Thursday 13 June 2013

ကျွမ်းသူကြောင့် ငိုလေဖူး မှိုင်းမူးဖြေခဲ့ပြီ။



မိုးရွာမယ်လို့ ထင်တော့ အထင်သား။ မနက်ကတည်းက ကောင်းကင်က မကြည်လင်ဘူး။ သို့ပေသိ စိမ့်  ထီးမယူလာခဲ့မိဘူး။ မိုးအုံ့ပေမယ့် ရွာမယ်မရွာမယ် သေချာ မသိနိုင်တဲ့အရပ်ပေဘဲ။ ရွာပြန်တော့လည်း ဖွဲသလို စဲမလိုနဲ့  ဒီအရပ်ရွာတဲ့မိုး သူ့ကို တခါမှ မစိုခဲ့ဘူး။ သူတို့ ငယ်ဘဝ ကောင်းကင်ကတော့ ဒီလို မဟုတ်လေဘူး။ မိုးအုံ့တယ်ဆိုကတည်းက ရွာကိုရွာမှာ။ မိုးရေကြောင့် စွတ်စိုအေးမြ စိုရွဲမှာ သေချာတဲ့ ကောင်းကင်ပါ။ 


သဲတဲ့မိုးကြောင့် ညက ပို တိတ်ဆိတ်မှောင်မိုက် နေသလိုဘဲ။ မိုးပေါက်ကျသံနဲ့ ရထားသံ ရောထွေးကြားရတော့ ရင်တခုလုံး လေးလံထိုင်းမှိုင်းကာ ဆွတ်ကျင်စိတ် ၀င်လာတယ်။ အဲဒီအသံကို ကြားတိုင်း စိမ့် အမြဲလို နှုတ်ခမ်းကိုက်မိတယ်။ စိမ့် ဆင်းတဲ့ဘူတာ ရောက်တော့ မိုးဖွဲစပြုပြီ။ လေကတော့ တချက်တချက် ပြင်းပြင်းထန်ထန် တိုက်နေတုန်းဘဲ။ ဘူတာကနေ သူ နေရာအရပ်ဆီ အပြန်လမ်းမှာ စက်ဝိုင်းခြမ်းပုံ  လမ်းကွေ့လေးနဲ့ တောင်ကုန်းလေးတခု မော့မော့ကလေး တက်ရတယ်။ ညနေတိုင်း တောင်ကုန်းလေးကို အတွေးများ သီချင်းများ ဈေးဝယ်အိတ်လေးများ စာရွက်စာတမ်းများကို အဖော်သဟဲပြုကာ သွက်သွက်လေး လျှောက်တတ်စမြဲ။


စည်ကား ရှုပ်ထွေးတဲ့ လမ်းမကြီးကနေ တောင်ကုန်းလေးဆီ ချိုးအကွေ့ လမ်းသွယ်တခုလုံး လူသူ ကင်းမဲ့နေတယ်။ မိုးကြောင့် အပြေးလေး သော့ လာတဲ့ စိမ့် လမ်းချိုးမှာ မင်သက်မိစွာ ရုတ်တရက် ရပ်တန့်သွားတယ်။ တောက်ပ လင်းထိန်တဲ့ လမ်းမီးရောင်အောက်မှာ မိုးဖွဲလေးတွေ အစောင်းလိုက် ခုန်ဆင်းနေတာ မြူတွေလိုလို တိမ်ခိုးလိုလို ရုပ်ရှင်ပိတ်ကားတခုကို ကြည့်နေရသလိုလို။ အားကောင်းတဲ့ အလင်းတန်းအောက် မိုးပေါက် တပေါက်ချင်း ထင်ထင်ရှားရှား မြင်ရပြီး လေအရှိန်ကြောင့် မြေပြင်ပေါ် ချက်ချင်း မရောက်သွားဘဲ အနှေးပြကွက်နဲ့ ကခုန်နေကြသလို ထင်မြင်ခံစားရတယ်။ 

မိုးရေစက်များ လေတိုးသံများ အလင်းတန်းများ မိုးနှင်းမြူများ သူ့ စိတ်အာရုံထဲ စိတ်နှလုံးထဲ တပြိုင်နက်ဝင်ရောက်ကာ အရောင်တွေ အသံတွေ ရောထွေးပြီး တခုတည်း ဖြစ်သွားတယ်။ စဉ်းငယ်မျှ အသက်ရှု ရပ်သွားတယ်။ မိုးနှင်းမြူပြကွက်ထဲ သူ စီးမျောသွားတယ်။ ပတ်ဝန်းကျင်က အသံတွေ မြင်ကွင်းတွေ အားလုံး ပျောက်ဆုံး တိတ်ဆိတ်သွားတယ်။ 


ထိုစဉ်အခိုက် လမ်းကွေ့လေး နံဘေး အလှစိုက်ထားတဲ့ အခက်အလက်ဖြာတဲ့ တောင်ထန်းပင်အုပ် နံဘေး လူတယောက် ရပ်နေတာ မသဲမကွဲ မြင်လိုက်တယ်။ သစ်ရွက်များကြောင့် ရှင်းရှင်း မမြင်ရဘူး။ တဝက်တပျက်သာ မြင်လိုက်ရတဲ့ တခြမ်းစောင်းပုံရိပ်ကြောင့် စိမ့် မျက်လုံးတွေ ပြာသွားတယ်။ 

ဘုရား ဘုရား။ ညည လား။ ဥာဏလား။ အိုး…….. အသိစိတ် ဝင်စမ်းပါ။ ဘယ်လိုဖြစ်နိုင်မလဲ။ 

ရုတ်ချည်း သတိဝင်လာပြီး စူးစမ်းစိတ်နဲ့ ကွေ့ကောက်တဲ့လမ်းကလေး အတိုင်း တောင်ထန်းပင်အုပ်ဆီ စိမ့် သွက်သွက် လျှောက်တယ်။ သစ်ပင်အုပ်နံဘေး ဘယ်သူမှ မရှိဘူး။ ဘေးဘီဝဲယာ လှည့်ပတ်ကြည့်ရှုတယ်။ ခုနက သူ မြင်လိုက်တာ တကယ်ကော ဟုတ်ရဲ့လား။ သူ မတ်တပ်အိပ်မက် မက်နေသလား။ လက်တွေ့လောကမှာကော ရှိသေးရဲ့လား။ အရောင်တွေအရိပ်တွေ ရောထွေးသွားလို့ အာရုံထင်မှား မြင်နေတာလား။ 


စိမ့် သူ ဆက်သွားရမဲ့ တောင်ကုန်းဆီကို လှမ်းမျှော်ကြည့်မိတယ်။ မြင်ကွင်းတခုလုံး တိတ်ဆိတ် ငြိမ်သက်လျက် ရှိမြဲ။ လောကကြီးတခုလုံး စိမ့် တယောက်တည်းသာ ရှိတယ်။ လေတိုက်လာပြီး မိုးနှင်းမြူတွေ သူ့ကို ဖွဲပက်လိုက်တယ်။ ခါတိုင်းလိုဘဲ ဒီမိုးရေစက်များ သူ့ကို မစွတ်စို မအေးမြစေဘူး။ သွေးကြောများ စပ်ဖျင်းဖျင်း ပူနွေးလာပြီး တကိုယ်လုံး တုန်လာတယ်။ စိတ်ထဲ ဆို့နင့်လာတယ်။ မျက်လုံးဆီကို ဘယ်က အရည်ကြည်တွေ ပို့လွတ်လိုက်သလဲ။ ငိုချင်လာတာလား။ မဟုတ်တာ။

ဥာဏ အတွက် သူ ဘယ်နှစ်ကြိမ် ငို ခဲ့ဖူးသလဲ။ 

တခါမှ …………. 

သူ တခါလေးမှ မငိုကြွေးခဲ့ဖူးဘူး။ 

******

စိမ့် ကြောင့်သာ ဥာဏ တယောက် ငယ်ကတည်း ခဏခဏ ငိုခဲ့ရသူပါ။  ခင်ခင် လို့ စိမ့် ခေါ်တဲ့ ဥာဏရဲ့ မေမေ ဆီက နို့လုစို့တယ်။ သားအရင်းကို တွန်းဖယ်တယ်။ သူ့အမေ ရင်ခွင်ထဲ တိုးဝင်လာတဲ့ ကောင်လေးကို ခြေထောက်နဲ့ ကန်တယ်။ ကစားစရာ အတူတူ ဝယ်ပေးထားတောင် သူ့ပစ္စည်း အရင်ပျက်စီးသွားတတ်ကာ ရိုရိုသေသေ ကိုင်တွယ်တဲ့ ဥာဏ ရဲ့ ကစားစရာကို လု ယူတယ်။  ဖွက်ထားတဲ့ မုန့်ကို ရအောင် ရှာစားတယ်။ စိမ့်ရဲ့ သံပတ်ကားကို ခဏယူဆော့တဲ့ ကောင်ကလေးကို လက်သည်းနဲ့ ကုတ်ခြစ်တယ်။ သွားနဲ့ကိုက်တယ်။ ခေါင်းနဲ့တိုက်တယ်။ ဥာဏ လက်မောင်းကို သူ ကိုက်ပစ်တာ ယောင်လာပြီး ၃ ရက် ဖျားတာ မှတ်မိတယ်။ သူကိုယ်တိုင် မှတ်မိတာလည်းရှိ အမေတွေပြန်ပြောတာလည်းရှိ ငယ်ဘဝအချိန်များမှာ သူ့ကြောင့်သာ ဥာဏ ငိုခဲ့ရတာ။ ခဏခဏ မျက်ရည်ကျပြတတ်တဲ့ မောင်ဥာဏကြောင့် စိမ့် အဆူခံ ခဲ့ရတာလည်း မနည်းပါဘူး။ 

အတူကြီးပြင်းလာပေမဲ့ ဥာဏဟာ သူ့ရဲ့ တွဲဖော်တွဲဖက်ကောင်း မဟုတ်ဘူး။ ချောင်းထဲ ရေသွားကူးရင် ဥာဏ ရေနက်ထဲဆင်းရမှာ အလွန်ကြောက်တယ်။ ခင်ခင်က ရေကူးသွားတာ မကြိုက်လို့ သားလိမ္မာလေး လုပ်နေတာ များပါတယ်။ ဘောလုံးကန်ရင်လည်း ဂိုးဖမ်းတာဘဲ လုပ်ချင်တယ်။ ရန်ဖြစ်ရင်လည်း လက်သီကောင်းကောင်း မထိုးတတ်။ အပင်တက်ခိုင်းရင်လည်း တွန့်ဆုတ်ဆုတ်။ စိမ့်က မိန်းကလေးတန်မဲ့ အပေါင်းအသင်း မျိုးစုံနဲ့ လက်တည့်စမ်း ပွေလီရှုပ်ထွေးနေချိန် ဥာဏ က ခင်ခင့် အနားကပ်ကာ ဆံပင်သပ် ကျောသပ် ခံနေတယ်။

စိမ့် က နိုးကြားတက်ကြွသူ။ ဥာဏ က ငြိမ်သက်တိတ်ဆိတ်သူ။ စိမ့် က ပြောချင်တာ ချက်ချင်း ပြောချတတ်သူဖြစ်ပြီး ဥာဏကတော့ သူ ပြောလိုရာစကားမှ ရှိပါလေစွ အထင်ခံရသူ။ 

ငယ်ငယ်က သူ့အမတွေ နားဖောက်ကြတော့ သူလည်း ဖောက်ချင်တယ် ငိုယိုပူဆာလို့ ခင်ခင်က သူ့ကို နားပေါက်ဖောက်ထားပေးတယ်။ စိမ့် မယ် မိန်းကလေးဖြစ်ရက် နားပေါက် မရှိဘူး။ သိတတ်လာတော့ သူ့နားပေါက်ကို စိမ့်က လက်ညိုးနဲ့ တို့ တို့ ကစားပြီး လှောင်ပြောင်တဲ့အခါ ဥာဏ  ရှက်တယ်။ စိမ့် အလိုအရဆို အစကတည်းက ဖောက် မပေးဘူး။ ခင်ခင်က သူ့သမီးအကြီးမတွေလို ဥာဏကို မွေးမြူတာ အတော်ဆိုးတယ်။ 

စိမ့် လုပ်ဖူးချင်တဲ့အလုပ်တွေ အရမ်းများတယ်။ ဘယ်အရာမဆို စူးစမ်းလိုက်ချင်စိတ်လည်းရှိတယ်။ စိမ့်ရဲ့ ကောင်းကင်ကိုလည်း ကျယ်ပြန့်သည်ထက် ကျယ်ပြန့်လိုတယ်။ စိမ့် မိဘများကလည်း သူတပါးကို မထိခိုက်သရွေ့ စိမ့် လုပ်ချင်တာ လုပ်နေတာ မကွပ်ညှပ်ဘူး။

ဥာဏလည်း ကျန်းမာသန်စွမ်းတဲ့ လူငယ်လူရွယ်တဦးဘဲ။ လူငယ်ပီပီ စူးစမ်းစိတ် ရှိမှာပါဘဲ။ ခက်တာ  သူက ခင်ခင့်စကားကို နားထောင်လွန်းတယ်။ သိမ်မွေ့ ယဉ်ကျေးလွန်းတယ်။

‘ညည။ ယောင်္ကျားလေး က ယောင်္ကျားပီပီ နေစမ်းပါ ဟ။ ခင်ခင် ဆူတာများ ဘာကြောက်စရာရှိလဲ။ လူကြီးတွေ ဆူမှာကြောက်လို့ ဘာမှမလုပ်ပဲ နေရရင် ငါတို့ လူငယ်ဘဝ အလဟဿ ဖြစ်သွားမှာပေါ့။ ငါ့ ဆို အကုန်သိချင် စမ်းချင်တယ်။ တချို့ ကိစ္စတွေဆို ငါနဲ့ မအပ်စပ်လွန်းလို့သာ လက်လျှော့ထားရတာ။  နင်ပါရင် ငါက သွားစမ်းမလို့။ ’

‘ ငါ နေတတ်သလို နေတာ။ အမေကို ကြောက်လို့မဟုတ်ဘူး။’ 

‘ ဒါပေမယ့် နင် ခင်ခင် ဆူမှာကို အတော် လန့်တာ မဟုတ်လား။’

‘ ငါ ကြောက်တာ မဟုတ်ဘူး။ တတွတ်တွတ် ပြောနေရင် ငါလည်း စိတ်ရှုပ် အမေလည်း ခေါင်းကိုက်နဲ့။ အမေ စိတ်ညစ်ရမဲ့အလုပ် မလုပ်ချင်ဘူး။ ပြီးတော့ နင် လုပ်နေတာတွေ ဘာ အရေးကြီးတာ ရှိလို့လဲ။ ငါ ကြည့်နေတာ….. နင် ပေါင်းနေတာ လူရှုပ်တွေချည်းဘဲ’

‘ အေး  ဟေ့။ လူရှုပ်တွေနဲ့ ပေါင်းမှ ရှုပ်တာ ဘာလဲဆိုတာ သိမယ်လေ။ ငါကလဲ ရှုပ်တာကို ကြိုက်တာ။ ရှုပ်ဖူးမှ ရှင်းနိုင်မယ် ဟ ဟ။’

စိမ့် အပေါင်းအသင်းများတာ ဥာဏ မကြိုက်ဘူး။ ပျင်းစရာကောင်းလောက်အောင် ပိပြားလှတဲ့ သူ့အမတွေနဲ့ နှိုင်းပြီး လာ လာ ဆုံးမတာကိုလည်း စိမ့်က မနှစ်သက်ဘူး။ စိမ့် လုပ်ချင်တာတွေ အကန့်အသတ် ခံရတဲ့အခါ နင်နဲ့ငါ နေရာချင်းသာလဲချင်တယ် ညညရာ လို့ မကျေနိုင်မချမ်းနိုင် အထပ်ထပ် ပြောတယ်။  ချုပ်ရရင် ဥာဏ နဲ့ စိမ့် ငယ်ဘဝ  ကုန်ဆုံးချိန် မတူကြတဲ့သူတွေ။

