Thursday 20 October 2016

တရွေ့ရွေ့ မှောင်



လှေခါး တဆစ်ချိုးအကွေ့   ရေ စိုရွဲနေသဖြင့် ခြေချော်သွား၍ ခန္ဓာကိုယ် ဟန် ချက် ပျက်ကာ ယိုင်သွား၏။
ဘေး လက်ရမ်းကို အလျင်အမြန် ဖမ်း ကိုင်လိုက်ပြီးနောက် တထစ်ချင်းစီ ဖြည်းညင်းစွာ တက်ရသည်။
အခန်းရှေ့ လှေခါးတဆစ်ချိုးတွင် အလင်းရောင် မရှိ။ မှောင်မိုက်လျက်။

အခန်း တံခါးကို ခေါက်လိုက်လျှင် အပြုံးဖြင့် ကြိုကာ သူ့ အိတ်ကို လှမ်းယူပေးမည့် တစုံတဦး ထွက်လာမည်။ မီးရောင်ဖြင့် လင်းထိန်နေသော အခန်းတွင်းသို့  သူ ဝင်လိုက်ပြီး ပင်ပန်းလိုက်တာ ငါးခြောက်ကြော် ထားရဲ့လား၊ ဗိုက်ကဆာလှပြီ ဟု ညည်းညူပူဆာပြီး တဆက်တည်းမှာပင် ဘုရားပန်းတွေ လှလိုက်တာ ဟု ပြောလေ့ ရှိ၏။

သူ ကျောပိုးအိတ်ကိုဖြုတ်ကာ သော့ကို ရှာသည်။ သံပန်းတံခါး သော့ မှာ သံချေးကိုက်နေပြီး တော်တော်နှင့် ဖွင့်မရ။ သစ်သားတံခါးကို ဖွင့်လိုက်သည်နှင့် မှိုနံ့ ပါသည့် လေ ကို ရှုလိုက်ရသဖြင့် အသက်အောင့် လိုက်သည်။ အလင်းရောင် မရှိသည့် အခန်းထဲသို့ ရုတ်တရက် မဝင်သေးဘဲ သူ စက္ကန့်ပိုင်းမျှ တုံ့ဆိုင်းနေ၏။ ထို့နောက် အခန်းထဲသို့ ဝင်သွားပြီး မိန်းခလုတ် တင်လိုက်သော်  သူ ဖွင့်ထားခဲ့သည့် အိမ်ရှေ့ခန်း မီးချောင်း လင်းလာသည်။ ပြတင်းပေါက်ဆီ အလျင်အမြန် လျှောက်သွားကာ မှန်ချပ်များကို အဆုံးအထိ ဖွင့်လိုက်သည်။ မိုးသက်လေပြည် သုတ်ကနဲ ဝင်လာသည့်အခါ မှ သူ အသက် ပြင်းပြင်း တချက် ရှိုက် ၏။ ခရီး မသွားခင်က သူ ဘုရား ကပ်လှုပူဇော် ခဲ့သည့် ဂန္ဓာမာပန်း အဖြူတို့သည် ပွင့်ဖတ်များ တချို့  ကြွေလျက်၊ တချို့ မှို စွဲကပ်ကာ   ခြောက်သွေ့ညိုမည်းနေသည့် ရိုးတံ တွင် ကပ်လျက် ကျန် ရှိ၏။

အဲဒီအိတ်ထဲမှာ စားစရာပါတယ်။ အခန်းထဲ ယူမသွားနဲ့လေ ဟု ပြောကာ သိုးသိုးသွက်သွက် ထ ၍ အထုပ်ကို    ဖြေ ပြီးလျှင် ဆွမ်းတော်တင်ဖို့ သပ်သပ် ဖယ်ထားပြီးရင် တခါတည်း စားလိုက်ကြ ဟု ပြောသံ တနေရာမှ လွှင့် လာသည်။ ဟိုကောင်လေး အဲဒါ နင့်အတွက်မဟုတ်ဘူး။ အဖေ့ ဖို့ ဝယ်လာတာ။ ငါ့ အိတ် မွှေ မနေနဲ့ ဟု တားမြစ်သံလည်း ထွက်လာပြန်၏။

