Tuesday 17 September 2013

တယောက်သောသူ



တယောက်ယောက်ကို ချစ်ခဲ့ဖူးလား။ ဟမ် ငါ့ကိုမေးတာလား။ ဟဲ့ နင် နည်းနည်း များနေပြီ ထင်တယ် စူး။  နင့် ငယ်ရည်စားအကြောင်း ပြောနေရင်းက ဘယ့်နှယ် ငါ့ဘက် လှည့်လာရတာတုန်း။ ရင်ခုန်ခဲ့တဲ့လူ အာ သက်ထွေးလေ သင်္ကြန်မိုးထဲက။ တွယ်တာခဲ့ဘူးလား။ ခက်ပြီ ငါ ဘယ်သူနဲ့ ပက်သက်နေတာ နင်မြင်လို့လဲ။ မရှိဘူးလေ။ ဒုက္ခဘဲ ဟေ့ကောင် မူးပြီး မရစ်နဲ့ကွာ။ အိုကေ အိုကေ ငါ့ကို လာရိုက်မနေနဲ့ ပြောမယ် ပြောမယ်။ ပြောလိုက်ရင် နင်မလန့်နဲ့နော် ရုပ်ရှင်တွေထဲကလို လွန်ခဲ့တဲ့အနှစ် နှစ်ဆယ်ကျော်ကပေါ့ကွာ။ ဟေး ဘာလို့ ထခုန်တာတုန်း။ ဟားဟား ပြောထား တယ်လေ မလန့်နဲ့လို့။

နင်သိလား။ အရင်က ဘယ်တော့မှ မမေ့ဘူးထင်ထားတဲ့အဖြစ်အပျက်တွေကို ခု မေ့ နေပြီး အာရုံမှာ မစွဲငြိခဲ့တဲ့အရာတွေကို တ သ သ ဖြစ်နေရတာ တော်တော် ဆန်းပြားလှတယ်။ ချစ်တာ ရင်ခုန်တာ တွယ်ငြိတာ ဘာတွေမှန်း သေသေချာချာ မသိဘူး။ ဒါပေမဲ့ အဲဒီတယောက်ကို ငါ သတိရနေတုန်းဆိုတာ သေချာတယ်။ နင် မှတ်မိလား လေးနှစ်လုံး ငါတို့နဲ့ တခန်းတည်း တူတူဘဲလေ။ နင်မသိဘူး။ အေးလေ မသိလောက်ဘူး တို့အခန်းထဲ လူက တစ်ရာကျော်လေ။ ငါက နောက်ဆုံးခုံတန်းမှာ ထိုင်နေကြလေ။ သူက ငါ့ အရှေ့ ခုံမှာ အမြဲထိုင်တယ်။ ဟို သွားတက်နဲ့ ချောချောတယောက် သိလား သူနဲ့ အမြဲတွဲတာလေ။ ဟင် နင်က ချောချောလေးကိုတော့ သိသား။ 

သူနဲ့က ဘာမှမဖြစ်ဘူးလေ။ သူ့ကို ခုထိ သတိရနေတာဘဲ ပြောချင်တာ။ ပက်သက်မှု… မရှိပါဘူး သြော် ခက်ပါ့ စူးရယ်။ ပက်သက်ခဲ့ရင် နင်အရင်ဆုံး သိမှာလေ။ သူ့အကြောင်း ပြောပြမယ်။ နင် မသိဘူး မဟုတ်လား။ သူက အတန်းဖော် စကားနည်းတယ် အေးတယ် အနေရိုးတယ်။ သူနဲ့ ထူးထွေ ပက်သက်ခဲ့တာ မရှိဘူး။ အဲ သူ့ကို စိတ်ထဲက အရမ်းခင်မင်သွားစေတဲ့ ဖြစ်ရပ် နှစ်ခု ရှိတယ်။

ရွာက ငယ်သူငယ်ချင်း ဆေးရုံတက်လို့ ဆေးရုံကြီး သွားအိပ်တဲ့ နေ့ပေါ့။ သူ ကြာကြာ မနေရတော့ဘူးဆိုလို့ ငါ စိတ်ဆင်းရဲပြီး ပြန်လာတာ ကျောင်းကွေ့မှာ သူနဲ့တွေ့တယ်။ ငါ့ကို ပြုံးပြပြီး ချက်ချင်းပဲ ဘယ်ကပြန်လာလဲ ဘာဖြစ်လို့လဲ အဲလိုမေးတယ် စူးရယ်။ ငါ ဝမ်းနည်းနေချိန် သူ အဲလိုမေးတော့ ငိုချင်လိုက်တာလေ။ ငါ့ မျက်နှာမကောင်းတာကို သူသိတာလဲ အံ့သြမိတယ်။ ဘာမှ မဖြစ်ဘူး ဆေးရုံကပြန်လာတာ သွားတော့မယ်လို့ ပြောပြီး အဆောင်ကို အမြန် လစ်လာတာ။ အဲဒါ ပထမနှစ်က။

ဒုတိယနှစ်မှာ တရက် ငါ အဆောင်ကင်တီးကို ရေအိုးအသစ် သွားဝယ်တယ်။ မိုးသည်းလွန်းလို့ နင်မလိုက်ခဲ့ဘူးလေ။ ရေအိုး တံမြက်စည်း မုန့်ထုပ် ခေါက်ဆွဲခြောက်ထုပ် ရေစစ် တပုံတပင် ဝယ်ပြီး မနိုင်မနင်းနဲ့ ပြန်လာတာ။ မိုး သဲကြီးမဲကြီး ရွာနေတော့ ဘယ်သူမှမကြားဘူး အထင်နဲ့ သီချင်း အော်ဆိုနေတာ ပစ္စည်းတွေ များလိုက်တာ ကျွန်တော်ကိုပေးပါ ဆိုတော့မှ သူ့ကိုတွေ့တာ။  ငါက ရပါတယ်ဆိုတာကို သူက တို့အဆောင်သွားမှာ လမ်းကြုံတယ်တဲ့။ သူ ဝတ်ထားတဲ့ ရှမ်းပင်နီအပြာလေး မိုးစိုပြီး ကိုယ်မှာကပ်လို့။ အေးဟာ သူ ဘာဝတ်ထားလဲမှတ်မိနေတာ။ ငါက ကိုယ် ဘာ ဝတ်ထားလဲတောင် သိတဲ့လူ မဟုတ်ဘူးလေ။ မိုးတွေလေတွေနဲ့ မိုးတိတ်မှ လာတာမဟုတ်ဘူးလို့ အပြစ်တင်သေးတယ် ထင်တာဘဲ။ ငါ နည်းနည်း ရှိန်း သွားတာနဲ့ မိုးရွာလို့ကို တမင်ဆင်းလာတာ မိုးရွာထဲ သွားရတာပျော်လို့ ပြန်ဖြေလိုက်တော့ ဒါကြောင့် သီချင်းအော်ဆိုလာတာလားတဲ့။ ကွဲပါတယ်။ ဘယ်သူမှ မကြားဘူးထင်လို့ အော်မိပါတယ် တခါတည်း လူမိတာဘဲ။ အဲဒီနေ့က သူပါလာလို့ အဆောင်နောက်ဘက်က ဝင်လာလို့မရဘဲ ဘောလုံးကွင်းဘက်က လှည့်ပြန်ရတော့ ငါ ဘောလုံးပွဲ ကြည့်အုန်းမယ်ဆိုတာတောင် စောင့်ပေးလိုက်သေးတယ်။ အဆောင်ရောက်တော့ သူတို့မြို့က သူငယ်ချင်းကိုခေါ်ပေးလိုက်တယ် ကျေးဇူးတင်တယ် ပြောလိုက်တယ်။ အင်း ဒါပဲလေ သူနဲ့ စကား ဆက်ပြောစရာမှ မရှိတော့တာ။ နောက်ရက်တွေ့တော့လား ဒီအတိုင်း ပြုံးပြလိုက်တာပဲလေ။ စကားသွားပြောတာ ဟင့်အင်း မလုပ်ဖြစ်ဘူးလေ။ ဒါပေမဲ့ ငါ့စိတ်နှလုံးက သူ့ကို အကျွမ်းဝင်မိပြီ။

လေးနှစ်လုံးလုံး တန်းတည်း သူ ဘယ်မြို့ကလဲ သိတယ်။ ငါထိုင်နေကြခုံ ရှေ့တန်းမှာ သူ အမြဲရှိတယ်။ ငါသာ အတန်းလစ်တာ။ သူ ဘယ်တော့မှ မလစ်တတ်ဘူး။  ဘာသင်သွားလဲ သူ့ကို တခါ နှစ်ခါ မေးဖူးတယ်။ သူက တော်တော် အနေအေးပြီး ငါတို့က ဝက်ဝက်ကွဲတွေဆိုတော့ သိပ်ဆက်စပ်လို့မရပေမဲ့ ရင်းနှီးကျွမ်းဝင်ချင်ရင် အလွယ်လေးပါ။မနက်တိုင်း သူ့ မျက်နှာကို အတန်းထဲတွေ့လိုက်ရင် ငါ စိတ် အေးမြတယ်။ လုံးဝ အတန်းမပျက်ဖူးတဲ့ သူ တခါ ပျက်ပါရောလား။ ငါ စိတ်အနှောင့်အယှက် ဖြစ်ခဲ့တဲ့အထိပဲ။ သူဘာသာ မလာတာ အရေးမပါလိုက်လေ ဘာဆိုင်လို့လဲလို့ စိတ်ထဲ ငြင်းဆန် တာတောင် မရဘူး။ ဝန်ခံတယ် ငါ တွယ်ငြိခဲ့တာ။ 

ခြေစုံရပ်နေတယ် ငါလား။ ဟုတ်မှာ။ ရှင်းရှင်း ပြောရရင် ကျောင်းမှာ အတွဲရှာတာကို အလုပ်ကြီးတခုလို လုပ်နေတဲ့လူတွေကို တော်တော် စိတ်ပျက်တယ်။ နင့် ကို ဖဲ့တာ မဟုတ်ဘူး။ ငယ်ရွယ်သူတွေဆိုတော့ ဒီလိုဘဲရှိကြမှာလို့ ခုမှတွေးမိတာ။ အဲဒီအချိန်တုန်းကတော့ မကြိုက်ဘူးဟဲ့။ နင်ကိုပြောသင့်တယ် အာ အဲဒီအချိန်တုန်းက ပြောသင့်တယ်လို့ကို မထင်တာ။ ငါဆက်ပြောအုန်းမယ်။ 

အမြဲလို စာမေးပွဲ တခန်းတည်း ဖြေရပေမယ့် နောက်ဆုံးနှစ်မှာ သူ နဲ့ အခန်း မတူတော့ဘူး။ ငါ အောက်ထပ် ဆင်းဆင်းသွားပြီး နေ့တိုင်းလိုလို သွားကြည့်တယ်။ နောက်ဆုံးနှစ်လေ။ နောက် သူ့ကို မြင်နိုင်တော့မှာမဟုတ်ဘူး။ ဒီလောက်ဘဲ ငါတွေးတယ်။ ငါတို့ စာမေးပွဲပြီးတဲ့နေ့ နေကုန်အောင် လည်နေတာလေ။ ငါပြန်လာတော့ အဆောင်ဧည့်ခန်းမှာ သူ တယောက်တည်း ထိုင်နေတာ တွေ့တာကွ။ သူတို့မြို့နယ်အသင်း ပြန်ဘို့ သူ့ သူငယ်ချင်းတွေကို လာတွေ့တာ ဖြစ်မယ်။ ငါ ပြုံးပြ နူက်ဆက်ပြီး အခန်းထဲ ဝင်လာခဲ့တာ။ နောက်မှ သတိရသွားပြီး ချက်ချင်း ပြန်ထွက်သွားတော့ သူ တယောက်တည်းဘဲ ရှိနေသေးတာ။ ငါ ဝမ်းသာလိုက်တာလေ။ လွယ်အိတ်ထဲက အော်တို အသေးလေးကို ထုတ်ပေးပြီး အတော်ပဲ လိပ်စာရေးပေး အမှတ်တရ ရေးပေးလို့ ပြောမိတယ်။ ငါ့ စာအုပ်က နင်တို့ ဆော်ထားတာ ပြည့်နေပြီ။ စာအုပ် အသေးလေး တဖျတ်ဖျတ်လှန်ပြီး နေရာလွတ် ရှာနေတဲ့ သူ့ကို ငါ ရပ်ကြည့်နေပြီး တွေးမိတာ နောက် သူ့ကို ပြန်တွေ့ရတော့မှာ မဟုတ်ဘူး