ဒါပေမဲ့ ဥာဏ စိမ့် အတွက် အသုံးဝင်တဲ့အချိန် ရှိပါသေးတယ်။ ကျောင်းကအပြန်ဆို စိမ့် စက်ဘီးကို ဖုန်သုတ်ပေးတယ်။ ရံဖန်ရံခါ ရေဆေးပေးသေးတယ်။ မြေပုံမဆွဲတတ်တဲ့ သူ့အတွက် ပထဝီအိမ်စာ မြေပုံတွေ ကို ကောင်းကောင်း ဆွဲပေးတယ်။ စိမ့် လိုချင်တဲ့ သီချင်းတွေ သွားကူးပေးတယ်။ သီချင်းစာအုပ်မရှိရင် သီချင်း အခါခါ နားထောင်ပြီး ဗလာစာအုပ်ထဲ စာသားတွေ ကူး ရေးပေးတယ်။ ရံဖန်ရံခါ စိမ့်က ပူဆာရင် သူ့ ဂစ်တာလေးနဲ့ သီချင်း တိုးတိုးလေး ဆိုပြတယ်။ ရှားရှားပါးပါး အချိန်တွေပါ။ သီချင်းကြိုက်တာ တူတာ တချက်ရှိလို့သာ ဥာဏ လူငယ်လူရွယ်ပါလို့ အသိအမှတ်ပြုရတယ်။ ဒီလိုအရွယ်မှ ဂစ်တာလေး မခေါက်ရင် ဘုရားစူး လူငယ်လို့ ပြောရတော့မယ်။

ဥာဏကို မျက်မုန်းကျိုးရတဲ့ နောက်တချက်က ကျောင်းဆင်းရင် အိမ်တန်းပြန်သွားတာကာ အမေတွေ အမ တွေကို ကူ သတဲ့။ စိမ့် မေမေက တခါတလေ စိမ့်ကို ဥာဏနဲ့ လာ လာ ယှဉ် ပြောရင် သိပ် စိတ်ဆိုးတယ်။ စိမ့်က သူ့လွယ်အိတ်ကို ဥာဏနဲ့ ထည့်ပေးလိုက်ပြီး စက်ဘီးတစီးနဲ့ နေဝင်မိုးချုပ် လည်ပတ်တယ်။ ငါကို မြေပုံဆွဲထားပေးလို့ အမိန့်ပေးလိုက်သေးတယ်။ ကိုယ်က နိုင်စားလို့ ရပေမဲ့ တခါတလေတော့ ဒီလောက် အေးဆေးသည်းခံတာကို နှလုံး မတွေ့လှ။  ခင်ခင်တို့များ သား ယောင်္ကျားလေးကို ဘယ်လို အုပ်ထိန်းပါလိမ့်လို့ မျက်ခုံးတွန့်မိတယ်။

စိမ့် မျက်ခုံးတွန့်တာကိုလည်း ဥာဏ မကြိုက်ဘူး။ မျက်ခုံးတွန့်ကို လက်နဲ့ လာ လာ ဖြေကာ ငယ်ငယ်လေးနဲ့ အရေးကြောင်း ထင်တော့မယ် ပူပင်တယ်။ စိမ့် မိုးရေထဲ အနေကြာပြီး အအေးမိကာ နှာရည်ယိုတိုင်း ကြုံရာနဲ့ ကောက် သုတ်တဲ့ အကျင့်ရှိတာကိုလည်း မကြိုက်ဘူး။ မိန်းကလေးဖြစ်ပြီး လက်ကိုင်ပုဝါ ဘာလို့ မဆောင်သလဲ ဆူပူပြီး သူ့လက်ကိုင်ပုဝါ အမြဲ ထုတ်ပေးတယ်။ စိတ်ပျက်ဘွယ်။ ကောင်လေးဖြစ်ပြီး လက်ကိုင်ပုဝါနဲ့။ စိမ့်  နှပ်ညှစ်ရင်းနဲ့ ဥာဏ့ လက်ကိုင်ပုဝါတွေလည်း ဇာတ်သိမ်းရတာ များတယ်။ 

အထက်တန်းရောက်ချိန် စိမ့်က မြို့လေးကိုကျော်ကာ ပြင်ပကမ္ဘာကို လှမ်းထွက်ဘို့ အစီအစဉ် ချနေပြီ။ ကျယ်ပြောတဲ့ လောကအသစ်ဆီကို ပျံသန်းဘို့ စိတ်ကူးယဉ်နေပြီ။ သူ့ လိုဘဲ ဥာဏကိုလည်း ရည်မှန်းချက် ကြီးကြီးထားကာ အိပ်မက်အကြီးကြီး မက်စေချင်တယ်။ စကားကြီးစကားကျယ်တွေ အတောမသတ် ပြောတတ်လာတယ်။  

‘ညည စာကျက်အုန်း။ နင် အမှတ်မကောင်းရင် ရန်ကုန်ကျောင်း မဝင်နိုင်ဘူးနော်။ နင် ခုတလော ခြေလှမ်းပျက်နေတယ်။ ငါ ခင်ခင်နဲ့တိုင်မယ်။’

‘ငါ ဘာလုပ်နေလို့လဲ’

‘မောင်ည။ ငါ မသိဘူး ထင်နေလား။ ပြေးခုန်ပစ် ပွဲတုန်းက ပန်းစည်းလာပေးတဲ့ မြတ်သွယ် ကို နင် ကြိုက်တာနေတာ မဟုတ်လား။ တနေ့တနေ့ ခင်မောင်တိုးသီချင်းဘဲ ထပ် ထပ် ကျော့နေတာ ငါက နားကန်းနေလို့လား’

မဟာဆန်ချင်သူ နဲ့ မျက်သွယ် ကို သူ ခံစားချက်နဲ့ဆိုတာတော့ နားထောင်ကောင်းသားဘဲ။ သီချင်းအဖြစ်နဲ့ နားထောင်လို့ကောင်းပေမဲ့  မြတ်သွယ်ဆိုတဲ့ လှုပ်စိလှုပ်စိကို ရည်ရွယ်နေတာကိုတော့ စိမ့် မကြိုက်ဘူး။ ဥာဏ မြတ်သွယ်ကို သွား သွား ငေး နေတာကိုမြင်ရင် စိတ်တိုတယ်။ ဒါမျိုးကျတော့ ယောင်္ကျားပီသလိုက်လေ။

‘ စိမ့် အသံကျယ်ကြီးနဲ့ အော်မနေနဲ့။ သူများကြားသွားရင် တဘက်သား မိန်းကလေး အားနာစရာ။ ဘာမှလည်း မဟုတ်ဘဲနဲ့။’

ခါးတိုအကျီနဲ့အတိ ဆံပင်ရှည် ဖြန့်ချထားတဲ့ မြတ်သွယ်က ယဉ်သွယ်သွယ်နဲ့ ကြည့်ကောင်းတယ်။ အပြုံးကလဲ ချိုမြမြနဲ့ စကားပြော ညင်ညင်သာသာ သိမ်သိမ်မွေ့မွေ့ ရှိသူပါ။ စကားတခွန်းပြောတိုင်း ဆံပင်ကို တစ်ကြိမ် ခါ တယ်။ စိမ့်တို့ကျောင်းမှာတော့ မြတ်သွယ် စတား ဘဲ။ ကျောင်းမှာ ဆုဗန်း ကိုင်တာ ပန်းစည်းဆက်တာ သူ မပါ မပြီးချေ။ မြတ်သွယ်ပေးတဲ့ ပန်းစည်းလိုချင်လို့ ဥာဏ မီတာ ၁၀၀ ၀င်ပြေးတယ်။

‘ နင် ရမ်း မပြောနဲ့ မိစိမ့်။ ဆရာက ဝင်ပြေးပါဆိုလို့ ပါတာ။ နင် အာကျယ်ပါကျယ်နဲ့ လျှောက်မပြောနဲ့လို့ ငါ သတိပေးထားတယ်နော်’

ဥာဏကို မျက်ခုံးတွန့်ကြည့်မိတယ်။ သတိပေးသတဲ့။ မိုက်ရိုင်းလိုက်လေ။ သူကများ။

သူ့အကဲ ကြည့်ရတာ မဟန်တာနဲ့  သားလှရွှေသွေး မောင်ညညလေးတယောက် ပညာရေး စိတ်မဝင်စားဘဲ အပိုအလုပ်တွေလုပ်နေကြောင်း ခင်ခင်ကို ဂုံးချောစကား သွားပြောပစ်ခဲ့တယ်။

ဒီတကြိမ်လည်း စိမ့်ကြောင့် ဥာဏ ငို ရပြန်တယ်။ 

သူ့အမေက စိမ့်လောက် စာမတော်တဲ့ သူ့သားကို နဂိုကမှ အားမရတဲ့ကြား ဒီလိုကိစ္စ ဝင်လာတော့ အလိုမကျမှု ဆောင့် တက်တော့တယ်။

‘သားသား။ ညည။ ငယ်ထိပ်ချေးတောင် မစင်သေးဘူး ဟင်။ လူပျိုလုပ်ချင်တာ လာစမ်း…. လာစမ်း’

ခင်ခင်က မြတ်သွယ်တို့ အမျိုးကို နည်းနည်းမှ ကြိုက်တဲ့သူ မဟုတ်ဘူး။ မြတ်သွယ့် အမေက မုဆိုးမ။ နည်းနည်း နွမ်းပါးတယ်။ ရုပ်ရည် ချောမောတယ်။ သူ့အဖေက အရာရှိတယောက်ဘဲ။ သူတို့အဖေ ဆုံးသွားပြီး ပင်စင်လခလေးနဲ့ ရပ်တည်နေဖို့ မဖြစ်တော့ မြတ်သွယ့် အမေကြီးက အရောင်းအ၀ယ်လေး ဘာလေး လုပ်တယ်။ သူအများနဲ့ဆက်ဆံရတော့ မျက်နှာထား ချိုချိုထားရတယ်။ ဒါကို ခင်ခင်က မကြိုက်တာ။ ရုပ်ကလေး ဗန်းပြကာ အသက်မွေးတယ်လို့ ယူဆတယ်။

စိမ့် မြတ်သွယ်ကို မကြိုက်တာက တမျိုး။ မြတ်သွယ့် မျက်နှာကို ကြည့်လိုက်တိုင်း သူ စိတ်ရင်းအတိုင်း နေထိုင်တယ်လို့ မထင်တာ။ သူ လှုပ်စိလှုပ်စိ နေတာကအစ မဟာဆန်ချင်သူ ပုံပေါက်အောင် တမင် ကျင့်ယူထားတယ်လို့ သိနေတာ။ ဘယ်လိုသိသလဲ စိမ့် ရှင်း မပြတတ်ဘူး။ မြတ်သွယ် ပြောတဲ့စကားဟာ ပြောလိုက်တာနဲ့ ရည်ရွယ်ရာ ထပ်တူ မရှိဘူး ဆိုတာလည်း သိ သိ နေ တယ်။ 

ခင်ခင့် ကို ဥာဏ ကြောက်ရတယ် ဆိုတာလည်း စိမ့် သိတယ်။ စိမ့်က အပေါင်းအသင်းစုံနဲ့ လည်ပတ် နေတတ်ပေမဲ့ သူ ဘယ်အချိန်မှာ ရပ်ရမယ်။ ဘယ်အချိန်မှာ ကျောင်းစာကို အာရုံ စိုက်ရမယ်ဆိုတာ ခွဲခြားထားတယ်။ ဥာဏ ဂစ်တာတလက်နဲ့ တနေကုန် မေ့မျောကာ ကဗျာစပ်လိုက် စာဖွဲ့လိုက်နဲ့ ဖြစ်နေတာကိုလည်း မြင်တယ်။ ဥာဏကို အရှက်ခွဲလိုခြင်းတော့ မဟုတ်။ သို့ပေမယ့် စိမ့် ပြသနာ ရှာမိတယ်။

အမေနဲ့ အမတွေကြား ဥာဏ လှုပ်တောင် မလှုပ်နိုင်ဘူး။ သူ့အမတွေ နားရွက်ဆွဲလိမ်လိုက်ကြတာ ရဲတွတ်နေပြီး သူ့နားပေါက်လေးတောင် တော်တော်ကျယ်လာသလိုဘဲ။ နားပေါက်လေးတွေ နီရဲနေတာတွေ့လို့ စိမ့် သနား သလိုလိုတော့ အရှိသား။ 

ခင်ခင် အပြောအဆို မတတ်မှုကြောင့် ဥာဏတို့အိမ်က ဆူဆူညံညံ အဖြစ်အပျက်တွေက အိမ်မှာတင် မပြီးဘဲ မြတ်သွယ်တို့အမေ အထိ သတင်းရောက်တယ်။ မြတ်သွယ်ကလည်း သူနဲ့ ဘာမှ မစတင်ရဘဲ ဒီလို သတင်း ထွက်လာကို အရှက်ရသွားပုံဘဲ။ ဥာဏအပေါ် ဆက်ဆံရေး  တင်းမာ သွားတယ်။

စိမ့်ကြောင့် ဥာဏ အတော်ခံလိုက်ရပေမဲ့ အပြစ်တင်စကား တခွန်းမှ လာမပြောဘူး။ တွေ့ရင် မျက်လုံးစိမ်းနဲ့ ကြည့်တယ်။ စာမေးပွဲကြီး ဖြေပြီးတဲ့အထိ စိမ့်ကိုလည်း စကား ဟ ဟ မပြောတော့ဘူး။

******

အထက်တန်းကျောင်းအောင်လို့ စိမ့်က မွေးရပ်မြေကို ခွာရတော့ ဥာဏ နယ်ကောလိပ်မှာ ကျန်ခဲ့တယ်။ သူ့ မဟာဆန်ချင်သူလေးနဲ့ တကျောင်းတည်းပေါ့။ စိမ့် မထွက်လာခင် ညနေမှာ အိမ်ကို လာတယ်။ ခင်ခင် ပို့ခိုင်းလိုက်တဲ့ ငါးခြောက်ကြော်တွေနဲ့ စိမ့်အတွက်ဆိုပြီး သူ ထပ်ကူးထားတဲ့ သီချင်းတွေ လာပေးသွားတယ်။ 

‘ညည။ ငါ တယောက်တည်း သွားရမှာ ပျင်းတောင်ပျင်းတယ်။ နင် ရန်ကုန်ကျောင်း ပြောင်းခဲ့ပါလား။ နင့်ယောက်ဖဆီ သန်းခေါင်စာရင်း ပြောင်းလိုက်ပေါ့။ ’

မသိသားဆိုးရွားစွာ စိမ့် ပြောတယ်။ ခါတိုင်းလိုဘဲ ဥာဏ သိမ်သိမ်မွေ့မွေ့ ပြုံးတယ်။ ဥာဏ စိမ့်ကို ပြုံးမပြတာ နှစ်ဝက် ရှိခဲ့ပြီ။ ဥာဏ သူ့ကို ကြာရှည် စိတ်မဆိုးဘူးဆိုတာ သိနေပေမဲ့ သူ့ အပြုံးကို ပြန်မြင်ရမှဘဲ စိတ်ချလက်ချ ယုံစားနိုင်တော့တယ်။ 

စိမ့်တယောက်တည်း ထွက်လာခဲ့ရတာ အစပိုင်း ဟာတာတာ ဖြစ်နေပေမဲ့ သက်တူရွယ်တူ စိတ်တူသဘောတူ အဖော်များနဲ့ တွေ့ဆုံပြီး အိမ်ကိုတောင် မပြန်ချင်ဖြစ်လောက်အောင် ကျောင်းပျော် ဖြစ်လာတယ်။ 