ဘုရားစင်၊ မီးဖိုခန်း၊ ရေချိုးခန်း၊  ဝရန်တာ မီးခလုတ်များကို သူ တခုပြီး တခု လိုက်ဖွင့်သည်။ အိပ်ခန်းဆီသို့  ပြန်လှည့်လာပြီးနောက် မီးခလုတ် ကို ဖွင့်သည်။ ကပ်ရက်အခန်းသို့ ကူးပြီး ထပ် ဖွင့်သည်။ အစွန်ဆုံး အခန်း၏ မီးကိုပါ  ဆက် ဖွင့်သည်။ လျှပ်စစ် မီးရောင်သည် နေရာအနှံ့ ဖြန့်ကျက်ကာ အခန်းအားလုံး ထိန်လင်း လာသည်။ မှောင်မိုက်ခြင်းသည် ကွယ်ပျောက်ပြီ။ သို့သော်လည်း တိတ်ဆိတ်ခြင်းသည် ကြီးစိုးမြဲပင်။ အိမ်ရှေ့ခန်းသို့ ပြန်ထွက်လာပြီး ရုပ်မြင်သံကြားစက်ကို ဖွင့်၏။ ဘီဘီစီ သတင်းကြေငြာသူကို မြင်ရ၏။  တေးဂီတလိုင်းသို့      ပြောင်း လိုက်ပြီးနောက် အဝေးထိန်းခလုတ်ကို ပြန်ချ လိုက်သည်။ ဆူညံသော သီချင်းသံ ထွက်လာသည့်အခါ အိမ်ရှေ့ခန်းတွင် ချထားသည့် ကျောပိုးအိတ်ကို ကောက်ယူ၍ အိပ်ခန်းဆီသို့ သွား၏။ 

ခေါင်းအုံးစွပ်နဲ့ အိပ်ယာခင်းအသစ် လဲထားပေးရဲ့လား။ အိတ်ထဲမှာ ပလပ်စတပ်နဲ့ ထုပ်ထားတာတွေ အခု လျှော်မှ ရမယ်။ ရေချိုးခန်းထဲ တခါတည်း ထည့်ထားမှ ရမှာ ဆိုသော စကားများသည် အခန်းနံရံများမှ ပဲ့တင်သံ လာသည် ထင်ပါရဲ့။

မီးအားထိန်း ခလုတ် စိမ်းသွားသဖြင့် ရေခဲသေတ္တာ စ တင် အလုပ်လုပ်လာသည့် အသံသဲ့သဲ့ ကြားရလေသည်။ သွားဖွင့်ကြည့်သော်  ပိန့်ရှုံ့ နေသည့် မုန်လာဥနီ နှစ်လုံး၊ ခရမ်းချဉ်သီးတထုပ်၊  ငရုတ်သီးစိမ်းအပုပ်များ၊ ခြောက်သွေ့နေသော နံနံပင် တစည်းတို့ကို  မြင်ရသည်။ ပုပ် အဲ့အဲ့ အနံ့ ရလာ သဖြင့် ချက်ချင်း ပြန်ပိတ်လိုက်၏။ ဒါတွေ ဘယ်လိုဖြစ်လို့ ကျန်နေခဲ့ပါလိမ့်။ ခရီးမထွက်ခင် ဘာမှ မကျန်အောင် သူ ရှင်းခဲ့တာ မဟုတ်ဘူးလား။

နံရံတွင် ကပ်ထားသည့် ရေသန့်ဗူးကြီးမှ ရေတခွက် ဖွင့်ယူကာ သောက်သည်။ ရေ ကုန်ခါနီးပြီ။ မနက်ဖြန် ရုံးမသွားခင် ရေပို့သမား အချိန်မီ လာနိုင်မည် မဟုတ်ကြောင်း တွေးမိသည်နှင့် သူ မျက်မှောင်ကုပ်သွား၏။ ကြောင်အိမ်ကို ဖွင့်လိုက်သည့်အခါ ပိန်လှီနေသည့် ကြက်သွန်နီတချို့ ကို မြင်ရသည်။ ငါးခြောက်များ သိမ်းထားသည့် ဘူးကို ရှာသည်။ တွေ့သော် လှီးဖြတ်ထားသော ငါးယောင်ခြောက် လက်တဆုပ်ကို ရေစိမ် လိုက်သည်။ ထမင်း ချက်ရအုန်းမည်။ ဆန် ကော။ ဆန် ကျန်သေးရဲ့လား။