"ကျေးဇူးပဲ စာမေးပွဲဖြေနိုင်တယ်ဟုတ်" လို့မေးတော့ ဖြေနိုင်တယ်ဗျ ခင်ဗျားကောတဲ့။ ငါက အောင်မှာပါ သွားတော့မယ် လို့ ပြောပြီး အခန်းထဲ ပြန်ဝင်ခဲ့တယ်။ ငါ အတော် ညံ့ဖျင်းသူ ဆိုတာ ခု နင် သိပြီဟုတ်။ သူ တယောက်ယောက်နဲ့ စကားပြောနေတာ မဟုတ်ဘူး။ သူ တယောက်တည်းနော်။ ငါ ဆက်ထိုင်ပြီး စကား ဆက်ပြောနေလို့ ရတယ်။ မလုပ်ခဲ့ဘူး စူး။ အခန်းထဲရောက်မှာ သူ ဘာရေးထားလဲ ရှာကြည့်ပြီး အထပ်ထပ် ဖတ်မိတယ်။ ‘ရင်းရင်းနှီးနှီး မနေဖြစ်ခဲ့ပေမဲ့ ခင်မင်တတ်ပါတယ်’ တဲ့။ နောက် သူ့ လိပ်စာ။ ရင်းရင်းနှီးနှီး မနေဖြစ်ခဲ့ကြဘူးဆိုတာ သူလဲ သတိထားမိတယ် ထင်ပါရဲ့။ 

ငါ့ စိတ်ရင်းနှီးကျွမ်းဝင်မှုကို သူသိဘို့ မပြောနဲ့ ငါတောင် အဲဒီအချိန်က ကောင်းကောင်း မသိခဲ့ဘူး။ သူ ငါ့ လိပ်စာ မတောင်းဘူး။  လေးနှစ်ဆိုတာ နည်းတဲ့အချိန်လား။ ငါတို့ အကျွမ်းတဝင် မဖြစ်ခဲ့ဘူး။ စိတ်မကောင်း ဖြစ်သလိုလိုဘဲ။ သလိုလို ဆိုတော့ သေချာတာ မဟုတ်ဘူးလေ။ စာမေးပွဲအပြီး ငါတို့ တပြည်လုံးပတ်နေလို့ အိမ်ပြန်ဘို့တောင် မေ့နေတာလေ။ အိမ်ပြန်ဘို့တောင် မေ့မှတော့ အဲဒီတယောက်ကိုလဲ အထူးတလည် သတိရ မနေတော့ဘူးလေ။ 

ကိုင်း အဲဒီကတည်းက သူနဲ့မတွေ့တာ ခုထိဘဲ။ အနှစ် နှစ်ဆယ်လောက်ရှိပြီ။ ဟားဟား အခု သိပြီဟုတ် ဘာမှ စိတ်ဝင်စားစရာမရှိတဲ့အကြောင်းကို။ ဘွဲ့ယူတော့ သူလာမှာဘဲလို့ ငါ မျှော်လင့်မိတာ ပြောပြီးပြီလား။ ပြန်တွေ့ရင်တော့ ရင်းနှီး အကျွမ်းတဝင် ခင်မင်ချင်သူပါလို့ ပြောရင် ကောင်းမလားလို့ ငါ တွေးမိသေးတယ်။ ငါလဲ ထွေ နေပြီထင်တယ် ကျွဲခိုးပေါ်ပြီ။ သူ အဝေးရောက်ဘွဲ့ ယူတယ်။ သူ့ ခုံနံပါတ် ငါ သိတယ်။ အဝေးရောက်ယူတဲ့ စာရင်းထဲက သူ့နာမည်ကို အကြာကြီး ကြည့်နေမိတယ်။ အဲဒီနေ့ကလဲ ငါတို့ လျှောက်လည်နေကြတာနဲ့ အသေအချာတောင် ဖီးလ် မတက်လိုက်ရပါဘူး။

 နင်သိသားဘဲ ကျောင်းပြီးကတည်းက ငါ ဘယ်လောက် ရုန်းကန်လာခဲ့ရလဲဆိုတာ။ နင်တို့သာ မရှိခဲ့ရင် ငါ အခုလို နေနိုင်မှာ မဟုတ်ဘူး။ နင် တခါပို့ဖူးတဲ့ နှစ်သစ်ကူးကဒ်က စာသားလိုပေါ့။ ဘဝခရီးကသာ ပြောင်းကုန်တယ် သူငယ်ချင်းကတော့ ထာဝရဆိုတာလေ။ သူငယ်ချင်းတွေရဲ့ ချစ်ခင်မှု မေတ္တာကို ငါ ခံစားရတိုင်း သူငယ်ချင်း မဖြစ်ခဲ့ရသူတယောက်ကို ခဏခဏ သတိရတယ်။ သူ့ လိပ်စာကို သိတော့ စာရေးမလား မကြာမကြာ တွေးမိတယ်။ အေးဟာ ငါက တွေးရုံပဲ လုပ်တတ်တာနဲ့ တူတယ်။ 

ငါ သေကောင်ပေါင်းလဲဖြစ်တဲ့ နှစ်ကို မှတ်မိသေးလား။ ဆေးရုံတက်လိုက်ရတဲ့ နှစ်လေ။ အဲဒီနှစ်လေ သူ့ကို  တော်တော်ကြီးကို သတိရ အောက်မေ့တာ။ ဒါနဲ့ ငါ နှစ်သစ်ကူးကဒ် တခု ပို့လိုက်မိတယ်။ ငါ့ လိပ်စာအပြည့်အစုံနဲ့ကို ပို့လိုက်တာ။ ဇန်န၀ါရီ တစ်လလုံး မျှော်နေမိပြီး ဖေဖော်ဝါရီ လဆန်းရောက်တော့မှ ငါ့ လိပ်ပြာ ငါ ရှက်လိုက်ရတာလေ။ အံ့သြသွားတာလားကွ။ ငါ့လိုလူက ဒီလို လုပ်လိမ့်မယ် နင်ထင်မထားဘူး မဟုတ်လား။ ကျန်သေးတယ် စူး။ တော်တော်မိုက်မဲပြီး အဆင်ခြင်မရှိ လုပ်တာရှိသေးတယ်။ 

ကျောင်းပြီးလို့ ဆယ်နှစ်လောက်အကြာ သွားတက်နဲ့ ချောချောတယောက်ကိုလေ အလုပ်ကိစ္စနဲ့ ပြန်တွေ့တယ်။ သူက ငါ့ကို ဧည့်ခံရင်း ကျောင်းတုန်းက အကြောင်းတွေ ပြောကြတယ်ပေါ့။ အမှတ်တမဲ့ လိုလိုနဲ့ သူ့အကြောင်း မေးတာပေါ့။ သူ့နဲ့လည်း အဆက်အသွယ်ပြတ်နေတယ်(     ) ဌာနမှာ လုပ်တယ်လို့ ကြားတယ်တဲ့။ ကျန်ခဲ့တဲ့နှစ်ကမှ လက်ထပ်တယ်တဲ့။ အဲဒီနေ့က သူတို့မြို့က(   ) ဌာန ဖုန်းနံပါတ်ကို တယ်လီဖုန်းစာအုပ်ထဲ ရှာပြီး မှတ်စုစာအုပ်မှာ ချမှတ်ထားတယ်။ စူး ငါ့ကို အဲသလို မကြည့်နဲ့။ ငါ လုပ်ချင်တဲ့ အလုပ်တခုကို ဖြစ်အောင် လုပ်တတ်တယ်ဆိုတာ နင် သိတယ်နော်။ မလုပ်ချင်လို့ မလုပ်သင့်လို့ ငါ မလုပ်တာဘဲရှိတယ်။ နိုး ငါ  ချက်ချင်း ဖုန်း မဆက်ပါဘူး။ နောက် လေးနှစ်လောက်မှ ဆက်ဖြစ်တာ။

အဲဒီနေ့က ငါ တော်တော်များသွားတယ်။ ရင်ထဲမှာ ဘာအလိုမကျ ဖြစ်နေမှန်း မပြောတတ်ဘူး။ ၀မ်းနည်း ဆို့နင့်နင့် ခံစားချက်တခုနဲ့ လရောင်အောက် အကြာကြီး ထိုင်နေတာ။  ညဘက် အလုပ်ထဲမှာ သူ ရှိမရှိ ငါ မသေချာဘူး။ ဘာလို့ အဲဒီနံပါတ်ကို နှိပ်မိလဲ ငါ မပြောတတ်တော့ဘူး။ အကြာကြီး ဖုန်း မြည်နေပြီးမှ လူတစ်ယောက် လာကိုင်တယ်။ သူ့နာမည်ကို မေးလိုက်တော့ ဆရာ မပြန်သေးဘူး ရှိသေးတယ်တဲ့။ ဟုတ်ကဲ့ အမိန့် ရှိပါ ကျွန်တော်ပါ လို့ ဖြေတဲ့ အသံကိုကြားတယ်။ ငါ အမြဲလိုလို သတိတရရှိနေသူရဲ့ အသံလို့ မခံစားမိဘူး။ နေကောင်းလား ကလေးတွေ ဘယ်အရွယ်ရှိပြီလဲ လို့ ငါ မေးတယ်။ လေးနှစ်ခင်ဗျလို့ ဖြေပြီး အံ့သြနေတဲ့အသံနဲ့ ဘယ်သူလဲ မသိဘူးနော်တဲ့။ ကျွန်မနာမည်ပြောလည်း ရှင်မမှတ်မိပါဘူး ဒီနေ့ တော်တော် စိတ် ထိခိုက်နေလို့ ရှင့် အသံကြားချင်လို့ပါ ဒါဘဲလို့ ပြောပြီး ဖုန်းချလိုက်မိတယ်။ သူ စိတ်အနှောင့်အယှက် ဖြစ်သွားမှာဘဲလို့ တွေးမိပြီး အားနာလိုက်တာလေ။ ကိုယ့် ဘာသာ ကိုယ် အခါခါ အပြစ်တင်မိတယ်။ နောက်တခါ ထပ် မဆက်မိအောင် ကြိုးစားနေထိုင်လာတာ အခုအချိန်အထိဘဲ။ သူလား အခု ရာထူးတိုးပြီး  ( …….. ) မြို့ ကိုပြောင်းရတယ်။ အဲဒီက ဖုန်းနံပါတ်ကိုလည်း သိတယ်။ ငါ ရှာချင် လွယ်ပါတယ်။ 

ဘာလဲ  စိတ်မကောင်းဖြစ်နေတာလား ဒါမှမဟုတ် အရူးမဘဲ ပြောချင်နေတာလား။ ဒီလိုကွ ငါတို့ လက်တွေ့ကျကျ သုံးသပ်ရအောင်။ ငါ့မှာ စွဲလန်းတွယ်တာရတဲ့ လူတယောက်ရှိလာခဲ့ရင် ဒါမှမဟုတ် လက်ထပ်ဖြစ်ခဲ့ရင် အဲဒီအဖြစ်အပျက်ကလေးက ဒီလောက်အထိ မခံနိုင်ပါဘူး။ ဆွေးမြေ့ ပျောက်ကွယ်သွားတာ ကြာလှရှိပြီ။ ဘယ် လုံးလုံး ကို သတိရတော့မှာမဟုတ်ဘူး။ ခံစားချက် အသစ်လည်း မရှိ တွယ်စရာလည်း မရှိတော့ ဒါလေးကိုပဲ ဂရုစိုက် တ သ သ လုပ်နေလို့ သူ့ကို အမြဲ သတိရနေတယ် ထင်နေတာ။ မဟုတ်ဘူး မရှိမဲ့ရှိမဲ့ ခံစားချက်ကလေးကို ပိုးမွေးသလို မွေးထားမိတာကွ။ ဟုတ်တယ် အဲဒီအတိုင်းပဲ။

         အသိကလေးနဲ့ ဆင်ခြင်သုံးသပ်ပြီး စိတ်အေးချမ်းစွာ နေနိုင်ပေမယ့် သတိရစိတ်ကိုတော့ အပြီး မဖြတ်နိုင်သေးဘူး။ စိတ်ထဲ ဟာလာဟင်းလင်း ဖြစ်ရတဲ့နေ့တွေမှာတော့ အဲဒီ မွေးမြူထားတဲ့ အောက်မေ့စိတ်ကလေးနဲ့ အတူ နေထိုင်နေတုန်းပဲ။ ရင်းရင်းနှီးနှီး မနေဖြစ်ခဲ့ဘူးလို့ ရေးထားတာလေးကို ထုတ်ဖတ်နေတုန်းပဲ။ 