တက္ကသိုလ်ကျောင်းသူဘဝ အဆောင်ကျောင်းသူဘဝ ဟာ စိမ့်လိုလူနဲ့ အလွန် အံဝင်ဂွင်ကျ ရှိလှတယ်။ ကိုယ့်ဆင်ခြင်ဥာဏ်နဲ့ ကိုယ်ဘာသာ ကိုယ် ထိန်းကျောင်းရကာ အကန့်အသတ်မဲ့ လွတ်လပ်ခွင့် ကိုလည်း ရယူခံစားနိုင်တယ်။  အပျော် လွတ်လပ်မှုနဲ့ မိမိကိုယ်တိုင် တာဝန်ယူရမှု ကို ကောင်းစွာ သဘောပေါက်လာပြီး စိမ့် ဘဝ ကို စိမ့် ကောင်းစွာ စီမံလာနိုင်တယ်။ 

ဥာဏကို ခင်ခင့်လက်အောက်က လွတ်မြောက်ပြီး  လူငယ် ပီပီ ဘဝ ကို ရစေချင်တယ်။ ဘဝဟာ ခင်ခင်နဲ့ မြတ်သွယ်တို့နဲ့တင် မပြီးဘဲ ကြည့်စရာ လေ့လာစရာ စူးစမ်းစရာ ခံစားစရာ ကျယ်ပြောတဲ့ လောက  ကျန်ရှိသေးတယ်ဆိုတာ ပြောပြချင်တယ်။ 

မြို့ က သူငယ်ချင်းများကြောင့် ဥာဏတယောက် မြတ်သွယ်ကို တရစ်ဝဲဝဲ ရှိနေဆဲဆိုတာ ကြားရမြဲ။ ဥာဏ စိတ်ချမ်းသာရင် ပြီးတာပါဘဲလို့ စိမ့် တွေးလာနိုင်တယ်။ ကျောင်းပိတ်ရက် အိမ်ပြန်တော့ ဥာဏအတွက် သီချင်းစာအုပ်တွေနဲ့ သီချင်းခွေတွေ ဝယ်သွားပေးတယ်။ ဥာဏ စိတ်ကြည်လင်နေတာ မြင်ရတော့ သူ အမြဲ သိလိုတဲ့ အကြောင်းအရာကို မေးခွန်း ထုတ်မိတယ်။

‘ ညည။ နင် ဘာလို့ မြတ်သွယ်ကို ကြိုက်သလဲ။ တခြားမိန်းကလေးတွေနဲ့ သူ ဘာခြားနားလို့လဲ ပြောပြစမ်းပါ’

‘ ဟာ။ မိစိမ့်……… ဘာတွေ လာမေးနေတာလဲ’

‘ ငါ နားမလည်လို့ပါ ဟ။ ပြောပြစမ်းပါ’

ဥာဏ စိတ်ရှုပ်ဟန်နဲ့ အတန်ကြာ ငြိမ်သက်သွားတယ်။ သက်ပြင်းတချက် ချပြီးမှ……………

‘ နင့် ပြောလည်း နင်မှ နားမလည်တာ။ ………….. အဲ… ဒါ… ဟိုလိုမျိုး…..အတန်းထဲမှာ မိန်းကလေးအများကြီး ရှိတယ်။ ဒါပေမဲ့ သူ့ကိုဘဲ ငါ အရင် မြင်တယ်။ သူ့ ကို မြင်နေရရင် ငါ ရင်ခုန်ပြီး ပျော်နေတယ်။ သူ ပျော်အောင် စိတ်ချမ်းမြေ့အောင်လည်း လုပ်ပေးချင်တယ်။…….ငါ … ငါ..မပြောတတ်တော့ဘူး…..ဟေ့…တော်ပြီ တော်ပြီ’

ဥာဏ့ မျက်နှာ ရှက်သွေးနဲ့ ရဲလာတယ်။ စိမ့် အတော် ရယ်ချင်သွားတယ်။ ဒုက္ခ။ ဒီလို မအူမလည်ပုံနဲ့ မြတ်သွယ်ကို ဘယ်လို ချဉ်းကပ်မှာပါလိမ့်။ စိမ့်က ဘယ်လောက်ထိ လောကီရေးရာ နားမလည်နိုင်အုန်းတော့ မြတ်သွယ် ပညာရှင်အဆင့်ဆိုတာ မိန်းမချင်း သိတယ်။

‘ ဒီတော့ မြတ်သွယ်ကို နင် ဖွင့်ပြောပြီးပလား။ ဘာတဲ့လဲ။ နင့်ကို ပြန်ကြိုက်တာလား မကြိုက်တာလား’

‘ အင်း။ သူက ပြောတယ်။ လက်ဖက်ကောင်းစားချင်ရင် ပလောင်တောင်တက် နှေး ရမယ်တဲ့’

‘ဘာ …. ဘာကြီးရယ်’

‘သူ အချိန်ယူ စဉ်းစားဦးမယ်ဆိုတဲ့ သဘောပေါ့ဟာ ’

‘ အမ်… လက်ဖက်သုပ်ရောင်းတဲ့မိန်းမကိုး.. ဘာကြီးတုန်း’

ဥာဏ စိမ့်ကို စူးစူးစိုက်စိုက် ပြန် ကြည့်တယ်။ တခုခု ပြောချင်သလိုလို တွန့်ဆုတ်သလိုလို နဲ့ နှုတ်ခမ်း တပြင်ပြင်။ နောက်ဆုံး သူ မနေနိုင်တော့ဘူး။ စိမ့်ကို မေးတယ်။

‘ စိမ့် … မိစိမ့်’

‘ ပြော’

‘ မြတ်သွယ်ကို နင် မုန်းနေတာလား’

မြတ်သွယ်ကိုလား။ အဲဒီမိန်းမကိုလား။ စိမ့် ရယ်ပစ်လိုက်တော့ ဥာဏ နားမလည်သလို ကြည့်တယ်။ 

‘ငါလည်း နင်လိုဘဲ ပြန်ပြောရတော့မယ်။ နင့်ကိုပြောရင်လည်း နင် နားလည်မှာမဟုတ်ဘူး။ နေအုန်း ငါ အတက်နိုင်ဆုံး ရှင်းအောင် ပြောပြမယ်။ မုန်းတာတော့ မဟုတ်ဘူး။ ငါ့ စိတ်အာရုံမှာ အဲဒီတယောက် အဆင်မပြေဘူး။ နင်နဲ့ ပြေတယ်ဆိုရင် ငါက ဘာမှပြောစရာ မရှိဘူး။ ငါ ကြည့် မရပေမဲ့ နင်ကို သူ တကယ်ကြိုက်ရင် နင် စိတ်ချမ်းသာနေရင် နင့်အတွက်တော့ ၀မ်းသာပေးမယ်။ ခုလို လက်ဖက်သုပ် ရောင်းနေရင်တော့ ပိုတောင် ကြည့် မရသေးတယ်။ အဲ နင့်ကို ထိခိုက်အောင်လုပ်ရင်တော့ မုန်းချင် မုန်းမိမှာပေါ့။ ညည ငါ ဒီလိုပြောလို့ တောင်တွေးမြောက်တွေး မတွေးနဲ့။ နင်နဲ့ငါ နို့တလုံးတည်း စို့လာတဲ့လူတွေ။ နင့်ဘေးနားမှာ ရှိမယ့် လူက ငါ ကြည့်လို့ရတဲ့လူ ဖြစ်စေချင်တာတော့ အမှန်ဘဲ။ မဖြစ်တော့လည်း မကြည့် ရုံပေါ့။ ဟုတ်တယ်မဟုတ်လား။ နင် စိတ်ချမ်းသာရင်ပြီးတာဘဲ’

ဥာဏ ကြည်ကြည်လင်လင် ပြုံးတယ်။ စိမ့်ရဲ့  စိတ်ရင်းအမှန် ကို သူ သိတယ်။ ဘယ်လောက်ဘဲ ကန်ကျောက်ခဲ့စေ ကုန်းကိုက်ခဲ့စေ စိမ့်ကြောင့် ငိုခဲ့ရပစေ သူ တခါမှ စိမ့်ကို စိတ်မဆိုးခဲ့ဖူးဘူး။ 

လက်ဖက်သုပ်ဇာတ်မျောကြီးက စိမ့်တို့ ကျောင်းပြီးတောင် မပြီးတတ်သေးဘူး။ မြတ်သွယ်ကလည်း ဟိုတယောက်နဲ့ကြည်မလိုလို ဒီတယောက်ကိုဘဲ မျက်နှာသာပေးသလိုလိုတွေ ခဏ ခဏ ကြားရတယ်။ အစွဲအလန်းကြီးပြီး စိတ်နှလုံး သိမ်မွေ့တဲ့ ဥာဏကတော့ တောင်တက်ရမဲ့အရေး အမျှော်လင့်ကြီး မျှော်လင့်နေဆဲ။

ခင်ခင့်ကြောင့်  မြတ်သွယ် တွေဝေတာလည်း ဖြစ်နိုင်တယ်။ ခင်ခင်က သူ့သားနဲ့ ပက်သက်ရင် အကဲဆတ်ဆတ်ရယ်။ မြတ်သွယ်ကို သူ မကြိုဆိုနိုင်ကြောင်း သိသိသာသာ သတင်းထုတ်ပြန်တယ်။ ဥာဏကို ပြတ်ပြတ်သားသား မပြောဘဲ ဒီအချိန်အထိ ဆွဲဆောင်ထားနိုင်တာတော့ အရည်အချင်း တရပ်ဘဲ။ စိမ့် မနှစ်မျို့  လိုက်တာ။

‘ ညည။ အဲဒီ လက်ဖက်သုပ်ကို လက်လျှော့ပြီး တခြား ကြိုက်စမ်းပါ ဟ။ ဒီတယောက်ကိုဘဲ မိန်းမ ထင်နေလား ဟာ။ နင့်မလဲ ။ နင့် ကြည့်ရင်းနဲ့ အဲဒီ မိန်းမကို ငါ အမုန်းကြီး မုန်းမိတော့မယ်။ အဲဒီလိုမိန်းမကို အာရုံထဲတောင် ထားချင်တာ မဟုတ်ဘဲ နင့်ကြောင့် ထား ထား နေရတာ မကြိုက်လိုက်လေ။’

အောင့်အီးမနေနိုင်လို့သာ ပြောရ ဥာဏအကြောင်းသိနေတော့ ပြော စကား အဖတ်တင်ရုံဘဲ ဆိုတာ စိမ့် သိပါတယ်။  အစွဲအလန်းကြီးတဲ့ ကောင်ကလေး မလွယ်ပါဘူး။

ကျောင်းပြီးတော့ ဥာဏ သဘောင်္တက်ဖို့ကိစ္စနဲ့ ရန်ကုန်ကို ရောက်လာတယ်။ သူ့အမ အိမ်မှာ နေတယ်။ စိမ့်က အဆောင်မှာ။ ဥာဏလိုလူက ပင်လယ်ထဲ ဆင်းဘို့ ဘယ်တွေးမလဲ။ ခင်ခင့် အမိန့်နဲ့ ရောက်လာတာ။ ခင်ခင်က သူ့သားကို မြတ်သွယ်နဲ့ ဝေးဝေး ရှိနေစေချင်တဲ့သဘောလည်း ရှိသလို အဲဒီခေတ်အခါအရ ရေပန်း အစားဆုံး အလုပ်ကို လုပ်စေချင်တာလည်း ပါမှာပေါ့။ မဟုတ်လို့ကတော့ သူ့သား ရွှေသွေးလေးကို သူ့ မျက်စိအောက်မှာဘဲ ထားချင်တဲ့ အမေ ဘဲ။

သင်တန်းပေါင်းစုံ ဒေါက်ဆင်းဘို့ကိစ္စနဲ့ သူ ရှုပ်နေချိန် စိမ့်ကလည်း အလုပ်ကိစ္စတွေ ရှေ့ ဆက်ရမယ့် ဘဝလမ်းအတွက် ညနေပိုင်း သင်တန်းပေါင်းစုံနဲ့ ပြေးလွှားနေရတယ်။ သူ အဆောင်ကို လာချိန်ဆိုလည်း စိမ့်က ဘယ်တော့မှ မရှိတတ်။ မြို့ကြီး ရောက်လာလို့လား ခင်ခင့်အရိပ်က လွတ်လာလို့လား တကယ့်ဘဝထဲ ဝင်လာရလို့လား အားလုံးကြောင့်လား သေချာမပြောနိုင်ပေမယ့် ဥာဏ အရင်က ထက် ပိုသွက်လာတယ်။

လူငယ်များစွာ ဘဝအတွက် ရှေ့ရေးအတွက် တက်လမ်းအတွက် မိသားစုအတွက် ကိုယ်ပိုင်ဘဝ အတွက် လှုပ်ရှား ပြေးလွှား နေကြတယ်။ တွေဝေ ငေးငိုင်နေရန် အချိန် မရှိကြ။ စိမ့် မနက် ၅ နာရီ ထရတယ်။ မနက် ၆ နာရီက ၈ နာရီကို အင်္ဂလိပ်စာ သင်တန်းတက်တယ်။ ၉ နာရီအမီ ရုံး ပြေးရတယ်။ ညနေ ၆ နာရီ ကွန်ပြူတာသင်တန်း တက်တယ်။ ၈ နာရီကျော် အဆောင် ပြန်ရောက်ချိန် ထမင်းဖြူနဲ့ လက်ဖက်သုပ်နဲ့ ညစာ ပြီးလိုက်ရတဲ့ ရက်တွေ များတယ်။ ရံဖန်ရံခါ ကြာဇံချက်နဲ့တင် ညစာ ပြီးသွားရတယ်။ ပင်ပန်းဆင်းရဲပေမယ့် စိမ့် တခါမှ ဝမ်းနည်းစိတ်ပျက်ခြင်းမရှိ တက်တက်ကြွကြွ အလုပ်လုပ်နိုင် ပညာသင်နိုင်ခဲ့တယ်။

ဥာဏလည်း ဒေါက်ဆင်းတဲ့ကိစ္စ ဖိုးတစ်ကက်ဆိုတဲ့ လက်မှတ်ရဖို့ကိစ္စနဲ့ ဗျာများနေတယ်။ တသက်လုံး မြင်တွေ့လာရတာ အဲဒီအခိုက်အတန့် ကလေး  ဥာဏကို မြင်ရတာ အကြံ့ခိုင်ဆုံးဘဲ။

သုံးလေးလလောက်အကြာမှာ မြတ်သွယ် စစ်ဗိုလ်လေးတယောက်နဲ့ စေ့စပ်တော့မယ် သတင်းကြားလို့ ဥာဏ ရုတ်တရက် အိမ်ပြန်ချသွားတယ်။ ဘာတွေ ဆက် ဖြစ်ကြလဲ မသိဘူး။ ဥာဏ ရန်ကုန် ပြန် မလာတော့ဘူး။ 

အလုပ်ဝင်ခါစမို့ စိမ့်လည်း အိမ်မပြန်နိုင်ဘူး။ သင်္ကြန်ပိတ်ရက်မှ အိမ်ပြန်ရောက်တယ်။ ရောက်ရောက်ချင်း ခင်ခင်တို့အိမ်ကို ကူးသွားတော့ ဥာဏ အိမ်မှာ မရှိဘူး။

‘ညည ခြံထဲမှာနေတယ် သမီး။ အိမ်မှာ ပြန် မနေဘူး။ သူ စိုက်ပျိုးမွေးမြူရေးပဲ လုပ်တော့မယ်တဲ့။ ကြုံတုန်း နည်းနည်း ပြောသွားပါအုန်း စိမ့်ရယ်။ ညည အခု တော်တော် ဆိုးနေတယ်။’

ခင်ခင်ပြောမှ ဥာဏ တယောက် တသက်လုံး မလုပ်ခဲ့ဖူးတဲ့ အရာတွေ လျှောက်လုပ်နေတာ သိရတော့တယ်။ အရက်သောက်သတဲ့။ ဆေး ချ သတဲ့။ ဖဲရိုက် သတဲ့။ ဂျင်ဝိုင်း သွားသတဲ့။ 

ဘုရား….. ဘုရား။  စိမ့် ဘုရား တ  ယူရတယ်။ 

‘ခင်ခင်။ ဘာတွေဖြစ်ကုန်တာလဲ။ ဟိုတယောက် မြတ်သွယ်ကကော ယောင်္ကျားယူသွားပြီလား။’