ဆန်အိုးထားသည့် အကန့်တွင် ရှိနေဆဲ ဘူးကြီးကို ဖွင့်လိုက်ပြီးမှ သတိဝင်လာ၍ ပြန်ပိတ်လိုက်၏။ ဆန် ဒီမှာ မထည့်တာ ကြာလှပြီလေ။ ဆန် ဘယ်မှာ သိမ်းထားသလဲ။ ကြောင်အိမ်ဆီ တဖန်ရောက်လာပြန်လေသည်။  ခေါင်းငုံ့ ရှာသော် အောက်အဆင့်တွင် ပလပ်စတစ်နှင့် ထုပ်ထားသည့် ဆန် အနည်းငယ်ကို မြင်သည်။ မှို နံ့  ရ ချင် နေပြီ။ ဒီ ဆန် တပြည် ဝယ်ထားတာ ဘယ်နှစ်လ ရှိပြီလဲ။ တလ လား။ နှစ်လ လား။
ဒီနေ့ တလစာ ဆန် အပြည် နှစ်ဆယ် ဝယ်မယ်။ ဆီလည်း ကုန်တော့မယ်။  ဈေးကို လိုက်ခဲ့ပေးအုန်း။ ရွှေဘို ထူးထူးရှယ် တပြည်လောက် ဝယ်ပြီး အုန်းထမင်း ချက်စားစို့ ဟု ရွင်ကြည်စွာ ပြောဆိုသည့် ဟန်ကို မြင်လာသည်။ မွေးပျံ့သည့် အုန်းထမင်း ရနံ့ သည် အိမ်သားများ၏ စိတ်နှလုံးကို  ဝမ်းမြောက်စေ၏။ အတူတကွ ရယ်မောသံများ ကြားလိုက်ရသည် ဟု ထင်မြင်လာ၏။

ထမင်ပေါင်းအိုး မီးခလုတ် နှိပ်ပြီးသည်နှင့် ရေစိမ်ထားသော ငါးခြောက်ကို နှစ်ခါပြန် ဆေး၍ ကြော်သည်။ ငါးခြောက်ကြော်အနံ့ သည် မီးဖိုခန်း၏ အောက်သိုးသိုး အနံ့ နှင့်အတူ လုံးထွေးပေါင်းစပ် သွားသည်။ အနံ့ စုပ်သည့် ခလုတ်ကို သူ လှမ်း ဖွင့်လိုက်၏။ ရေခဲသေတ္တာထဲမှ ပုပ်သိုးနေသည့်အရာများကို လွင့်ပစ်သည်။

သူများ ရေချိုးနေတုန်း ငါးမကြော် ကြနဲ့လေ၊ ဒီမှာ မွန်ထူ နေတာပဲ၊ စိတ်တိုတယ်၊ အဲဒီ ငါးခြောက်ကို သူများ အိမ်ပြန်မရောက်ခင် ကြော်ထားကြပါလား၊ တကယ်ပဲ ဟူသော နိုင်လိုမင်းထက် ဆန်သည့် စကားကို အကြိမ်ပေါင်း မရေတွက်နိုင်အောင် ပြောခဲ့လေသည်။

သူ လက်ဆေးပြီး အိမ်ရှေ့ ခန်း ပြန်ထွက်သွားသည်။ ရုပ်မြင်သံကြားပေါ်တွင် ငယ်ရွယ်နုပျို ချောမောသည့် သီချင်းသည်များ အုပ်စုလိုက် ကခုန်နေသည်ကို မြင်ရသည်။  သူ တံမြက်စည်း ကောက်ကိုင်ကာ အမှိုက် စ လှည်းကျင်းလေသည်။ သူ့အခန်း ကုတင်ခေါင်းရင်းတွင် ဖုန်မှုန့်များ ကပ်ငြိနေသည်ကို မြင်ရ၏။ တံမြက်စည်း ကို ချထားလိုက်ပြီး ရေချိုးခန်းဆီသို့ သွား၏။ အဝတ်ရေစို တခုဖြင့် ပြန်လာကာ ဖုန်များကို သုတ်ပစ်လိုက်၏။ အိပ်ယာကို ဖုံးထားသော အဝတ်စကို ဖယ်၍  ခါ သည်။ ခေါင်းအုံးစွပ် နဲ့ အိပ်ယာခင်း ခဏနေမှ လဲမည်ဟု သူ တွေး၏။

