ဆက် ကြုံ ဆုံ နိုင်တဲ့ ကာလ တခုဆီ ရောက်လာတယ်။ လုပ်ငန်းခွင် နယ်ပယ် တူတော့ သူနဲ့ ကျွန်မ ကို၊ အမြဲလိုလို တွဲ  မြင်  လာကြတယ်။ ကျွန်မ ကို မြင်ရင် သူ နေကောင်းလား၊ ဘာလုပ်နေလဲ မေးကြသလို သူ့ လည်း ဒီအတိုင်း ထပ်တူ စူးစမ်းကြတာပဲ။

ဆယ်စုနှစ် တစ်ခုကြာ ဆက်ဆံရေးဟာ နှစ်ဘက်မိဘ ဆွေမျိုး အသိုင်းအဝိုင်း  အပြန်အလှန် သိ နေကြ ပြီး လက်ခံ ထားတဲ့ အနေအထားပါ။ ကျွန်မ ရွာကို သူ လိုက် လာ ဖူး သလို သူ့ မိဘအိမ်နဲ့ ကျွန်မ ကျွမ်းဝင်ပါတယ်။ ဒီတော့ လှ တဲ့ ပုံပြင် အဖြစ် အဆုံးသတ် လိုက် ဖို့သာ ကျန် ရှိတော့တယ် မဟုတ်လား။  

နွေးထွေးလှပ တဲ့ ပုံပြင်ဟာ ငြိမ်သက် အေးခဲ ခြင်းဆီ ဘယ်လို ဆိုက်ရောက်စေခဲ့လဲ။ ကျွန်မတို့ နှစ်ဦး ကြားမှာ အရေးမကြီးတဲ့ အသေးအဖွဲလေး တွေ ပြောဆိုခြင်း ရပ်တန့်သွားတာဟာ အေးစက်ခြင်း အ စ ပါပဲ။ တစစ ပြောင်းလဲခြင်း ကို သတိမမူလေတော့ အချိန် တခု လွန်မြောက်ချိန်မှာ အနေအထား တရပ်ဟာ ပြောင်းခဲ့ပြီ။ ပြောခဲ့ဖူးပါတယ်။ ကျွန်မဟာ ဘယ်အရာ ကို ဘယ်လို စိတ်အခြေ နဲ့ ခံစားတတ်ကြောင်း၊ ဘယ်လို ပြုမူချက် ကို ဘယ်လောက် ကဲကဲ ဆတ် ကြောင်း ကြိမ်ဖန် များစွာ ပြောခဲ့ပါတယ်။ အရင်ကတော့ သူ ကြားခဲ့တယ် လို့ ခံစား သိ မှတ် ခဲ့တယ်။

သူ့ အလုပ် အောင်မြင်မှုတွေ၊ အခက်အခဲတွေ သူ ဖောက်ခွဲ သမျှ၊ ကျွန်မက စိတ်ပါဝင်စားမှု အပြည့်နဲ့ နားထောင် ခံစား ပေးတယ်။ ကျွန်မ ကလည်း ကိုယ် ဖွင့်ထားတဲ့ နည်းပညာ သင်တန်းကျောင်း အခန်းငှားခ စျေးကြီးလို့ ရပ်တော့မယ့် အကြောင်းက အစ၊ ကျွန်မ လုပ်မယ့် အလုပ်အသစ် အကြောင်း၊ အမေ ပင်စင် ယူတဲ့ကိစ္စ နဲ့ နေ့စဥ် ဘဝ အတိုအထွာတွေပါ မကျန် ပြောနေ ခဲ့ သေးတယ်။ 

ကျွန်မ ဝမ်းနည်းနေရင် ဝမ်းမြောက်ခဲ့လျှင် သူ့ ကိုပဲ အရင်ဆုံး ပြောချင် စိတ်ဟာ ကာလတခု အထိ ရှိနေဆဲ ပါ။ စိတ်ကို မျှဝေ တဲ့ အဦးဆုံး လူသားအဖြစ်နဲ့ မှတ်ထင် စွဲယူ ခဲ့ပါတယ်။ သူက ကျွန်မ အသံ ကိုသာ ကြားပြီး ကျွန်မ စကား ကို မကြားမှန်း ရိပ် မိ လာတဲ့အခါ ဝေမျှ ပြောဆို ချင်စိတ် ခမ်းသွားတယ်။

သေးသေးဖွဲဖွဲ ပြောဆိုခြင်း ဟာ ကျွန်မအတွက်တော့ အင်မတန် အရေးကြီးပါတယ်။ စိတ်နှလုံး နီးကပ်စွာ တည်ရှိခြင်းရဲ့ သရုပ် မို့ပါပဲ။ သူ နဲ့ ကျွန်မ အကြားမှာ ဒီ ဆက်နွယ်မှုဟာ ပျောက်ဆုံးခဲ့ပါပြီ။ တချိန်က အဝါရောင် မှတ်စု စာရွက်တိုလေးများကို ပြန် မြင် ယောင်ကာ ကျွန်မ ဝမ်းနည်း မျက်ရည် ကျ ပါ တယ်။ ပျော်ရွှင်မှု အဝါဟာ ဘယ်အချိန်က မှိန် ဖျော့ သွား ခဲ့ ပါလိမ့်။