‘ကောင်မလေး စေ့စပ်ပွဲ မလုပ်ဖြစ်ဘူး စိမ့်။ သားသားကိုလည်း အမျိုးမျိုး လှည့်စားနေတာ။ သူ့ မျိုးရိုး မကြိုက်ပေမဲ့ သားသားကို တကယ် မေတ္တာရှိရင် ခင်ခင် တောင်းရမ်းပေးပါတယ်ကွယ်။ ခု ဟာက တမင်သက်သက် သားသားကို ကြိုးရှည်ရှည်နဲ့ လှန်ထားတာ’

သူ့သား နွားလိုကောင်က အလှန်ခံ နေတာကိုး။

 ခြံထဲလိုက်သွားတော့ ဥာဏနဲ့တွေ့တယ်။ 

‘ညည။ နင် ဘာတွေ လျှောက်လုပ်နေတာလဲ။ ကြားရတာ ယုံတောင် မယုံနိုင်ဘူး။’

‘နင် ဘာကြားလာလို့လဲ။ ငါ အခု သူများတွေလို နေတာဘဲ။ နင်ဘဲ အရင်က ယောင်္ကျားပီပီ နေစမ်းပါဆို။ ငါ ဘာမှ ထူးထွေ နေတာ မဟုတ်ဘူး။’

‘ညည။ မကပ်နဲ့။ နင် အချိန်အခါ လွဲ နေပြီ။ ဒါမျိုးတွေ ဆယ်ကျော်သက်အရွယ်မှာ စမ်းလုပ်မိရင် နင့် အမှား မဟုတ်ဘူး။ ငါတောင် စမ်းလိုက်သေးတယ်။ အဲဒီတုန်းက ငါ ကလေကချေတွေနဲ့ ပေါင်းတယ်လို့ နင်တောင် ပြောခဲ့သေးတယ်။ ခု အချိန်က အဲဒါတွေ သွား စမ်းရမယ့် အချိန် မဟုတ်တော့ဘူး။  နင် ဆက်သွားရမဲ့ ဘဝအတွက် ပြင်ဆင် အားထုတ်ရမယ့် အချိန်။ ဘာလဲ နင့် လက်ဖက်သုပ်ကြောင့် ဖြစ်နေတာလား။ ဒီလောက်ဖြစ်ရတာ သွား ဆွဲကွာ။ ခင်ခင် သဘောမတူလည်း ဘာအရေးလဲ။ နင် ကြိုက်ဖို့သာ အရေးကြီးတယ်’

‘ မြတ်သွယ်နဲ့ ဘာမှ မဆိုင်ဘူး’

‘ဒါဆို ဘာနဲ့ဆိုင်လဲ။  ဘာနဲ့ဆိုင်လဲ။ ဟဲ့……. ငါ မေးနေတယ်။ သဘောင်္တက်ဘို့ သင်တန်းတွေ လွှင့်ပစ်ခဲ့ပြီး ဒီမှာ လာနေတာ ဘာနဲ့ဆိုင်လဲလို့…… ’

စိမ့်က ဒေါသစိတ်နဲ့ မီးဝင်းဝင်းတောက်နေချိန် ဥာဏ က အရင်လို သိမ်မွေ့တဲ့ အပြုံးနဲ့သာ စိမ့်ကို ကြည့်တယ်။ အဲဒီအပြုံးကို စိမ့် ဒေါသထွက်လိုက်တာ။ ငယ်ငယ်ကလို ကန်ကျောက်ခဲ့ရမလား။ ကုန်း ကိုက်လိုက်ရမလား။ တွေးရုံသာတွေးပြီး ဘာမှမလုပ်ခဲ့ရဘဲ စိတ်ပျက်လက်ပျက်နဲ့သာ ပြန်ခဲ့ရတယ်။

ခင်ခင် နဲ့ ဘဘညွှန့်လဲ ဥာဏကို မကိုင်တွယ်နိုင်။ ပေကပ်ပြီး ခြံထဲမှာဘဲ နေတော့တယ်။ စိမ့် ပြန်ခါနီး နှုတ်ဆက်ဘို့ ခြံထဲလိုက်သွားတော့ မရှိဘူး။ လောင်ကစားဝိုင်း ထွက်သွားတဲ့ သတင်းရတယ်။ 
ဥာဏ သူ တသက်လုံးမျှော်လင့်လာရတဲ့ မြတ်သွယ်အချစ်ကို မရလို့လား။ ခင်ခင်ကို အရွဲ့တိုက်သလား။ ဘာကြောင့် ခုလို ဖြစ်သွားရလဲ ဘာကြောင့် သူ့စိတ်ကို ဒီလို လွတ်ပစ်ရလဲ အကြောင်းရင်းကိုလည်း စူးစမ်းလို့မရ။ 

နောက်ဆုံး စိမ့်ရဲ့ ကောက်ချက်ကတော့ ဥာဏ စိတ်ဓာတ်မကြံ့ခိုင်လို့ဖြစ်တာ။ သူတပါးကြောင့် ကိုယ့်ဘ၀ တခုလုံး ရေစုန်မျောစေတာ အဓိပ္ပါယ်မဲ့ လုပ်ရပ်ဘဲ။ စိတ်ပျက်စရာကောင်းတဲ့ လူ။ ကိုယ့် ဘာသာ ဝေဖန်ဆင်ခြင်ခြင်း လုံးလုံး မရှိတဲ့ လူပါလား။ စိမ့် ဘာမှ မပြောလိုတော့ပြီ။ စိမ့်က ပျောညံ့တဲ့လူကို အထင်သေးတယ်။ စိမ့်ဘဝမှာ ဥာဏထက် အရေးကြီးတဲ့ကိစ္စတွေ အများကြီး။ စိမ့် ရုန်းကန်ရှင်သန်ရမယ့် ကမ္ဘာကိုသာ ပြန်ခဲ့တယ်။

******

အဲဒီနေ့က မိုး သည်းသည်းမည်းမည်း ရွာတယ်။ မနက်ဖြန်မနက် အစောကြီး ခရီးဝေးထွက်ရမယ့် စိမ့်က တနေကုန် ပြေးလွှား အလုပ်များရမှာမို့ အစောကြီး ထ ရတဲ့ နေ့လည်းဖြစ်တယ်။ သူ့ ဖုန်း မြည်လာလို့ ကိုင်ချိန်မှာ ဥာဏ့ အသံ။ အံ့ စရာဘဲ။ သူ့အသံ မကြားရတာ အတော်ကြာနေပြီ။ ဥာဏနဲ့ မတွေ့ရတာ တနှစ် ပြည့်တော့မယ်။  

‘စိမ့် ငါ အခု ဘူတာကြီးက ဆက်နေတာ။ ခု ရထားဆိုက်တာ။ နင် နဲ့ တွေ့ချင်လို့’

‘ဟင်….. ညည။ နင် ဘယ်အချိန်ရောက်မှာလဲ။ ငါ အခု ထွက်ရတော့မှာ။’

‘ ဒါဆို ညနေ လာခဲ့မယ်’

‘ဒီ ညနေလား။ ဟဲ့ ငါ ဒီနေ့ည ရုံးကလူတွေနဲ့ နှုတ်ဆက်ပွဲ ဒင်နာရှိတယ်။ ငါ့အတွက် လုပ်ပေးတာ။ နောက်ကျမှာ’ 

‘ ဒါဖြင့် မနက်ဖြန် လာခဲ့မယ်။ ဒီနေ့ ငါ ယောက်ဖအိမ်ကို ခဏ သွားနေလိုက်မယ်’

‘ညည။ ငါ မနက်ဖြန်မနက် ခရီးထွက်ရမှာ။ ဘာအရေးကြီးလို့လဲ။ ဘာဖြစ်လို့လဲ။ ရန်ကုန်မှာ ကြာအုန်းမလား။ ငါ ပြန်လာမှ တွေ့မယ်လေ။’

‘နင် ဘယ်လောက်ကြာမှာလဲ’

‘တလဘဲ ။ ငါ သင်တန်း သွားတတ်တာ။ ရုံးကလွတ်လို့ သွားရမှာ။ အဲ ….နင်နဲ့တွေ့ချင်တာ နော်။ ပြန်လာမှ တွေ့ရအောင် ညည။ ခင်ခင်ကော နေကောင်းလား’

‘အင်း’

ဥာဏ အသံက လေးတွဲ့တွဲ့နဲ့။ စိမ့် အလုပ်များတဲ့ရက်မှ ခရီးထွက်ခါနီးမှ တိုက်ဆိုင်စွာ ရောက်လာတာ ဘယ်လို ကံအကြောင်းပါလိမ့်။ 

ညနေ ရုံးအဖွဲ့တွေနဲ့ စားသောက်နေတုန်း ဥာဏဆီက ဖုန်း တခါ ထပ်ဝင်လာတယ်။ ထမင်းစားပွဲ မပြီးသေးဘူးလား မေးတာတဲ့။ စိမ့် ဘာပြောရမှန်း မသိဘူး။ ထ ပြန်ပြီး ဥာဏရှိရာကိုဘဲ သွားလိုက်ရမလား။ သူ့ဆီ သွားပြန်လည်း မနက် သွားဘို့ အထုပ်အပိုးကိစ္စတွေ မပြီးတတ်သေး။ စိတ်ထဲတော့ နည်းနည်း ထင့် မိတယ်။ ဥာဏ ဘာဖြစ်လို့ပါလိမ့်။ 

မတင်မကျနဲ့ဘဲ ခရီးက ထွက်လာရတယ်။

သင်တန်းကာလ တလျှောက် နည်းပညာအသစ် စီမံခန့်ခွဲမှုအသစ်တွေကို မနည်းမီအောင် လိုက် နေရတော့ ဥာဏအကြောင်း ပြန် မစဉ်းစားဖြစ်ဘူး။  ဥာဏ သူ့ဆီ ဖုန်းဆက်တဲ့ကိစ္စကိုလည်း ဘယ်သူ့ကိုမှ မပြောမိလိုက်ဘူး။

စိမ့် သင်တန်းကပြန်လာလို့ အိမ်ကို ဆက်သွယ်တော့မှ ဥာဏ ပျောက်နေတာကို သိရတော့တယ်။ မြတ်သွယ် အင်ဂျင်နီယာလေး တယောက်နဲ့ လက်ထပ်သွားသတဲ့။ မြတ်သွယ် လက်မထပ်ခင် တရက်အလိုမှာ ဥာဏ အိမ်က ထွက်သွားတယ်။ ပျောက်နေတာ တစ်လကျော်ပြီ။ သတင်းစာမှာ ကြော်ငြာထည့်တယ်။ အကြောင်း မထူးဘူး။

ဒီတော့မှ စိမ့်မှာ ထူပူ သွားပြီး မေးရမြန်းရ စုံစမ်းရတော့တယ်။ ရန်ကုန်က ယောက်ဖ အိမ်ကိုလည်း ရောက်မလာဘူး။ စိမ့်ကို ဖုန်းဆက်တာ နောက်ဆုံး အဆက်အသွယ်ဘဲ။ 

ဥာဏ …..စိတ်ပျော့ ညံတဲ့ ကောင်လေး။ ဘယ်ကို ရောက်နေပါလိမ့်။ ပူပင်စိတ်နဲ့အတူ ဒေါသစိတ်လည်း ဝင်တယ်။ သူများကို စိတ်ဒုက္ခပေးတဲ့ သူဘဲ။ ငယ်ငယ်က သူများကို နည်းနည်းမှ ဒုက္ခ မပေးတတ်သူက ဒီလို ပြောင်းလဲသွားတာ အံ့သြရတာနဲ့အမျှ ပျော့ညံ့လေခြင်းလို့လည်း အပြစ်တင်မိတယ်။

နောက် နှစ်ပတ်အကြာ ဥာဏအဖေ ဘဘညွှန့် နဲ့ စိမ့် ဖေဖေ တို့ နှစ်ယောက် စိမ့် ဆီ ရောက်လာတယ်။ ဥာဏ့ သတင်းရလို့တဲ့။ မီးရထားလမ်းဘေးက မြို့ ငယ်လေး တမြို့ဆီ ကို ဘဘနဲ့အတူ ချက်ချင်း ထ လိုက်သွားရတယ်။ ဘဘညွှန့်က သတင်းရတယ်လို့သာ ပြောပေမဲ့ စိမ့်ကို အပါ ခေါ်လာကတည်းက သိနှင့် နေပါပြီ။

ရဲစခန်းကို အရင်သွားရတယ်။ စခန်းမှုး ထုတ်ပြတဲ့ ဓာတ်ပုံကို မြင်လိုက်ရချိန် စိမ့် ကမ္ဘာ ဟာ မှောင် မိုက် သွားခဲ့တယ်။ အရောင်တွေ အားလုံး ရောထွေးသွားပြီး ဘာကိုမှလည်း မမြင်ရတော့ဘူး။ ဆို့နစ်ပြီး အသက်ရှုမရ ဖြစ်သွားခဲ့တယ်။ 

ဥာဏလို့ ထင်ရတဲ့ လူ တယောက်ရဲ့ ရထားလမ်းပေါ်က အပိုင်းအစများ။ တကယ်ကို အစိတ်စိတ် အမြွာမြွာပါလား ညညရယ်။ ဖြစ်ရလေ…….. ဖြစ်ရလေခြင်း။ 

ပုံရက်သား လဲ ကျ သွားတဲ့ ဘဘညွှန့်ကို ပြုစုရ၊ ဥာဏဖြစ်ကြောင်း အတည်ပြုဖို့ကိစ္စတွေ လုပ်ရ၊ အလောင်း ပြန်သယ်ဖို့ မဖြစ်နိုင်တဲ့အတွက် ခင်ခင်တို့ကို အကြောင်းကြားရ၊ သူတို့လာရင် တည်းခိုဖို့ စီစဉ်ရ၊ ရင်ကွဲပက်လက် ဖြစ်နေကြတဲ့ ခင်ခင်နဲ့ အမတွေကို ဂရုစိုက်ရနဲ့၊ တစိမ်းမြို့ရွာမှာ စိမ့်နဲ့ ဖေဖေ ဖတ်ဖတ် သီ ပင်ပန်းရတယ်။ 

သုံးရက်လုံးလုံး စိမ့် မအိပ်နိုင်ဘူး။ ည ဆို မျက်လုံး အကြောင်သားနဲ့ ငယ်ဘဝ ပုံရိပ်တွေကိုသာ အထပ်ထပ် မြင်ယောင်မိတယ်။ ဥာဏ ပထမဆုံး စိမ့်ကို မျက်လုံးစိမ်းနဲ့ ကြည့်တာ လက်ဖက်သုပ်မ ကိစ္စဘဲ။ သူ့လက်ကိုင်ပုဝါတွေ စိမ့်ကြောင့် ပစ်လိုက်ရတာ အများကြီး။ သူ ကူးပေးထားတဲ့ သီချင်းစာအုပ်တွေ အိမ်မှာရှိနေသေးတယ်။ သူ ဖုန်သုတ်ပေးတဲ့ စက်ဘီးလေးလည်း ဟောင်းသွားပေမဲ့ အိမ်မှာ ရှိနေဆဲ မဟုတ်လား။ 

ရင်ထုမနာ ဖြစ်လိုက်တာ။ စိမ့် အခုမှ ရင်ထုမနာ ဆိုတဲ့စကားကို ကောင်းစွာသိတော့တယ်။ ရင်ဘတ်တခုလုံး ထုံကျင်အောင့်ကာ နာကျင်နေလိုက်တာ လက်နဲ့ထုတဲ့ အနာလောက်ကတော့ အနာလို့ မထင်ရတော့လောက်အောင် နာကျင်ရတယ်။