         နောက်တခါ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကပေါ့ကွယ်လို့ ငါ ထပ် မပြောချင်တော့ဘူး။ ဒီကိစ္စ ပြောမိတာ ပထမဆုံးနဲ့ နောက်ဆုံး ဖြစ်ချင်တယ်။ မွေးထားတဲ့ ခံစားချက်တွေကို အပြီးသတ်ချင်တယ်။ သေးငယ်တဲ့ ပိုးမျှင်လေးတွေပဲ တနေ့ ပြတ်တောက်ဆွေးမြေ့မှာပါပဲ။ ကွယ်ပျောက် ကုန်လွန်သွားမှာပါ။ ဒီလိုတွေးမိတာဘဲ။ ခုတော့ အောက်မေ့စိတ်ကလေး ကျန်သေးတယ်။ ငါ သတိရနေဆဲဘဲ။ 

( မြယာ ) 

နှစ်လိုစေသူ



 “ကိုင်း ၁၃ နှစ်သမီးလေးကို ထိတွေ့စို့ လူစုံပြီ”

ကိုမြတ်ဝင်လာတာနဲ့ သက်တမ်းရင့် ၀ီစကီပုလင်းကိုလှမ်းရင်း ကိုလေး ပြောတော့  ၀ီစကီဖန်ခွက် ရေခဲ ဆော်ဒါဗုးတွေ  အဆင့်သင့်ပြင်ပေးဘို့ မောင်ဌေးကို တိုးတိုး မှာ ရတယ်။ လူစုံအောင် စောင့်နေရင်း  တချို့ ၀ိုင် တချို့ ဘီယာသောက်နေကြတဲ့အတွက်  ဘီယာခွက်တွေကိုပါ သိမ်းလိုက်ဘို့ ပြောရတယ်။ အင်း ကလေးတွေတော့ ခွက်သိမ်းရ ဆေးကြ အလုပ်များကြအုန်းမှာဘဲ။ တခါတခါ စဉ်းစားမိတယ်။ တခါသုံးခွက်တွေနဲ့ဆို ကလေးတွေသက်သာမှာလို့။ ကိုလေး အော်ဟစ်သံကြီး အရင်ဆုံးထွက်လာမှာ မြင်ယောင်မိပြီး ကျောတွန့်တယ်။ သူက ဘယ်အရည် ဘယ်ခွက်နဲ့ ဘယ်ဟင်းကို ဘယ် ဇွန်း ခက်ရင်း ဆိုတာမျိုးတွေ အတော် အရေးထားတဲ့ သူကိုး။ ကျွန်မကိုလဲ ထမင်းဝိုင်း ယဉ်ကျေးမှု ဆိုတာ တကူးတက သင်ပေးခဲ့တဲ့ လူဘဲ။

ဝိုင်ခွက်ကိုင်ထားတဲ့ ယောက်မကပြုံးပြီး လှည့်ကြည့်လိုက်တာနဲ့ ကျွန်မ မီးဖိုဘက် ထွက်ခဲ့တယ်။ ကြက်ကြော်တွေ ချ တဖြည်းဖြည်း ဟင်းပွဲတွေ ချပေးရမှာ။ ပြန်မလာတာ ၁၀ နှစ်ကျော်နေပြီဖြစ်တဲ့ ကိုမြတ်ကို အကြောင်းပြုပြီး ငယ်သူငယ်ချင်းတွေ စုကြတာဆိုတော့ အချိန် ကန့်သတ်ချက်မရှိ ကြာတော့မယ်။  မီးဖိုက ကလေးတွေကို အရင် ဗိုက်ဖြည့်ခိုင်းအုန်းမှဖြစ်တော့မယ်။

“မိသက် ဘယ်ရောက်နေလဲ ဒီ လာထိုင်လေ။ ငါ့တို့ကို ကြက်ကြော် ထပ်ချပေးအုန်း”

“သက်သက် ကိုယ်တို့နဲ့အတူ လာထိုင်စားပါ။ ပြီးတော့ ကိုမြတ်ကို ထမင်းနည်းနည်း ထည့်ပေးပါလား”

ခင်းကျင်းထားတဲ့ စားပွဲမှာ ဟင်းတွေက အမျိုးစုံ။ ငါးရံ့ခေါင်းဟင်းရော ငါးခြောက်ထောင်းကြော် ငါးပိကြော်ရော တရုတ်ဟင်းလျာတွေရော ဂျပန်စာလဲ ပါသေးတယ်။ ငါးရံ့ဟင်းက  ကိုမြတ် အကြိုက်ဖြစ်ပြီး  အညာက တကူးတက ဆင်းလာတဲ့ ကိုဝက်ကြီးကတော့ တရုတ်တန်းက ၀က်ခေါက်ကင် ဘဲကင် အသည်းစွဲကိုး။ ကိုလေးက သူ့ သူငယ်ချင်းတွေ ကြိုက်တတ်တဲ့အရာကို ခင်းကျင်းတည်ခင်းပေးခြင်းဖြင့် သူ ဘယ်လောက် သူငယ်ချင်းတွေကို အရေးထားလဲ ပြချင်သူပါ။ အရင်ကတည်းကလဲ သူ ဒီလိုတာဝန်ကျေ လှိုက်လှဲလွန်းလို့ ဒီအိမ်မှာဘဲ လူစုလေ့ရှိကြပါတယ်။ အန်တီနု မကြီးနဲ့ ကျွန်မတို့ကဘဲ အမြဲလိုလို စီမံ ချက်ပြုတ်ရတာပါ။ ယောက်မကတော့ ချိုသာ စကားပျုငှာ ပြောတတ်သော်လည်း မီးဖိုချောင်ကိုတော့ ကောင်းစွာ စီမံလေသူ မဟုတ်ဘူး။ ခင်ပွန်းသည် အလုပ်ပြောင်းရာလိုက်သွားတဲ့ မကြီးက ယောက်မကို တို့အိမ်အထာ နှစ်များစွာကြာလဲ သိလာမဲ့သူ မဟုတ်ဘူးလို့ မှတ်ချက်ချဘူးတယ်။ တကယ်တော့ ကျွန်မ မလာချင်ဘူး။ ကိုမြတ်ပြန်လာလို့ လုပ်တဲ့ပွဲမို့ ဆက်ဆက်လာပါ တရရ လုပ်နေလို့ဘဲ။

အရင်တုန်းကတော့ ဒီလိုပွဲတွေရှိရင် လူစုကြ ရယ်မောပြောဆိုကြ ဂစ်တာတီးကြ သီချင်းဆိုကြနဲ့ မှတ်မိသလောက် အပြင်းတွေ သိပ်မသောက်ကြဘူး။ ဘီယာနဲ့ဘဲ ပြီးသွားကြတာဘဲ။ အခု နောက်ပိုင်း ကိုလေးတို့အိမ်မှာ ပွဲလုပ်တိုင်း တော်တော်သောက်နေကြတာ သတိထားမိတယ်။

ကိုလေး သူငယ်ချင်းတွေအထဲ ကိုမြတ်ကို အရင်းနှီးဆုံးဘဲ။ သူ့နောက်ဆုံးနာမည်ကိုပြောလိုက်ရင် လူတိုင်းသိနိုင်တဲ့ မျိုးရိုးက ဆင်းသက်လာသူ ဆွေစဉ်မျိုးဆက် ပညာဥစ္စာပြည်စုံသူ အမေ့စကားအရ ရိုးစဉ်ကောင်းက ဆင်းသက်သူပါ။ ဆင်းသက်ကြီးပြင်းတဲ့မျိုးရိုးနဲ့ လျော်ညီစွာ အနေအထိုင် ယဉ်ကျေးသိမ်မွေ့ အပြောအဆို အဆင့်အတန်းရှိသူဖြစ်ပါတယ်။

ဘဘနဲ့ ကိုမြတ့်မာမီက ရန်ကုန်တက္ကသိုလ်မှာ ကျောင်းနေဘက်တွေ ဖြစ်ခဲ့တယ်။ ဘဘ စစ်သံမှုးဘ၀နဲ့ တိုင်းတပါးမှာ ရောက်ခိုက် ကိုမြတ်တို့မိသားစုနဲ့ ပြန်တွေ့ကြကာ နှစ်အိမ်ထောင် ရင်းနှီးကျွမ်းဝင်ကြတယ်။ အိမ်မှာ ဧည့်ခံပွဲ ထမင်းစားပွဲ လုပ်တိုင်း ဖိတ်ရတဲ့စာရင်းမှာ ထိပ်ဆုံးက အမြဲပါတယ်။ သူတို့ဖိတ်ရတဲ့လူကလဲ ထပ်နေတာ။ ဒီလူဒီလူတွေဘဲ လှည့်ပတ်ကျွေးမွေး ဧည့်ခံနေကြတာကိုး။ 

ကိုမြတ်မာမီမို့ အိမ်လာရင် ကျွန်မတို့မှာ ငေး နေရတာ။ အ၀တ်အစား အသုံးအဆောင် လက်ဝတ်လက်စား အန်တီနု မပြောနဲ့ မကြီးတောင် လုံးလုံး မမီဘူး။ အန်တီနုတို့ စိန်နားကပ်အပါးဝိုင်းတွေ ရတီဘယ်လောက်တလုံးတည်းတွေ ၀တ်နေချိန်မှာ ကိုမြတ့်မာမီပန်ထားတာ အကျီအရောင်နဲ့ လိုက်အောင် ခရမ်းစွဲ ကြောင် မဟူရာ နီလာပြာ နီလာဖြူ ကနုကမာ ပုလဲ နဲ့ ကျောက်ရောင်စုံတွေ။ လည်ပင်းမှာလဲ အရောင်တူ ဆွဲကြိုးအရှည်နဲ့။ သူ့ကားကို ကိုယ်တိုင်မောင်းကာ ကျောင်းနေဖက်တွေနဲ့ တပြည်လုံး လည်ပတ်နေတတ်တယ်လို့ ဘဘ ပြောတာ ကြားဖူးတယ်။ တခါတလေ ဘဘကို ‘ယူ့ကို အိုင်ပြောစရာရှိလို့ကွာ’ ခပ်တည်တည် ပြောပြီး ‘နုရေ ခဏကွယ် ကိုယ်တို့သူငယ်ချင်းတွေပြောစရာရှိလို့’ ဆိုကာ အန်တီနုကို ယဉ်ယဉ်ကျေးကျေးနဲ့  ခွင့်တောင်းတယ်။ နောက်  နာရီနဲ့ချီကာ ဘဘနဲ့ စကားပြောနေတတ်သေးတယ်။ အန်တီနုတောင် အနားမလာအောင် ခွင့်တောင်းပုံက သဘောကျချင်စရာ။ ဖတ်ဖူးစွဲလမ်းဖူးတဲ့ ၀တ္တုတခုက အခြေမြင့်တဲ့ ဇာတ်ရုပ်တခုကို သူ့ မြင်တော့မှ အပြည့်အ၀ နားလည်တော့တယ်။

စနေ့ တနင်္ဂနွေဆို မနက်ပိုင်း အိမ် ၀င် ၀င် လာတဲ့ကိုမြတ်က ဈေးပို့ပေးဘို့ ကိုလေးကိုနှိုးနေတဲ့ ကျွန်မကို သူ့သူငယ်ချင်းအိပ်ပါစေလို့ ပြောပြီး ဈေးလိုက်ပို့တယ်။ ခြင်းအလေးကြီးနဲ့ ကျွန်မ ပြန်ထွက်လာတာ မြင်တိုင်း ပြေးလာ ကူဆွဲပေးတယ်။ လမ်းမှာ ဗွက်အိုင် ရေအိုင်တွေ့ရင် ဆိုက်ကား သို့မဟုတ် လူ ရှိနေရင် ဖြည်းဖြည်းသာသာနဲ့ ဘီးလှိမ့်ရုံသာ အိုင်ထဲ ချ မောင်းတတ်တယ်။ ရေအိုင်ကို အရှိန်နဲ့ဖြတ်တဲ့ ကားတွေကြောင့် ခဏခဏ ရွံ့ရေစင်ဖူးတဲ့ ဒေါသထွက်ခဲ့ဖူးတဲ့ ကျွန်မဟာ သူ့အပြုအမူတွေကို  သိပ်ကို နှစ်သက် သဘောကျ မိပါတယ်။