ဇင်မာလှိုင် ပုံပြင် ရဲ့ လွမ်း ခန်း ဟာ အချိန် သိပ် မကြာလိုက်ဘူး။ ကျွန်မ ကိုယ်တိုင် က အလုပ်များသူ လှုပ်ရှား တက်ကြွသူပါ။ ကာလ အပိုင်းကလေး တခု အရောက်မှာ ကျွန်မ သူ့ဆီ ဖုန်း မဆက်မိတာ တော်တော် ကြာနေ ပြီ ဆိုတာ ရုတ်တရက် သတိပြုမိတယ်။ ကျွန်မ မေ့ ပျောက် နေ ခဲ့ပြီပဲ။ ကျွန်မ့ စိတ်နှလုံး ဟာ အစိမ်း လု ပြီ။

ကျွန်မ ရဲ့ နေ့စဥ်ဘဝ၊ ကျွန်မ ရဲ့ ခံစားချက်၊ ကျွန်မ ရဲ့ ရှေ့ ဆက်မယ့် ဘဝ ခရီး အကြောင်းတွေ ကို သူ့ ကို ပြောဆိုလိုစိတ် အပြီးတိုင် ခမ်း ခြောက် သွား ပြီပဲ။ ကျွန်မ့ ပုံပြင် ကို အဆုံးသတ် သင့် တဲ့ အခါ ဆိုက် ရောက် ခဲ့ ပြီ။

ရုတ်တရက် အမေ့ ကို တွေ့ချင် တာနဲ့ ရွာ ဆီ ထ ပြန် ခဲ့တယ်။ 

******
မြင်ကွင်းကို အစိမ်းရောင် လွှမ်းထားတယ်။ အပင်စိမ်းတွေဟာ တောအုပ်လေး ပမာ ညို့ လျက်။ သစ်ရွက်စိမ်းတို့ သိပ်သည်းတဲ့ အပင်အောက် နားနေ ခုံတန်းရှည် မှာ ကျွန် မ ဖြေလျော့လျော့ ထိုင်နေပြီး အစိမ်းရောင်တွေ ထဲ စိမ့် ဝင် မျောပါနေတယ်။ စိတ်နှလုံး တိုင် ဝင် လာတဲ့ စိမ်းရိပ်ရောင် တွေပါလား။ ပျော်ရွှင်မှု အဝါဟာ ဘယ်အချိန်က ပျောက်ကွယ်သွား ခဲ့ပါလိမ့်။ သတိပြုမိ ချိန်မှာ အစိမ်း ဖောက်ခဲ့ပြီ။

ကောင်းကင် ကို မော့ကြည့် အခိုက် သစ်ရွက်စိမ်းတွေ ကြားထဲ နေခြည် အလင်းတပေါက် ယို ဆင်း လာတာ တွေ့ လိုက်ရတယ်။ လက်ကနဲ တချက် အလင်းစူး သွားတော့ ကျွန်မ မျက်လုံးတွေကို ခဏ မှိတ် ပစ် လိုက်ရတယ်။ မျက်ရည်ပူ ကျ ချင် လာတယ်။ ကျွန်မဆီ လျှောက်လာတဲ့ အမေ ကို မြင်တော့  ကိုယ် ဟန် မတ် ကာ နေရာ ဖယ် ပေး လိုက်တယ်။ အမေ နဲ့ သေချာ စကား ပြောဖို့ အလှူ ပြီးချိန် အထိ စောင့်ဆိုင်းနေ ခဲ့ရတာ။

ဖွင့် ပြော ပြော ချင်း အမေ က တား ပါ တယ်။

သေသေ ချာချာ ပြန် စဥ်းစားဦး၊ စိတ်ထင်ရာ မလုပ်နဲ့ ဇင်မာ။ ဒီလောက် နှစ် ကြာအောင် တွဲ ပြီးအကုန်လုံး သိနေခဲ့တာ ဆိုတော့လေ။ မောင်စိုးဟန် နဲ့ ညှိ နှိုင်း ကြည့် ပါ။

မိခင် တစ်ယောက် အမြင်ကတော့ ဒီအတိုင်း ရှိမှာပဲ။ ဘေးမကြီး သာ သိရင် တခါတည်း အသက် ပျောက် နိုင်ပါတယ်။  လက် ကလေး အဆွဲခံ ရရုံ နဲ့ အမည်နာမ ထိခိုက် ပွန်းပဲ့ လေပြီ ဆိုကာ
မိန်းမပျို တစ်ယောက်ရဲ့ ဘဝလမ်းကြောင်း တစ်ခုလုံး ပြောင်းပစ် စေ ခဲ့တဲ့ အမျိုး ကိုး။ ကျွန်မ နဲ့ သူ့ အကြားက ဆက်ဆံရေး ဟာ လက်ကိုင်ရုံ ဘယ် က မလဲ။ တစ်နေ့ ဘဝ ခရီးအဖော် ဖြစ်လာကြမှာ မလွဲဘူး လို့ သတ်မှတ်ခံထားရတဲ့ သူ နှစ်ဦးလေ။ ကျွန်မ  မြင် သိ နေပါတယ်။ ဆယ်စုနှစ် တစ်ခု စာ အတူ ယှဥ်တွဲ မြင် ခဲ့သူများ ရဲ့ ဒလစပ် ပြောဆို စူးစမ်း ခြင်း အတွက် ကျွန်မ ပြင်ဆင်ထားရတော့မယ်။