တချိန်တည်းမှာပဲ ဥာဏကို ဒေါသဖြစ်တဲ့စိတ်ကလည်း အတောမသတ်။ ဘာကြောင့် ဖုန်းဆက်တဲ့အချိန် တွေ့ကိုတွေ့ရမှဖြစ်မယ်လို့ မပြောသလဲ။ ညစာထမင်းစားပွဲမက သင်တန်း ဆိုတာတွေလည်း အကုန် ဖျက် လိုက်လို့ရတယ်။ ဘယ်လိုစိတ်နဲ့ စိမ့်ကို ဖုန်းဆက်ခဲ့တာလဲ။ ဘယ်လိုစိတ်နဲ့ ခြေဦးတည့်ရာ ထွက်သွားခဲ့တာလဲ။ ဘယ်လိုစိတ်နဲ့ ရထားလမ်းပေါ် လှဲ ချရသလဲ။ တမင်လား။ မတော်တဆလား။ အရက်မူးနေသလား။ ဆေး ထ နေသလား။ အသုံးမကျလိုက်လေ ဥာဏရယ်။ 

‘ ကောင်လေး ငယ်ကတည်းက တော်တော် သိမ်မွေ့တဲ့ကလေး။ ခုလိုဖြစ်သွားတာ ရင်နာစရာဘဲ။ သမီး မသိလို့။ ခု နောက်ပိုင်း ဥာဏ လောင်းကစားလုပ်လို့ မခင်ရဲ့  ပစ္စည်းတွေ ကုန်ပြီ။ ဆေး ထ လာရင် အိမ်မှာ လာ လာ သောင်းကျန်းတာ မုန်တိုင်းဝင်နေသလိုဘဲ။ ကောင်လေး စိတ်အခံ အားနည်းတယ်။ မခင် ကြောင့်လည်းပါတယ်။ မောင်ညွှန့်ကလဲ စိတ် ခပ်ငယ်ငယ်။ သားသမီးကို သွန်သင်တာ အမြင်ကျဉ်းတယ်။ သမီးတို့ ငယ်ငယ်က ဖေဖေ တော်ရုံကို မတားမြစ် မကွပ်ညှပ်တာ ဒါကြောင့်ဘဲ။ သမီးတို့ကို လွတ်ထားပေမဲ့ စောင့်ကြည့်နေတယ်။ အလွန်အကျွံဆို ဖေဖေ ဘယ်ကြည့်နေမလဲ။ ငယ်ငယ်က အမှားနည်းနည်း ကြုံခဲ့ရင် ကြီးရင့်ချိန် အမှားများများကို ရှောင်ကျဉ်နိုင်တယ်။ ကောင်လေး စိတ်ပျော့တယ်။  တင်းခံ မထားနိုင်ဘူး။ သူ ကြိုက်တဲ့ ကောင်မလေး လက်ထပ်သွားတာကိုလည်း အတော် ထိခိုက်သွားပုံရတယ်။ မခင် အပြောအဆို မတတ်တာတွေလည်း ပါတယ်’

ခင်ခင်ကြောင့် မြတ်သွယ်ကြောင့် ဥာဏ ဒီလိုဖြစ်ရတာဆိုတာ စိမ့် လက်မခံဘူး။ လူတယောက်ဟာ သူ အပြုအမူအတွက် သူ သာလျှင် တာဝန်ရှိတယ်။  တပါးသူကြောင့်လို့ အပြစ်ပုံချစရာ အကြောင်းကို မရှိတာ။  

စိမ့် တပတ်လုံးလုံး အစား ကောင်းကောင်း မစားနိုင်ဘူး။ အပိုင်းပိုင်း အစစ ဖြစ်နေတဲ့ ဓာတ်ပုံကို မြင်ယောင်နေမိပြီး အစာ စားတိုင်း အန် ထွက်တယ်။ ဖေဖေ စိတ်ပူပင်ရမှာ စိုးလို့ ကြိုးစား အားတင်းပြီး စားသောက်ရတယ်။ 

စိမ့် ဝမ်းနည်ပေမဲ့ မျက်ရည် မကျဘူး။  ဥာဏအတွက် စိမ့် မငိုကြွေးဘူး။ ဘယ်ကြောင့် သူ့အတွက် ပူဆွေး ငိုကြွေးရမှာလဲ။ စိမ့်က ပျော့ညံ့ နုံဖျင်းသူတွေကို မကြိုက်သူ ဖြစ်တယ်။ ရူးနှမ်း မိုက်မဲသူတဦး အတွက် စိမ့်  မပူဆွေးနိုင်ဘူး။ 

သို့ပေမယ့် မိုးသံနဲ့ ရထားသံ ကြားရချိန်မှာတော့ စိမ့် တင်း ခံ မထားနိုင်ဘူး။ နှုတ်ခမ်းကိုသာ နာနာ ကိုက်ရတယ်။ နှစ်များစွာ ကြာမြင့်လာတောင် အဲဒီ အသံကြားရင် ရင်ထဲ လေးလံထိုင်းမှိုင်းကာ ကျင် လာတတ်တယ်။

ဥာဏ့ အသုဘကိစ္စ ပြီးစီးလို့ ပြန်လာတဲ့နေ့မှာလည်း မိုး သည်းသည်းမည်းမည်း ရွာတယ်။ စိမ့် တကိုယ်လုံး တုန်ခိုက်နေအောင် အေးစိမ့် စေတဲ့ မိုး။ တဘဝလုံး စွတ်စိုတဲ့ မိုး။ တသက်လုံး စိုရွဲ မယ့် မိုး။ ဘယ်လိုအရာကမှ နွေးထွေးအောင် မလုပ်နိုင်တော့တဲ့ မိုး။ 

အေးလိုက်တာ ဥာဏရယ်။ စိမ့် တော့ အအေးမိ နှာရည်ကျမှာ သေချာပါပြီ။

******

စိမ့် ဘဝ ဟာ ပုံမှန်အတိုင်း ဆက်သွားနေတယ်။ စိမ့် ဘဝ ရဲ့ အကောင်းဆုံးအချိန်တွေ။ အားရက်မရှိ နားရက်မရှိ အလုပ်လုပ်တယ်။ ပညာ ဆက်သင်တယ်။ ငယ်ကတည်းက မျှော်မှန်းခဲ့သလို မြို့ငယ်လေးကနေ ကမ္ဘာကြီးထဲကို ပျံသန်း တိုးဝင်နိုင်ခဲ့တယ်။ စိမ့်ရဲ့  ကောင်းကင် ကျယ်ပြောခဲ့တယ်။ စိမ့် နေထိုင်ရယူချင်တဲ့ဘဝ အောင်မြင်တယ်လို့ စိမ့် ထင်မြင်ယူဆထားတဲ့ ဘဝ ကို စိမ့် ပိုင်ဆိုင်ခဲ့တယ်။ 
ဒါပေမယ့် စိမ့် နည်းနည်းလေးမှ မပျော်ရွှင်နိုင်ပါကလား။

ကိုယ့်ခန္ဓာ အစိတ်အပိုင်းတခုလို ဥပမာ လက်တွေ ခြေတွေလို ကိုယ်နဲ့တွဲရက် ရှိနေချိန်မှာ အမှတ်တမဲ့ ဖြစ်နေပေမယ့် ပျက်စီးဆုံးရှုံးချိန်မှာတော့ ဘဝ တခုလုံး ကသိကအောက် မပြည့်မစုံ ဖြစ်သွားသလိုမျိုးပါဘဲ။ စိမ့် ဘဝ မှာ တခုခု ပဲ့ သွားတယ်။ ငယ်ဘဝ ကုန်ဆုံးချိန်လည်း မတူညီ ကြီးပြင်းလာချိန်မှာလည်း အတူတကွ မရှိတာများတဲ့ ဥာဏ……. သူတယောက် လူလောကမှာ မရှိတော့တာနဲ့ စိမ့် ဘဝ ဒီလောက် ဟာလာဟင်းလင်း ဖြစ်ရမယ်လို့ တခါမှ မတွေးမိခဲ့ဘူး။ စိတ်အနားလေး ရလိုက်တာနဲ့ ဘဝ ဟာ ခြောက်သွေ့ လိုက်တာလို့ မတွေးမိတဲ့ ရက် မရှိဘူး။

စိမ့်ကို နှစ်လိုချစ်ကြိုက်လာသူများကိုလည်း တွေ့ဆုံကြုံလာပါရဲ့ ။ သူ့ စိတ်နှလုံးကို ပုံအပ်လိုက်ရမယ့် လူ တယောက်မှ  မဟုတ်ကြဘူး။ စိမ့် ဟာ မချစ်တတ်သူ မေတ္တာတရားကို မယုံကြည်သူလို့ အပေါ်ယံအသိနဲ့ လူတွေ ဆုံးဖြတ်ကြတယ်။ စိမ့် ပြန်လှန် ပြောဆိုချေပခြင်း မပြုဘူး။ အမှန်တကယ်လည်း ချစ်ခြင်းမေတ္တာဆိုတာ ယုံကြည်ကိုးစားနိုင်လောက်တဲ့ ကျက်သရေမင်္ဂလာ အတိဖြစ်တဲ့ အကြောင်းအရာလည်း မဟုတ်ဘူး မဟုတ်လား။ အမှန်ကို မမြင်နိုင်လောက်အောင် တွေဝေ မိုက်မဲစေတဲ့ အမိုက်တိုက် ဖုံးလွမ်းစေတဲ့ အခြင်းအရာ တခုဘဲ မဟုတ်လား။

စိမ့် ဒီလိုပဲ ယုံကြည် နားလည်ထားလိုက်တယ်။

သည်းတဲ့မည်းတဲ့ မိုးရေစက်များကို စိမ့် ကျော်ဖြတ်ရဦးမယ်။ ကျော်ဖြတ်နိုင်မယ့် စိတ်အင်အားလည်း ရှိပါတယ်။ စိတ်အင်အားကို တည်ဆောက်မွေးမြူတဲ့အလုပ် စိမ့် လုပ်နိုင်မှာလည်း သေချာပါတယ်။ ထိုအတူ မိုးရေစက်တွေက စိမ့်ကို မအေးမြနိုင်တော့တာလည်း အဖြစ်မှန်ပါဘဲ။

xxxxxx

စိမ့် သူ ဆက်သွားရမယ့် တောင်ကုန်းဆီကို လှမ်းမျှော်ကြည့်မိတယ်။ မြင်ကွင်းတခုလုံး တိတ်ဆိတ်ငြိမ်သက်လျက် ရှိမြဲ။ လောကကြီးတခုလုံး စိမ့် တယောက်တည်းသာ ရှိတယ်။ လေတိုက်လာပြီး မိုးနှင်းမြူတွေ သူ့ကို ဖွဲပက် လိုက်တယ်။ ခါတိုင်းလိုပဲ ဒီမိုးရေစက်များ သူ့ကို မစွတ်စို မအေးမြစေဘူး။ သွေးကြောများ စပ်ဖျင်းဖျင်း ပူနွေးလာပြီး တကိုယ်လုံး တုန်လာတယ်။ စိတ်ထဲ ဆို့နင့်လာတယ်။ မျက်လုံးဆီကို ဘယ်က အရည်ကြည်တွေ ပို့လွတ်လိုက်သလဲ။ ငိုချင်လာတာလား။ 

မဟုတ်တာ။

ဥာဏ အတွက် သူ ဘယ်နှစ်ကြိမ် ငို ခဲ့ဖူးသလဲ။ 

တခါမှ …………. 

သူ တခါလေးမှ မငိုကြွေးခဲ့ဖူးဘူး။ 


( မြယာ )

အိပ်မက် မတ်တတ်သေ




“အိပ်မက် မတ်တတ်သေ”

ဆေးခန်းထဲကို လတ်လတ်သီ ရောက်တော့ နည်းနည်း နောက်ကျနေပြီ။ တ၀ုန်းဝုန်း တရုန်းရုန်းနဲ့ ပွဲခင်းပမာ စည်ကားလှတဲ့ ဆေးခန်း မဟုတ်သည့် အပြင်၊ နေရာကလည်း ဟိုတယ်မြေညီထပ်မှာ ဖြစ်တော့ နည်းနည်း စိတ်သက်သာရာ ရတယ်။ ဆေးခန်းဟာ လှလှပပ ပြင်ဆင်ထားပြီး၊ အနံ့အသက် မွေးမွေးကြိုင်ကြိုင် ရှိကာ ရောက်လာသူကို စိတ် သက်သာရာ ရ  စေတယ်။ ဆရာဝန်က လူလတ် အရွယ် အမျိုးသမီး ဖြစ်ပြီး သူ့ထက်တော့ ငယ် လိမ့်မယ်။  ခရမ်းရောင်ရင့်ရင့် အပျော့သားစပေါ်မှာ ပန်းထိုးထားတဲ့ ၀တ်စုံ ၀တ်ဆင်ထားပြီး မတိုမရှည် ဆံပင်ကို တ၀က်ဆံညှပ်နဲ့ ထိန်းထားတော့ ရင့်ကျက်ဟန်ရှိသလို ပခုံးပေါ် ၀ဲကျနေတဲ့ ဆံနွယ်ခွေလိပ်များကြောင့် နု ရွယ်ပုံလည်း ပေါ် တယ်။ ဆရာဝန် ဆွဲထားတဲ့ ဖန်စီ ပုလဲနားကပ် တန်းလန်းလေးဟာ ဆန်းပြားတယ်။ လည်တိုင်ကျော့မှာလည်း ဆင်တူ ပုလဲ ဆွဲကြိုးလေး ၀တ်ဆင်လျက်သား။
လတ်လတ်သီ သူ့ရှေ့ ခုံမှာ ၀င်ထိုင်တော့ မော့ ပြုံးပြလိုက်ပြီး  ဆေးခန်း စာအုပ်ပေါ်က နာမည်နဲ့အသက်ကို ခေါင်းငုံ့ကာ  ပြန်ဖတ်ကြည့်နေတယ်။ လတ်လတ်သီ က အသင့်ချုပ် ချည်သား အကျီအပွနဲ့ ပါတိတ်လုံချည် အပွင့်နုပ်နုပ် အပြာရောင် ကို ၀တ်ထားတယ်။ ပခုံးကျော်ဆံပင်ကို ကြိုးနဲ့ လျော့လျော့ စည်းထားပြီး၊ နားကပ် ဝတ်ဆင်ထားခြင်း မရှိပေ။ လည်တိုင်အဝိုက် ရှင်းပြောင်နေကာ၊  ဘယ် လက်ကောက်ဝတ်မှာ နာရီတလုံးသာ ပတ်ထားတယ်။
အမ ဘာဖြစ်လို့ပါလဲ လို့ ဆရာဝန် မေးတဲ့ အသံက နွေးနွေးထွေးထွေး။ နှစ်သိမ့်ဆွေးနွေးတာ ကျင့်သားနေတဲ့ လေသံအပြင် လှိုက်လှဲမှု ပါ ပျော်ဝင်နေတာ သိလွယ်တဲ့ အသံမျိုးပေါ့။ ချက်ချင်း ပြန်မဖြေပဲ လတ်လတ်သီ တုံ့ဆိုင်း  နေတယ်။ အောက်နှုတ်ခမ်းသားကို အပေါ်သွားနဲ့ တချက် ကိုက်လိုက်တယ်။ အေးအေးဆေးဆေးနဲ့ ပွင့်ပွင့်လင်းလင်း ပြောပါ အမ၊ သူငယ်ချင်းကို ရင်ဖွင့်သလို သဘောထားပါ လို့ ဆရာဝန် အမျိုးသမီးက ဆိုတယ်။ သူငယ်ချင်းကို   ရင်ဖွင့်သလို ဆိုတဲ့ စကားကြောင့် လတ်လတ်သီ အလိုမကျဟန် မျက်ခုံးတွန့်သွားတယ်။ အတန်ကြာတော့မှ လေသံပြတ်နဲ့ စကား စ တယ်။
ကျွန်မ ခန္ဓာကိုယ်မှာ တခုခု ဖြစ်နေတယ် ထင်နေလို့ပါ လို့ အစချီပြီး သူ ခံစားနေရတဲ့ ဝေဒနာကို လတ်လတ်သီ က ပြောပြတယ်။ နားထောင်ပြီးချိန်မှာ ခဏကြည့်ရအောင် အမ ဆိုကာ ဆရာဝန်က လက်အိတ်အပါး စွပ်လိုက်ပြီး စမ်းသပ်ဘို့ ပြင်ဆင်တယ်။
လတ်လတ်သီက စမ်းသပ်ကုတင်ပေါ်မှာ လှဲပေးတယ်။ စမ်းသပ်ကုတင်ဆိုပေမဲ့ အမျိုးသမီးရောဂါများ ကြည့်ရှုနိုင်ဘို့ အထူး ပြင်ဆင်ထားတဲ့ ခုံလို့ ပြောရင် ပိုမှန်မယ်။ ဆရာဝန် တောင်းဆိုတဲ့ ကိုယ်ခန္ဓာ အနေအထားအတိုင်း တသွေမတိမ်း လိုက်နာရတယ်။ ပခုံးရိုးနဲ့ ကျောရိုးကို တင်းခံထားတော့ လတ်လတ်သီ တကိုယ်လုံး တောင့် နေတယ်။ အမ ကိုယ်ကို နည်းနည်း ဖျော့ထားပေးပါလို့ ဆရာဝန်က ထပ်ပြောတယ်။ ဖျော့ဘို့ အချိန်တော်တော် ကြာ သွားတယ်။