လမ်းထိပ်က ကွမ်းယာသည်ကိုရော လမ်းဘေး ဓာတ်ဆီဆိုင်ကလူကိုရော ငှက်ပျောသီးအထမ်းသည်ကိုရော ဟုတ်ကဲ့ပါခင်ဗျာ ချင်းထပ်အောင် စကားပြောဆိုတတ်သူပါ။ သူတို့အသိုင်းအ၀ိုင်းမှာ ယဉ်ကျေးဘွယ်ရာ စကား ပြောဆိုတာ ကိုက အရည်အချင်း တခုကိုး။ သူ သိမ်မွေ့ယဉ်ကျေးလွန်းတော့ ကိုယ်ဘာသာတောင် ရှက်စနိုး ဖြစ်ရတယ်။ စကား ဆတ်ဆတ် ပြောလို့ ကျွန်မကို ကိုလေး ခဏခဏ ဆူတယ်။

တရက် ကျောင်းစားသောက်ဆိုင်တန်းမှာ ထိုင်နေတဲ့ ကျွန်မကိုမြင်ပြီး ကိုမြတ် ပိုက်ဆံလာရှင်းပေးသွားတယ်။ သူ့ကားပေါ်ပါလာတဲ့ ကိုဝက်ကြီးက ကျွန်မကို ကျောင်းမှာမြင်တော့ အံ့သြနေတယ်။ ကားနဲ့လာတဲ့ အရပ်မြင့်မြင့် ချောချော အကိုကြီးတယောက်က ပိုက်ဆံလာရှင်းပေးသွားလို့ ကျွန်မ့ သူငယ်ချင်းတွေကလဲ အံ့သြကုန်ပါတယ်။  ကိုမြတ်နာမည်ကြားတာနဲ့ လူရေလည်တဲ့ မိသူက “ဟာ”  ထအော်တယ်။  

 ကိုလေး သူငယ်ချင်း အတော်များများဟာ ကျွန်မကို ဘဘနဲ့အန်တီနုရဲ့ အခြွေအရံတယောက်လို့ဘဲ အထင်ရှိတယ်။ သူတို့ လာစားသောက်တိုင်း ဒီအိမ်မှာ ကျွန်မက ကူဘော်လောင်ဖက်လုပ်နေတာ မြင် မြင် နေရတာကိုး။ ဘဘနှမက မွေးတဲ့ တူမအရင်းဖြစ်တာ ကိုမြတ်ဘဲ အ၀င်အထွက်များလို့ သိတယ်။ တနင်္ဂနွေညနေ အဆောင်ကို ပြန်ဝင်ရချိန်  ကိုမြတ် အိမ်အပြန်နဲ့ ကြုံရင် ၆ မိုင်ခွဲထိပ်အထိ လမ်းကြုံလိုက်လို့ ရပါတယ်။

ကိုလေးကတော့ ကျောင်းမှာ မျက်နှာချင်းဆိုင်တွေ့တာတောင် မခေါ်တတ်တဲ့လူပါ။ သူ့ကိုယ်တိုင်ကလဲ ကျွန်မကို သူ့အခြွေအရံလို့သာ သဘောထားရှိသူပါ။ အမေပို့လိုက်တဲ့ ကျွန်မ့ ပိုက်ဆံထုပ်ကို လုံးဝရှာမတွေ့အောင် ရေခဲစက် ထဲထည့်ထားပြီး ကျွန်မ ဒေါသထွက်အောင် စမယ်။ ပိုက်ဆံထုပ်ကို ရေခြောက်အောင်လုပ်နေရင်းနဲ့ မီးပူတိုက်ရင်းနဲ့ အဆောင်အ၀င်နောက်ကျအောင် အနှောင့်အယှက်ပေးတယ်။ ပိတ်ရက်လေး ခဏလာတဲ့ နှမ၀မ်းကွဲကို ငါးရံ့ခေါင်း ဟင်းချက်ပေး ငါးပိကြော်ပေး ငါးခြောက်ထောင်းကြော် ကြက်ကြော်ကြော်ပေး မျိုးစုံအောင် ခိုင်းစားတတ်သူပါ။ ‘ဒေါ်လေးလက်ရာကို နင် မမီသေးဘူး’ လို့ ချက်တဲ့သူ အောင့်သက်သက်ဖြစ်အောင် စားအပြီး မှတ်ချက်ချသေးတယ်။

ကျွန်မ ပထမနှစ်တက်ဘို့ ရွာက ထွက်လာခါစမှာပေါ့။ သူတို့အုပ်စုတွေ အောက်ထပ်မှာ ရုပ်ရှင်ကြည့်နေတုန်း ကျွန်မ အပေါ်ထပ်တက်သွားတာမြင်တော့ လှေခါးမီး ပိတ်ပေးဘို့ ကိုလေးက အင်္ဂလိပ်လို့ လှမ်းပြောပါတယ်။ ကျွန်မ ချက်ချင်းပိတ်ပေးလိုက်တော့ ကိုလေး အံ့သြသလိုနဲ့ “ ငါ မီးပိတ်ခိုင်းမှန်း နင် ဘယ်လိုသိလဲ” သူ့သူငယ်ချင်းတွေရှေ့  ထုတ် မေးပါတယ်။ ကျွန်မက ‘အစအဆုံး နားမလည်ပေမဲ့ Off ကိုသိတယ်။ လှေခါးမီးပွင့်နေတာကို သတိထားမိတယ်’ လို့ ရိုးစင်းစွာ ဖြေမိရက်သား ဖြစ်သွားတယ်။ “မဆိုးဘူး နင် ဥာဏ်ကောင်းတယ်” လို့ ကိုလေး ရယ်ရင်းပြောတယ်။ ဒီလိုလုပ်နေမှတော့ ကျွန်မကို ကျောင်းမှာတွေ့တော့ ကိုဝက်ကြီး အံ့သြတာပေါ့။

***

ဘဘကလဲ သူ့နှမလက်ရာ ငါးပိကြော် ငါးခြောက်ထောင်းကြော် ကို အတော်စွဲလမ်းသူဆိုတော့ အမေလာတိုင်း ယူလာနေရတာ ထုံးစံဖြစ်နေပြီ။ အမေက သူ့အကိုကြီးကို တမိပေါက် တယောက်ထွန်း အမျိုးကိုဂုဏ်ဆောင်သူ ရွာကိုဂုဏ်ဆောင်သူအဖြစ် အတော်ကိုးကွယ်ပါတယ်။ ရွာကအိမ်မှာ ဘဘ ယူနီဖောင်းနဲ့ရိုက်ထားတဲ့ ဓာတ်ပုံအောက်မှာ ရာထူးအပြည့်အစုံကို ရေးကပ်ထားတာပါ။  အိမ်နဲ့ ဓာတ်ပုံက တော်တော် မလိုက်ဖက်ဘူးလို့ အဖေ ဟားလဲ ခပ်တည်တည်ဘဲ။ သိသလောက် အန်တီနု မကြီး ကိုလေး တခါမှ ရွာကို မလာဖူးဘူး။ ဘဘ ကိုယ်တိုင်ကမှ ပြန်မလာတာ သူတို့ စိတ်ကူးရှိပုံမရတာ အပြစ်ပြောစရာမဟုတ်ဘူး။ အင်း လာရင်လဲ ပြသနာများမှာဘဲ။ ရွာလမ်းက ဖုန်တွေကြောင့် မကြီး မဲ့သွားနိုင်သလို အိမ်က အိမ်သာကြောင့် ကိုလေး အော်မှာဘဲ။

အန်တီနုကတော့ သူ တပြားတချပ်မှ မထောက်ပံ့ရတဲ့အပြင် လယ်ကရတဲ့ အကျိုးအမြတ်လို့  မှန်မှန်ကြီး ပိုက်ဆံလာပို့နေတဲ့ ယောက်မကို ကြည်ဖြူပေမဲ့ လူနေမှုစရိုက် အနေအထိုင်အဆင့်အတန်း မတူလှတဲ့အတွက် တန်းတူရည်တူစိတ် မထားနိုင်တာ ကျွန်မ ခံစားသိ သိတယ်။ အမေက ကျွန်မကို ဒီအိမ်ကနေ ကျောင်းတက်စေချင်တာ။ အဖေနဲ့ကျွန်မတို့ သဘောထားကြောင့်သာ  အဆောင်မှာ ပေးနေတာ။ အဖေက ရှင်းတယ်။ နင့်အကို ရာထူးကြီးကြီးမာစတာဖြစ်လဲ ငါတို့ စပါးတတင်း ပဲတတင်း ပိုရတာမှ မဟုတ်ဘဲတဲ့။ အကိုအတွက် စားစရာ လုပ် လုပ်ပြီး မော်တော်တတန် ကားတတန် သဘောင်္တတန်နဲ့ သွား သွား ပို့နေတာကို မကြိုက်လှဘူး။ မပြောသာလို့ဘဲ။

မကြီးက ဖာသိဖာသာ နေစရိုက်ရှိပြီး ကျွန်မကို  စိတ်မှန်နဲ့ ဆက်ဆံတယ်။ ညီမရင်းချာ လို့ နွေးထွေးလှိုက်လှဲစိတ် မရှိပေမဲ့ နှိမ့်ချ ဆက်ဆံတတ်သူလဲ မဟုတ်ဘူး။ စာအုပ်ထဲမှာသာဖတ်ဖူးတဲ့ နိုင်ငံခြားက နာမည်ကြီးတံဆိပ်အကုန်လုံး သူ့ မှန်တင်ခုံပေါ်မှာ ဘီဒိုထဲမှာရှိတယ်။ သူ  ကျွန်မကို ပေးလိုက်တဲ့ အသုံးအဆောင်တွေ တကိုယ်ရေသုံးပစ္စည်းတွေကို  မိသူက ‘ဒါ စကော့ဈေးထဲ ရှာလို့မရနိုင်တာတွေ’ လို့ပြောပြီး လိုချင်စိတ် ပြ လွန်းလို့ သူ့ကို ပေးလိုက်တာ များပါတယ်။ မကြီးကို အမြဲ ကျေးဇူးတင်ရတဲ့အချက်က အတွင်းခံ အ၀တ်အစားကို ဂရုတစိုက် ၀တ်တတ်အောင်  ကြပ်ကြပ် သတိပေးခဲ့လို့ပါ။ ‘နင့် အတွင်းခံက နင်ဝတ်ထားတဲ့ အပြင်အကျီထက်  ၃ ဆလောက် ဈေးကြီးနေပါလား’ လို့ မိသူက ထုတ်ပြောရတဲ့အထိဘဲ။

ကျွန်မ ကျောင်းပြီးချိန်မှာ ကုမ္ပဏီတွေထောင်ခွင့်ပြုလိုက်တော့ ကိုမြတ်တို့မာမီနဲ့ အန်တီနုတို့ စုပေါင်းပြီး ကုမ္ပဏီ ထောင်ကြပါတယ်။ နိုင်ငံခြားသား ဧည့်သည်တွေ ထမင်းကျွေးရတာ ဆက်တိုက်လိုလိုဘဲ။ မကြီး တော်တော် ပင်ပန်းတဲ့ကာလတွေဘဲ။ သူ မဟာဘွဲ့အတွက် စာတမ်းနဲ့ ဧည့်သည်ထမင်းကျွေးပွဲတွေနဲ့ လုံးထွေးရလွန်းလို့ ကျွန်မကို လက်တိုလက်တောင်း အမြဲ လာ လာ ခေါ်ရတဲ့ကာလလို့လဲ ပြောနိုင်ပါတယ်။ 
တရက်တော့ ဂျပန်ဧည်သည်တွေကို နေ့လည်စာကျွေးဘို့ရက်မှာ မကြီးက သူ့ဆရာကြီးနဲ့တွေ့ရမှာဆိုတော့ လုံးလုံး မအားတာနဲ့ ဟင်းပွဲ အစအဆုံး ကျွန်မ ချက်ရတော့တာဘဲ။ ကိုမြတ့်မာမီက ခါတိုင်း “နု ယူ့သမီးက ဟင်းချက်သိပ်တော်တာဘဲကွယ်” ချီးမွမ်းနေတတ်သူပါ။ အန်တီနုက “ဒီနေ့ သမီး မအားလို့ကွယ် တူမကလေးကိုချက်ခိုင်းထားရတာ တခုခုအဆင်မပြေရင် ပြောနော်” ဆိုတော့ စကားဆိုရာ ယဉ်ကျေးသိမ်မွေ့တဲ့ ကိုမြတ်မာမီက “အေးကွယ် ဟင်းချက်ထားတာယဉ်လိုက်တာ”တဲ့။ ကျွန်မဖြင့် အခုအချိန်ထိ ဟင်းချက်တာ ယဉ်တာဆိုတာ ဘာကိုပြောမှန်း စဉ်းစားလို့ မရဘူး။ ညံ့တယ်ပြောချင်တာလား မဆိုးပါဘူးပြောချင်တာလား တွေးမရဘူး။