မောင်စိုးဟန် ကို ရော ပြောပြီးပလား။ သူ့ သဘောက ဘာတဲ့လဲ။

သူကတော့ လူကောင်းသူကောင်း ဖြစ်ချင်သူမို့ နဂို နေမြဲ ကို  ဦးစားပေး ရွေးချယ် မယ့် သူ လေ။ သူ့ ဘာသာ အေးခဲလာတာကို သတိ မပြုမိတာလား။ သူ့ ဘာသာ သိပေမယ့်  ရိုး အီလာတာ ဟာ ဖြစ်မြဲ ဓမ္မတာ မို့ မသိလိုက် မသိဖာသာ နေ နေ သလား။ သူကတော့ စ တင် ပြီး ထုတ်ဖော် ပြောဆိုမယ့် သူ မဟုတ်ဘူး။

မပြောရသေးဘူး အမေ။ ဒီက ပြန်မှ ပြောမယ် စိတ်ကူးထားတယ်။

ကျွန်မကကော ဘာ ကို အလေးပေး ဆုံးဖြတ်သူလဲ။ ဆင်ကန်းတောတိုး ရူးမိုက်စိတ်နဲ့ ဆုံးဖြတ်ကာ အသေးအဖွဲ ကို ပုံကြီးချဲ့ ပြသနာ ရှာ သူ လား။ မဟုတ်လိုက်လေ။ လူသားနှစ်ဦး ဆက်ဆံရေးမှာ နှုတ်က ထုတ်ဖော် ပြော ပြ နေ စရာ မလို တဲ့ စိတ်နှလုံး ဆက်နွယ်မှု ကြိုးမျှင် ရှိတယ်။ ချည်နှောင်တဲ့ ကြိုး ဟာ ကျွန်မ ဘက်က  ပြတ်ခဲ့ပြီ မို့ ဒီ ပုံပြင်ကို ကျွန်မ ကသာ အဆုံးသတ် မှာပါ။ သူ့ ဘက်က ပြတ် ခြင်း မပြတ်ခြင်း ကို ကျွန်မ စိတ် မဝင်စားတော့ပြီ။ 

ဆယ်မိုး ဆယ်နွေ လက်တွဲခဲ့ဖူးလို့ ကျွန်မ ရဲ့ အမည်နာမ ပွန်းပဲ့ တယ် ဆိုရင်လည်း ကျွန်မဟာ ကျွန်မ ဖြစ်ခြင်း မှ ပွန်းပဲ့ ခဲ့တာ မဟုတ်ဘူး။ ကျွန်မ စိတ်နှလုံး အကြည် ဓာတ်က သာ တ ဖြည်း ဖြည်း ပဲ့ ကြွေ သွား တာပါ။ အများတကာ ဝေဖန် ပြောဆို ခြင်းကို ထိတ် ရုံမျှနဲ့တော့  ကျွန်မ မလျှောက်လိုသော လမ်းကို ဇွတ် တိုး ခြေ မ ချ နိုင်တော့။ ဘွား သင်းလှိုင် ရဲ့ မျက်လုံးစိမ်းတွေ ကို ကျွန်မ မမေ့ ဘူး။

နှောင်းလူတွေ ဟာ ကွဲ ပြားသော ပုံပြင်ကို နားထောင်ကြပါစေ။  ကျွန်မ ကိုယ်တိုင် ဖန်တီး တည်ဆောက်သော ပုံပြင် ဟာ ရှိလာဦးမှာပါ။

(မြယာ)
၂၀၁၉၁၀၂၁
ည ၈ နာရီ ၂၉ မိနစ်

2 comments:

  1. ကျွန်မ ဝမ်းနည်းနေရင် ဝမ်းမြောက်ခဲ့လျှင် သူ့ ကိုပဲ အရင်ဆုံး ပြောချင် စိတ်ဟာ ကာလတခု အထိ ရှိနေဆဲ ပါ။ စိတ်ကို မျှဝေ တဲ့ အဦးဆုံး လူသားအဖြစ်နဲ့ မှတ်ထင် စွဲယူ ခဲ့ပါတယ်။ သူက ကျွန်မ အသံ ကိုသာ ကြားပြီး ကျွန်မ စကား ကို မကြားမှန်း ရိပ် မိ လာတဲ့အခါ ဝေမျှ ပြောဆို ချင်စိတ် ခမ်းသွားတယ်။

    မြယာ
    “နှလုံးဖြင့် နားဆင် ခြားသည့် ပုံပြင်”
    တင်ပါရစေ ဆရာမ/

    ReplyDelete