အမ အိမ်ထောင်ရှိပါသလားလို့ ဆရာဝန်က မေးတော့ လတ်လတ်သီ နူတ်ခမ်း တင်းတင်းစေ့ သွားတယ်။ မရှိပါဘူးလို့  ပြန်ဖြေသံဟာ  အတန်ငယ် ဆတ် တယ်။ ဆရာဝန်က သဲ့သဲ့ပြုံးပြီး  နောက်မေးခွန်းတခု ထပ်မေးတယ်။ တွဲနေသူ အဲလေ အမ ရည်ရွယ်ထားသူများ………။
မရှိပါဘူး။ ဘာမှ မရှိပါဘူး။ 

အလောတကြီး ဖြေသံ ထွက်လာတယ်။

အိုကေပါ အမ။ သေချာအောင် ကျွန်မတို့ စစ်ဆေးမှုလေးတွေ နည်းနည်း လုပ်ကြရအောင်။ ကျွန်မဆေးခန်းက ဒီအတိုင်း ဆွေးနွေးရုံဘဲဖြစ်တော့ စမ်းသပ်မှုတွေကို ကျွန်မ ရေးပေးလိုက်တဲ့ ဆေးခန်းမှာ အမ သွားလုပ်ပေးပါနော်။  အဖြေတွေသိရတော့ အမနဲ့ ဆက်ပြောကြမယ်လေ။ ဒီကြားထဲ ဆေးတမျိုး ပေးထားလိုက်မယ်။ အဲဒါလေးနဲ့ ဖန်ရည်လေး ဆေးပေးပါ။

လတ်လတ်သီ စမ်းသပ်ခုံမှ ထပြီး အ၀တ်အစားတွေ ပြန် ဆန့် တယ်။ ဆရာဝန်ပေးတဲ့ ဆေးစာရွက်ကို လှမ်းယူပြီး ခေါင်းတချက် ဆတ်ပြကာ ကျေးဇူးတင်စကား နှုတ်ဆက်စကား တစုံတရာ မဆိုဘဲ အခန်းအပြင်ဘက် ထွက်တယ်။ ဧည့်ကြိုကောင်တာနဲ့ တွဲရက် ငွေစာရင်းကောင်တာမှာ ပိုက်ဆံ ရှင်းပြီးထွက်သွားတယ်။

ဟိုတယ်ဝင်းထဲရပ်ထားတဲ့ ကားဆီရောက်တော့ ရှေ့ လေကာမှန်မှာ ရေသုတ်တံနဲ့ ငြိနေတဲ့ ဗာဒံရွက်ကြွေ နှစ်ရွက်ကို  တွေ့တယ်။ အပေါ်ကို မော့ကြည့်တော့ အရွက်တွေ ခြောက်သွေ့စ အပင်ကို မြင်ရတယ်။ လတ်လတ်သီ  မျက်မှောင်ကုတ်ပြီး သစ်ရွက်ကြွေတွေကို ဖယ်ရှားလိုက်တယ်။ ဆယ်မိုင်က အိမ်ဆောက်ပစ္စည်းဆိုင်ကို ပြန်ရောက်တော့ ဆိုင်ရှေ့က ဗာဒံပင်ကလည်း သစ်ရွက်ခြောက်ကြွေ တသောသောနဲ့။ အောက်ထပ်ကလူတွေ သစ်ရွက်အမှိုက်တွေ ပွ ထ နေတာ မရှင်းကြ မပြုကြပါလား။ ရောင်းတဲ့ဝယ်တဲ့အလုပ်၊ ဆောက်လုပ်ရေးကုမ္ပဏီနဲ့ ပစ္စည်းသွင်းတဲ့ကုမ္ပဏီတွေကို စကားပြောဆို ဆက်ဆံခြင်းကို အမ ဖြစ်သူ မြတ်မြတ်သီက ဦးစီးတယ်။ ဒုတိယထပ်က စာရင်းဌာနမှာ လတ်လတ်သီ ထိုင်နေပေမယ့် ဆိုင်တခုလုံး ဘယ်လိုလည်ပတ်နေတယ်ဆိုတာ၊ အောက်ထပ် မဆင်းဘဲ စာရင်းများမှ တဆင့် မှန်းဆ ယူနိုင်တယ်။ အောက်ထပ်ကို ၀င်ဖို့ ခြေလှမ်း ပြင်ပြီးမှ ရုံးတွင်းသုံးဖုန်းနဲ့ ပြောဖို့ ဆုံးဖြတ်ကာ ဘေးလှေခါးကနေ အပေါ် ဆက်တက်သွားတယ်။  အမ ဖြစ်သူနဲ့ စကားထိုင်ပြောဖို့ သူ စိတ် မပါဘူး။
***

နောက်ရက် အဖြေရလို့ ပြန်ပြချိန်မှာ လတ်လတ်သီ က နည်းနည်း စော ရောက်နေတယ်။ ဆရာဝန်ကို ခဏ စောင့်  နေလိုက်ရသေးတယ်။ ဧည့်ကြိုမလေးက အအေးဖန်ခွက် လာချပေးတယ်။ ပေးချေရတဲ့ ၀န်ဆောင်ခနှုန်း ကွာခြားတာနဲ့အမျှ ကိုယ်စိတ် ချမ်းသာ ဆောင်ကျဉ်းနိုင်မှု ခြားနားခြင်း ကို သဘောပေါက်စေတဲ့ အပြုအမူဘဲ။
ဆရာဝန် က ဒီနေ့ အစိမ်းနု ဖန့်ဖန့် ပြောင် အစကို၊ အထက်အောက် ဆင်တူ ၀တ်ထားတယ်။ ရင်ဖုံးအကျီ င်္မှာ ပိတ်စနဲ့ဘဲ နှင်းဆီပန်းပွင့်သေးသေးလေးတွေ လုပ်ပြီး ကပ်ထားတဲ့ ဒီဇိုင်းနဲ့။ လျှော်ရဖွပ်ရ မီးပူတိုက်ရ မလွယ်ကူတဲ့ ပုံစံပေဘဲ။ ဆံညှစ် ကလစ်က မြစိမ်းရင့်ရင့်လေး။ သူ့ အနီးတ၀ိုက် မှာ လင်း ၀င်း နေတယ်။ လတ်လတ်သီက မီးခိုးရောင်ဖျော့ဖျော့ ချည်ထည်အပွနဲ့ အနက်ခံပေါ် မီးခိုးရောင် အပွင့်နုပ်နုပ်များများ ပါတိတ်လုံချည် ကို ၀တ်ထားတော့ လူလုံး ပျောက်နေတယ်။

အမရေ ဘယ်လိုနေလဲ။ အဖြေလေးတွေ ကြည့်တော့ ထူးထူးထွေထွေ စိုးရိမ်စရာ မရှိပါဘူး။ ကျွန်မတို့  နည်းနည်း အသေးစိတ် ပြန်ပြောကြည့်ရအောင်။ အဲဒီ နာကျင်မှုကို ဘယ်တုန်းက စ သိသလဲ။ ဘယ်လို ခံစားရလဲ အမ။

လတ်လတ်သီ အတန်ကြာကြာ ငြိမ်သက်နေတယ်။ အောက်နှုတ်ခမ်းသားကို ဖိ ကိုက်ကာ မေး တချက် ပင့်ပြီး ခြောက်ကပ်ကပ် လေသံနဲ့ စ ပြောတယ်။

နည်းနည်း နာနေတာကတော့ ၂ ခါရှိပြီ။ ပထမတော့ ကျွန်မလဲ သတိမထားမိဘူး။ သုံးခါမြောက် တော့မှ မှတ်မှတ်သိသိ ရှိတာ။ ပြောရရင် အဲဒီညက ကျွန်မ အိပ်မက် မက်တယ်။ အိပ်မက်ထဲမှာ အရှက်တကွဲဖြစ်မှုနဲ့ နာကျင်မှုကို ခံစားရတယ်။ လမ်းဘေးက ပေါင်းပင်မြက်ပင်လို နင်းချေပြီး၊ ကျွန်မရဲ့ ခန္ဓာကိုယ်ကိုပါ အညှိုးနဲ့ နှိပ်စက်တာ ခံရတယ်။ လန့်နိုးလာတော့ ကျွန်မ့ တကိုယ်လုံး နာနေတယ်။ လည်ပင်းမှာ တခုခု တစ်ဆို့နေသလို ဖြစ်နေတာ တပတ်လုံးလုံးဘဲ။ နောက်မှ ပြန် စဉ်းစားမိတယ်။ အရင် နှစ် ခါ ကလည်း အဲလို ဆင်တူ အိပ်မက် မက်တယ်။ တတိယ အကြိမ်လောက် မဆိုးပေမဲ့ ဒီလိုဆန်ဆန်ဘဲ။ နောက်တခါ ထပ်မက်တော့ တတိယအကြိမ်ထက် ပို ဆိုးလာတယ်။

ဟုတ်ကဲ့ပါ။ ဆက်ပြောပါအုန်း အမ။ ဘယ်လိုရက် အပိုင်းအခြားတွေမှာ အဲလို အိပ်မက် မက်သလဲ အမ။ ကျွန်မ ဆိုလိုတာက အမရဲ့ ရက်တွေနဲ့ အဲဒီ အိပ်မက်မက်ချိန်တွေ ဆက်စပ်မှုရှိလား။ အဲလိုမျိုးပါ အမ။

ဟုတ်ကဲ့ ဒေါက်တာပြောမှ သတိထားမိတယ်။ အဲဒီရက် မတိုင်မီ ဖြစ်လိမ့်မယ်။ ဟုတ်တယ်။ ဆိုးဆိုးရွားရွား တခါကနေ နှစ်ခါဖြစ်လာတော့ ကျွန်မ နည်းနည်း စိုးရိမ်ပါတယ်။ ထိုင်ရတာလဲ ကသိကအောက် ဖြစ်ပြီး မလုံမခြုံ ခံစားရတယ်။ ဒေါက်တာ ကျွန်မ ဘာလုပ်သင့်သလဲ ပြောပါ။

ဆရာဝန်က လတ်လတ်သီကို စေ့စေ့ကြည့် လိုက်တယ်။ အသားအရေဖြူဝင်းပေမဲ့  အမျိုးသမီးရဲ့ သွင်ပြင်က မှိန်ဖျော့တယ်။  မေးရိုးက ၀ိုင်းသယောင်ရှိပေမဲ့ သေသေချာချာကြည့်ရင် မေးစေ့ချွန်တယ်။ မျက်ခုံး ပါးပါးကျဲကျဲ နဲ့
မျက်ရစ် မရှိတဲ့ မျက်လုံးအိမ်ကြောင့် သူ့ကို လူတကာက အမှုမဲ့အမှတ်မဲ့ ရှိစေတဲ့ ရုပ်ရည်မျိုး။ နှုတ်ခမ်း ပါးပါးလျားလျားက  အရယ်အပြုံး နည်းသည့်ဟန်နဲ့ စေ့စေ့တင်းတင်း ရှိတယ်။ ဗာဒံစေ့သဏ္ဌန် မျက်ဝန်းထဲမှာ စိတ်ရှုပ်ထွေးမှုဟန်ကလေး အနည်းငယ် စွက်နေပေမဲ့ မျက်နှာပေး က သေ တယ်။

ကျွန်မတို့ အတူ ကြိုးစားရအောင်လေ အမ။ ကျွန်မ ဆေးပေးလိုက်မယ်။ ၁ လလောက် သောက်ကြည့်ပါ။ အမ စိတ်ဖိစီးမှုများ ရှိနေရင် နည်းနည်း လျော့ကြည့်ရအောင်။ ဖြစ်နိုင်ရင် လမ်းလျှောက်တာ ဒါမှမဟုတ် လေ့ကျင့်ခန်း တခုခု လုပ်ကြည့်ပါလား အမ။ နောက်လလောက်မှ ပြန်တွေ့ရအောင် နော်။

ဟုတ်ကဲ့ ဒေါက်တာ ကျေးဇူးတင်ပါတယ်။ ပြုံးယောင်ယောင် ပြုကာ လတ်လတ်သီက နှုတ်ဆက်တယ်။ တော်တော် နှစ်လိုဘွယ်ကောင်းတဲ့ ဆရာဝန်မလေးလို့ တွေး ထင် စ ပြုလာတယ်။
 
ဆေးခန်းမပြခင်ကတည်းက ဆရာဝန်အကြောင်း လတ်လတ်သီ နည်းနည်း သိထားတယ်။ နာမည်ကြီး သမားတော် ဖခင် နဲ့ ကထိက မိခင်တို့မှ မွေးဖွားလာသူ၊ ဆေးကျောင်းတွင် အမည်နာမ ထင်ရှားသူဖြစ်ပြီး၊ နာမည်ရ စီးပွားရေးသမားတဦးရဲ့ ဇနီးသည်၊ ကလေး တစ်ယောက်မိခင် စသဖြင့် အမည်ကြားရုံနဲ့ ဂုဏ်ရှိန်သတင်း အလိုအလျောက် ထွက်ကျလာသူ ပဲ။ ပြည့်စုံတဲ့ မိန်းမသားဘ၀လို့ အများတကာ အားကျစရာ အခြေအနေ ရှိသူ တဦးပေါ့။ တွေ့  ကြည့်တော့လည်း ရည်ရည်မွန်မွန် သွက်လက်ချက်ချာကာ၊ ပင်ကို အရည်အသွေးနဲ့ ပြည့်စုံသူမှန်း သိသာတယ်။

သူ့ထက် ကျော်ကြားတဲ့ ဆရာဝန်များ အရှိသား။ ဒါပေမဲ့ အေးအေးဆေးဆေး သီးသန့် ဆွေးနွေးခန်း ဖွင့်သူများ မဟုတ်ဘဲ တညခင်းမှာပင် လူရာချီ ကြည့်ရှုသော သမားများ ဖြစ်လေရာ၊  လတ်လတ်သီ သွားလိုစိတ် တရွေးမှ မဖြစ်မိ။ တနေ့ လူနာ ဆယ်ယောက်သာ လက်ခံဆွေးနွေးတဲ့ သူ့ဆေးခန်းသွားရတာကိုက သက်တောင့်သက်တာ ရှိစေတာဘဲ။  ပြန်အထွက် ဟိုတယ်စားသောက်ဆိုင်က ကိတ်မုန့်ဝယ်သွားနိုင်သေးတယ်။ ဝေဒနာတခုခုကြောင့် ဆေးခန်းပြရသူလို့ မထင်မှတ်စေဘဲ၊  ကော်ဖီကောင်းကောင်း လာသောက်သူ၊ ဧည့်သည်လာတွေ့သူအဖြစ် တခုခု ဖြစ်တန်စွမ်းရှိတဲ့ အခြေအနေ ကလည်း သဘောကျစေတဲ့ အချက်ပါဘဲ။