ကျောင်းဆက်မတက်ခင်  သူ့တို့ကုမ္ပဏီမှာ ခဏ ၀င်လုပ်လိုက်သေးတော့ ကိုမြတ့်မာမီနဲ့ နည်းနည်း ရင်းနှီးလာတယ်။ သူ အင်္ဂလိပ်လိုပြောတာ နားယဉ်လာရတယ်။ သူ့လေယဉ်လက်မှတ် စီစဉ်ပေးလို့ လွယ်လွယ်လေး ပြောတာကိုဘဲ အစပိုင်းမှာ သုံးခါလောက် ပြန်မေးရပြီး နောက်တော့ လေသံ ဖမ်းမိသွားတော့တယ်။  တစီးပွားတည်းဖြစ်ဘို့ မကြီးနဲ့ကိုမြတ်ကို ရည်ရွယ်ကြပေမဲ့ မကြီးနဲ့တွဲနေတဲ့တယောက်ရဲ့ အဖေက အရေးပါတဲ့ နေရာတခု ဗြုန်းဆို ရောက်လိုက်တာနဲ့ အန်တီနု စိတ် လည် ထွက် သွားတော့တယ်။

***

“ယူ သိတယ်မဟုတ်လားကွယ် အိုင့် ယောက်မတွေက အနေစုတ်ပေမဲ့ ရွှေထုပ်ကြီးတယ်ဆိုတာလေ။ အိုင်ကတော့ ယူကို တကယ်ပိပိပြားပြား ချွေးမလေး ရစေချင်လို့ပါ ”

အဲဒီစကား အန်တီနုပါးစပ်ကထွက်ချိန်မှာ ကိုလေး အိမ်ထောင်ကျပြီးပြီ။ သူတွဲလာတဲ့အများကြီးတွေထဲက တယောက်မှမရွေးဘဲ အန်တီနု ရွေးချယ်တဲ့ ‘ဘယ်သူ့မြေးလေ’လို့ပြောရင် အသိအမှတ်ပြုရတဲ့ အလေးထားရတဲ့ တယောက်ကို တချက်မှ မတုံ့ဆိုင်းဘဲ လက်ခံခဲ့ပါတယ်။ စပ်တူလုပ်တဲ့ ကုမ္ပဏီကို ကိုလေး ဦးဆောင်လည်ပတ်နေပြီး တန်ဘိုးက တော်တော်မြင့်လာတော့ ကိုမြတ်တို့ရှယ်ယာကို ပြန်အမ်းရင် ငွေသား အတော်ပြန်ထုတ်ပေးရမဲ့ အချိန်ဖြစ်နေပြီ။ ကိုလေးလဲ သူ့မိန်းမနောက်ကွယ်မှာ နည်းနည်းမူးလာတာနဲ့ “မချစ်တဲ့လူကိုယူလိုက်တာ ငါ မှားသွားတယ်မိသက်ရ” လို့ ဗလုံးဗထွေး ပြောတတ်နေပြီ။ ကျွန်မ ကျောင်းမှာ ဆရာမ ပြန်လုပ်နေချိန်ဖြစ်ပြီး ကိုမြတ်က သူ့ နောက်ဆုံးတယောက်နဲ့ ပြတ်နေချိန်ပါ။

‘အကိုကြီးနဲ့ မမက သမီးအတွက် စီစဉ်နေတာ သူတို့စေတနာကို သိပြီး စကားနားထောင်ပါ’ လို့ အမေ လေသံပစ်တယ်။ အမှတ်မဲ့ သရော်ပြုံး ပြုံးမိပါတယ်။ ကျွန်မ နားမထောင်နိုင်ပါဘူး။ အပြောင်အနောက်လိုလိုနဲ့ အတည်ဖြစ်လာတော့ ကျွန်မ ငြင်းပါတယ်။ သေသေချာချာကြီးကို ငြင်းတာပါ။ အန်တီနုက ‘မိသက် တော်တော်အမြင်မရှိတာဘဲ’ လို့ အပြစ်တင်ပါတယ်။ ဘဘက ခေါင်းခါရုံဘဲ။ ဘာမှထပ်မပြောပါဘူး။ မကြီးက ‘မိသက် ကိုယ်ပိုင်ဆုံးဖြတ်ချက်ဘဲ မကြီးနားလည်တယ်’ လို့သာ မှတ်ချက်ပြုတယ်။ အားလုံးအထဲမှာ အပေါက်ကွဲဆုံးက ကိုလေးဘဲ။ နှစ်ချက်တောင် အတီးခံလိုက်ရပါသေးတယ်။ သူက ကိုမြတ်ကို တော်တော်ခင်မင်သူဖြစ်ပြီး အနိုင်ကျင့်တတ် အဖက်မတန် နှိမ်တတ်ပေမဲ့ တခြားသူနဲ့စာရင် သူ့နှမ ဖြစ်ပေတာကိုး။

“နင်က ဘာကိစ္စနဲ့ ငြင်းရတာလဲ။ လူကြီးတွေက ကောင်းဘို့ စီစဉ်တာကို။ ဘာလဲ တွဲနေတာရှိလို့လား။ ငါ သိသလောက် မရှိဘူး မဟုတ်လား။ ရှိလဲ ဖြတ် …”

          ကိုလေး အော်ဟစ်နေတာကို မြင်တော့ အသံထွက်တောင် ရယ်ချင်တာ။ ထပ်တီးခံရမှာစိုးလို့သာ မျက်နှာသေနဲ့ ငြိမ်နေလိုက်ရတယ်။ ပုံစံချ သတ်မှတ်ထားတဲ့ ဘ၀မှာ သူ နေနိုင်သော်လည်း ကျွန်မ မနေနိုင်ဘူးလို့ ရှင်းပြရင် ‘ကြီးကျယ် လှချည်လား နင်က ဘာကောင်မမို့လို့လဲ’ ပြောမှာ အသေအချာဘဲ။

ကိုမြတ်နဲ့တွေ့တော့ သက်သက် ဘာဖြစ်လို့လဲ မေးပါတယ်။ အထက်တန်းကျတဲ့ မျိုးရိုးကောင်းတဲ့ ချိုသာတဲ့ စကားဆိုတတ်သူက သူ့မာမီ စကား နားထောင်မဲ့လူ ဖြစ်ပါသတဲ့။ အပေါ်ယံ အမူအကျင့်သာ ကွဲလွဲလိမ့်မယ်။ သတ်မှတ်ပုံစံမှာ အသားကျနေတဲ့ ပုံက သူတို့ သူငယ်ချင်းတွေ တပုံစံတည်းဘဲ။

“ထူးထွေမရှိဘူး ကိုမြတ်။ ကိုမြတ်ကို မိသက်ရဲ့ ဘ၀အဖော်အဖြစ် စဉ်းစားလို့မရလို့ပါ”

ကိုမြတ်ကို နှစ်လိုစိတ် ခင်မင်စိတ် ရှိပါတယ်။ ငယ်ကတည်းကပါဘဲ။ နှစ်လိုစိတ်သည် နှစ်လိုစိတ်အဖြစ်သာရှိပြီး နှစ်လိုသူဖြစ်တာနဲ့ လူကြီး စီမံရာ ခေါင်းညိတ်တတ်သူမှ ကျွန်မက မဟုတ်တာ။ တနေ့ ကိုလေးလို မူးမူးနဲ့ မိသက်ကို မချစ်ဘဲ ယူလိုက်ရတာလို့ ကျွန်မကွယ်ရာ ပြောချင်ပြောနေအုန်းမှာလို့ တွေးမိသေးတယ်။ 

အဓိက အချက်တခု ရှိပါသေးတယ်။ သူ့မာမီကို ကျွန်မ ရိုကျိုးရသလို ကျွန်မ အဖေ အမေကို ကိုမြတ်မို့လို့ ရိုသေစေအုန်းတော့ တန်းတူ မရှိပါဘူး။ လယ်ယာဧကများစွာနဲ့ ငွေကြေးဖူလုံပြည့်စုံပေမဲ့ ကျွန်မအဖေကို ဘဘနဲ့တန်းတူ ကိုမြတ်မာမီ အလေးမထားနိုင်ပါဘူး။ သူ့ကိုလဲ အပြစ် မဆိုသာဘူး။ သက်သက်ကို ချွေးမအဖြစ် ရာ ထားကြည့်တာတောင် လွန်လှပြီဆိုတဲ့ အနေအထားကိုး။ ကျွန်မအမေ ချက်လာမဲ့ ငါးပိကြော်ကို ယဉ်လိုက်တာလို့ အပြောခံရရင် အမေ ဘယ်လိုနေမလဲတွေးပြီး ပြုံးမိပါတယ်။

***

 “ကိုလေး၊ အိမ်က လာကြိုနေပြီ မိသက်ပြန်ပြီ။ ကိုမြတ် ပြန်တွေ့ရတာ ၀မ်းသာတယ်။ နောက်တခါဆို အမျိုးသမီးကိုပါ ခေါ်ခဲ့ပါအုန်း။ မြန်မာပြည်ရောက်ဖူးတာပေါ့ ”

ကိုမြတ်က ထ လာပြီး ကျွန်မ့လက်ကို အကြာကြီး ကိုင်ထားကာ ပြုံးတယ်။

‘သက်သက် လူကြီးလေးဖြစ်နေပြီ။ ကြည့်ရတာ စိတ်ချမ်းမြေ့ပုံရတယ်။ ငယ်ငယ်ကရုပ်အတိုင်းဘဲ’လို့ ဆိုပါတယ်။ 

ကားပေါ်ကဆင်းလာတဲ့ ခင်ပွန်းသည်ကို ကိုမြတ် ကိုဝက်ကြီး တို့နဲ့ မိတ်ဆက်ပေးရတယ်။ အစကတည်းက ခေါ်လာခဲ့ရမှာလို့ ကိုမြတ်က အပြစ်တင်နေလို့  ‘သူ့ ပွဲရုံကိစ္စတွေ ပဲတင်တဲ့ကိစ္စနဲ့မအားလို့ ကိုမြတ် မဟုတ်ရင် လိုက်လာပါတယ်’ လို့ ၀င်ဖြေရတယ်။ ခင်ပွန်းဖြစ်သူက မင်းအမျိုးတွေ ဟန်များလွန်းတယ် အနေကျပ်တယ် ဆိုကာ ဒီအိမ်မှာ လုပ်တဲ့ပွဲ တော်ရုံနဲ့ လိုက်မလာတတ်ဘူး။  ကားပေါ်ရောက်မှ 

“မင်းတို့ပွဲကလဲ နောက်ကျလိုက်တာ။ ကို နက်ဖြန် ရွာရောက်မှာ။ အိမ်ကို ဘာတွေ ထည့်ပေးမလဲမေးဘို့ စောင့်နေတာ။ ပြန်မလာနိုင်တာနဲ့ လိုက်လာရတယ်”

“မြို့ပေါ်က ဒိုင်မှာ စာရင်းရှင်းရုံဘဲဆို။ နေ့ချင်းပြန်လာလို့ရသားဘဲဟာ။ ဘာလို့လဲ ရွာမှာ ညအိပ်စရာ ကိစ္စရှိလို့လား။”

“ရှိပါဘူးကွာ။ ယောက္ခမကြီးနဲ့ လေပစ်ပြီး အမေ့ လက်ရာလေး စားချင်လို့ပါ။ ညအိပ်မယ်လေ။ လိုက်ခဲ့ပါလား။ သားကတော့ အထုပ်တောင်ပြင်ပြီးပြီကွ။ သူ့အဘွားဆီကိုလဲ ဖုန်းဆက်ထားပြီးပြီ”