အဝတ်ရေစိုကိုင်လျက်  တဘက်ခန်းသို့ ကူး၏။  ကုတင်ခေါင်းရင်းတွင် စိမ်းပြာလဲ့လဲ့ အရောင်ကလေးကို မြင်လိုက်ရသည်။ မှို တက်နေတာလား။ သူ အားဖြင့် ဖိ၍ တိုက်လိုက်သည်။ ပလပ်စတစ်အိတ်ကြီးဖြင့် လိပ်ကာ တိပ် ပိတ်ထားသည့် အိပ်ရာလိပ်ကို စစ် လိုက်၏။ စိမ်းပြာရောင် ကို မမြင်ရ။ တော်ပါသေးရဲ့။ 

အစွန်ဆုံးအခန်းသို့ သူ ရောက်လာ၏။ နံရံတွင် လိပ်ကာ ထောင်ထားသည့် ဖျာနှင့် မွေ့ယာ တွဲရက် အလိပ်ကို သွားကြည့်၏။ ဖုန်ရောင်ကြောင့် ညစ်နေသည်ကလွဲလို့ ပြာလဲ့လဲ့တို့ကို မမြင်ရ။ အိပ်ယာလိပ်နံဘေး ဆေးရောင်စုံဘူးများနှင့် သီချင်းစာအုပ် သုံးလေးအုပ် ရှိနေသည်။ သူ ကောက်ယူလိုက်ပြီး နံရံကပ် စာအုပ်စင် ပေါ်သို့ လှမ်းတင်သည်။ သည်မှာလည်း ဖုန်ထု မင်းမူနေပြန်ပြီ။ နံရံပေါ်တွင် ချိတ်ထားသော အစိမ်းရောင်လမ်းကလေး ဟု အမည်ပေးထားသည့် ပန်းချီကားကို လှမ်း ကြည့်လိုက်သည်။

နင် ကြိုက်တဲ့ လမ်းကို ဆွဲထားပေးတာ၊ ငါ့ကို ဆေးဘိုး ပြန်ပေး ဆိုသည့် စကားကို သတိရမိသည်။ ဆေးဖိုးတော့ မရဘူး၊ ခြေထောက်ပဲရမယ် ဟု တုံ့ပြန်သောအခါ အမေ၊ အမေ့သမီး ကျွန်တော်ကို အနိုင်ကျင့် နေတယ်  ဟူသော  ရယ်ရွှန်း စွက်သော အော်သံ ဆူဆူညံညံ ကို ကြားရပြန်သည်။

နံရံကပ်ဘီဒိုကို ဖွင့်လိုက်သော် တပတ်နွမ်း အဝတ်အစား အနည်းငယ် ကို တွေ့ရသည်။ အောက်အဆင့်တွင် ဂျင်းဘောင်းဘီ သုံးလေးထည် ရှိနေသည်။ ဒီကောင်လေးဟာ သူ့ဘောင်းဘီတွေ ဘာလို့ အကုန် မယူသွားပါလိမ့်၊ မတော်တော့လို့ ထားခဲ့တာလား။


အိမ်ရှေ့ခန်းမှ သီချင်းသည်များကတော့ ဆက်လက် ခုန်ပေါက်နေဆဲပင်။

ဘုရားကျောင်းဆောင်ကို သန့်ရှင်းလိုက်ပြီးနောက် ဘုရားပန်းအိုးထဲမှ ပန်းအခြောက်များကို စွန့်ပစ်ပြီး ပန်းအိုးကို ဆေးကြောတိုက်ချွတ်သည်။ ဒီနေ့ ဘုရားပန်း မဝယ်နိုင်တော့။ ပန်းအညှိုး ပန်းအခြောက်ကို ကပ်ထားရတာနှင့်စာလျှင် မရှိသည်ကမှ တင့်တယ်အုန်းမည်။  ပန်းမရှိလျှင် ဘာဖြစ်မည်နည်း။ ဘာမှ မဖြစ်ပါ။ ဘာမှ မဖြစ်ဟု ရေရွှတ်မြည်တမ်းသော်လည်း သူ့ စိတ်ထဲ ဘဝင်မကျသလို  တမျိးတမည် ဖြစ်လာသည်။ 