ဆိုင် ပြန်ရောက်တော့ ကွန်တိန်နာတင်ကားရပ်ထားပြီး၊  အမိုးပြားအခင်းပြားတွေ ချနေတာ တွေ့တယ်။ ပစ္စည်းဝင်တာကိုး။  အောက်ဆုံးထပ် အရောင်းကောင်တာဆီမှ၊ အမဖြစ်သူက လက်ပြလိုက်လို့ မေးဟန်ပပ နဲ့ ကြည့်တော့ စာအိတ်တအိတ် ထောင်ပြတယ်။

ခုနက နင်တို့ ကျောင်းကလား မသိဘူး တယောက် လာပို့သွားတာ။ နင်တို့ကျောင်း တွေ့ဆုံပွဲဆိုလား။ အလှုငွေလဲ ကောက်ချင်တယ်လို့ ပြောတယ်။ နင့်ဖုန်းနံပါတ်ကို ငါ ပေးလိုက်တယ်။

ဖိတ်စာ လှမ်းယူလိုက်ရင်း ဘာလို့ ဖုန်းနံပါတ်ပေးလိုက်တာလဲ ငါ့ကို မေးအုန်းမှပေါ့။ နင်တို့ဟာ အဲလိုဘဲ သူများသဘောထား နားထောင်ရမှန်း မသိဘူး ဟု အမဖြစ်သူကို လေသံဆတ်ဆတ်နဲ့ ပြန် ပြောတယ်။

နင် မသွားဘူးလား။ သူငယ်ချင်းတွေနဲ့ ပြန်တွေ့ရတာပေါ့။ အလှုငွေများများ ထည့်လိုက်လေ။ ငါတို့ အခုသွင်းတဲ့ ပစ္စည်းအသစ်တွေကိုလဲ ကြော်ငြာလို့ရတယ်။

ရှုပ်ရှုပ်ထွေးထွေး။ ဘာလုပ်မှာလဲ။ ငါ ဘယ်သူ့ကိုမှ ပြန်တွေ့ချင်တာ မရှိဘူး။ ပစ္စည်းအ၀င်စာရင်း အပေါ် ပို့ခိုင်းလိုက်အုန်း။ ငါ စတော့ ထည့်ရအုန်းမယ်။ ရော့ နင် စားချင်စား။ ဒါမှမဟုတ် နင့် ကလေးတွေအတွက် ယူသွားလိုက်။

လက်ထဲက ကိတ်တဗူးကို စားပွဲပေါ်ချပေးပြီး လတ်လတ်သီ အပေါ် ပြန်တက်ခဲ့တယ်။ သူ အပြင်ထွက်သွားတာ ဘယ်သွားလဲ အမဖြစ်သူက မမေးသလို သူကလည်း ပြောရန်ဆန္ဒ မရှိပေ။

လက်ထဲပါလာတဲ့ ဖိတ်စာကို ကြည့်မိတယ်။ တော်တော်ကြီးကြီးကျယ်ကျယ် လုပ်မဲ့ ပွဲ ကိုး။ သူ ဘာသွားလုပ်ရမှာလဲ။ ကျောင်းမှာ တရင်းတနှီး ပေါင်းတဲ့ သူငယ်ချင်းမှ မရှိတာ။ အလယ်တန်း အထက်တန်း မှသည် တက္ကသိုလ် အထိ  ဘယ်သူ့ကိုမှ လှိုက်လှဲစိတ်နဲ့ တရင်းတနှီး ပေါင်းသင်းလို့ မရဘူး။ ကျောင်းနေဘက်တွေကလည်း  သူ့ကို ဟက်ဟက်ပက်ပက် မရှိတာ  သိ နေတာဘဲ။ ဒီအတွက်လည်း ၀မ်းနည်းဘွယ်ရာ မထင်မြင်မိပါဘူး။  မိန်းမသားများ စုမိပြီဆို ဆယ်ကျော်သက်၊ အရွယ်ရောက်၊ အရွယ်လွန် ဘယ်အရွယ်ဖြစ်ဖြစ် သူတို့ပြောကြတဲ့ စကားတွေ ထပ် နေတာက များတယ်။ အလွန်တရာ ပျင်းစရာ ကောင်းတယ်။ ယဉ်ကျေးပျုငှာ အပိုစကားတွေ၊ အရေမရအဖတ်မရ ထွေကာလီကာ စကားတွေ အတွက် အချိန်ကုန်ရတာကို လတ်လတ်သီ မကြိုက်ဘူး။

ဆရာဝန်က သူငယ်ချင်းကို ရင်ဖွင့်သလို သဘောထားပါ တဲ့။ ဆရာဝန်ကကော သူ့ကိုယ်ရေးကိစ္စများကို သူငယ်ချင်းတွေကို ပြောပြနိုင်တဲ့ သူ ဖြစ်သလား။  မထင်ပါဘူး။ သို့သော်လည်း ဆရာဝန်မလေးကတော့ အတော် လှိုက်လှဲစိတ် ရှိသူလို့ အသိအမှတ် မပြုဘဲ မနေနိုင်ဘူး။ အလုပ်ကလဲ နှစ်သိမ့်ဆွေးနွေးရတဲ့ အလုပ်ကိုးလို့ အောက်ကလိအာ ထိုးချင်ပေမဲ့ စိတ်ရင်းကောင်းလေးကို  အမှတ်မဲ့ နေသူတောင် မြင်ရတယ်။

စားပွဲတင် ပြက္ခဒိန်ပေါ်မှာ  နောက်လ ရက်ချိန်းကို ချမှတ်တယ်။ ဆရာဝန်နဲ့ ထပ်တွေ့ရမဲ့ အဖြစ်ကို အလုပ်သဘောအရ ဖြစ်စေအုန်းတော့ လတ်လတ်သီ လိုလိုလားလား ရှိလာပြီ။

***

ဆရာဝန် အိမ်ပြန်ဖို့ သူ့ကားဆီ လျှောက်လာတယ်။ ဟိုတယ်အ၀င်ဝကနေ ကားရပ်ထားတဲ့နေရာ အောက်ဘက်နိမ့်နိမ့်  မြေကွက်လပ်ကို မြင်ရတယ်။ ကားရပ်ကွင်းနံဘေးက ဗာဒံပင်တန်းဟာ၊ ၀ါရွှေအဆင်းနဲ့ လှနေလိုက်တာ။ အရွက် တချို့  နီမောင်း၊ တချို့ ၀ါရွှေ၊  တချို့ စိမ်းရင့်ရင့် ကျန် ပြီး ရောင်စုံဖြာနေတယ်။  တိမ်တိုက်တွေ သစ်ရွက်တွေ သိပ်လှတယ်လို့ သူ ပြောတော့ တခါမှသတိမထားမိဘူးလို့ တုံ့ပြန်တဲ့ သူငယ်ချင်း ဆရာဝန်တယောက်ကို သတိရမိတယ်။ နောက်တော့ သြကာသလောက အလှ အကြောင်း ကို စိတ်နဲ့သာ ပြောတော့တယ်။

ဒီနေ့တော့ ဆရာဝန်ရဲ့ အာရုံကို လတ်လတ်သီ အမည်ရှိတဲ့ သူ့လူနာက လွှမ်းမိုးသိမ်းပိုက်ထားတယ်။ သူ့ကားလည်း ဒီနား ရပ်ခဲ့မှာဘဲ။ သူကကော တခါမှတောင် သတိမထားမိဘူး ပြောသူဖြစ်မလား။ သိပ်လှတာဘဲလို့ စိတ်နဲ့ပြောဆိုသူ ဖြစ်မလား။ နှုန်းမြင့်ယူထားတဲ့အတွက် သူ့ဆေးခန်းလာသူများဟာ နိုင်ငံခြားသူများ၊ ကြွယ်ဝသူများသာ ဖြစ်နေစမြဲမို့ ထိုအမျိုးသမီးဟာ ငွေကြေး အတော်အတန် ပေါများတာ သံသယရှိစရာ မလိုပေ။ သူ့အရွယ်ရှိ ကုံလုံသူ အမျိုးသမီးများလို ပြိုးပြိုးပြက်ပြက် ၀တ်စားထားခြင်း မရှိသလို၊ တက်စရာ မာန် ငွေကြေးတခုသာ ရှိသူများလို အသားလွတ် ဟန်ချီထားခြင်းလည်း မတွေ့ရ။ လှုပ်ရှားသက်ဝင် မျက်နှာသွင်ပြင်ကိုလည်း မမြင်ရချေ။ ပကတိ ရေသေ ပမာ။ သူ့ကို လှုပ်ခတ်စေတဲ့ စိတ်ဝင်စားစေတဲ့ အရာဝတ္တု အဖြစ်အပျက်မှ ရှိပါလေစ။ သူ့ ဝေဒနာကို မပြောခင် တွန့်ဆုတ်ဟန် ရိပ်ရိပ် တွေ့သော်လည်း တကယ်တမ်း ပြောပြန်တော့ သူ့ကိစ္စ မဟုတ်သလို လေသံနဲ့။

သူ့နဲ့ လာရောက်ဆွေးနွေးသူ အမျိုးသမီးများ တချို့အကြောင်းကိစ္စတွေကို ရှင်းရှင်းပွင့်ပွင့် မပြောနိုင်တဲ့ အခါ ဆရာဝန်က အမြဲ သဘောပေါက် နားလည်ပေးရတယ်။ အချိန်ယူ ဆွေးနွေးခဲ့ရတယ်။ သူ့လူနာ ရဲ့ အိပ်မက်ကြောင့် ဖြစ်ရတဲ့ လက်တွေ့နာကျင်မှု ကို သဘောပေါက်လက်ခံပေးဘို့  ဆရာဝန်ကိုယ်တိုင် အချိန်ယူရတယ်။

သူကိုယ်တိုင်လည်း အိပ်မက်ကြောင့် နာကျင်မှု ဖြစ်ခဲ့ရဖူးတယ် ဆိုရင် ကြားသူအပေါင်း မျက်ခုံးပင့်ကြပါလိမ့်မယ်။

ကား စက်နိုးလိုက်ချိန်မှာ ဖုန်းမြည်လာတယ်။

အေး မနွယ် ဘာလဲ ပြော။ သားပြန်လာပြီလား။ ပြန်လာရင်စားဘို့ ဘာလုပ်ပေးထားလဲ။ ဟင် ..ဘယ်သူ ရောက်နေတာလဲ။ အခန်းသော့…….. အမဆီ ပါလာတယ်လေ။ အ၀တ်အစားက အခု လိုချင်တာလား။ အခု ပြန်လာနေပြီ။ ခဏစောင့်လို့ ပြောလိုက်။ မနွယ် စတိုခန်းထဲက အိတ်အညိုရောင်လေ၊ ဦးလေးအိတ် မှတ်မိလား ခါတိုင်း ယူ ယူ နေကြလေ။ ဟုတ်တယ် အဲဒါ ထုတ်ထားလိုက်။ 

ခြံရှေ့ ရောက်တော့ ၀င်းတံခါး ဖွင့်လျက်သား ဖြစ်နေပြီး၊ ခင်ပွန်းသည်ရဲ့ အလုပ်က ရုံးကားကို တွေ့ရတယ်။

ဦးဝင်းရေ.. ဆောရီး…စောင့်နေရတာ။

ရတယ် အမ။ ရတယ်။ ဆရာ ပြန်လာတဲ့ လေယာဉ် မဆိုက်သေးဘူး။ အချိန်ရသေးတယ်။

အရိုင်ဗယ်ကနေ တန်း ကူး မယ်ပေါ့။ ဟုတ်လား။

ဟုတ်ကဲ့ အမ။ လမ်းကြောင်းနောက် လိုက်ရမယ်ပြောတယ်။

ဖုန်း မြည်လာပြန်တယ်။

ဟုတ်ကဲ့ရှင် ပြောပါ မမော်။ ဟာ.. ဘယ်တုန်းက ဆုံးတာလဲ။ အိုး ……ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ လာခဲ့မယ် မမော်။ သူလား ဒီနေ့ ပြန်ရောက်မှာ။ အလုပ်ကြောင့် ချက်ချင်း ပြန်ထွက်သွားရမှာ ရှိလို့ပါ။ ဟုတ်ကဲ့ပါ။ လာခဲ့မယ် နော်။ ဟုတ်ကဲ့။

ဆရာဝန်ဟာ အပေါ်ထပ်ကို အပြေးကလေး တက်သွားတယ်။ အတန်ကြာတော့ လှေခါးတထစ်ချိုးမှ ခေါင်း ငဲ့ ပြီး အောက်ထပ်ကို လှမ်းပြောတယ်။

မနွယ်ရေ အခန်းထဲမှာ ဦးလေးအိတ်ကို လာယူပြီး ဦးဝင်းကို ပေးလိုက်ပါ။ အမ ရေချိုးလိုက်အုန်းမယ်။ ပြီးရင် ခြံထဲက ပိန်းပန်းအဖြူအသေးလေးတွေ နည်းနည်း လှီးထားပေးပါ။ စတိုခန်းထဲက ဖဲပြားအနက်ရောင်ခွေလည်း ရှာထုတ်ပေးအုန်း။

အနက်ရောင်ဖဲပြားချည်နှောင်ထားတဲ့ ပိန်းပန်းအဖြူရောင်စည်းနဲ့ ဆရာဝန် ပြန် အထွက်၊  သားဖြစ်သူ ပြန် ရောက်လာတယ်။ အသက် ၁၀ နှစ်သာရှိပေမဲ့ သားအရပ်က သူ့ ပခုံး မီ ချင်နေပြီ။
မေ ဘယ်လဲ။

မေ နာရေးတခု သွားမေးမလို့ သားရေ။ သားအတွက် မနွယ် စားဘို့ပြင်ထားတယ်။ ခြေအိတ် ချွတ်တော့လေ။ မနွယ်ရေ နည်းနည်း ကြာရင် သား ရေချိုးဘို့ သတိပေးအုန်း။ သား ဒီနေ့ စာ လုပ်စရာ များသလား။ မေ နည်းနည်း နောက်ကျမယ်။

ဖေဖေက ဒီနေ့ ပြန်မလာဘူးလား။ ပြန်ရောက်မယ်ဆို။

အင်း ပြန်ရောက်မယ် သား။ လေဆိပ်ကနေ မန္တလေးကို ဆက်သွားမယ်တဲ့။ ဦးဝင်း အိတ် လိုက်ပေးနေတယ်။

ဟင် ဒီနေ့ကို ပြန်လာရမှာပေါ့ ဖေဖေကလဲ။

သြော် အလုပ်များနေတာကိုး သားရယ်။ ဘာဖြစ်လို့လဲ။ နှစ်ရက် သုံးရက်ကြာရင် ပြန်လာမှာပေါ့။ သား ဖေဖေကို ပြောစရာရှိရင် ဖုန်းဆက်ပြောလို့ ရသားဘဲ။ ဒါမှမဟုတ် မေ့ကို ပြော။
သားလား။ ပြောစရာ မရှိပါဘူး။ မနက်ဖြန် မေ့မွေးနေ့ လေ။

သူ ကြောင် အ သွားတယ်။ ရက်စွဲများကို အရွယ်ရောက် ယောင်္ကျားသားတွေ ဂရုတစိုက် မရှိလှဘူးဆိုတာ သားကို ပြောပြရမလား။ ကိုယ်တိုင်တောင် မနက်ဖြန် မွေးနေ့ဆိုတာ သတိမေ့ချင်ချင်။

အသုဘအိမ်ရောက်တော့ အမျိုးတွေ အတော်များများ ရောက်နေတာ မြင်ရတယ်။ ယောက်မဖြစ်သူက လက်ပြလိုက်တော့ သူု့ဆီ လျှောက်သွားလိုက်ရတယ်။ မမော် ရောက်နေတာ ကြာပြီလားဟု မေးရင်း လက်ထဲက ပန်စည်းကို ခုံပေါ် လှမ်းတင်လိုက်တယ်။ ပန်းခြင်းတွေတောင် အတော်များများ ရောက်နေပြီ။