ကျွန်မ ဟက်ဟက်ပက်ပက် ရယ်မိတယ်။ အဖေနဲ့ သူ့သားမက် စက်ဆင်ပြီး ရွာက မိုက်ခဲတွေကို တညလုံး ခေါ်ဆိုခိုင်းမှာ မြင်ယောင်မိလို့ပါ။ မင်္ဂလာဆောင်တုန်းက  ၂ ရက် ဆက်တိုက် လုပ်ခဲ့ကြ ပြီးပြီလေ။ အဖေဆို သားမက်နဲ့ မိုက်လု ဆိုရတာကို အခုထိ ပြောလို့ မဆုံးနိုင်သေးဘူး။ ရွာမှာ ညအိပ်တိုင်း သူတို့ စီစဉ်ကြစမြဲ။ ကျွန်မက ကျောင်းတဘက်နဲ့မို့ ခဏခဏ မရောက်ဖြစ်ပေမဲ့ ခင်ပွန်းသည်က စီးပွားရေးအရပါ ရွာနဲ့ အဆက်အစပ် ရှိလေတော့ ကိုယ်ထက်တောင် ရင်းချာသေးတယ်။  

“ လိုက်ခဲ့မယ်လေ နေ့လည်မှသွားရင်ရမလား။ မနက်ပိုင်း စာသင်ချိန် တချိန် အတန်းရှိသေးတယ်”

အမေကတော့ အိမ်တိုင် ရွာရောက် လာစားတဲ့ သူ့သားမက်အတွက် ငါးခြောက်ထောင်းကြော်  ကြော်နေတော့မယ်။

( မြယာ )




လှဆဲ ညနေပုံပြင်



စားသောက်ဆိုင် သီချင်းသည်တယောက်ကို ပန်းကုံးတက်စွပ်နေတဲ့ ကိုအောင့်ခြေလှမ်းတွေ ယိုင်နေပြီ။ ပန်းကုံးအထပ်လိုက် စွပ်လိုက်ချိန် ဆလိုက်မီးရောင် သူ့လက်ပေါ်အကျ နာရီကလား လက်စွပ်တွေကလား မသိဘူး ပြိုးပြိုးပြက်ပြက် လတ်လတ်တောက်တောက် အရောင်တွေ ထွက်လာတယ်။ စင်ပေါ်က ပြန်ဆင်းလာပြီး ရတနာတို့ စားပွဲဆီကို လျှောက်လာတဲ့ သူ့မျက်နှာပေးက ခေတ်ပေါ် လောကီဝန်းကျင်မှာ အသာစီးရကာ အောင်မြင်ကျေနပ်နေတဲ့ ပုံပန်းနဲ့။ ရတနာ စိတ်နှလုံး နောက်ကျိလာတယ်။ ရုတ်တရက် တချိန်က ဖေဖေ မေးဖူးတာကို သွား အမှတ်ရမိတယ်။ 

ရတနာ နောက်ဆုံးနှစ်စာမေးပွဲဖြေအပြီး ယုယုနဲ့အတူ ကိုအောင် အိမ်လာလည်ပြီး ပြန်ချိန်မှာ ရန်ကုန်အိမ်ရောက်နေတဲ့ ဖေဖေက မေးပါတယ်။ ဘယ်သူ့သားသမီးများလဲတဲ့။ မသိပါဘူးဖေဖေလို့ ဖြေမိလို့ ဘယ်လိုလူတွေရဲ့ သားသမီးတွေနဲ့ အပေါင်းအသင်း ဖြစ်နေတာလဲ အဆိုခံရတယ်။ ရတနာက သူနဲ့ သူငယ်ချင်းဖြစ်တာ သူ့မိဘနဲ့ဖြစ်တာမှမဟုတ်ဘဲ လို့ စိတ်ကသာ ခွန်းတုံ့ခံပြီး ဖေဖေ ကို တိတ်တိတ် စိတ်ဆိုးမိခဲ့တယ်။ နောက် ကိုအောင်ကို လာလည်ပါအုန်းလို့  မခေါ်မိတော့ဘူး။

***

ကိုအောင်က ရတနာ့ အသိုင်းအ၀ိုင်းက လူ မဟုတ်ဘူး။ ပုံမှန်ဆို ရတနာနဲ့ ကြုံကြိုက်သိကျွမ်းရမဲ့လူ မဟုတ်ဘူး။ ကျောင်းလာတတ်တဲ့ ရွှေရည်စိမ်လွတ်လပ်ရေးရချိန် လေးနှစ်ကာလကြောင့်သာ တွေ့ဆုံခဲ့ရသူပါ။ အားကစားလုပ်တဲ့ အခန်းဖော် ယုယု နောက်ကို လိုက်ရင်းနဲ့ သိလာကြတယ်။ ဆံပင်တိုတိုထောင်ထောင် အသားညိုညို အရပ်မြင့်မြင့် နဲ့  အနေအထိုင်တည်ငြိမ် ပိရိသေသပ်တယ်။ အားကစားသမားပီပီ စီးကရက် အရက်သေစာလည်း ရှောင်ပုံဘဲ။ အတိအကျ မသိပေမဲ့ ကိုယ့်ရှေ့ သောက်ပြုနေတာ မမြင်ရဘူး။ ကျောင်းနေစဉ်အချိန်မှာတော့ သူနဲ့ အတော် ရင်းနှီးတယ် ဆိုရမယ်။ အဆောင်ကို မှန်မှန်လာတတ်တဲ့ ဧည့်သည်တဦးပေါ့။

သူနဲ့အနေနီးလေလေ သူ့အကျင့်စရိုက်ကလေးတွေကို နှစ်သက်လေလေ။ ကိုအောင် ကမူးရှုးထိုး  ဖြစ်တာမျိုး တခါမှ မတွေ့ခဲ့ရဘူး။ တခုခုလုပ်ရင် တည်တည်ငြိမ်ငြိမ် အစီအစဉ်တကျ ရှိတယ်။ သူ့ ကျောင်းစာအုပ်ကို ရတနာ ယူကြည့်ဖူးတယ်။ လှပသပ်ရပ်လိုက်တဲ့ လက်ရေးလက်သား။ စာအုပ် ရှေ့ဖုံး အတွင်းဘက် နောက်ဖုံး အတွင်းဘက် ဘာအပို စာလုံးမှ မတွေ့ရ။ အတန်းထဲစာသင်နေရင်း စိတ်ကူးပေါက်သမျှ ချ ရေး ရေး ထားတတ်တဲ့ ရတနာ့ စာအုပ်နဲ့များ ကွာပါလေ့။ လက်ချာလိုက်နေရင်း ခရေပွင့်တွေ ကြယ်ပွင့်တွေ မျှားတွေ လိုင်းတွေနဲ့ ဘေးမာဂျင်မှာလည်း မလွတ်အောင် ရေးတတ်သေးတယ်။ တိကျသပ်ရပ်တဲ့ ဖေဖေကြောင့် ပိရိသေသပ်သူတွေကို အထင်ကြီးတတ်တဲ့ ရတနာက သူကိုလည်း အမှတ်ပေးမိတယ်။

အားကစားသမားဖြစ်လို့ ကျောင်းမှာ သူနဲ့ရင်းနှီးလိုသူကလည်း အများသား။ ရတနာနဲ့ယုယုဆီကိုတော့ မှန်မှန်လာတတ်လို့ စူးစမ်းခံရမြဲ။ ရတနာကော ယုယုပါ အနေမှန်ကြတော့ ပေါ်ပေါ်ထင်ထင်လည်း မစွပ်စွဲဝံ့ကြဘူး။ ပြီးတော့ ရတနာက ကျောင်းမှာ နာမည်ကြီးသူ မဟုတ်ဘူး။ အသားဖြူဖြူ အရပ်မြင့်မြင့် သွယ်ပျောင်းတဲ့ကိုယ်ဟန်နဲ့ မဆိုးပါဘူး ပြောရုံ အဆင့်သာ။ ယုယုကတော့ ရတနာ့ လက်ချောင်းခြေချောင်းလေးတွေ အလွန် လှ တယ်လို့ ခဏခဏ ပြောတယ်။ ဘုရားရှိခိုးစဉ် ရတနာ့လက်အစုံဟာ တကယ့်ကြာဖူးလေးလို ဖြစ်နေတယ်လို့ မရိုးမအီ  ဆိုစမြဲ။

ပထမနှစ်ကနေ နောက်ဆုံးနှစ် အထိ ရတနာက အဆောင်မှာနေတယ်။ ဖေဖေ လူပျိုဘ၀ကတည်းက ရန်ကုန်မှာ အိမ်ရှိနေပြီး ရတနာအောက်က ပုလဲဆို ရန်ကုန်မှာမှ ကျောင်းမတက်ရရင် သူ ဘယ်လိုမှ အမှတ်မြင့် မရဘူးလို့ ကြွေးကြော်ကာ ရန်ကုန်အိမ်မှာ လာနေတယ်။ ဖေဖေက ပုလဲ အဖော်ရအောင် ရတနာပါ ရန်ကုန် ပြောင်းလိုက်ပါလားလို့ အကြိမ်ကြိမ် နားချတာတောင် လက်မခံခဲ့ဘူး။

တောင်တန်း ပင်လယ် တောအုပ် လွင်ပြင် တောင်ကုန်းနဲ့ ပြည့်စုံလှပတဲ့ သူ့ ဇာတိမြေကို ရတနာ ချစ်တယ်။ စိမ်းမှောင်ညို့ဆိုင်း တောင်တန်းများ ပတ်လည်ဝိုင်းပြီး ပင်လယ်ဝဆီကတိုက်ခတ်လာတဲ့ ဆားငန်နံ့ပါလေကို ရှုရှိုက်ရတာ အလွန် စိတ် ကြည်လင်တယ်။ မြိ့ကို စီးနေတဲ့ ဘုရားတောင်ကုန်းပေါ်က ငုံ့ကြည့်ရင် ခေါင်မိုးနီနီနဲ့အိမ်တွေ၊ စိမ်းစိုသာမောဘွယ် သစ်တောအုပ်တွေနဲ့၊  မြို့ကွက်မြို့ကွင်းကလှတဲ့အပြင် ပင်လယ်ဝဆီ စုန်ချီဆန်ချီ ခုတ်မောင်းသွားလာတဲ့ စက်လှေများ မော်တော်သဗ္ပန်များနဲ့ မြစ်တွင်းသာယာ ရှိလှတယ်။ တဘက်ကမ်းက ညို့ဆိုင်းမှိုင်းမြတဲ့  တောအရေးစပ်စပ် တောင်တန်းအထပ်ထပ်ကလဲ အိမ်မက်လေလား ၀ိုးတ၀ါးနဲ့။ ဒီမြင်ကွင်းကို နှစ်သက်လွန်းလို့ ညနေတိုင်း တောင်ပေါ် သွားထိုင်ချင်မိတယ်။

တက္ကသိုလ်တက်တော့ နယ်ကအောင်ခဲ့လို့ ရတနာ အဆောင်ရတယ်။ မေမေက ရန်ကုန်အိမ်မှာနေဘို့ ပြောတယ်။ သမီး ကျောင်းဆောင်မှာနေချင်လို့ပါဖေဖေ လို့ ခေါင်ကို တက်ကိုင်တော့ ရန်ကုန်တက္ကသိုလ် အဆောင် ကျောင်းသားကြီး ဖြစ်ခဲ့ဖူးသူ ဖခင်က တရက် စဉ်းစားပြီးမှ ခေါင်းငြိမ့်တယ်။ စည်းကမ်းတင်းကျပ်ပေမဲ့ ဖေဖေက သူ ခွင့်ပြုနိုင်တဲ့ ဘောင်အတွင်းမှာဆို မျှမျှတတ အနည်းဆုံး သမာသမတ် ဖြစ်ချင်ယောင်ဆောင်ကာ ခေါင်းငြိမ့်တတ်တယ်။

အဆောင်နေခွင့်အတွက် ရတနာဘက်က အိမ်ကို ပြန်ပေးရတဲ့ ကတိက၀တ်က ပြသနာမရှာပါဘူးဆိုတဲ့ အချက်။ ပြသနာရှာတယ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အကြောင်းအရာများစွာ ရှိတယ်။ အရေးပါဆုံးအချက်က ရတနာ့ နောင်ရေးအတွက် မေမေ ကြိုတင် စီမံထားတယ်ဆိုတာဘဲ။ ပြသနာ ဆိုတာကိုလည်း ရတနာ မကြိုက်ပါဘူး။