ရေခွက်များကို ဆေးကြောပြီး သောက်တော်ရေ အသစ် ဖြည့်၏။ သူ  အတန်အသင့် စိတ်ကြည် လာသည်။ ဘုရားပန်းနှင့် သောက်ရေကပ်လှုခြင်းသည် ကုသိုလ်အမှုကို ပြုခြင်း ဟု သူ အမှန်တကယ် သက်ဝင်ယုံကြည်ရဲ့လား ဟူသော အတွေး ဝင်လာသည်။ သူ့ မိဘဘိုးဘွား သည် ထိုအရာကို ကုသိုလ်အမှု ဟု ယူမှတ် ကျင့်သုံးခဲ့လေတော့ သူ့ ထံ သို့ အလိုအလျောက် စိမ့်ဝင်ခြင်း  ရှိခဲ့လေပြီ။ သူ အိမ်ပြန်လာချိန် ဘုရားပန်းတွေ ဝေဆာ လှပနေလျှင် စိတ်ကြည်နူး သည် မဟုတ်လော။ သည်တော့ ထို ကပ်လှုခြင်းအမှုသည်   ယုံကြည်စိတ်ထားကာ ရိုကျိုး ဆည်းကပ်သူ၏  စိတ်ကြည်လင် ရှင်းသန့်မှု အတွက်သာ မဟုတ်လော။ ဘုရားပန်းဟုသာ ခေါ်ကြသည်။ တကယ်တန်းတော့ ကပ်လှုသူအတွက် ပန်း သာ ဖြစ်သည်။

သူ့ အတွေးကို အမေသာ သိလျှင် ပေါက်ပေါက်ရှာရှာတွေ ပြောပြန်ပြီဟု အပြစ်ဆိုချေမည်။ အပြစ်ဆိုရုံမက ဆူပူကြိမ်းမောင်းလျှင်လည်း ခံလိုက်အုန်းမည်။ မိခင်နံဘေး တိုးဝင်ကာ သူ့ အတွေးကို ပြောခွင့် သာ ရချင်မိ၏။ ထိုအခွင့်သည် တဖန် ပြန် ၍ မရှိနိုင်တော့။


သူ့ အာရုံကြောများ တင်းလာ၍ တဖြစ်ဖြစ် မြည်လာ သည်။  လည်ကုပ်မှသည် ငယ်ထိပ်ဆီသို့ ကျဉ် တတ် သွားသည့် ခံစားမှုသည် မျက်ဝန်းအစုံသို့ အရောက်တွင် ရေငွေ့ ရိုက်၏။

အကြာကြီး စိမ် ချိုးမနေနဲ့လေ။ အဝတ်တွေ လျှော်မနေနဲ့။ ထားခဲ့လိုက်တော့။  ညနေစောင်းမှ ခေါင်းလျှော်မနေနဲ့အုန်း။ အဖေ ထမင်း စားဖို့ စောင့်နေတယ်။ အမြန်လုပ် ဟု  ရေချိုးခန်းတံခါးကို ခေါက် ပြီး ပြောလိုက်သည့် စကားသံ ကို ကြားလိုက်ရသည်ဟု ထင်သဖြင့် တံခါးဝဆီသို့ ယမ်းယောင်စွာ လှည့်ကြည့်မိသည်။

ရေပန်းအောက်သို့ ခေါင်း ထိုး လိုက်ပြီး မျက်စိ စုံမှိတ် လိုက်သည်။ ဆံ စ ပေါ်သို့ ကျ လာသည့် ရေအေးအေး သည် ပါးပြင်ပေါ်မှ ရေပူများနှင့်အတူ ခြေအစုံဆီသို့ စီးဆင်းလာသည်။ လောင်မြိုက်တတ်သည့်  အရာတိုင်းကို  ရေဖြင့် မငြိမ်းသတ်နိုင်။