သိပ်မကြာသေးဘူး။ ဘာလဲ မောင်စိုးက ခရီးဆက်နေတာလား။ သူ့ မလဲ ဦးလေးနာရေးတောင် မလာနိုင်ဖြစ်နေပြီ။

ဟုတ်ကဲ့ မမော်။ အိမ်ကိုတောင် ပြန်မဆင်းလာနိုင်လို့ ဦးဝင်းနဲ့ အိတ် လိုက်ပို့ရတယ်။  

ဒီနေ့တော့ တော်ရုံနဲ့ အိမ် ပြန်နိုင်မှာ မဟုတ်ဘူးဆိုတာ သူ သဘောပေါက်လိုက်တယ်။ ခင်ပွန်းသည် မလာနိုင်မှတော့  သူ ကြာကြာထိုင်မှ မျက်နှာ ပြ လှတော့မယ်။ ရက်မလည်မချင်း အခါအားလျော်စွာ ၀င်လာရတော့မယ်။

အိမ်ပြန်ရောက်လို့ သား အခန်းကို အရင် ၀င်ကြည့်တော့ အိပ်ပျော်နေပြီ။ သူ့အခန်းကိုရောက်တော့ မှန်တင်ခုံပေါ်မှာ ကဒ်ပြားလေးတခု ထောင်လျက်သား။ သား ကိုယ်တိုင် ရေးဆွဲ ဖန်တီး ပေးထားတဲ့ မွေးနေ့ကဒ်ပြားပါလား။  မေ မွေးနေ့မှာ ပျော်ရွှင်ပါစေ ချစ်ခြင်းဖြင့် သား တဲ့။ သူ  ကြည်ကြည်လင်လင် ရွှင်ရွှင်ပြပြ ပြုံးလိုက်တယ်။

ကိုယ်တို့ဝေးနေ မိုင်ပေါင်းကုဋေ သီချင်းသံ ကို ကြားလိုက်ရတယ်။ ခင်ပွန်းသည်ဆီက ဖုန်းခေါ်သံ။

ဟဲလို။ ရောက်ပြီလား။ အင်း မအိပ်သေးဘူး။ ခုမှ ဦးလေးအိမ်ကပြန်ရောက်တယ်။ နေ့ခင်းက ဆုံးတာ။ အင်းပေါ့.. ၃ရက်ထားမှာပေါ့။ မီ နိုင်လား ကို က။ သိပြီ။ လုပ်ပေးလိုက်မယ်။ သား….. အိပ်ပြီလေ။ ကောင်းတယ်။ သား မှာထားတဲ့ ရှုးအပြာ ၀ယ်လာလား။ သြော်.. ဦးဝင်းဆီမှာလား။ အဲဒီမှာ ညပိုင်း နည်းနည်း အေးတယ်ပြောလို့ ဆွယ်တာအပါး ထည့်ပေးထားတယ်။ မနက်ပိုင်း ဂေါက်ရိုက်ကြအုန်းမှာ မဟုတ်လား။ ထုတ် ၀တ် အုန်း။ သြော် မေ့နေတယ်။ ကိုခင်အောင်ဌေး အလှုလာဖိတ်ထားတယ်။ မုန့် ၂ ဗန်းပို့ပေးဘို့ မှာထားတယ်။ သွားလိုက်မယ်လေ။ ရတယ်။ မှာစရာ မရှိဘူး။ ဆေးသောက်ဘို့သာ မမေ့နဲ့။ အင်း ဂွတ်နိုက်။

ကောင်းသောည ဖြစ်မှာပါ။ အိပ်မက်တောင် မမက်တာ ကြာပြီ။ ကာလတခုမှာတော့ စိတ်လိုအပ်ချက် မြင့်မားလို့ တောင့်တသမျှကို အိပ်မက်ထဲ ထည့် မက်ဖူးတယ်။ ပျော်စရာကောင်းတဲ့ အိမ်မက် ဆိုတာလောက် ဆွေးစရာကောင်းတာ ရှိအုန်းမလား။ သူ့ အိပ်မက်ထဲက သီရိဂေဟာ ဟာ အမှုန်အစ တခု အဖြစ် ပျောက်ကွယ်သွားခဲ့တာ ကြာပြီ။ သူလည်း အိပ်မက်ကြောင့် နာကျင်ခဲ့ရဖူးတယ်။ အချိန်တခု ရောက်လာတော့ အိပ်သည်ဖြစ်စေ၊ နိုးသည်ဖြစ်စေ၊ မက်လိုစိတ်လည်းမရှိ၊ မက်ဘို့လည်း သတိမရ မရှိလှတော့။

*** 

ဟိုတယ်ဝင်း ကားရပ်နားတဲ့ နေရာက ဗာဒံပင်တန်း စိမ်းရွက်သစ် တဝေေ၀ ဖြစ်နေချိန်မှာ၊ လတ်လတ်သီနဲ့ ဆရာဝန် တွေ့ကြပြန်တယ်။

အမရေ ဘယ်လိုနေသေးလဲ။ အမကို သတိရနေတာ။

ဆရာဝန်က  ရိုးရာအထည် အဆင်ဆန်းဆန်းကို  ပုလဲသီး ဖန်သီးလေးတွေ တွဲလောင်းသီချုပ်ထားတဲ့ ၀တ်စုံကို ၀တ်ဆင်ထားတယ်။ သူ လှုပ်ရှားတိုင်း အသံလွင်လွင် မြည် မြည် လာတော့၊ လူဟန် သွက်လက်မှု၊ နောက်ခံဂီတသံနဲ့ လိုက်ဖက်တယ်။ လတ်လတ်သီက ချည်ထည်ပန်းထိုး အဖြူပွင့်နဲ့ ပါတိတ် အစိမ်းရင့်ရောင် ဝတ်ဆင်ထားတယ်။
ဆရာဝန့် နှုတ်ဆက်စကားကို တချက် ပြုံးယောင်ယောင် တုံ့ပြန်တာက လွဲလို့ မျက်နှာသွင်ပြင်က ဗလာကျင်းမြဲ ကျင်းလျက်။

ဒီလ အဲဒီ အိပ်မက် ကျွန်မ မမက်တော့ဘူး။ နာနာကျင်ကျင် အဖြစ်လည်း ပျောက်သွားတယ်။ ရက်နီးရင်တော့ ခေါင်း ကိုက်တယ်။ ခြေထောက်နည်းနည်း ကိုက်တယ်။ ဒါလောက်ဘဲ။

ဟုတ်ကဲ့ပါ။ ကြားရတာ ၀မ်းသာတယ် အမရေ။ လေ့ကျင့်ခန်းကော လုပ်ဖြစ်သေးလား။

အားကစားခန်းမတွေကို သွားဖို့ အခင်းအကျင်းတရပ် ရှိကြောင်း ဆရာဝန်မလေးကတော့ အသေအချာ သိမှာပါပဲ။                  ပမာဏ မသေးလှတဲ့ အသင်းဝင်ကြေး၊ လစဉ်ကြေး ပေးနိုင်ရုံနဲ့ မရသေး။ လူလူသူသူ ဝင်ဆန့် တဲ့ ဝတ်စုံ အသုံးအဆောင်တွေ မထပ်အောင် သုံးစွဲ ဝတ်စားကြတဲ့ အပြင်၊ တဦးချင်းလေ့ကျင့် ပေးတဲ့ ဆရာ ကို ဘယ်နှစ်နာရီ ယူသလဲဆိုတာက အစ၊ ကြွက်သားဖြစ်ထွန်းမှုကို အားပေးတဲ့ ပရိုတိန်းအမှုန့် နဲ့ ရောဖျော်တဲ့ အသီးအနှံ ဘယ်နှစ်မျိုး ဆိုတာ အဆုံး၊ ပေါ့ပေါ့ပါးပါး ပြောနိုင်တဲ့  ပါးစပ် ပါ ရှိမှ တန်ကာ ကျလေရဲ့။ ဒီလို ယဉ်ကျေးမှု နဲ့ သူ ဘယ်တော့မှ အသားမကျနိုင်တဲ့ အကြောင်းကို ပြောပြချင်လာတယ်။
အားကစားခန်းမတွေက လူရှုပ် လို့ မသွားဖြစ်ဘူး။ မနက်ပိုင်းတော့ လမ်း ထ လျှောက်ဖြစ်ပါတယ်။

ကောင်းတယ် အမရေ။ မနက် လမ်းလျှောက်ရင် တနေ့လုံး နေရထိုင်ရတာ ပေါ့ပါးတယ်။ ကောင်းလိုက်တာ။ ဒါဆို ကျွန်မတို့  ပြန်စစ်ဆေးပြီး ဆေးသောက်တာ နည်းနည်း ရပ် ကြည့်ရအောင်နော်။

လတ်လတ်သီ ခေါင်း သွက်သွက် ငြိမ့်တယ်။ ဆရာဝန်က ဆေးစာအုပ်မှာ မှတ်တမ်း ချ ရေးနေတယ်။ အခိုက်အတန့်မှာ   ဆေးခန်းဟာ တိတ်ဆိတ်သွားတယ်။ ဆရာဝန် ခေါင်း ပြန် မတ်လိုက်တော့ အမျိုးသမီးက သူ့ကို စူးစူးစိုက်စိုက် ကြည့်နေတာ တွေ့ရတယ်။

အမ ဘာပြောချင်လို့လဲ။ အမ ဆွေးနွေးစရာရှိသေးရင် ပြောပါ။

သူ့လူနာရဲ့ မျက်လုံးရှည်ရှည် မျောမျောလေးတွေ ပိတ်လုမတတ် ကျဉ်းမြောင်းသွားတယ်။ အမျိုးသမီး စကား စ ပြောလေတယ်။

ဒေါက်တာက ကျွန်မကို  ကြောင်နေတယ်လို့ ထင်မလား မသိဘူး။ တကယ်က ကျွန်မ အိပ်မက် ခဏခဏ မက်တတ်သူ မဟုတ်ဘူး။  ညနေ စာရင်းပိတ် ငွေသိမ်းရတာနဲ့ အိမ်ပြန်လဲ အမြဲ မိုးချုပ်တယ်။ ရေမိုးချိုး စားသောက်ပြီးရင် လူက မျက်တောင် အလိုလို စင်းနေပြီး တုံးကနဲဘဲ။ ဘာအိပ်မက်မှ မမက်ဘူး။ ဒီလို မျိုး မက်တော့ ကျွန်မ တော်တော် စိတ်ရှုပ်ထွေးပါတယ်။ နောက်ပြီး……… အိပ်မက်မှာ ကျွန်မကို နာကျင်အောင်လုပ်တာ ဘယ်သူလဲလို့ ဒေါက်တာ မမေးဘူးနော်။

အိပ်မက်မှာ သူ့ကို နာကျင်အောင် လုပ်တာ ကောင်ကလေးတယောက်လို့ ပြောရင် ဆရာဝန် လှောင်ပြုံး ပြုံးမှာ မဟုတ်ဘူးလို့ လတ်လတ်သီ ယုံကြည်လာတယ်။

ဆောက်လုပ်ရေးကုမ္ပဏီအတွက် ပစ္စည်း လာ လာ ၀ယ်နေတဲ့ လူ ပါ။ တကယ်က ကျွန်မနဲ့ ဆုံစရာ အကြောင်း မရှိပါဘူး။ ငွေပေးတာတခု မှားသွားလို့ ငြင်းခုံရင်း သိခဲ့ရတာ။ သူ လာတိုင်း ကျွန်မတို့ ဆိုင် အောက်ထပ်နဲ့ ပြီးသင့်ရက်နဲ့ ဒုတိယထပ်ကို  ရောက် ရောက် လာတယ်။ ကျွန်မ ကြိုက်တဲ့ စားစရာလေးတွေ ၀ယ်လာတတ်တယ်။ နေ့လည် ထမင်းစားချိန်ကြုံရင် ကျွေးပါပြောပြီး အတူ ၀င်စားတယ်။ နေ့ခင်း လက်ဖက်ရည်ချိန်ဆို အတူ လာသောက်တယ်။ သူတို့ ကုမ္ပဏီကပေးထားတဲ့ အဆောင်မှာ အစားအသောက် ဆင်းရဲတယ်ပြောတော့ ကျွန်မ သူ့အတွက် ဟင်း ပို ထည့်လာတယ်။  တခါတလေ အခြောက်အခြမ်းတွေ ပေးမိတယ်။

လတ်လတ်သီ ဘ၀တလျှောက်လုံး ဘယ်သူ့အတွက်မှ ဘာမှ လုပ်မပေးဖူးလို့  ဒီအဖြစ်ကို ထူးထူးဆန်းဆန်း စွဲလန်း နှစ်သက်လှကြောင်း  ဆရာဝန် ကို ဆက်ပြောပြတယ်။

တနေ့တော့ သူ့ လက်ထပ်ဖိတ်စာ လာပေးပါတယ်။ ကျွန်မလဲ မင်္ဂလာဆောင်သွားပြီး လက်ဖွဲ့ ပိုက်ဆံများများ ပေးလိုက်ပါတယ်။ သူ မိန်းမရသွားတော့ ကျွန်မတို့ဆီ နေ့လည်စာ လာစားတာတွေဘာတွေ မရှိတော့ဘူးပေါ့။ အဲဒီကောင်လေး မင်္ဂလာဆောင်ပြီး၊  နောက်လမှာ ကျွန်မ ဒီ အိပ်မက် စ မက် တာဘဲ ဒေါက်တာ။ ဟင့်အင်း… မရှိပါဘူး။ ကျွန်မတို့ ထမင်းလက်ဆုံစား၊ လက်ဖက်ရည် အတူ သောက်ဖူးတာကလွဲလို့ ဘာမှ ထူးထွေဖြစ်ရပ် မရှိဘူး။ ဟုတ်တယ်။ ကောင်ကလေးက  ရည်ရည်မွန်မွန်ပါ။ လူလည်လူရှုပ်ကလေး မဟုတ်ပါဘူး။

ထုံးစံအတိုင်း မျက်နှာ အပြောင်းအလဲမရှိ၊ စကားသံ အတက်အကျမရှိ၊ ပုံမှန်လေသံနဲ့ ပြောပြနေတဲ့ အမျိုးသမီး ကိုကြည့်ပြီး ဆရာဝန်ဟာ ဂရုဏာသက်စိတ် လှိုက်လှိုက်လှဲလှဲ ဖြစ်လာတယ်။ ဆေးခန်းမှ ပြန်ထွက်ဖို့ လတ်လတ်သီ ထ လိုက်တော့ ဆရာဝန်က သူ့ဘာသာ သတိမထားမိဘဲ လွတ်ကနဲ မေးလိုက်မိတယ်။

အမ အဲဒီလူကို ချစ်ခဲ့လား။

လတ်လတ်သီ ဆတ်ကနဲ တုန် သွားတယ်။ ကုလားထိုင်ပေါ် ပြန်ထိုင်လိုက်ကာ ဆရာဝန်ကို စေ့စေ့ ကြည့်တယ်။ ဆရာဝန် မျက်နှာပေါ်က ဂရုဏာရိပ် စာနာရိပ်ကို သူ ခံစားမိလိုက်တော့ ငြိမ်သက်သွားတယ်။

ကျွန်မ မသိပါဘူး။

နှုတ်ဆက်စကား မဆိုဘဲ အမျိုးသမီးဟာ ထွက်ခွာသွားတယ်။

သူ့လူနာ အိပ်မက် မမက်တော့ဘူး တဲ့။ အင်း… သူ လည်း ကျော်လွန်ခဲ့ပြီးပြီ။

ကာလတခု လွန် သွားခဲ့ရင် မက်ဘို့ ဘယ်သူမှ သတိတရ ရှိလှတော့မည် မဟုတ်။ ဖြည်ညင်းစွာ တိတ်ဆိတ်စွာ ကွယ်ပျောက် လိုက်ရတော့မှာ။

(မြယာ)