ရတနာတို့အိမ် ရန်ကုန်မှာရှိတယ်ဆိုတာ ယုယုတော့ သိတယ်။ သူ တခါဘဲ အိမ်ရောက်ဖူးတယ်။ ရတနာကိုယ်တိုင်ကလဲ ရန်ကုန်အိမ်ကို ၂ လ ကြာမှ တခေါက် အနိုင်နိုင် ပြန်တယ်။

“ငါ ပြောအုန်းမှဘဲ။ ဟဲ့ ရတနာ နင် သူဌေးသမီးဆိုတာ ငါ ကြားတော့ကြားဖူးသား။ အဆောင်မှာ ငါ့လောက်တောင် မသုံးမစွဲနဲ့ ကပ်စေးတယ်လို့ ထင်နေတာ။ နင်တို့ တော်ရုံချမ်းသာတာမှမဟုတ်ဘဲ။ ဒီလောက် အိမ်အကြီးကြီးရှိနေရက်နဲ့ ဘယ်နှယ် အဆောင်မှာ ကျဉ်းကျဉ်းကျပ်ကျပ် လာနေရတာလဲ။ နင့်ညီမကလည်း ကိုယ်ပိုင်ကားနဲ့ ကျောင်းတက်တယ်။ နင်လည်း သူလို ၀င်းဝင်းတောက် နေနိုင်ရက်နဲ့ ။ အံ့ပါဟယ်”

နေခဲ့ပါတယ်။ ရတနာ မွေးကတည်းကပါဘဲ။ မိဘတွေကြောင့် သူတို့မြို့မှာ ဘယ်သူ့သမီးလေလို့ ပြောရင်  ရတနာတို့ ညီအမကို မျက်နှာမသိ လူကိုသိကြတယ်။  ခြေချောင်းလက်ချောင်းလှတယ်လို့ ယုယု ပြောတာ ကြားတော့ ဒီလက်ချောင်းနဲ့ ဘာကိုမှ မယ်မယ်ရရ လေးလေးပင်ပင် မလုပ်ရတာကြောင့်လို့ စိတ်ထဲက ပြောမိတယ်။ မေမေက ရတနာတို့ညီအမကို လက်ဆစ် လုံးဝ မချိုးခိုင်းဘူး။ ပြေးပြေးလွှားလွှား ဆော့ကစားနေတာလည်း မရှိတော့ ခြေသလုံးသားမှာ ဘာ အမာရွတ်မှ မရှိခဲ့ဘူး။ ထမိန်တိုတို ဖက်ရှင် ခေတ်စားချိန်ကဆို ပုလဲ့ ခြေသလုံးလေးတွေ  လှလွန်းလို့ တကူးတက ကြည့်ယူရတယ်လို့ သူတို့ကျောင်းက ကျောင်းသားတွေကြား နာမည်ထွက်တယ်ဆိုဘဲ။

***

သူ့ ပုံမှန် ဘ၀လမ်းကြောင်းက လေးနှစ်လောက် ဖယ်ခွာနေချိန်မှာ ကိုအောင်နဲ့ ရတနာ နီးကပ်တဲ့ ဆက်ဆံရေး ရှိခဲ့ဖူးပါရဲ့။ နီးကပ်တဲ့ဆက်ဆံရေးဆိုပေသိ ရတနာက သူ့လမ်းကြောင်းဟာ ဘယ်ကို မျှားပြထားမှန်း ကောင်းစွာ နားလည်သူဖြစ်လို့ သတ်မှတ်တနေရာအရောက်မှာ ရပ်တန့်ထားခဲ့တယ်။ နောက်ပြီး ပြသနာရှာတယ်ဆိုတဲ့ စကားကို ရတနာ မကြိုက်ဘူး။ ကိုအောင်ကလည်း တည်ငြိမ်သူဖြစ်လေတော့ အလှုပ်အခတ် မရှိဘူး။ ငယ်ရွယ်သူတွေ ဖြစ်သော်လည်း သူ့စည်း ကိုယ့်စည်း သေသေသပ်သပ် ခြားနားတတ်သူတွေဖြစ်လို့ ဘေးဘီကလူတွေ သို့လောသို့လော ရဲရဲ မစွပ်စွဲဝံ့တဲ့ အခြေအနေတခုမှာ ငြိမ်သက် အသားကျနေခဲ့တယ်။

သူ့ မျှားဦးပြရာဆီ ပြန်လည်ရောက်ရှိချိန်မှာတော့ ဖေဖေ့ မေးမြန်းပုံကို မနှစ်သက်တာနဲ့ဘဲ ကိုအောင်နဲ့ အဆက်အဆံ မရှိတော့ဘူး။ ထူးထူးထွေထွေ ပြောဆိုနေရခြင်းမရှိ။ တ သ လွမ်းဆွတ်ဘွယ်ကောင်းတဲ့ ခွဲခြားခြင်းမျိုးလည်း မဟုတ်။ တောင်ပေါ်ကိုရောက်လို့ အိမ်မက်မြင်ကွင်းကို ကြည့်ချိန်မှာတော့ တချိန်က ညနေခင်းများကို အမှတ်ရမိပါရဲ့။ တခုသော ချုပ်ညရီ ပြိုင်ပွဲကအပြန်လမ်းမှာ ကိုအောင့် ထရက်ဆုကို ခဏ ကိုင်ထားပေးချိန် လေအေးကလေး တိုက်လာတော့  ရတနာကို ၀တ်ထားပါလို့ တည်ငြိမ်သိမ်မွေ့တဲ့အပြုံးနဲ့ ပြောခဲ့တယ်။ သူ့အကျီလေးကို ၀တ်လာခဲ့လို့ ခံစားရတဲ့ အမျိုးအမည် မခွဲတတ်တဲ့ ခွဲခြားသိမြင်လိုစိတ်လဲ မရှိတဲ့ ကြည်နူးစိတ်ကို ဘယ် မေ့နိုင်မလဲ။

ရတနာက တွေဝေမှိုင်းမှုန်သူ မဟုတ်ဘူး။ ဖေဖေ့ အဝေးပြေးသယ်ယူပို့ဆောင်ရေးအလုပ်တွေ ရော်ဘာခြံ သစ်သီးခြံအလုပ်တွေ ၀င်ပါရတော့ နိုးကြားသူပီပီ ဖခင်ခြေရာ ထပ်ချပ်မခွာ လိုက်နိုင်တယ်။ မေမေက သူ အလုပ်လုပ်တာ မကြိုက်ပြန်ဘူး။ သူ စီစဉ်ထားတဲ့ကိစ္စကို ရတနာ အလုပ်များတယ်နေတဲ့ဆိုတဲ့ အကြောင်းပြချက်ကြောင့် ထိခိုက်လာတာကို လုံးလုံး မကြိုက်ဘူး။ ဖေဖေကိုယ်တိုင်က ရတနာ အကူအညီဖြစ်လာတာ သူ လက်လွတ်လို့ရတာကို ဂုဏ်လုပ်စပြုလာလို့ မပြောသာဘူး။

ယုယုနဲ့ ဖုန်းဆက်ဖြစ်တော့ လှုပ်ရှားတက်ကြွတဲ့ ကိုအောင်အကြောင်း ကြားမိတယ်။ သူ့အတွက် အားကျဂုဏ်ယူစိတ်နဲ့ တခုခု ကူထောက်လိုပေမဲ့ ကိုယ့် လမ်းကြောင်းက ဖယ်ခွာဆင်းသွားရအောင် ရတနာ မ၀ံ့လေဘူး။ ယုယုကတဆင့် ရန်ပုံငွေများများ ထည့်လိုက်ရုံဘဲ တက်နိုင်တယ်။

ကာလတခုကို ဖြတ်ကျော်ခဲ့ချိန်မှာ အလုပ်သမားတွေကို နဂိုအနေ ထိမ်းထားတာရတာကိုက မလွယ်ဘူး။ ဆန် သိပ်ရှားနေချိန်မှာ ပို့ဆောင်ရေးက အလုပ်သမားတွေရော ခြံကလူတွေပါ လုံလောက်စွာ ဖြန့်ဝေဘို့ ရတနာ တော်တော် အားထုတ်ရတယ်။ ငွေကြေးပေးဝယ်နိုင်တိုင်း ကိုယ် လိုချင်တဲ့ စားသောက်ကုန် မရတဲ့ခေတ်ကို ကြုံဖူးလိုက်ရတယ်။ ဘွားဘွားပြောဖူးတဲ့ ငါတို့ ဂျပန်ခေတ်က ခေတ်ကျပ်ကြီးတုန်းက ဘယ်လောက်ရှားပါးတာ ဆိုတဲ့ စကားကို အရင်က ရယ် ဟ ဟ နဲ့ နားထောင်ဖူးပေမဲ့ ခေတ်ကျပ်ကြီးဆိုတာကို အခုတော့ ကောင်းစွာ သိမြင်ခဲ့ပြီ။

တညနေခင်းမှာပါ။ ဂိတ်က ကောင်လေးတယောက် စာတိုကလေးတခု လာပေးလို့ ဖွင့်ဖောက်မိတယ်။

ကျွန်တော် သွားပြီ တဲ့။

ဘယ်သူပို့လိုက်တဲ့စာလည်း ရတနာ သိတယ်။ ဘယ်ကို သွားလည်း ရတနာ သိတယ်။ ဘာဖြစ်သွားနိုင်သလဲ ရတနာ သိတယ်။ ချက်ချင်း သိမြင်စိတ် ၀င်လာတယ်။ သူကို တခါလောက် တွေ့လိုက်ချင်တယ်။ သူ့လက်ထဲ စာရောက်ချိန်မှာ ကိုအောင် ပြန်လှည့်မရတဲ့ တောင်တန်းတခုကို ကျော်သွားခဲ့ပြီ။ နောက်ထပ် ဘာသတင်းမှ မရတော့။

***

နောက်ပိုင်းကာလများကို အမြန်ပြသလို ကျော်လွှားပစ်ရင် ရတနာဟာ အလွန် အလုပ်လုပ်သော၊ မ တရာသားများကို ပြတ်ပြတ်သားသား ကိုင်တွယ် စီမံနိုင်သော၊ မိဘဂုဏ်ရှိန်ကြီးသလို ကိုယ်ပိုင်ကိုယ်ရည်ကိုယ်သွေးရှိသော၊ ရင်းနှီး နီးကပ်ရန် မလွယ်ကူသော အမျိုးသမီးတဦးအဖြစ် ထင်ရှားလာတယ်။ သူ့စီမံကိန်းအတိုင်း ဖြစ်မလာလို့ မေမေရဲ့ မြည်တွန်တောက်တီး နားပူနားဆာတွေကို ဘယ်လိုအင်အားနဲ့ တောင့်ခံမလဲ သိပ်တွေးတောစရာတောင် မလိုဘူး။ မသိကျိုးကျင် လုပ်တဲ့နည်းက အကောင်းဆုံးဆိုတော့ ဒါကိုဘဲ ကိုင်စွဲနေခဲ့တာဘဲ။ ငယ်နုစဉ်က ပြသနာရှာတယ် အပြောမခံချင်တာနဲ့ တုတ်တုတ်မှ မလှုပ်ရဲ ခေါင်းငုံ့ခဲပေမဲ့ ကြီးရင့်လာချိန် ကိုယ်ပိုင်အရည်အသွေးနဲ့ ကောင်းစွာရပ်တည်ချိန်မှာ ခေါင်းကို မတ်မတ်ထားကာ တည်ငြိမ်စွာ ငြင်းဆိုနိုင်ခဲ့ပြီ။ ငြင်းဆန်ရဲခဲ့ပြီ။