ကြည့်သူ မရှိသည့် ရုပ်မြင်သံကြားစက် တေးဂီတ လိုင်း တွင် အကအခုန် သီချင်းများ ပြီးဆုံးသွားကာ ငြိမ့်ညောင်းသည့် သံစဉ်များ တီးခတ်နေကြသည်။
အဝတ်အစား လဲလှယ်ပြီးသည်နှင့် သူ ဗိုက်ဆာပြီ။ ထမင်းပန်းကန်ထဲသို့ ငါးခြောက်ကြော် ပုံထည့်လိုက်ပြီး စားပွဲတွင် ထိုင်သည်။ ထမင်းစားပွဲသည် အခါတိုင်းတွင် အခန်းအလယ်တွင် ရှိစမြဲ။ ယခုတွင်မူ နံရံတွင် ကပ်လျက် ထား၏။ ဘဝ သည်လည်း တခြမ်း ကပ် ခဲ့ပြီ။

ဟင်းခွက် နှိုက်ကြသည့် သူတို့ လက်များ ရှုပ် ရှတ် ခတ်နေလျှင် ဒီကလေးတွေနဲ့တော့ ထမင်းဝိုင်း မှာ ယာဉ်ထိန်းရဲ ခေါ်မှ ရမယ် ဟု ဖခင်၏ စ နောက်သံ ကို အခါတိုင်းတွင် ကြားရလေ့ ရှိ၏။ ရယ်မောသံ စကားပြောသံများနှင့် လူစုံတက်စုံ ထမင်းဝိုင်း၏ စိတ်အာဟာရ ကို စားသုံးခဲ့ရသော နှစ်ကာလများသည် အဝေးမှာ ကျန်ခဲ့ပြီ။


ထမင်း ၂ လုတ် ဝါးပြီးနောက် အာခေါင် ခြောက်လာသဖြင့် သူ ထ လာကာ ရေတခွက် ခပ်သည်။  အနည်းငယ် သောက်လိုက်ပြီးနောက် ခွက်ထဲရှိ လက်ကျန်ရေများကို ထမင်းပန်းကန်ထဲသို့ လောင်းထည့်လိုက်၏။ ထိုနောက် ရေစိမ်ထမင်းနှင့် ငါးခြောက်ကြော် ကို ဆက် စားသည်။ စားရင်း ပန်းကန် ကိုင်လျက် အိမ်ရှေ့ခန်း ဆီသို့ ထွက်လာ၏။ အဝေးထိန်းခလုတ်ကို ယူလိုက်ပြီး အစားအသောက် ချက်ပြုတ်သည့် လိုင်း သို့  ပြောင်းလိုက်သည်။ ပွက်ပွက်ဆူနေသည့် ဟင်းရည်အိုးထဲသို့ ထည့်လိုက်သည့် အသီးအရွက်များကို  စ မြင် သည်။ နာမည်ကျော် ဗီယက်နမ် စားဖိုမှုး၏ အာရှဒေသ ဟင်းလျာသည် မြင်ရုံနှင့်ပင် ခံတွင်း စို စေ သည် မဟုတ်လော။ သူ ရေစိမ် ထမင်းကို နာနာ ဝါး၍ မျိုချ ၏။

စားသောက်ဆေးကြောပြီး သည်နှင့်  သူ  ရေတင်ခလုတ်ကို သွားဖွင့်သည်။ နောက်ဘက် ဝရန်တာသို့ ထွက်သွားကာ ပလပ်စတစ်ခွက် ထဲ ရေထည့်ကာ စိမ်ထားခဲ့သော အပင်ကို သွားကြည့်၏။ ရေဓာတ်ကလေးကြောင့် အပင်သည် သေတော့ မသေ။ သို့သော် သစ်ရွက်များ ငိုက်ကျ နွမ်းရိ ကာ စိမ်းစိုသန်စွမ်းခြင်း မရှိ။


သစ်ပင်တွေမှာလည်း အသက်ရှိတယ်။ ရုံးက ပြန်လာရင် သွားကြည့် ပြီး နှုတ်ဆက်လေ။ ကိုယ်တိုင် ရေလေးဘာလေး လောင်းပေးအုန်း ဟူသော အကြံပြုချက်ကို သူ ကြားနာခဲ့ဖူးသည်။ ထိုစဉ်ကာလ
အပင်တို့သည် စိမ်းမြရွန်းသစ်သော အရွက်နုတို့ဖြင့် လှပ တင့်တယ်ခဲ့သည် မဟုတ်လော။

အပင်စိုက်ထားသည့် အိုးကို ရေချိုးခန်းဆီသို့  မ ယူ လာပြီး  ရေ ရွဲရွဲ လောင်းလိုက်သည်။ ထိုနောက် အရင် ထားနေကြနေရာ အိမ်ရှေ့ ပြတင်းပေါက်ဘောင် သို့ ပြန်ရွေ့သည်။ သစ်ရွက်တို့ ငိုက် ကျ နေမြဲပင်။ စိမ်းစို လန်းဖြာ သည့် သစ်ရွက်နုလေး ထွက်လာနိုင်ဖို့ အချိန် ကြာအုန်းမည်။ ထိခိုက်ခဲ့သော ဘဝ တို့ တဖန် စိမ်းလန်း လာရန် ကာလ အပိုင်းအခြား တခု လွန်မြောက်ရအုန်းမည်။

ပြန်ရောက်ကတည်းက ဆက်တိုက်ဖွင့်ထားသော ရုပ်မြင်သံကြားစက်ကို သွား ပိတ်သည်။ ငြိမ်သက် တိတ်ဆိတ်မှု သည် တဖန် ကျ ရောက်လာ၏။ ဘုရားကျောင်းဆောင်ရှေ့သို့ သူ သွားထိုင်ပြီး ဝတ်ပြုသည်။ သွားတိုက်ပြီးသည်နှင့်  မီးဖိုခန်း ရေချိုးခန်း ဝရန်တာ မီးများ ပိတ်လိုက်၏။ အိမ်နောက်ဘက် တံခါးများ ပြတင်းပေါက်များ ပိတ်သည်။ သူ့အခန်းမီးကိုသာ ချန်လျက် ကျန် ခလုတ်များကို ပိတ်လိုက် သည်။

အိပ်ယာခင်းနှင့် ခေါင်းအုံးစွပ် အသစ်များ လဲလှယ်ပြီးနောက် သူ ကုတင်ပေါ်တွင် လှဲ လိုက်သည်။ ချက်ချင်း  ပြန် ထ လာပြီး နံရံကပ် စာအုပ်စင်ပေါ်မှ စာအုပ်တအုပ်ကို ဆွဲယူလိုက်၏။

ညနက်သန်းခေါင်ထိ စာဖတ်မနေနဲ့လေ၊ မနက်လည်း စောစော ထ ရ အုန်းမှာ မဟုတ်လား။ အိပ်တော့ အိပ်တော့ ဟု သတိပေးသူ မရှိတော့သော်လည်း သင့်လျော်သည့် အချိန်တွင် သူ အိပ် ရမည်။ ထိုအချိန်
ကျော်လွန်ပါက တညလုံး သူ အိပ်နိုင်မည် မဟုတ်တော့။ လုပ်သင့်လုပ်ထိုက်သော အမှုကိစ္စများကို အရွယ် နှင့် ခန္ဓာဗေဒ က မောင်းနှင်သတိပေးပြန်၏။

တဖြည်းဖြည်း ည နက် လာပြီ။ ဆူညံသံ၊ စကားပြောသံ၊ ရေစက်မောင်းသံ၊ ရုပ်မြင်သံကြားစက်အသံ တို့ တစ တစ ပါးလျ ပျောက်ကွယ်သွားပြီး ပတ်ဝန်းကျင်သည် ပိုမို ဆိတ်ငြိမ် လာ၏။ စာအုပ်ကို ဘေး ချ ထားလိုက်ပြီး မျက်စိများ အသာ မှိတ်ထားလိုက်ကာ၊ သူ့ စိတ်အာရုံတွင် မြင်လာသည့် ပုံရိပ်ယောင်များကို ဆက် ဖတ် နေသည်။ ပျော်ရွင်စရာများ အတွက် နှုတ်ခမ်းဖျားတွင် အပြုံး တွဲခိုလျက်။ ကြေကွဲ ဝမ်းနည်းမှုများအတွက် မျက်ဝန်းအစုံ စိုစွတ်လျက်။

အတန်ကြာသော် အိပ်ယာ ခေါင်းရင်းရှိ မီးခလုတ်ကို လှမ်း ပိတ် လိုက်သည်။

သူ့ ကမ္ဘာတွင် တိတ်ဆိတ်မှောင်မိုက်ခြင်း သာ ကျန် ၏။

(မြယာ)
၂၀၁၆၀၉၂၄