ရတနာ စိတ်အားလပ်ချိန်မရှိအောင် အလုပ်များတယ်။ ခြံက ဂိတ်ကအလုပ်သမားတွေရဲ့ ကျန်းမာရေး မိသားစုပြသနာများ ကလေးများရဲ့ ပညာရေး နေရာတကာ ၀င်ပါရတယ်။ တဖြည်းဖြည်း ရှားပါးလာတဲ့ အလုပ်သမား လူငယ်လူရွယ်ပြသနာ။ သူတို့ခြံပေါက် ကလေးတွေ သူတပါးကိုအားကျ နားယောင်ပြီး တောင်တန်းကျော် ထွက်မသွားအောင် ပြောဆိုရ စည်းရုံးရ ပညာပေးရနဲ့ အားလပ်ချိန်မှာ စာသင်ပေးရသေးတယ်။ ကာယအားပြုတဲ့ဝန်းကျင်က ဆင်းသက်လာတဲ့ ကလေးတွေကို အသိဥာဏ်အားပြုတဲ့ အဆင့်ရောက်အောင် တွန်းတင်ရတာ လွယ်လွယ် မဖြစ်နိုင်ဘူး။ မိဘအသိဥာဏ် ရေချိန်အလိုက် ကလေးရဲ့ဗီဇစိတ်အလိုက် တချို့ကိုအားရ တချို့လက်လျှော့ တချို့ ဥပက္ခာပြု အမျိုးမျိုး ကြုံရတယ်။ ဖေဖေ ခဏခဏ အထူးပြု ပြောဆိုတဲ့ မျိုးရိုးဗီဇအကြောင်းကိုလည်း ထည့်သွင်းစဉ်းစားလာရတော့တယ်။

သူ လုပ်ချင်တာလေးတွေ လုပ်နိုင်တဲ့အတွက် အခြေခိုင်တဲ့ မိဘမျိုးရိုးမှာ မွေးတာကိုဘဲ ကျေးဇူးတင်ရတော့တယ်။ ကြာဖူးလေးလိုလှတဲ့ လက်ကလေးတွေ အကြော ထင် လာခဲ့ပြီ။  နူးညံ့သွယ်ပြောင်းနေလို့ မရတော့ဘူး။ ယုယုကိုတောင် ပြောပြချင်သေးတယ်။

နှစ်များစွာလွန်ခဲ့မှ ပုလဲဆီက အမှတ်မထင် ကိုအောင့် သတင်းကို စ ကြားရတယ်။ သူ့အမျိုးသားနဲ့ ပက်သက်တဲ့ လူတယောက် မမတို့နဲ့ အတန်းတူတယ် သိသလားလို့ ဖုန်းဆက်မေးလာပါတယ်။ ကိုအောင့်သတင်း ပြန်ကြားရချိန်မှာတော့ ဘယ်လိုမှ ဆပ်စပ် စဉ်းစားလို့မရလောက်အောင် ဖြစ်ခဲ့ပြီ။ ပုလဲခင်ပွန်းသည်နဲ့ လုပ်ငန်းအရ ဆက်စပ်သူ ရှင်းရှင်းဆိုရသော် လိုအပ်သလို မျက်နှာသာပေးရသူ ဆိုဘဲ။ ရတနာ နားမလည်နိုင်တော့ဘူး။ ကိုအောင့်ယောက္ခမတွေရဲ့ နာမည်ကို ကြားလိုက်ရတော့ နည်းနည်း သိ သွားသလိုဘဲ။ အပြည့်အ၀တော့ မဟုတ်ဘူး။

ပုလဲနဲ့ ဖုန်းပြောတိုင်း ကိုအောင့်သတင်း အမြဲ ကြားရတယ်။ လက်ရှိ ကိုအောင် အနေအထားကို သိလာတယ်။ သိလာလေလေ ရတနာ နားမလည်လေလေဘဲ။

“မမ သိလား။ အဲဒီလူ အလုပ်လုပ်တာ တော်တော် ပြတ်တယ်နော်။  သတ္တိလည်းကောင်း ရမ်းလဲရမ်းတယ်။ သူ့ညီတယောက်လား မသိဘူး။ ယဉ်တိုက်မှုတခုဖြစ်တာ ………… လုပ်ပစ်လိုက်တာ…………………….. ကြောက်စရာကြီး မမ သိလား။ အေးလေ အဲလိုလုပ်နိုင်အောင် ပိုက်ဆံကလည်း မတရား ပေါနေတာကိုး။ ”

“ မမ သူငယ်ချင်းဆိုတဲ့တယောက်လေ၊ အား ဟိုနေ့က ဒင်နာမှာ ဘေးဝိုင်းကလူတွေနဲ့ အပြိုင်ကျဲပစ်တာ၊ ရက်ရက်စက်စက်ဆိုဘဲ။ အိမ်ကလူ ပြောတယ်။ နောက်ဆုံး တဆိုင်လုံးချုပ် ဖြတ်ပြီး ဘေးဝိုင်းကို အသေ ဖြုတ်ပစ်တယ်ဆိုဘဲ”

“ မမ သိလား။ အဲဒီလူလေ အစက ဘာမှရှိတဲ့လူ မဟုတ်ဘူး။ သူ့မိန်းမဘက်က အသိုင်းအ၀ိုင်းကြောင့် ထောင် တက်သွားတာဆိုဘဲ။ ဟိုဘက်ကို ထွက်သွားသေးတာဆို။ အော် မမ သိတယ်လား။ အင်းပေါ့ အဲဒီကပြန်လာမှ သူ့အမျိုးသမီးနဲ့တွေ့ပြီး ဒီအဆင့်ရောက်လာတဲ့။…………………………… ”

“ မမ သိလား။ မမ သူငယ်ချင်းလေ…….……..….”

ပုလဲပြောပြနေတာ ကြားပြီး ကိုအောင်မှ ဟုတ်ရဲ့လားလို့ သံသယတောင် ဖြစ်လာရတယ်။ ကိုအောင်သာဆို ဒီလို အပြုအမူတွေ လုပ်မဲ့လူ မဟုတ်ပါဘူး။ ရတနာ ရင်းနှီးကျွမ်းဝင်ခဲ့ဖူးသူအကြောင်း ရတနာ တကယ် မသိခဲ့တာလား။ အဲလာက်တောင် ရတနာ ညံ့ဖျင်းခဲ့လို့လား။ တကယ် ဟုတ်ပါ့မလား။ နာမည်တူတယောက်ဖြစ်ဘို့ကလည်း အတန်းတူ နှစ်တူ။

ဖေဖေ နေမကောင်းဖြစ်လို့ ရန်ကုန်အိမ်မှာ ကြာကြာနေမှဘဲ ကိုအောင်နဲ့ တွေ့ဘို့ အခွင့်အရေး ရတော့တယ်။ ပုလဲ၊ မတ်တော်မောင်နဲ့ ကိုအောင်တို့ အတူတကွ တက်ကြမဲ့ ပွဲတခုကို ရတနာ လိုက်သွားတယ်။

ကျွန်တော်သွားပြီလို့ ရေးခဲ့တဲ့စာ နောက်ပိုင်း ပထမဆုံး တွေ့ရမှာဘဲ။ ရတနာ နည်းနည်း စိတ်လှုပ်ရှားသွားတယ်။ အိမ်က သူ့စာကြည့်စားပွဲအံဆွဲထဲက ယွန်းသေတ္တာထဲ ထည့်သိမ်းထားတဲ့ စာတိုလေးကို မြင်ယောင်မိတယ်။

“ရတနာ ၀မ်းသာလိုက်တာ။  မတွေ့ရတာ ကြာလှပြီ”

၈ နှစ်နဲ့ ၁၁ လ ရှိပြီ။ ရက်တောင် ပြန်ရေလိုက်ရင် ရသေးတယ်လို့ ရတနာ စိတ်ထဲက ပြန်ပြောတယ်။ လက်တွေ့ကျတော့ ချက်ချင်း စကားမပြောမိ။ အသာပြုံးနေလိုက်တယ်။

တွေ့တွေ့ချင်း မြင်လိုက်ရတဲ့ ကိုအောင့် အပြုံးက လှိုက်လှိုက်လှဲလှဲ။  အပြုံးကတော့ မပြောင်းလဲသလိုဘဲ။ နည်းနည်းဝလာတာ ဗိုက်ထွက်လာကလွဲလို့ နဂိုရုပ်ပါဘဲ။ ဒါပေမဲ့ ရတနာ သိလိုက်တယ်။ ခံစားလိုက်ရတယ်။ ရတနာ သေသေချာချာ မပြောတတ်တဲ့ တစုံတခု ပြောင်းခဲ့တယ်။

ဖေဖေ့ကျန်းမာရေး ရတနာအလုပ်ကိစ္စကို သူ မေးမြန်းတယ်။ သူ့ခြံကိစ္စတွေပါလာတော့ ရတနာ နည်းနည်း စကားသွက်လာတယ်။ တည်ခင်းကျွေးမွေးတဲ့ပွဲမှာ အဖျော်ယာမကာပါလေတော့ သူတို့ သောက်ကြတယ်။ ခွက်ကိုင်ထားတဲ့ ကိုအောင့်ကို ကြည့်ရတာ ရတနာ့မျက်လုံးထဲ ထောင့် လိုက်တာ။

ပွဲက တဖြည်းဖြည်း ညနက်လာလေလေ လူသံသူသံ ဆူလာလေလေ ကိုအောင့်ရယ်သံ ကျယ်လာလေလေ ဖြစ်လာတယ်။ လူတယောက်က လာဆွဲခေါ်လို့ ကိုအောင် ပါသွားတယ်။ စင်ပေါ်တက် စားသောက်ဆိုင် သီချင်းသည်တယောက်ကို ပန်းကုံးတက်စွပ်နေတဲ့ ကိုအောင့်ခြေလှမ်းတွေ ယိုင်နေပြီ။ ပန်းကုံးအထပ်လိုက် စွပ်လိုက်ချိန် ဆလိုက်မီးရောင် သူ့လက်ပေါ်အကျ နာရီကလား လက်စွပ်တွေကလား မသိဘူး ပြိုးပြိုးပြက်ပြက် လတ်လတ်တောက်တောက် အရောင်တွေ ထွက်လာတယ်။ စင်ပေါ်ကပြန်ဆင်းလာပြီး ရတနာတို့ စားပွဲဆီကို လျှောက်လာတဲ့ သူ့မျက်နှာပေးက ခေတ်ပေါ် လောကီဝန်းကျင်မှာ အသာစီးရကာ အောင်မြင်ကျေနပ်နေတဲ့ ပုံပန်းနဲ့။ ရတနာ စိတ်နှလုံး နောက်ကျိလာတယ်။

အခုမှဘဲ ရတနာ ပြက်ပြက်ထင်ထင် နားလည်တော့တယ်။ ကိုအောင် ဘာတွေပြောင်းလဲသွားသလဲ ထင်ထင်ရှားရှား မြင်လာခဲ့တယ်။ နှစ်ကာလများ ကြမ်းတမ်းတဲ့အတွေ့အကြုံများဟာ လူတယောက်ရဲ့ စိတ်နှလုံးကို တကယ်ဘဲ ပြောင်းလဲစေခဲ့တာကိုး။ ရတနာ ကုန်လွန်ခဲ့တဲ့အချိန်နဲ့ ကိုအောင် ကုန်ဆုံးခဲ့တဲ့အချိန်ဟာ  အရှိန်ခြင်း မတူကြဘူး ထင်ပါတယ်။ ရတနာ နည်းနည်းခြင်း ရွှေ့နေစဉ်မှာ ကိုအောင်က အဟုန်ပြင်းပြင်းနဲ့ ပြောင်းပြန်အချိုးအကွေ့တခုကို ကျော်ဖြတ်ခဲ့ပြီ။ သူ့အရှိန်နဲ့ လိုက်ပါသွားခဲ့ရင်တော့ အပြောင်းလဲကြီးပြောင်းလဲတယ်လို့ မပြောသာဘူးပေါ့။ ရတနာ အရှိန်နဲ့ တိုင်းတာလိုက်တော့ အခြားနားကြီး ခြားနားခဲ့လေပြီ။

ရတနာကတော့ တခါက ညနေခင်းများကို အထပ်ထပ် ပြန် စဉ်းစားကြည့်နေမိတယ်။ အပြင်ပန်းသဏ္ထန် ပြောင်းလဲလွယ်နိုင်ပေမဲ့ ဗီဇစိတ်နှလုံးကတော့ ဒီလောက် ပြောင်းလဲလွယ်လို့လား။ တကယ် ဗီဇစိတ်ကို မြင်သာတဲ့အထိ ရတနာ မရောက်ကြည့်နိုင်ခဲ့လို့လည်း ဖြစ်နိုင်တာပါဘဲ။ မည်သို့ဆိုစေ လေအေးလေးတိုက်တဲ့ ညနေခင်းပုံပြင်လေးကတော့ လှနေအုန်းမှာပါ။

ခုမှဘဲ ဖေဖေ က ဘယ်သူ့သားသမီးလဲလို့ မေးတာကို နားလည်သွားတော့တယ်။

မြယာ
၂၀၁၂၀၂၁၄